ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အောင်မော်ဦး ● ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စိတ်ဓာတ်တော်လှန်ရေး

အောင်မော်ဦး ● ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စိတ်ဓာတ်တော်လှန်ရေး
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၇

“လူသိမ်လူဖျင်းတွေအတွက် ကျနော်တို့မှာ သူတို့နဲ့တန်တဲ့ စကားလုံးမရှိပါဘူး
လူ့ ယဉ်ကျေးမှုရဲ့ခွေးကတက်မှာ သူတို့ရဲ့မိုက်မဲမှုတွေနဲ့သူတို့ အခါခါသေဆုံး နေကြပါလိမ့်မယ်
 
ကျနော်တို့ ကျင်လည်နေထိုင်ရာ လူမှုဝန်းကျင်မှာ လူတွေဘယ်လိုခံစားနေရသလဲ၊ လူတွေ ဘယ်လိုမြင်ကြသလဲ၊ လူတွေ ဘယ်လို ဆင်ခြင်သုံးသပ်သလဲ စသဖြင့် သိချင်ပါတယ်။ ထို့အတူ ကိုယ်မြင်တာ၊ ကိုယ်ခံစားရတာ၊ ကိုယ်ဆင်ခြင်သုံးသပ်တာတွေကိုလည်း ပြောချင်ပါတယ်။ ဒါကြောင့် ကိုယ်နေထိုင်ရာ ရပ်ရွာအတွင်းမှာသာမက အွန်လိုင်းပေါ်ကိုလည်း ဝင်ရောက် လေ့လာမိပါတယ်။ ကံဆိုးတဲ့တိုင်းပြည်မှာ လူထက်၊ လူ့ယဉ်ကျေးမှုထက် တဆင့်မက နိမ့်ကျနေကြတဲ့ လူသိမ်လူဖျင်းတွေကို မယုံနိုင်လောက်အောင်တွေ့ရပါတယ်။ ဒါဆို ကိုယ်ကောင်းအောင်နေရုံအပြင် ဒီလူတွေကိုရော ကောင်းလာအောင် မကြိုး စားတော့ဘူးလားပေါ့။ ပြောရတာတင်ကို တော်တော်ခက်သလို လုပ်ဖို့က ပိုလို့တောင် မလွယ်လှပါဘူး။

ကောက်ချက်တခုတော့ရပါတယ်။ ဒီလိုစိတ်အဆင့်အတန်းရှိသူတွေရဲ့ လက်ထဲမှာ၊ ဒီလို လူသိမ်လူဖျင်းတွေရဲ့ လက်ထဲမှာ ဘယ်လိုကောင်းမွန်တဲ့ ဘာသာရေး အဆုံးအမပဲဖြစ်ဖြစ်၊ ဘယ်လိုကောင်းမွန်တဲ့ နိုင်ငံရေးစနစ်ပဲဖြစ်ဖြစ်၊ ဘယ်လိုကောင်းမွန် တဲ့ အနုသုခုမပဲဖြစ်ဖြစ်၊ ဘယ်လို ချစ်မြတ်နိုးဖွယ်ကောင်းတဲ့ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာပဲဖြစ်ဖြစ် အဟောသိကံပဲ ဖြစ်နေမှာပါ။ တန်ဖိုး၊ စံသတ်မှတ်ချက်ဆိုတာတွေအားလုံဟာ ကံဆိုးတဲ့တိုင်းပြည်လိုပဲ ကံဆိုးမြဲ ဆက်ဆိုးနေပါလိမ့်ဦးမယ်။ မလုံခြုံတဲ့တိုင်းပြည်ဟာလည်း နောက်ထပ် စက်ရပ်သတင်းတပုဒ် အတက်မခံနိုင်တော့လောက်အောင် ခိုလှုံရာမဲ့လို့ သောက ဗျာပါဒတွေနဲ့ အုံ့ဆိုင်းမှုံမှိုင်းနေပါလိမ့်ဦးမယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စိတ်ဓာတ်တော်လှန်ရေးဆိုတာ ဒါကိုပြောတာပါ။ သူ့ကိုချစ်နေရုံ၊ သူ့ကိုထောက်ခံနေရုံနဲ့ လက်သန်းတွေ တာဝန်ကျေပြီလို့ထင်နေတာ မှားပါတယ်။ အမှန်တကယ်က သူနဲ့အတူ ထပ်ချပ်မကွာလိုက်ပြီး ဒုတိယတော် လှန်ရေး (သို့) စိတ်ဓာတ်တော်လှန်ရေးကို ဆက်လုပ်ကြရမှာပါ။ လက်ရှိရောက်နေတဲ့ အဆင့်ကလေးမှာတင် ကျေနပ်ပြီး ရပ်နေလို့မရပါဘူး။ အမေစု၊ အမေစုဆိုပြီး ကုန်းဆင်းလိုက်နေလို့ မရပါဘူး။

