ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုသန်းလွင် ● တံခါးဖွင့် စီးပွားရေးစနစ်

ကိုသန်းလွင် ● တံခါးဖွင့် စီးပွားရေးစနစ်
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂ဝ၁၇

(၁)
လွန်ခဲ့သောဒီဇင်ဘာလအတွင်း အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲနှုန်းခုန်တက်သွားပြီးသည့် နောက်ပိုင်း နိုင်ငံခြား သားမိတ်ဆွေတဦးက ကျွန်တော့်ကို ပြောဖူးပါသည်။ “မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရတာ အရမ်းခက်ခဲတယ် မြန်မာ နိုင်ငံမှာသာ အလုပ်လုပ်တတ်သွားပြီဆိုရင် တခြားဘယ်နိုင်ငံမဆို စီးပွားရေးလုပ်လို့ရသွားပြီ” ဟုဆိုသည်။ ကျွန်တော်များစွာ စိတ်မချမ်းမသာ ဖြစ်လိုက်ရပါသည်။

(၂)
ဒီမိုကရေစီစနစ်၏ ထူးခြားကောင်းမွန်ပုံကို ဖေါ်ပြရန်လွယ်ကူသော်လည်း အောင်မြင်တိုးတက်သော ဒီမိုကရေစီနိုင်ငံကို ဘယ်လိုထူထောင်ရမည်ဟု နည်းလမ်းများကိုဖေါ်ပြရန် အလွန်ခက်ခဲပါသည်။ အလားတူ စီးပွားရေးစနစ်တခုကို ကောင်း မွန်အောင် ဘာတွေလုပ်ရမည်ဆိုသောအချက်မှာ ရေးပြရန်မလွယ်ကူပါ။ နိုင်ငံတိုင်း၌ မိမိတို့နိုင်ငံနှင့်ဆိုင်ရာ ပြဿနာ အခက်အခဲများရှိတတ်ကြသောကြောင့် ကိစ္စအဝဝကို လက်တွေ့ကိုင်တွယ် ဖြေရှင်းသူများသာနားလည်ကြပါသည်။

သို့ပါသော်လည်း စီးပွားရေးဖွံ့ဖြိုးမှုတိုးတက်ရေးလမ်းကြောင်းကို အပိတ်အဆို့များရှိနေပြီဆိုလျင် ထိုပြဿနာ များကိုအများ တကာက အလွယ်တကူမြင်နိုင်ကြပါသည်။

ကျွန်တော်တို့မြန်မာနိုင်ငံတွင် နိုင်ငံတကာနှင့်ဆက်သွယ်၍ ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးမှသာ ပြည်သူတို့၏ အခက် အခဲများ ပြေလည်လိမ့်မည်ဆိုသော မျှော်လင့်ချက်ဖြင့် ၁၉၈၈ ခုနှစ်များဆီမှစတင် ၍ အစိုးရပေါ်လစီများကို ပြင်ဆင်ခဲ့ပါ သည်။ ပဌမ ဆန်ကူးသန်းရောင်းဝယ်ရေးကို အစိုးရမှထိမ်းချုပ်ထားခြင်းကိုပယ်ဖျက်ပြီး တိုင်းရင်းသားကုန်သည်များကို ကူးသန်းရောင်းဝယ်ခွင့် ပေးခဲ့ပါသည်။ ထို့နောက် နိုင်ငံခြားနှင့်ကုန်သွယ်ခွင့်၊ နိုင်ငံခြားမှ စီးပွားရေးလုပ်ငန်းများကို ပြည် တွင်း၌လုပ်ပိုင်ခွင့် စသည်ဖြင့် ကုန်သွယ်ရေးထိမ်းချုပ်မှုများကို အဆင့်ဆင့်ဖြေလျှော့ပေးခဲ့ပါသည်။

သို့ပါသော်လည်း ယနေ့ ဒီမိုကရေစီအစိုးရ တက်ရောက်လာပြီး တနှစ်နီးပါးရှိလာသည့်အချိန်ထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေမှာ ကောင်းလာပြီဟုမဆိုနိုင်သေးပါ။ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့်ဝင်ရောက်လာပြီဟု မပြော နိုင်သေးပါ။

