ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကေဇော်မိုး ● အေးစက်စက်နံရံထဲက မူးရီနေတဲ့စိတ္တဇ

ကေဇော်မိုး ● အေးစက်စက်နံရံထဲက မူးရီနေတဲ့စိတ္တဇ
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇

ငါက ရိုးမသွေးနဲ့ ဒီရေအလင်းထဲ ဧရာဝတီပင်လယ်အစပ်နားက ရိုးချောင်းလေးအပေါ် အုပ်မိုးနေတဲ့ မီးတိမ်တအုပ်။ ကြမ်း တမ်းလွန်းတဲ့တွေးဆချက်တွေထဲ အဝေးဆုံးညက အိပ်တန်းပြန်ရင်း အလင်းကိုဖျောက်ပစ်ခံခဲ့ရ။ ရန်ကုန်မြစ်ပြင်ပေါ် စနစ် တွေရဲ့သားကောင်တကောင်လို လက်နက်မချသေးတဲ့ တဘဝစာအရှုံးတွေနဲ့ တရားသဖြင့် နေထိုင်ခဲ့တယ်။ အစီအစဉ်တကျ ချိုးဖောက်ခံထားရတဲ့ဆောင်ပုဒ်တွေထဲ ရဲရဲရင့်ရင့်မိုက်မဲတေပေသူကြီးရဲ့ မျက်နှာပေါ်မှာ ခပ်ရေးရေးအမှတ်အသားဟောင်းတခုရှိတယ်။

တကယ်ဆို ကိုယ့်ဆက်ထုံးအသီးသီးထဲ ကချင်လွယ်အိတ်ကလေးနဲ့ ဂျစ်ကန်ကန်ကျောက်ဒိုးသမားလေး။ ဇယ်ခုံနဲ့ အံစာ ဝိုင်းတွေထဲ အလစ်ချောင်းနေတဲ့ကျားရဲ။ ခွဲတမ်းစနစ်မှာ စာအုပ်ထပ်ရင်း ပိုင်စိုးမှုဧကရီကို မကြာခဏ ညည်းတတ်တဲ့ကောင်။ ငါ့အစ်ကိုသူငယ်ချင်းနဲ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် လမ်းဘေးအုတ်ခုံဝိုင်းမှာ လူငယ်စိတ်နဲ့ လွင့်စင်ဖူးတဲ့သူ။ လက်ကြီးနဲ့ လန်ဒန်နဲ့ သန့်စင်ခန်းဘေးမှာ ရွာလွန်ရွက်တိုက် ခိုးရှိုက်ဖူးတဲ့ကောင်။ ပုခုံးမှီနေ့စွဲထဲက သထုံလမ်းနဲ့ စိတ်တိုင်းကျကဖေးမှာ လေထဲတိုက်ဆောက် မိုးဦးတွေ အကြိမ်ကြိမ်ကျဖူးသူ။ တေပေလေလွင့် အဆိပ်ကစားပွဲထဲ ဖွတ်ထားဖူးသော အိမ်ပြေးနေ့တွေ ခပ်များများ။ အလိုမတူပါပဲ အမှတ်ချိတ်ခံလိုက်ရတဲ့ ကိုက်ခဲနေသော အာရုံကြောနေ့စွဲများ။

သိုးဆောင်းဂစ်တာတလက်ရယ် မောင်ချောနွယ်ရယ် ပစ္စလက္ခတ်ကဗျာရယ် ချိတ်ဆက်ပေးတဲ့ အကယ့်ဒမီကဗျာဇာတ်ညွှန်းဆရာသမီးလတ်ရယ် လက်ဝဲရယ် ဆေးရယ် တော်လှန်သူရယ် တပင်တည်းရင်ထဲကနွယ်ရယ် ၉၆ ကစားပွဲရယ် ပျောက်ဆုံး နေသောငတ်မွတ်မှုရယ် မတိတ်တဲ့သွေးထဲကအနာရယ် မသူတော်ရယ် အကြောက်အလန့်မဲ့မှုရယ် အန်ချလိုက်တဲ့ဝေဒနာရယ် သရဝဏ်ထဲကစတကော်လာရယ် မှော်ဘီဂျီတီစီညနေခင်းရယ် သွားစွယ်လေးထံမှဒုတိယမြောက် ဘယ်ဖက်ရင်ခုန်သံရယ် တီထွင်ထားတဲ့မနက်ခင်းထဲ မြေနီလမ်းကလေးမှာ အမွှေးဆုံးပန်းတို့ တည်ငြိမ်စွာသင်းပျံ့စေခဲ့မှုရယ်။

