ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းဘုန်းဇော် ● ကျနော်တို့ အားလုံးတွင် တာဝန်ရှိပါသည်


မင်းဘုန်းဇော် ● ကျနော်တို့ အားလုံးတွင် တာဝန်ရှိပါသည်
(မိုးမခ) ဖေဖော်ဝါရီ ၁ဝ၊ ၂ဝ၁၇

“ဒေါ်ဘုတို ဒါခင်ဗျားကလေး နောက်တယောက်လား.။ ခင်ဗျားနှယ် မွေးပဲမွေးနိုင်လွန်းတယ်”

ကျနော်၏ ခပ်စွာစွာစကားကြောင့် ဒေါ်ဘုတိုတယောက် ကိုယ်တခြမ်းခန့် ကြုံ့ဝင်သွားသလို ရို့ရို့လေးဖြစ်သွားသည်။ ဒေါ်ဘုတိုမှာ ကျနော်တို့မြို့လေးမှ ၁ဝ မိုင်ခန့်အကွာ စိန်လေးကုန်းရွာမှ ဖြစ်သည်။ ဒါတောင် ရွာထဲနေသည်မဟုတ်။ ရွာပြင် သူတို့အခေါ် ကွင်းထဲမှာ ဘဲကျောင်းရင်း ထဲထိုးနေရှာသူ ဖြစ်သည်။ လင်ဖြစ်သူကိုမတ်ကြီးမှာ ဘောက်လုပ်ဘောက်စား ဖြစ်ရာ ရာသီအလိုက် လယ်ထွန်၊ ကောက်ရိတ်၊ ကောက်လှိုင်းထမ်း၊ ငါးတွန်း စသည် ကြုံရာကျပန်းအလုပ်ဖြင့် မိသား စု တဝမ်းတခါး ဖြည့်တင်းရန် ရုန်းကန်နေရသူ ဖြစ်သည်။ မောင်တထမ်း မယ်တဗိုက် ဒေါ်ဘုတိုခမျာလည်း အမြဲတစေ ဗိုက် တကားကားနှင့် ဘဲကျောင်းလိုက် အုန်းခွံခွာလိုက်၊ ကလေးကောက်မွေးလိုက်နှင့် အနားမရသူပင်။

လမ်းပန်းဆက်သွယ်ရေးမှာ ရေလမ်းတမျိုးသာ အားကိုးနေရသော မြစ်ဝကျွန်းပေါ်ဒေသဖြစ်သဖြင့် မြို့ပေါ်သို့ အလွယ်တကူ မရောက်ဖြစ်ပေ။ သို့သော် ၃-၄ လနေ တခေါက်ရောက်တိုင်း ကျနော် မောင်ဇော်အေး ဆေးခန်း ဝင်ဝင်လာတတ်သည်။ လွန်ခဲ့တဲ့ တခေါက်က သူ့မှာ ဗိုက်တလုံးနှင့်..၊ ခုတော့ လသားအရွယ် နီတာရဲလေး ပါလာသည်။ ကျုံလှီလှပြီး ညစ်ပတ်ပေရေနေသော ကလေးနှစ်ယောက်လည်း နောက်က ပါလေးသေးသည်။ သို့ကြောင့်ပင် ကျနော်က အနှီသို့ နှုတ်ခွန်းဆက်လိုက်ရခြင်း ဖြစ်ချေသည်တမုံ.။

“ဟုတ်တယ်။ ဆရာ”

“ဘယ်နှယောက်မြောက်လဲ ဒေါ်ဘုတို..”

“၆ ယောက်မြောက်ပါ..”

“အရင်တစ်ခါမေးတုန်းကတောင် ၁ဝ ယောက်ဆိုဗျ..”

“အဲဒါက ဆုံးသွားတဲ့ ကလေးတွေကိုပါ ထည့်တွက်ထားတာပါ ဆရာ.။ စုစုပေါင်းဆိုရင်..၊ ဒီကလေးအပါအဝင်ဆိုရင် ၁၁ ယောက်ပေါ့..”

ဟုတ်လောက်သည်။ နာဂစ်မုန်တိုင်းတုန်းက ကလေး ၃ ယောက်ရေထဲ ပါသွားကြောင်း တခါပြောဖူးသည်။ ကျန်နှစ်ယောက် ကတော့ ဘယ်လိုဆုံးသွားသည် မသိ။

“ဟုတ်လား ခင်ဗျားအသက်က ဘယ်လောက်လဲ ”

“၃၈ ခုပါ ဆရာ.”