နိုင်ငံတခုသည် တံခါးဖွင့်ဝါဒကို ကျင့်သုံးပါပြီဟုဆိုသည့်တိုင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် မလာကြခြင်းမှာ နိုင်ငံတွင်းစီးပွားရေးလုပ်ကိုင်ရန်အတွက် ပြဿနာများရှိသောကြောင့်ပင် ဖြစ်ပါသည်။

အိမ်တအိမ်သို့ဧည့်သည်များဝင်ရောက်လာရေးအတွက် ထိုအိမ်ကိုကြည့်လိုက်လျင် ရှင်းလင်းသော ပတ်ဝန်းကျင်တခုကို မြင်နိုင်စေရန် အရေးကြီးပါသည်။ အမှိုက်ပုံများ၊ အခက်အခဲများ၊ အတားအဆီးများ ပြဿနာများကို မြင်နေရလျင် ဧည့်သည် ဝင်ရောက်လာရန် ခက်ခဲပါသည်။

ကျွန်တော်တို့နိုင်ငံကိုဝင်ရောက်အလုပ်လုပ်ကြမည့် စီးပွားရေးလုပ်ငန်းရှင်များတွင် အခက်အခဲများရှိနေကြပါသည်။ မြန်မာ ပြည်ကိုရောက်ဖူးကြပြီး အလုပ်လုပ်ကိုင်ကြသူများက ထိုအခက်အခဲများကိုပြောပြကြသည်မှာ နားရည်ဝနေကြပြီဟူ၍ပင်ဆိုနိုင်ပါသည်။

စစ်အစိုးရအဆက်ဆက်အုပ်ချုပ်မှုအောက်တွင်နေခဲ့ရသော ကျွန်တော်တို့နိုင်ငံအဖို့ လုပ်ထုံးလုပ်နည်းနှင့် ဥပဒေ များမှာထင် သာမြင်သာ အဆင်သင့်မဖြစ်နိုင်ပါ။ သို့ပါသော်လည်း ပေါ်လစီရေးဆွဲသူ အာဏာပိုင်များက ပြဿနာဖြစ်သည့်နေရာများကို ရှာဖွေ၍ ပြုပြင်မှု (Reform) များလုပ်နေပြီဆိုခြင်းမှာ ထင်သာမြင်သာရှိဖို့ လိုအပ်ပါသည်။

နိုင်ငံခြားလုပ်ငန်းရှင်များအဖို့ မိမိတို့၏ရင်းနှီးမြှပ်နှံမှု ငွေရင်းငွေနှီးကို နိုင်ငံပြင်ပသို့ ပြန်လည်ထုတ်ဆောင်ရေးမှာအရေးကြီး ဆုံးဖြစ်ရာ မြန်မာ့ဘဏ်လုပ်ငန်းများမှာ နိုင်ငံတကာအဆင့်မှီရန် အရေးကြီးပါသည်။ နိုင်ငံအတွင်းသို့ ငွေတင်ပို့ခြင်း၊ ပြင်ပ သို့ပို့ဆောင်ခြင်းများမှာ နိုင်ငံတကာစံနှုန်းများအတိုင်း ရှိနေစေရန်အရေးကြီးလှပါသည်။

ထိုသို့ငွေပို့ငွေယူလုပ်ငန်းကို ချောချောမွေ့မွေ့လုပ်နိုင်သလို ကုန်ပစ္စည်းတင်ပို့ခြင်း၊ နိုင်ငံအတွင်းမှ ထွက်ကုန်ကို ပြင်ပသို့ တင်ပို့ခြင်းကိစ္စကို ဆိပ်ကမ်းနှင့်လေဆိပ်များက ဆောင်ရွက်ပေးနိုင်စွမ်းရှိရပါမည်။ ဒေါ်လာတသောင်းတန် ကွန်တိမ်နာ တလုံးကို ဆိပ်ကမ်းတွင်ရှင်းလင်းရန် မြန်မာငွေ ၁၇ သိန်းမှ ၂၅ သိန်းအထိ ကုန်ကျတတ်ပါသည်။ ထိုစရိတ်စကကို ရှောင် တိမ်းနိုင်ရန် ကုန်သည်များက ရန်ကုန်သို့ ပို့ရန် ကုန်ပစ္စည်းများကို ဘန်ကောက်ဆိပ်ကမ်းသို့ပို့၊ ဘန်ကောက်မှကုန်းလမ်းခရီးဖြင့် ရန်ကုန်သို့လာနေရခြင်းမှာ ဘယ်လိုမှမဖြစ်သင့်ပါ။