အဲဒီ ဒုတိယတော်လှန်ရေး (သို့) စိတ်ဓာတ်တော်လှန်ရေးရဲ့ တခုတည်းသောနဲ့ အရေးအကြီးဆုံး စည်းကမ်းသတ်မှတ်ချက် ကတော့ တလွဲဆံပင်ကောင်းနေတဲ့ တွေးခေါ်စဉ်းစားပုံတွေကို ပြောင်းလဲပစ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဆိုကြပါစို့ ကိုယ့်ဘာသာမှ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုး၊ ကိုယ့်ပါတီမှ ကိုယ့်ပါတီ ဆိုတဲ့ လှေနံဓားထစ် တွေးခေါ်စဉ်းစားပုံမျိုးဟာ ဘာသာစုံ၊ လူမျိုးစုံ၊ ပါတီစုံ ရှိတဲ့တိုင်းပြည်မှာ တကိုယ်ကောင်းဆန်ရာ၊ ကျဉ်းမြောင်းလွန်းရာ မရောက်လွန်းနေဘူးလား ဆိုတာကို စတင်တွေးတောစဉ်းစားကြဖို့ပါ။ ဘယ်သူ့မေးခွန်းထုတ်ရမှန်းမသိတဲ့ အယူအဆတခုကို အများလက်ခံလို့ လိုက်လက်ခံရတာ ကို ရိုက်သွင်းခံနေရတယ်လို့ရော မထင်မိဘူးလား။ ဒါကြောင့် အဲဒီနေရာကနေ စပြီး တွေးတောစဉ်းစားကြည့်ရမှာဖြစ်ပါတယ်။ အဲဒီနေရာကနေ ဆက်ပြီး တွေးတောစဉ်းစားကြည့်ကြရမှာဖြစ်ပါတယ်။ အဲဒီနှစ်ခုကို စတင်လုပ်ကိုင်ပြီဆိုတာနဲ့ ခင်ဗျား ဟာ အမေစုနဲ့ (တွေးတောစဉ်းစားတဲ့နေရာမှာ) တော်တော်နီးသွားပါပြီ။

နောက် အဲဒီ ဘာသာစုံ၊ လူမျိုးစုံ၊ ပါတီစုံဆိုတာတွေဟာ ငါတို့နိုင်ငံမှာ၊ ငါတို့မြို့မှာ၊ ငါတို့ရပ်ရွာမှာ တကယ်လည်းရှိနေကြတာပါလားဆိုတာကို လက်ခံပေးလိုက်ပါ။ အသိအမှတ်ပြုပေးလိုက်ပါ။ ဒါဆို ခင်ဗျားဟာ အမေစုနဲ့ ပိုနီးသွားပါပြီ။ နောက်တခါ အဲဒီလို လက်ခံပေးလိုက်တာ၊ အသိအမှတ်ပြုပေးလိုက်တာတွေကို ကျော်လွန်ပြီး အဲဒီ ဘာသာ၊ အဲဒီလူမျိုး၊ အဲဒီပါတီတွေကို သူတို့ဟာလည်း ငါတို့နဲ့ အတူတူပါပဲဆိုပြီး တန်းတူ နေရာပေးလိုက်ပါ။ ဒါဆို ခင်ဗျားဟာ အမေစုနား ရောက်သွားပါပြီ။ နောက် အဲဒီလိုတန်းတူနေရာပေးတာအပြင် အဲဒီဘာသာ၊ အဲဒီလူမျိုး၊ အဲဒီပါတီတွေနဲ့ မိတ်ဆွေကောင်း၊ မဟာမိတ်ကောင်း တယောက်အဖြစ် လက်တွဲဆောင်ရွက်လိုက်ပါ။ ဒါဆိုရင် ခင်ဗျားဟာ အမေစုနဲ့ လက်ချင်းချိတ်မိသွားပါပြီ။ ခင်ဗျားက သူ့ လောက်တော့ ပညာတွေမတတ်ဘူးပေါ့။ သူ့လောက်တော့ အရည်အချင်းတွေ မရှိဘူးပေါ့။ ဒါပေမယ့် အမေစုမှာရှိတဲ့ လူသားဆန်မှု၊ ခင်ဗျားမှာရှိသွားပြီ။ အမေစုမှာရှိတဲ့ လူစိတ်၊ ခင်ဗျားမှာ ရှိသွားပြီ။ အတိုချုပ်ပြောရရင် ခင်ဗျား "လူ" ဖြစ်သွား ပြီပေါ့။