အသက်မေးလျင် မွေးသက္ကရာဇ်ဖြေကြသည်က သူတို့ ထုံးစံ။ ၃၈ ခုဖွားဆိုတော့ အသက် ၄ဝ ကျော်ပြီ။

“တော်ပြီမဟုတ်လား ကလေး ၁၁ ယောက်ဆိုတော့။ ခင်ဗျားယောကျားလည်း ကျေနပ်လောက်ပါပြီ။”

“သြော် ဆရာရယ်။ ဘုရားကပေးတဲ့ ရတနာလေးတွေပဲဟာ။ ဘယ်မှာ ငြင်းလို့ ကောင်းပါ့မလဲ။ ရရင်လဲ ထပ်မွေးရတာပေါ့။”
“အောင်မလေးဟဲ့။ ဘုရားက သူ့ဘာသာသူ နိဗ္ဗာန်ရောက်နေပြီ။ မဆီမဆိုင် လာဆွဲထည့်နေတယ်။ ကိုယ့်ဘာသာ မဆင်ခြင် တာတော့ မပြောဘူး။ ကလေးထပ်မရအောင် သားဆက်ခြားရမယ်လေ။ ဆင်ခြင်သင့်တာ ဆင်ခြင်ရမယ်။ ဘာလဲ ထပ်လိုချင် သေးလို့လား။”

“ကျမ အဲဒီဆေးတွေ သုံးလို့မရဘူးဆရာ၊ သုံးတာနဲ့ ဇက်ကြောတွေတက် ခေါင်းတွေမူးနဲ့၊ ဘာအလုပ်မှကို မလုပ်နိုင်တော့ဘူး။ လိုချင်လှတယ်တော့ မဟုတ်ပါဘူး။ နို့.. ကိုယ်နဲ့ ကံစပ်လို့ ရေစက်ဆုံလို့ ရတာပဲ ဆရာရေ။ ရနေသမျှတော့ မွေးနေရမှာပေါ့။”

ကြည့်ပါဦး။ အသိဉာဏ်ခေါင်းပါးပုံများ။ ကံဆိုတာ အလုပ်ဟု ပြန်ဆုံးမရမည့်ပုံ။ သူတို့မွေးနိုင်တာက အကြောင်းမဟုတ်။ ကလေးတွေ ဒုက္ခများတာက ပြဿနာဖြစ်သည်။

“အဲလိုလဲ ဟုတ်သေးဘူးလေ ဒေါ်ဘုတိုရဲ့။ ခင်ဗျားက မွေးနိုင်တယ်ထားပါဦး။ ခင်ဗျား သားသမီးအကုန်လုံးကို လူလားမြောက် အောင် ပြုစုပျိုးထောင်နိုင်လို့လား။ သေချာဂရုစိုက် မေတ္တာပြနိုင်လို့လား။ ခင်ဗျားက တပြွတ်ပြွတ်မွေးပြီးတော့ ပစ်ထား၊ က လေးတွေက ရောဂါတွေ တခုပြီး တခုဝင်။ အဲဒါကောင်းလား။ ခင်ဗျားတို့ လင်မယားမွေးနိုင်တာက ကိစ္စမရှိဘူး။ လူဖြစ်လာတဲ့ ကလေးတွေကို ဒုက္ခပေးသလိုဖြစ်နေတာကကိစ္စရှိတယ် နားလည်လား။ ခုပဲ ကြည့် ခင်ဗျားကလေး ဘာဖြစ်ပြန်ပြီလဲ။”

“မသိဘူးဆရာ။ အဖျားတက် ချောင်းဆိုးပြီး ရင်ကျပ်နေတယ်ထင်တာပဲ။ ခရူးခရောနဲ့ ညဆို ပိုဆိုးတယ်။ တညလုံး မအိပ် တော့ဘူး”

“ဟုတ်လား။ ခက်တော့နေပါပြီ။ အဆုတ်အအေးပတ်ပြီနဲ့ တူတယ်”