စင်ကာပူ၊ ဂျပန်၊ ကိုးရီးယား၊ ထိုင်ဝမ် စသော ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများမှ ထုတ်ကုန်များကို ဈေးနှုန်းချိုသာစွာအကောက်ခွန်သင့်တင့်စွာနှင့်သွင်းလာပြီး အရောင်းဆိုင်များဖွင့်လှစ်လာပြီဆိုလျင် ကျွန်တော်တို့အကောက်ခွန်ဌာန၏လုပ်ငန်းများမှာ အဆင့်မြင့်မြင့်လည်ပတ်နေပြီဟု ဆိုနိုင်ပါသည်။ ထိုအဆင့်သို့ ရောက်နိုင်ရန်အတွက် အခက်အခဲများစွာရှိနေပါသေးသည်။

ကုမ္ပဏီများ နိုင်ငံတော်သို့ အခွန်ပေးဆောင်ရမည့်ပမာဏကို အကောက်ခွန်အရာရှိများအား ဆုံးဖြတ် ခွင့်ပေးထားခြင်းမှာမှားယွင်းနေပါသည်။ ဤလုပ်ထုံးလုပ်နည်းကြောင့်အခွန်အရာရှိများသာချမ်းသာ သွားကြပြီး ကုမ္ပဏီများလည်း ပိုက်ဆံကုန်၊ နိုင်ငံတော်သို့လည်း အခွန်ငွေဝင်သင့်သမျှ မဝင်နိုင်ဖြစ် နေပါသည်။ အမြတ်မပေါ်ဘဲ၊ လုပ်ငန်းမဖြစ်ဘဲ လိုင်စင်သက်တမ်းရှိစေရန် အစိုးရသို့ အခွန်ငွေဆောင် နေရခြင်းမှာ မဖြစ်သင့်ပါ။ အခြေခံရမည့်မူ သဘောတရားမှာ လုပ်ငန်းတခုက အမြတ်ငွေမရရှိလျင် အခွန်ပေးဆောင်ရန်မလိုဟုဖြစ်ရပါမည်၊ မိမိကုမ္ပဏီ၏ဝင်ငွေကိစ္စအဝဝကကုမ္ပဏီပိုင်ရှင်အား တာဝန်ခံ စေခြင်းဖြစ်ပါသည်။ ထိုကိစ္စကို မြို့နယ် နေရာအသီးသီးရှိ အခွန်အရာရှိများက ဆုံးဖြတ်ပေးနေခြင်းမှာ မှားယွင်းနေပါသည်။

ထိုနည်းတူ နိုင်ငံခြားမှတင်သွင်းလာသော ပစ္စည်းများအတွက် Invoice တန်ဘိုးကို အကောက်ခွန်အရာရှိများက အတည်ပြု ပေးရသောလုပ်နည်းမှာလည်း မှားယွင်းနေပါသည်။ ဆိုခဲ့သည့်အတိုင်း အကောက်ခွန်အရာရှိများသာ ကြီးပွားချမ်းသာ သွားကြပါသည်။ ပစ္စည်းတန်ဘိုးကို တင်သွင်းလာသူက တာဝန်ခံပြီး အခွန်အရာရှိများက တည့်မတ်ပေးရန်သာ တာဝန်ရှိပါ သည်။ Invoice တန်ဘိုးကြောင့် ကုန်ပစ္စည်းဆိပ်ကမ်းမှထုတ်ရန်အရေးကို မနှောင့်နှေးစေသင့်၊ ကုန်သည်က မှားယွင်းကျေငြာ သည်ဟု သံသယဖြစ်လျင် နောက်ပိုင်းတွင် သက်ဆိုင်ရာဌာနတခုကသာ ခေါ်ယူဖြေရှင်းရမည်။