အဲဒီ လူသားဆန်မှု၊ အဲဒီလူစိတ်ဆိုတာ တခြားမဟုတ်ပါဘူး။ လူလူချင်း လူလိုတန်ဖိုးထား ဆက်ဆံတာကို ပြောတာပါ။ အဲဒီလို လူလူချင်း လူလိုတန်ဖိုးထားတဲ့စိတ်နဲ့ ခင်ဗျားပတ်ဝန်းကျင်ကို ပြန်ကြည့်ကြည့်လိုက်ပါ။ အရင်ကထက် ပိုလှနေနိုင် ပါတယ်။ ဒါကြောင့် လူလူချင်း လူလိုတန်ဖိုးထားတတ်ဖို့အတွက် အရေးအကြီးဆုံးကတော့ တလွဲဆံပင်ကောင်း ဖြစ်နေတဲ့ အစွဲတွေ ကျွတ်ဖို့ပါပဲ။ ရိုက်သွင်းခံထားရတာတွေကို ဆွဲနှုတ်ပစ်ဖို့ပါပဲ။

တကယ်လို့ ခင်ဗျားအနေနဲ့ အဲဒီထက်ပိုပြီး တတ်နိုင်သေးတယ်ဆိုရင် ထပ်ကြိုးစားကြည့်လို့ ရသေးတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောသလို “သင်ပုန်းချေ”ဖို့ပါပဲ။ “သင်ပုန်းချေတာလား … ပြီးခဲ့တာတွေ မေ့ပစ်လိုက်၊ ဒါပဲမဟုတ်လား။ ဒါများ ဘာ ခက်တာမှတ်လို့“ ဆိုပြီး လွယ်လွယ်ပြောလို့ မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ထောက်ခံခဲ့ကြတာ ပေါ့ပေါ့တန်တန် ထောက်ခံခဲ့ကြတာမဟုတ်ပါဘူး။ နာမည်ကြီးနေလို့၊ အောင်မြင်ကျော်ကြားနေလို့ နောက်ကလိုက်ရင် ကိုက်တယ်ဆိုပြီး အနေချောင်ပြီးရော စိတ်ဓာတ်နဲ့ ကုန်းဆင်းလိုက်ပြီး ခါတော်မီ ထောက်ခံခဲ့ကြတာ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ “သင်ပုန်းချေရေးလမ်းစဉ်” ကို ထောက်ခံဖို့ ကျနော်တို့ ကိုယ့်ကိုယ် ကိုယ် မေးခွန်းထုတ်ခဲ့ကြရတာပါ။ “ငါတို့ သေချာလား၊ ငါတို့ တကယ်လုပ်နိုင်လား၊ ငါတို့ လုပ်သင့်လား” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ခဲ့ကြရတာပါ။ အဲဒီ “သင်ပုန်းချေရေး လမ်းစဉ်” ဆိုတာ အရိုးစွဲအောင်စိုက်ဝင်နေခဲ့တဲ့ ရာဇဝင်ဆူး (၃) ချောင်းကို သွေးစိမ်းရှင်ရှင်ထွက် တဲ့အထိ ကိုယ့်ကိုယ်ကိုယ် အနာခံပြီး ဆွဲနှုတ်ခဲ့ကြရတဲ့ အဆုံးစွန်လိုက်လျောမှုကို ပြောတာပါ။ အဲဒီ သင်ပုန်းချေရေးလမ်းစဉ်ကို မတူတဲ့ အုပ်စု(၃) စုက မတူတဲ့ ပုံစံ(၃) မျိုးနဲ့ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့ကြရတာပါ။

 နိုင်ငံရေးဟာ ငါတို့နဲ့မဆိုင်ဘူး၊ နိုင်ငံရေးစိတ်မဝင်စားဘူး၊ နိုင်ငံရေးနဲ့ မပတ်သက်ဘူး ဆိုတဲ့ “အသာနေအုပ်စု” ကို သူတို့က မပတ်သက်ချင်သော်လည်း နိုင်ငံရေးက သူတို့ကို သွားပတ် သက်ပါတယ်။ ဘယ်လိုပတ်သက်သလဲဆိုတော့ နိုင်ငံရေးအပြောင်းအလဲအပေါ်မူတည်ပြီး သူတို့ဘဝ၊ သူတို့စားဝတ်နေရေး၊ သူတို့ပညာရေး အစရှိတဲ့ သူတို့ရဲ့ အသက်ရှင် နေထိုင်မှုပုံစံ ဟာလည်း မတည်မငြိမ်၊ မလုံမခြုံနဲ့ အာမခံချက်မဲ့စွာလိုက်ပြောင်းနေခဲ့တာပါ။ ဥပမာ သူတို့ကလေးတွေရဲ့ ပညာရေးမှာ ဘွဲ့ရရင် ဘာဖြစ်မယ်ဆိုတဲ့ အာမခံချက်မရှိပါဘူး။ သူတို့အိမ်ကို ဝရမ်းမပါဘဲ အချိန်မရွေးဝင်ရောက်ရှာဖွေနိုင်သလို၊ သူတို့ကိုလည်း ကြက် ကလေးငှက်ကလေးဖမ်းသလို ဖမ်းဆီးနိုင်ပါတယ်။ သူတို့ကိုင်ဆောင်ထားတဲ့ ပတ်စ်ပို့ (အနီ) ဟာ နိုင်ငံ့အပြင်မှာ နှာခေါင်းရှုံ့ခံရပါတယ်။ အဲဒီလို ဘဝအာမခံချက်နဲ့ ဘဝလုံခြုံမှုမရှိတဲ့ “ပထမဆူး” ကို သူတို့မျက်နှာတွေ အောက်ချပြီး ဆွဲနှုတ်ခဲ့ကြရတာပါ။