၂ လသား အူဝဲလေးမှာ အသက်ကိုပင်ခဲရာခဲဆစ် ရှူနေရရှာသည်။ နားကျပ်နဲ့ နားထောင်လိုက်တော့ ခိုအကောင် ၃ဝ လောက် ရင်ဘတ်ထဲထည့်ထားသလို အသံကြီးနှင့်။

“ကျနော်အနေနဲ့ကတော့ တာဝန်အရ ဆေးရုံလွတ်ရလိမ့်မယ် ဒေါ်ဘုတို။ အဲ ခင်ဗျားကလည်း ထုံးစံအတိုင်း (မသွားနိုင် ဘူးဆရာ။ ဆရာပဲ ဖြစ်အောင်ကုပေးပါ) ပြောမယ်။ ကျနော်လည်း သနားဂရုဏာသက်ပြီး သောက်ဆေးပဲ ပေးလိုက်မယ်။ ဟုတ်တယ်မဟုတ်လား။ အဲဒီတော့ လေကုန်ခံပြီး ပြောမနေတော့ဘူး။ ဆေးပေးလိုက်မယ်။ ဒါပေမဲ့ ကျနော် ဆေးရုံလွတ် တယ်နော်။ ဒေါ်ဘုတို ကိုယ့်ဘာသာမသွားတာ ဟုတ်ပြီလား။”(အရေးထဲ Safe side ယူလိုက်ရသေးသည်။)

“ဟုတ်ပါတယ် ဆရာ။ တကယ်ပဲ ဆေးရုံမသွားနိုင်သေးဘူး”

“ကျနော် ဆေးပေးလိုက်မယ်။ ဒါပေမဲ့ သတိထားရမှာတွေလဲ မှာလိုက်မယ်သိလား။ ကလေးကို နွေးနွေးထွေးထွေးထားပါ။ အအေးမမိစေနဲ့။ လေစိမ်းအတိုက်မခံနဲ့။ မီးခိုးငွေ့၊ ဆေးလိပ်ငွေ့ ခြင်ဆေးခွေငွေ့ ဘာဆိုဘာမှ မရှူမိစေရဘူး။ ကလေး နို့ မစို့တော့တာ၊ ပြာနှမ်းလာတာစတာတွေ တွေ့ရရင် ဆေးရုံပြေးပေတော့။ ဟုတ်ပြီလား။”

“ဟုတ်ကဲ့ပါ ဆရာ..”

သောက်ဆေးပဲ လိုချင်သည့် ဒေါ်ဘုတိုမှာ လွယ်လင့်တကူပင် အာမဘန္တေနေသည်။ ရွာနှင့်မြို့ လာချင်သလို ထလာလို့ ရတာကျနေတာပဲ။ မှာသည့်ဆရာဝန်ကလည်း သိသိနှင့်မှာသည်။ လူနာရှင်ကလည်း မသိချင် ယောင်ဆောင်ပြီး အာမ ဘန္တေသည်။ အဆင်ကိုပြေလို့။ ကွင်းထဲမှာ လေစိမ်းမတိုက်သည့်နေရာမရှိ။ တောရွာကအိမ် ထင်းမီးဖိုကလွဲလို့ ဘာမှမရှိ။ မီးသွေးမီးဖို၊ လျှပ်စစ်မီးဖို၊ ဂတ်စ်မီးဖို မြင်ပင် မမြင်ဖူး။ မီးခိုးငွေ့ မရှူမိအောင်ဆိုလျှင် ကလေးကို နှာခေါင်းပိတ်ထားမှ ရပေမည်။

ဆရာဝန်လေးမောင်ဇော်အေးခမျာလည်း မှာဆိုလို့သာမှာရသည်၊ အားမရှိလှ။ မမှာလို့လည်း မဖြစ်။ မှာရုံကလွဲပြီးလဲ ဘာမှ မတတ်နိုင်။ အဖြစ်ဆိုးလှချည့်။ ကျနော် နိုင်ငံတော်သမ္မတဖြစ်လာပါက ရွာတိုင်းစေ့ ဆေးရုံဆောက်လိုက်မည်ဟု စိတ်ထဲမှသာ ရသေ့စိတ်ဖြေ ကြုံးဝါးလိုက်ရသည်။

“နောက်တယောက်ကျန်သေးတယ် ဆရာ။ ဒီကောင်မလည်း တကိုယ်လုံး အနာတွေပေါက်ပြီး ကုတ်နေရတယ်။ အခုတောင် ကိုယ်နည်းနည်း နွေးသလားလို့”