စင်ကာပူနိုင်ငံတွင်ဤနည်းကိုလိုက်နာကျင့်သုံးနေပြီး သူတို့နိုင်ငံ၏ဒေါ်လာ ၆၄ ဘီလီယမ်ရှိသော ဘတ်ဂျက်ကိုကြည့် လိုက်လျင် ကော်ပိုရေးရှင်းကြီးများမှပေးဆောင်သော အခွန်ငွေက၂၁.၆ ရာခိုင်နှုန်း (၁၃ ဘီလီယမ်) ဖြင့် ရာနှုန်းအများဆုံး ဖြစ်သည်ကို တွေ့ရပါသည်။

လွန်ခဲ့သောနိုဝင်ဘာလ ၈ ရက်နေ့က အိန္ဒိယနိုင်ငံတွင် ငွေစက္ကူ ၅ဝဝ တန်နှင့် ၁ဝဝဝ တန် ရူပီးငွေများကို အသုံးပြုခြင်း မှရပ်ဆိုင်းခဲ့သည်။ ဝန်ကြီးချုပ်မိုဒီက လာဘ်ပေးခြင်း၊ ခြစားခြင်း၊ ငွေမဲများစုပုံနေခြင်း၊ မတရားသောနည်းဖြင့် ကြွယ်ဝချမ်းသာနေခြင်းများမရှိအောင် ဤသို့ကြေငြာခဲ့ခြင်းဖြစ်သည်ဟု ဆို၏။ လူတဦးစီ၏ ငွေသွင်းနိုင်သည့်ပမာဏကို အကောက်ခွန် အရာရှိများအား ဆုံးဖြတ်စေခဲ့ပါသည်။ ထိုလုပ်ပိုင်ခွင့်က အကောက်ခွန်အရာရှိများကို ခြစားအောင်လုပ်ပေးတာနှင့်တူသည်ဟု ဝေဖန်ခဲ့ကြပါသည်။

နောက်ထပ်အရေးကြီးသောအချက်မှာ နိုင်ငံခြားမှ စီးပွားရေးလုပ်လိုသူတို့အတွက် လိုအပ်သမျှကို မိမိတို့ဘာသာ ဖြေရှင်းနေ ရပြီး အစိုးရဌာနများ၏ အကူအညီများမရရှိခြင်း ဖြစ်ပါသည်။

မြေနေရာရရှိရေး၊ လိုအပ်သောရေ၊ လျှပ်စစ်ပါဝါဆပ်ပလိုင်း၊ ရေဆိုးထွက်ပေါက် စသည်ဖြင့် လိုအပ်သမျှကို မိမိဖါသာဖြေရှင်း နေရခြင်းဖြင့် ခရီးမတွင်ဖြစ်ကြရပါသည်။ အစိုးရမှဦးဆောင်၍ အဆောက်အဦးနှင့်တကွ အလုပ်သမားရရှိရေးအပါအဝင် လုပ်ငန်းသုံးရန်လိုအပ်သမျှကို ဖန်တီးပေးရန် လိုအပ်ပါသည်။ ပြဿနာရှိ၍ အငြင်းအခုန်ဖြစ်ပြီဟုဆိုလျင် နိုင်ငံခြားသားများ က ယုံကြည်အားကိုးနိုင်သည့် တည်ကြည်ဖြောင့်မတ်စွာ ဖြေရှင်းပေးမည့် အေဂျင်စီဌာနတခုရှိရန် လိုအပ်ပါသည်။

(၃)
စီးပွားရေးပညာရှင် အဒမ်စမစ်တို့လက်ထက်ကတည်းက ယုံကြည်ခဲ့ကြသော အဆိုတခုရှိခဲ့ပါသည်။ ချမ်းသာသောနိုင်ငံနှင့် ဆင်းရဲသောနိုင်ငံနှစ်ခုတို့ ချိတ်ဆက်ကူးသန်းရောင်းဝယ်မှုပြုကြပါလျင် လူနေမှုအဆင့်အတန်းနှစ်ခုသည် တချိန်တွင် ညီမျှ သော အခြေအနေသို့ရောက်သွားမည်ဟု ဆိုကြပါသည်။

