ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းကိုနိုင် ● မြို့ရိုးဟောင်းရဲ့စကား

မင်းကိုနိုင် ● မြို့ရိုးဟောင်းရဲ့စကား
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၇

ကိုမင်းကိုနိုင်၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

ဗိဿနိုးမြို့ဟောင်းနှင့် သရေခေတ္တရာမြို့ဟောင်း။ ကျနော်တို့ စိတ်နှလုံးကို ဖမ်းစားနိုင်ဆဲဖြစ်သည့် ရာဇဝင်ထဲကမြို့များ။ အခါသင့်တိုင်း ပန်းချီဖြင့် မှတ်တမ်းတင်ချင်ခဲ့သည်မှာကြာပြီ။ သည်တခေါက်စာပေဟောပြောပွဲအပြီးမှာ ပြည်-ပေါင်းတလည် ပေါက်ခေါင်းလမ်းနှင့် မှော်ဇာလမ်းခွဲရှိ မြို့ရိုးကြီးက ကျနော်တို့ကို ဆက်မသွားနိုင်အောင် ညှို့ထားပြီ။

တကယ်တော့ ပြည်-သဲကုန်းလမ်းဆိုတာကလည်း မြို့ရိုးဟောင်းပေါ်တည်ထားသည့်လမ်း။ မြို့ဝင်တံခါးပေါက်ပင်လျှင် ကား လမ်းအောက်ရောက်နေသည်။ မြို့ဝင်တံခါးတလျှောက် အုတ်ရိုးနှစ်ခုက မြှားတပြေးစာ ဟထားသည်ဆိုပါတော့။ ဒေသခံ သမိုင်းကို စိတ်ဝင်စားပြီးတော့ လေ့လာသူတွေက ရှင်းပြသည်။ ဒါဟာ ရန်သူတွေဝင်လာရင် နှစ်ဖက်ညှပ်ပြီးချေမှုန်းနိုင် အောင်၊ အုတ်ရိုးနှစ်ခုကြားက ရန်သူကို အပေါ်စီးကတိုက်နိုင်အောင်တဲ့။ အခုတော့ ပုံထဲကအတိုင်း အပင်ကြီးကအုတ်ရိုးကို မြိုခဲထားပြီ။

အရင်တခေါက်က လုလင်ကျော်တံခါးဘက် ကျနော် ပန်းချီမှတ်တမ်းရေးဖူးသည်။ အဲ့ဒီဘက်မှာ လှံထိုးတောင်ဆိုတာရှိသတဲ့။ စစ်ပညာသင်သည့်လုလင်တို့ ကျွမ်းကျင်သည်ဆိုလျှင် လှံထောက်ခုန်ကျော်ရသည့်နေရာကို လုလင်ကျော်ဟုခေါ်သည်တဲ့။ ခုခေတ်တော့ တုတ်ထောက်ခုန်လိုနေမှာပေါ့ဟု ခရီးသွားတဦးက မှတ်ချက်ချပါသည်။

သရေခေတ္တရာမြို့ရိုးသည် ဆယ့်နှစ်တောင်မြင့်သည်ဟု မှန်နန်းရာဇဝင်၌လည်းကောင်း၊ ပြည်နဝဒေးမင်းကြီး၏ရတု၌လည်း ကောင်းပါရှိသည်ဟုလည်း ဆိုကြပါသည်။ ကျနော်တို့မှတ်တမ်းတင်နေသောနေရာကို နတ်ပေါက် (တံခါး) ဟုလည်း ခေါ်ကြ သည်။ ထိုနေရာ မြို့တွင်းထောင့်မှာ နတ်ကွန်းတခု၊ အပြင်မှာလည်း တခုရှိသေးသည့်တိုင် ထိုနတ်ကွန်းများသို့ ပူဇော်သူများ ဝင်ထွက်ရာမို့ နတ်ပေါက်(တံခါး) ဟုခေါ်ကြောင်း ရှင်းပြကြပါသည်။

မြို့ရိုးနှင့် ကျုံးမှာ တညီတည်းမဟုတ်၊ မန္တလေးလိုပင် မြေသားလမ်း တထပ်ရှိသေးသည်။ မြို့မှာ မြို့ရိုး၏အပေါ် မြို့ရိုးအားလုံးကိုးပေါက်ရှိသည်။

အထဲဝင်ပြီးလျှင် အတွင်း၌ ထောင့်ချိုးကွေ့ပေါင်းများစွာ လုပ်ထားသည်။ နဂါးတွန့်တံခါးပေါက်တွင်လည်း ဝဲယာထောင့် မတ် ချိုးကွေ့များရှိပြီး တဖြည်းဖြည်း ကျဉ်းသွားသည်။ နောက်ဆုံးကျူးကျော်သူတို့ မည်မျှတပ်ဖွဲ့ချီလာသည်ဖြစ်စေ၊ မြို့ရိုးတွင်း ရောက်လျှင်တယောက်ချင်းကွဲသွားအောင် စီရင်ထားသော မြို့ရိုးများ၊ အခုတော့ အောက်ခံအုတ်ရိုးသာကျန်တော့ပြီး အပေါ် ပိုင်းတံတားများမရှိတော့စိတ်ကူးဖြင့်မြင်ရုံသာ။ တချို့အပေါက်တွေက သုံးဆယ်ဒီဂရီစောင်းနေသည်မို့ ဗိဿနိုးနှင့် ခေတ် ပြိုင်ဖြစ်နေခြင်းကိုလည်း သတိရသည်။ ထိုခေတ်က မြို့ရိုးတွေ သဘောချင်းတူနေပုံများ။