ညစ်ပတ်ပေရေနေသော ၇ နှစ်အရွယ်ကောင်မလေး ခပ်ရွံ့ရွံ့ရှေ့တိုးလာသည်။ အနာပေါက်ရုံမက ဝဲပါ စွဲနေလားမသိ။ ဆီမ ပါသော ဆံပင်တွေက နီကြောင်ကြောင်နှင့်။ Personal hygiene, Nutrition, Sanitation, Life style စကားလုံးတွေက ဝရုန်းသုန်းကား ခေါင်းထဲဝင်လာသည်။ ဘယ်ဟာစကိုင်ရမလဲကို မသိတော့။ ဘဲဥအစရှာမရသလို ဖြစ်နေသည်။

“ကြည့်ရတာ ဝဲကစတဲ့ပုံပဲ။ ဝဲကိုကုတ်ရင်း အနာဖြစ်။ အနာကိုပိုးဝင်ပြီး အနာရင်း..။ အမာရွတ်ဖြစ်ကျန်တော့လဲ မှိုပိုးထပ်စွဲ။ လိမ်းဆေး သောက်ဆေးပေးလိုက်မယ်။ နော် သမီး။ ကဲ ဒေါ်ဘုတို နားထောင်။ ကလေးကို ကန်ရေ မိုးရေပဲ ချိုးပါစေသိလား။ ချောင်းရေ ပေးမသုံးနဲ့။ ဖုန်တွေ သဲတွေထဲ မဆော့ခိုင်းနဲ့။ အပုပ်အစပ်စာ တွင်းအောင်းစာ မကျွေးနဲ့နော်။ ကျနော်ဆေး အလ ကားပေးလိုက်မယ်။

“ဟုတ်ကဲ့ပါ ဆရာ။ ဆရာကောင်းသလိုသာ စီစဉ်ပေးပါ။”

ကြည့်.။ ဟုတ်ကဲ့ပြန်ပြီ။ ဒီတောထဲမှာ ချောင်းရေမချိုးလို့ ဘာချိုးရမှာလဲ။ ကန်ရေဆိုတာ ရွာထဲအထိ သွားခပ်ရတာ။ ကလေး ကို တွင်းအောင်းစာမှ မကျွေးလျှင် အငတ်ထားတာနှင့် အတူတူပင်။ ဖအေနှိုက် လာသည့် ငါးရှဥ့်၊ ငါးဘတ်၊ ဖား၊ လယ်ကြွက် အားလုံးက အပုပ်စာတွေကိုး။ ဆရာဝန်လေးမှာလဲ စိုင်းထီးဆိုင် သီချင်းလို (ဒီထက်ပိုပြီး မတတ်နိုင်ဘူး..) ပဲပေါ့ကွယ်။

နောက်ကောင်လေးတယောက်လဲ ဗိုက်ပူနံကားလေး။ ဖြူရော်ဖျော့တော့ပြီး မျက်လုံးတွေက အရောင်မဲ့နေသလို ထင်ရသည်။

“တရှောင်ရှောင်နဲ့ ဆရာရယ်။ ချောင်းလည်း အရမ်းဆိုးတာပဲ။ ညဘက်ဆို အမြဲကိုယ်ပူတယ်”

ကျနော်စမ်းသပ်ကြည့်တော့ အရိုးပဒေသာလေးလည်ပင်းမှာ အကြိတ်တွေ ဗြုတ်ထလို့..။ တီဘီလက္ခဏာ အပြည့်အဝပင်။

“ဒေါ်ဘုတိုရေ။ ခင်ဗျားသားက တီဘီဖြစ်နိုင်တယ်ဗျို့။ တီဘီဆေးခန်းကို လွဲပေးလိုက်မယ်။ မြန်မာပြည်မှာ ရှားရှားပါးပါး အလကားရတဲ့ဆေး သွားတောင်းသောက်ကြချေ” ဟုသာ ဝမ်းသာအားရ ဘောလီဘောပုတ်၊ လမ်းညွန်လိုက်ရပေ၏။

“ကဲ မြန်မြန်သာသွား ဒေါ်ဘုတို၊ သူတို့က အချိန်နဲ့ဖွင့်ကြတာဗျ။ သူတို့ဖွင့်တဲ့အချိန် ကိုယ်ကရောက်အောင်သွားနိုင်မှ..သိ လား”

“ကျမလည်း ပြဦးမယ်ဆရာ..”