လူနေမှုအဆင့်အတန်းဆိုသည်မှာ နိုင်ငံတခု၏ ကုန်ထုတ်လုပ်မှုပမာဏအပေါ်တွင် မူတည်ပါသည်။ ကုန်ထုတ်လုပ်မှုမှာ စက်မှုပညာအဆင့်အတန်း ဟုလည်းယူဆနိုင်ပါသည်။ ဆင်းရဲသောနိုင်ငံအဖို့ ချမ်းသာသောနိုင်ငံနှင့် ရင်းနှီးစွာဆက်ဆံခြင်းဖြင့် ချမ်းသာသောနိုင်ငံ၏ စက်မှုအတတ်ပညာသည် ဆင်းရဲသောနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အကူအညီပေးပါလိမ့်မည်၊ ခေတ်ဟောင်းမှ စက်ကရိယာအဟောင်းတို့ဖြင့် စခမ်းသွားရန်မလိုတော့ဘဲ စက်ပစ္စည်းအသစ် နည်းပညာအသစ်တို့ကို အ သုံးပြုမှုကြောင့် စီးပွားရေးမှာဖွံ့ဖြိုးတိုးတက်လာပါသည်။ ဤနည်းဖြင့် ဆင်းရဲသောနိုင်ငံက ချမ်းသာသောနိုင်ငံ၏အဆင့်ကို မီ လာနိုင်ပါသည်။

ဤသို့ဆိုလျင်လွန်ခဲ့သောနှစ်ပေါင်း ၅ဝ အတွင်းကမ္ဘာကြီးတွါင် အဘယ့်ကြောင့် ဆင်းရဲချမ်းသာ နိုင်ငံများကွဲပြားနေရပါသေး သနည်း။ အဖြေမှာရှင်းပါသည်။ နိုင်ငံတိုင်းသည် အမှန်စင်စစ် တံခါးဖွင့်ခါ အခြား နိုင်ငံများနှင့် မဆက်သွယ်နိုင်ကြသောကြောင့် ဖြစ်ပါသည်။

ဂျက်ဖရီဆာ့ (ချ) နှင့် အင်ဒရူးဝါနာ (Jeffrey Sachs and Andrew Warner) ခေါ် ဟားဗတ်တက္ကသိုလ်မှ ပညာရှင်နှစ်ဦးက ကမ္ဘာပေါ်၌ တတိယကမ္ဘာဟုခေါ်ရမည့် ဆင်းရဲသောနိုင်ငံပေါင်း ၈၇ နိုင်ငံမျှရှိရာ နိုင်ငံ ၁၃ နိုင်ငံသည်သာ ပြင်ပကမ္ဘာနှင့် ချိတ်ဆက်နိုင်ပြီး ၁၉၇ဝ မှ ၁၉၉ဝ အနှစ် ၂ဝ အတွင်း ၎င်းတို့စီးပွားရေးမှာ ၆ ဆမျှ တိုးတက်သည်ဟုဆိုသည်။ ထို ၁၃ နိုင်ငံ၏ ပျမ်းမျှတိုးတက်မှုနှုန်း မှာ ၄.၅ ရာခိုင်နှုန်းရှိပြီး တံခါးပိတ်နိုင်ငံများမှာ ဝ.၇ ရာခိုင်နှုန်းသာတိုးတက်သည်ဟု နှိုင်းယှဉ်ပြခဲ့ပါသည်။

(၄)
ကျွန်တော်တို့နိုင်ငံတွင်းသို့ နိုင်ငံခြားစီးပွားရေးရင်းနှီးမြှုတ်နှံမှုများ အလုံးအရင်းဝင်ရောက်မလာကြခြင်းမှာ ကျွန်တော်တို့ နိုင်ငံအတွင်းမှ ခေတ်မမှီတော့သော လုပ်ထုံးလုပ်နည်းများကြောင့်ဖြစ်ပါသည်။ ထိုပြဿနာများကို ကျွန်တော်တို့ကိုယ်တိုင်သာ ဖြေရှင်းကြရပါလိမ့်မည်။

ကိုသန်းလွင်