အချစ်ဦးနဲ့အချစ်ဆုံးမှာ သံချေးတက်ခံသင်ရိုးဟောင်းက ကဗျာသွားကိုပီလာစေတယ်။ မိုးဦးက နွေတံခါးကိုပိတ်ပြီး စောစော စီးစီး ကျဖြစ်ခဲ့ပြီ။ ခုန်ဝင်လာသော တိမ်ရောင်ပြေးတို့ကဇာတ်မှာ ချစ်ခြင်းမေတ္တာဟာ ဟင်းလင်းပြင်ထဲလွင့်စင်သေဆုံးခဲ့တယ်။ ရူးခဲ့မိတယ်။ ငယ်ငယ်ကနဲ့မတူတဲ့ချုပ်ရိုးက ရှု့မျှော်ခင်းအသစ်ထဲ ရက်ထပ်နေသောစိတ္တဇကို လမ်းကြောင်းပြောင်းသီချင်း တွေဆိုစေတယ်။ ဒီလိုနဲ့ ရထားက ဆတ်သွားဘူတာမှာရပ်လို့ သတ္တုမိုးကို စိုရွှဲစေတယ်။

ဧရာဝတီမြို့လေးမှာပဲဖြစ်ဖြစ် ဘန်ကောက်မြို့ကြီးထဲမှာဘဲဖြစ်ဖြစ် လှမ်းမြင်နေရတဲ့ပုံရိပ်ယောင်များက ချစ်ခြင်းတရားရဲ့ အိမ်ပြန်ချိန်က ငတ်မွတ်ခဲ့တယ်။

ရှိ...စေ။
ဒီဘဝထဲ  အပြီးသတ်ညှိဝင်စေ။
တချွင်ချွင်တောက်ခဲ့ဖူးသောအသံထွက်က မိုင်ချီစက္ကန့်လက်တံထိပ်ဖျားမှာ မလိုအပ်တာတွေကို  ဖြတ်တောက်ချလိုက်တယ်။ တဆစ်ဆစ်နာနေတဲ့အာရုံထဲ လူဖြစ်ခြင်းရဲ့သံသယဆူးကို သံသရာမှာဆူးဝင်လိုက်တယ်။ ကောင်းကင်တခြမ်းရဲ့အေးစက် နေတဲ့ အိပ်မက်အသေကို ဘယ်ရာသီဆီရွှေ့ပစ်ရမလဲ။ မလင်းဖူးတဲ့လရောင်အကိုင်းအခက်မှာတောင် မှောင်နေတဲ့ ဧရာ ဝတီညတွေ အများသား။

ကိုယ်ဟာ အသုံးမဝင်နိုင်တဲ့ နောက်ဆုံးသစ်ရွက်ကလေးပါ။ မပြောင်းလဲနိုင်တဲ့ တိမ်ညိုရာသီတွေက ဝမ်းနည်းစရာတွေကို ကွက်ပြီးရွာချလိုက်တယ်။ ကစဉ့်ကလျားခေတ်တွေထဲ ဘယ်ရုပ်ကမှ ကိုယ့်အသက်ဓာတ်ကို ကြည်လင်စွာ မဆွဲဆောင်နိုင် ခဲ့ဘူး။ ကျနော့် ပျက်ယွင်းနေတဲ့အာရုံထဲမှာ စက်ဆုပ်ဖွယ်ရာတွေ လွှမ်းမိုးခံထားရတယ် အမေ။ လူကျင့်ဝတ်နဲ့ သိက္ခာကြား က အလွှာပါးပါးလေးထဲ အစွန်းအထင်း အရှအနာတွေနဲ့  နာကျင်စိတ်တွေနစ်ပြီး ကျနော်မပျော်နိုင်တော့ဘူး အမေ။ လူ သား ဆန်သူတွေက လူ့ဘောင်မှာ သစ္စာဖောက်ခံရခြင်းသာ တည့်တည့်စူးဝင်ခံခဲ့ရ။

ဘာကိုမှ မတုန့်ပြန်တော့ပါ။

ကဗျာသားနဲ့ ညကိုစားသုံးရင်း ပြက္ခဒိန်တွေကို ကျုံ့ကျုံ့ချလိုက်တယ်။ တဘဝစံသူတွေနဲ့ လွန်ဆွဲပွဲမှာ ကျနော် သံသရာကို အနိုင်ရလိုင်ပါတယ်။ မြစ်တခုစီးဆင်းဖို့ ကျနော်ပိုင်တဲ့ မိုးဥတုကိုငှားပါဆို အပြီးအပိုင်စွန့်လွှတ်ထားခဲ့ကြောင်း ရိုးမသွေးနဲ့ ဧရာဝတီလှိုင်းစိမ်းက ခရီးမထွက်ခွာမှီ ပြောကြားသွားခဲ့ပါတယ်။     ။

ကေဇော်မိုး