“အင်.. ဘာဖြစ်လို့တုန်း”

“အကြောတက်လို့ပါဆရာ။ ဇက်ကြောတွေတက် ခေါင်းအုံ ခေါင်းမူးနဲ့ နေရတာ မောတောကြပ်တပ်ကြီး။ ရင်လည်း တုန် တယ်။ အဲဒါ အကြောဆေးလေးလွတ်ရင် ကောင်းမလားလို့ …”

ဒေါ်ဘုတိုက ကွမ်းယာပလုတ်ပလောင်းနှင့် ပြန်ပြောသည်။ ဒီကိစ္စ သူနှင့် ကျနော်ရန်ဖြစ်ရပေါင်းများပြီ။ အနဲဆုံး ဆေးခန်း လာပြချိန်လေးတော့ ကွမ်းမစားရန်ပြောထားလျက်နဲ့ ဆေးခန်းထဲက အမှိုက်ပုံးထဲထိ ကွမ်းတံတွေးထွေးလေသည်။ ရင်တုန် တာတောင်နည်းသေး။ ပြီးတော့ သူ့သွေးပေါင်က ၁၃ဝ၊ ၁၄ဝ ထက် တခါမှ မလျော့စဘူး..။ အငန်သိပ်မစားနဲ့ မှာရအောင်က သူ့အိမ်မှာ ငါးခြောက်လှန်းလေသတတ်။

“ဒေါ်ဘုတို အကြောဆေးလွှတ်ချင်ရင် လွှတ်ချင်တယ် ရှင်းရှင်းပြောပါဗျာ။ ခင်ဗျားပြောတဲ့ ရောဂါလက္ခဏာတွေ ကြားမှ ကျနော်ပါ ခေါင်းမူးချင်လာပြီ။ ကွမ်းယာဖြတ်ပါဆိုတော့ မဖြတ်ဘူး ..”

“ကျမတကယ် အကြောတက်ရောဂါရှိလို့ပါ ဆရာရယ်။ ညဘက်ဆိုယောက်ျားကို တက်တောင်နင်းခိုင်းရတယ်။ ခြေသလုံး ကြောတွေ ပေါင်ကြောတွေဆိုတာ မာတာမှ သံချောင်းကြီးကျနေတာပဲ။ အကြောဆေးထိုးလိုက်မှ နေသာထိုင်သာ ရှိသွား တာ။”

“အဲဒါ အစားအသောက် အနေအထိုင် အကုန်လုံးနဲ့ဆိုင်တယ် ဒေါ်ဘုတိုရဲ့။ အကြောဆေးတခုတည်း အားကိုးနေလို့မရဘူး။ ကိုယ်ကျန်းမာရေးနဲ့မသင့်လျော်တဲ့ အလုပ်တွေဆို ရှောင်ပေါ့ဗျာ.။ အချိုမှုန့် မစားနဲ့။ အိပ်ရေးဝအောင်အိပ်။ အလုပ်အရမ်း ပြင်းပြင်းထန်ထန် မလုပ်နဲ့။ ပြီးတော့ အစားအသောက်။ အာဟာရမျှတအောင် စား။ အသီးအရွက်များများစား၊ အသား၊ ငါး အာလူး၊ ငှက်ပျောသီး လတ်ဆတ်တဲ့ အသီးအနှံတွေပေါ့ဗျာ.. သိလား။ အရေးအကြီးဆုံးက ကွမ်းဖြတ်ပါ။”