သည်မှာထူးခြားသည်က လူဝင်လူထွက်တွေတင်မက မြို့ရိုးမှတဆင့် ရေသွင်းရေထုတ်အတွက် စီစဉ်ထားသည်ဟု ယုံကြည်ရသည့်ဆည်မြောင်းစနစ်ပါဝင်နေသည်။ သုံးပုံနှစ်ပုံက လူနေရပ်ကွက်ဖြစ်ပြီး ကျန်သုံးပုံတပုံက စိုက်ပျိုးမြေသီးသန့်ဖြစ်သည်။ လူနေလက္ခဏာလုံးဝမရှိကြောင်း အခိုင်အမာဆိုနေကြသည်။

မြို့တောင်ဘက်ရှိ ပေ ၅၀၀ ခန့်မြင့်သည့်တောင်မှ ရေကို မြို့ထဲရှိ ဆည်မြောင်းစနစ်ဆီ ပို့သည်။ ထိုမှတဆင့်စိုက်ခင်းတွေဆီ ။ သမိုင်းပညာရှင်များက တွေးဆသည်မှာ ဒီမြို့ထဲမှာ တွက်သည့်ရိက္ခာမှာ တနှစ်စာ အနည်းဆုံးရှိနိုင်သည်။ တကယ့်ကျဉ်းထဲ ကျပ်ထဲကာလမျိုးဆို သုံးနှစ်စာ အတိစုနိုင်မယ်ဟု မှန်းဆကြကြောင်းဒေသခံများက ရှင်းပြပါသည်။

လူဦးရေကိုလည်း ကန့်သတ်ချက်နှင့်ထားသည်။ ရန်သူအများဆုံးလာတတ်သည့် တောင်တန်းဘက်ဆိုလျှင်မြို့ရိုးသုံးထပ်အထိ ထားခဲ့သည်။ ထိုမြို့ရိုးများထိပ်တွေမှာလည်း ကန်တွေရှိကြောင်း၊ ထိုခေတ်လူဦးရေနှင့် ရေပမာဏစုဆောင်းမှု အံကိုက်အောင်စီစဉ်ခဲ့ကြောင်း ပြောပြနေသည်။ ယခုခေတ်အခေါ် ကာကင်းလိုစစ်စခန်းတွေကိုလည်း အပြင်ထုတ်ထားခဲ့ သည်တဲ့။
* - * - *

ထူးခြားတာ တခုရှိသေးသည်။ မြို့ရိုးထောင့်ရှိ ဘုရားကြီးအတွင်းမှာတွေ့ခဲ့ရသည့် ခြင်းလုံး။ တကယ့်ကို သရေခေတ္တရာ ခေတ်က ခြင်းလုံး၊ အံ့သြတကြီးကိုင်ကြည့်လိုက်တော့ တစစီကြွေကျသွားခဲ့သည်တဲ့။ နှမြောလိုက်တာဟု နားထောင်သူတွေ ရေရွတ်ကြပါသည်။

ပန်းချီဆွဲရင်း စကားဝိုင်းက ပုဂံခေတ်ဆီရောက်သွားပြန်သည်။ ပျူ ၁၁ ရွာနှင့် ပုဂံတည်သည်ဟု တယောက်ကဖြင့် ဆိုလာ သည်။ နားထောင်သူတွေ စိတ်အဝင်စားဆုံးမှာ လယ်ထွန်ရင်း ရွှေထည်ဟောင်းတွေ တွေ့သည့်အကြောင်း၊ လယ်မြေအပေါ် ရွှေကျင်ကြသည့်အကြောင်း၊ အလွှာသုံးလွှာတွေ့သည်။ မီးသွေးတထပ်၊ ဖို့မြေတထပ် ထိုသို့ သုံးကြိမ်းသုံးလွှာမြင်တွေ့ရခြင်း ကပင် သရေခေတ္တရာသည် ဤမြေပေါ် သုံးကြိမ်သုံးခါပြိုလဲကျ၊သုံးကြိမ်သုံးခါပြန်ထရပ်ခဲ့ပြီဆိုသည့် အကြောင်း၊ ဒါသည်က ပင် ဤရှေးဟောင်းမြေပေါ်ခြေစုံရပ်မိနေသည့် ကျနော်တို့လို ခရီးသွားတွေအတွက် တွေးစရာတစုံတရာပေးလိုက်သည်ဟု ကျနော်ခံစားရပါသည်။

ဤကမ္ဘာမြေပေါ်မှာ လက်နက်နိုင်ငံတော်များ၊ မြို့ပြနိုင်ငံများတည်ခဲ့၊ ပြိုခဲ့ကြတာ မဆန်းသော်လည်း နှောင်းလူတို့အတွက် တွေးစရာ၊ ယူစရာ ချန်ရစ်ခဲ့သည့် မြို့ရိုးဟောင်းများကိုဖြင့်တွေ့တိုင်း၊ မြင်တိုင်း သူတို့ပြောပြသည့် ရာဇဝင်ထဲက လူတွေအ ကြောင်း နားထောင်ချင်စမ်းပါဘိ။ တကယ်တော့လည်း ကျနော်တို့နားထောင်ကြည့်တတ်လျှင် အုတ်မြို့ရိုးဟောင်းတွေမှာ ဇာတ်လမ်းကောင်းတွေ ရှိကိုရှိနေမြဲဟု အာမခံချင်စမ်းပါဘိ။

မင်းကိုနိုင်
(မြစ်ဆုံဗေဒါဂျာနယ်တွေ ဖော်ပြပြီးဖြစ်သည်)