ဒီအခါတော့ ဒေါ်ဘုတိုတယောက် မဟုတ်ကဲ့နိုင်ရှာတော့.။

“ဆရာရယ် အကြောဆေးသာ ထိုးပေးလိုက်ပါတော့။ ဆရာနေခိုင်းတဲ့ ပုံစံအတိုင်းဆို ကျမတို့ သိန်းထီပေါက်မှ ဖြစ်မယ်နဲ့တူ တယ်။ ကျမတို့အလုပ်က အရမ်းပင်ပန်းတယ်။ ဒါပေမဲ့ ဒီအလုပ်လေးလုပ်နေမှ ပါးစပ်ကလည်းလှုပ်ရတာလေ ဆရာရဲ့။ အ စားအသောက်ကျတော့လည်း လွယ်လွယ်ရတာ စားရတာပါပဲ။ ကွင်းထဲဆိုတော့ အသီးအရွက်ရှားတယ် ဆရာ။ ဖားကလေး ငါးကလေးပဲ အလွယ်တကူရတာ။ ပုစွန်ငါးပိချက်ကို တောကန်စွန်းရေလုံပြုတ်နဲ့ စားလိုက်ရ ဆရာရေ ဗိုက်တောင်ဆာလာပြီ ..”

“အင်..။ ကျနော်ပဲ မှားပါတယ် ဒေါ်ဘုတိုရယ်။ ကဲ ကဲ ဆေးထိုးပေးလိုက်ပါ့မယ်။ တခုတော့ မှတ်ထားဗျာ ဒေါ်ဘုတို။ ကျနော် တို့ ဆေးကုတယ်ဆိုတာ (ရော့ အင့် ဒီဆေးသောက် ပျောက်) ဆိုပြီး ပြီးစလွယ်လုပ်လို့ မရဘူးဗျ။ ဆေးကုသမှုဆိုတာ ဆေး ပေး၊ ဆေးထိုးတခုတည်း မဟုတ်ဘူး။ လူနာဘက်က ယုံကြည်မှု၊ လိုက်နာမှု၊ အားထားမှု အဲဒါတွေအားလုံးလိုအပ်တယ်။ ဆရာဝန်ပေးတဲ့ဆေးလည်းသောက် မှာတဲ့အတိုင်းလည်း လိုက်နာ။ ဒါမှထိရောက်မှာပေါ့”

“ဟုတ်ပါတယ် ဆရာရယ်။ ဆရာတို့က လုပ်ပေးလို့ရသလောက်လုပ်ပေးပါတယ်။ ကျန်တာတွေလည်း စုံစေ့အောင် မှာပါ တယ်။ ဒါပေမဲ့ ဆရာမှာတာတွေ အကုန်လုံးလည်း ကျမတယောက်တည်း မလုပ်နိုင်သလိုပဲဆရာ။ ကျမတယောက်တည်း လုပ်ရမဲ့တာဝန်တွေ မဟုတ်သလိုပဲ”

“သိပ်မှန်တာပေါ့ဗျာ။ ခင်ဗျားတို့ မလုပ်နိုင်မှန်းသိလျက်နဲ့ ကျနော်တို့ဆရာဝန်တွေ မျက်စိမှိတ်မှာလိုက်ရတာတွေ သိပ်ရှိတာ ပေါ့။ ခင်ဗျားတို့ တာဝန်မဟုတ်မှန်းသိသိနဲ့ ဆရာဝန်တွေလည်း လက်လှမ်းမမီ မတတ်နိုင်လို့၊ ဒါမျိုးတွေလုပ်ရင်တော့ အသင့် လျော်ဆုံးပေါ့ဆိုပြီး မျက်နှာလွဲ ခဲပစ်လုပ် နှုတ်အားဖြင့်ပဲ ဂရုစိုက်မိတာတွေ ဒုနဲ့ဒေးပါပဲ။ ဘာပဲပြောပြော ဆရာဝန်တွေဆိုတာ ပြည်သူတွေနဲ့ ဘယ်တုန်းကမှ မကင်းကွာခဲ့ပါဘူး။ ပြည်သူတွေကြားမှာ အမှန်တကယ်ရှိခဲ့ပြီး လူနာတွေနဲ့အတူ မျက်ရည်ကျ ဝေဒနာကိုမျှဝေခံစားခဲ့တဲ့ လူတန်းစားစစ်စစ်ပါ။ ကျနော်ပြောတာ ဒေါ်ဘုတို နားလည်ပါတယ်နော်”

ဒေါ်ဘုတို ကျနော့်ကို ကြောင်ကြည့်နေသည်။ သေချာတာက သူဘာမှသဘောမပေါက်။ ကျနော် ဒေါခီးသွားသည်။ စိတ် ထဲမှအတွေးမူကား....

“ဒီဘွားတော် ကွမ်းမဖြတ်နိုင်လို့သာ (ကျမမတတ်နိုင်တာ လုပ်ခိုင်းတယ်) ပြောတာဖြစ်မယ်။ သြော် အသိခေါက်ခက် အဝင် နက်လှတဲ့ ခင်ဗျားကို HE ပေးရတာ၊ ကျွဲပါးစောင်းတီးသလိုပါပဲလား..ဒေါ်ဘုတို။ ကကြီးပုတ်လောက်ရေးပြမှ နကန်းတလုံး နားမလည်လေတော့ ဖြစ်သမျှအကြောင်း အကောင်းချည်း သတ်မှတ်ပြီး ခင်ဗျားကို ပေလျလကန် ပြုလိုက်ပေတော့မယ်။ ပြန်ချေတော့သတည်း..” ဟူသတတ်။

“တရားသဘောနဲ့ကြည့်ရင်တော့ ဒုက္ခသစ္စာပေါ့ ဆရာ။ ခန္ဓာရှိသရွေ့တော့ ပေးဆပ်နေရမှာပေါ့။ ဒီသံသရာကြီးထဲ ကျင်လည် နေသ၍ ဒီဒုက္ခတွေက လွတ်မြောက်မှာ မဟုတ်ပါဘူး။”

အောင်မယ် သူက ဒါတွေတော့ရသည်။ ခေသူမဟုတ်ပင်။

“အဲဒီ ဒုက္ခသစ္စာကလွတ်ဖို့ကိစ္စကတော့ ရွာဦးဆရာတော်ကိုသာ သွားမေးချေပါ။ ကျနော်သိသလောက်က ဒီလိုဒုက္ခခံနေရတာ ဆင်းရဲတာဟာ ပညာမတတ်လို့ဗျ။ အသိပညာဗဟုသုတမရှိလို့။ ကဲ ဒေါ်ဘုတို၊ ခင်ဗျား ဘယ်နှတန်းထိ ကျောင်းနေဖူးတုန်း။”

“ကျမလား။ ၃ တန်းတက်ဖူးတယ်ဆရာ။ ကျမတို့ မိဘက ဆင်းရဲတယ်လေ ဆရာရဲ့။ ကျမ ၃ တန်း တနှစ်တက်ပြီးကတည်းက ကျောင်းထွက်ပြီး ကောက်စိုက်တယ်။ စပါးရိတ်တဲ့အဖွဲ့နဲ့လိုက်တယ်။ ကောက်သင်းကောက်တယ်။ အလုပ်လုပ်မှ ဗိုက်ဖြည့်နိုင် မှာကို ဆရာရဲ့။ စာကတော့ သေစာရှင်စာတတ်.. တော်ပေါ့ ဟုတ်ဖူးလား”

“စာတတ်ဖို့ထက်စာရင် ပညာတတ်ဖို့က ပိုလိုတာဗျ။ ခင်ဗျားကလေးတွေကကော”

ဒေါ်ဘုတို ကျနော်မျက်လုံးကို ရှောင်ပြီးဖြေသည်။

“ကျောင်းထားတယ်ဆရာ.. တစ်နှစ်တစ်တန်းတော့ အောင်နေကြတာပဲ။ ဆရာပြောသလို စာပဲတတ်သလား ပညာပဲ တတ် သလားတော့ မသိဘူး”

“ဟုတ်လား ဘာပဲ ပြောပြောကောင်းပါတယ်၊ ဘယ်နှတန်းတွေ ရောက်ကုန်ကြပြီလဲ”

“အကြီးကောင်နှစ်ယောက်က ၈ တန်းအောင်ကုန်ကြပြီ။ အခုတော့ တယောက်က ပင်လယ်လိုက်သွားတယ်။ တယောက်က ပန်းရံလိုက်တယ်။ ကျန်တဲ့ကလေးတွေက ၅ တန်းတယောက်နဲ့ အငယ်လေးတွေပဲ..”

“အင်... အထက်တန်းဆက်မထားဘူးလား. နှမျောစရာကြီး”

“အာ။ ထားနိုင်ပါဘူး ဆရာကလဲ။ အထက်တန်းကျောင်းက အဝေးကြီးမှာဆရာရဲ့။ ကျမတို့ ကွင်းထဲကဆိုတော့ ရွာအထိ တောင် မနည်းသွားရတာ။ ရွာကနေမှ အထက်တန်းကျောင်းထိ ၃ မိုင်လောက် လျှောက်ရသေးတယ်..”

“၃ မိုင်ဆို နီးနီးလေးပဲဟာ သွားခိုင်းပေါ့”

“နွေဘက် လမ်းပေါက်ရင်တော့ သွားလို့ရတာပေါ့ဆရာ။ လယ်ကန်သင်းရိုးက သွားရတာဆိုတော့ မိုးတွင်းဘက် မလွယ်ဘူး လေ။ နောက်ပြီး ဆရာကလည်း မသိတာကျနေတာပဲ၊ ဒါလည်း ရှိသေးတယ်လေ”

သူက လက်မနှင့် လက်ညှိုးကို ဝိုင်းပြသည်။

“အေးဗျာ ဘာပဲပြောပြော။ ပညာကအရေးကြီးတယ်ဗျ။ ပညာတတ်မှ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မှာ၊ ဒါမှ ခင်ဗျားတို့လည်း ကျန်းမာမှာ။ ဥပမာပေးရရင် အခုဒေါ်ဘုတိုကြုံရသလို သားဆက်ခြားမှု ပြသာနာပဲ ထားပါတော့။ ဆင်းရဲရတဲ့အထဲ ကလေး တွေက တယောက်ပြီးတယောက်ဆိုတော့ နလန်ကို မထူနိုင်တော့ ဘူး။ ဒါ ခင်ဗျားတို့ သားဆက်ခြားဖို့ကို အသိမရှိလို့ဖြစ်တာ။ အကယ်၍ သားဆက်ခြားပြီး ကလေးတယောက် နှစ်ယောက်ကိုပဲ သေချာပြုစုပျိုးထောင်မယ်ဆို အနည်းဆုံးတော့ ခင်ဗျားတို့ သားသမီးတွေ ဆင်းရဲတွင်းမနက်တော့ဘူးပေါ့ဗျာ။ ကဲ ကျနော်ကတော့ ဆရာဝန်အနေနဲ့ တာဝန်ကျေပြောလိုက်ပြီ။ ကျန်တာ အကုန်လုံး ဒေါ်ဘုတို ကိုယ့်ဘာသာ ကြည့်ကျက်လုပ်လိုက်ပေတော့။ ဟုတ်လား.”

“အင် ဆရာကလုပ်ပြီ။ ကျမပြောပါတယ်။ ကျမတို့ လင်မယားနှစ်ယောက်တည်း လုပ်နိုင်တဲ့ လုပ်ရမဲ့ တာဝန်တွေချည်း မ ဟုတ်သလိုပဲ။ ဆရာကလည်း ပြောစရာရှိတာ ပြောပြီးပြီဆိုတော့ တာဝန်ကျေပြီ။ ကျမတို့လင်မယားလည်ူ လုပ်နိုင်သလောက် လုပ်ပါပြီတဲ့။ ကျမတို့ချည်း မတတ်နိုင်တာတွေကျ ဘယ့်နှယ်လုပ်မတုန်း။ ကျောင်းတို့ ဆေးရုံတို့ကို သွားဖို့အရေး ရှိသမျှ အကုန်ပေါင်ရမဲ့ ကိန်းဆိုက်နေပြီ”

“ဒေါ်ဘုတိုရေ။ ကျနော် နှာနည်းနည်းစေးနေလို့ပါဗျာ။ ပြတင်းပေါက်လေး ပိတ်လိုက်စမ်းပါဦး။ အင်း ဟုတ်ပြီ။ ခုမှ နေသာထိုင် သာ ရှိတော့တယ်။ ကဲ ကဲ ဒေါ်ဘုတို၊ ကလေးကို တီဘီဆေးခန်း အမြန်ခေါ်သွား။ ကျနော်လည်း တရေးတမောနားလိုက်ဦးမယ်။ ခင်ဗျားမေးခွန်းတွေများနေတာနဲ့ပဲ တီဘီဆေးခန်းပိတ်သွားဦးမယ်”

ဒေါ်ဘုတို ကလေးသုံးယောက်နှင့် ကသောကမျော ထွက်သွားသည်။

ကျနော့်ခေါင်းမှာကား အဖြေမသိသော မေးခွန်းများဖြင့် နောက်ကျိလျက်။

မင်းဘုန်းဇော်