နိုင်ငံရေး၊ တော်လှန်ရေးလုပ်ကြတဲ့ ကျောင်းသားပြည်သူတွေပါဝင်တဲ့အုပ်စုကတော့ စောစောက အသာနေအုပ်စုဆွဲနှုတ်ခဲ့ကြ တဲ့ ပထမဆူးကိုလည်း ဆွဲနှုတ်ခဲ့ကြရသလို ဒုတိယဆူးကိုလည်း ဆွဲနှုတ်ခဲ့ကြရပါတယ်။ အဲဒီဒုတိယဆူးကတော့ ပထမဆူးကို နှုတ်ရတာထက် အများကြီးပိုနာပါတယ်။ ခေတ်အဆက်ဆက် ပုံစံမျိုးစုံနဲ့ ပေးဆပ်ခဲ့ကြရတဲ့၊ မျိုးဆက်တဆက်ထက်မကလည်း ပေးဆပ်ခဲ့ကြရတဲ့၊ ပေးဆပ်နေကြရဆဲလည်းဖြစ်တဲ့ အညတြတွေဟာ အဲဒီ ဆူးနှစ်ချောင်းစလုံးကို နာနာကျင်ကျင် ဆွဲနှုတ် ခဲ့ကြရတာပါ။ သို့သော်လည်း ဒီအုပ်စုက နည်းနည်းလည်း ရစ်တဲ့အုပ်စုဆိုတော့ “ခွင့်လွှတ်နိုင်ပေမယ့် မေ့မပစ်နိုင်ဘူး” ဆိုတာကိုတော့ ပြောဖြစ်အောင် ပြောကြပါတယ်။

တတိယအုပ်စုကတော့ လူမျိုးစုံ တိုင်းရင်းသားတွေဖြစ်ပါတယ်။ သူတို့ကတော့ အဲဒီသင်ပုန်းချေရေးလမ်းစဉ်မှာ သူရဲကောင်း တွေလို့ ပြောရမယ့်သူတွေပါ။ တိုင်းရင်းသားတွေဟာ  အသာနေအုပ်စုဆွဲနှုတ်ခဲ့တဲ့ဆူးရော၊ ဒီမိုကရက်တစ်အင်အားစုတွေ ဆွဲနှုတ်ခဲ့တဲ့ဆူးရော နှစ်ခုစလုံးကို ဆွဲနှုတ်ခဲ့ကြရတဲ့အပြင် တတိယဆူးတချောင်းကိုလည်း ဆွဲနှုတ်ခဲ့ကြရသူတွေပါ။ သူတို့ နှုတ်ခဲ့ရတဲ့ တတိယဆူးဟာ ဟိုးဘိုးဘေးဘီဘင် အတီအတေကတည်းက စိုက်ဝင်နေခဲ့တဲ့ဆူးလည်း ဖြစ်ပါတယ်။ ဒီဆူးအ တွက် သူတို့မာနတွေကို သူတို့ ခဝါချခဲ့ကြရပါလိမ့်မယ်။ သူတို့အတိတ်ကို သူတို့ ပြည်ဖုံးကား ချခဲ့ကြရပါလိမ့်မယ်။ သူတို့လူမျိုးစုအတွင်းထဲမှာကိုတင် အတွေးအခေါ်အရ အကြီးအကျယ်လည်း တိုက်ပွဲဆင်ခဲ့ကြရပါလိမ့်မယ်။ ဒီလို ရာဇဝင်ဆူး (၃) ချောင်းစလုံးကို အကြီးအကျယ်တိုက်ပွဲဆင်ပြီး ရဲရဲဝံ့ဝံ့ဆွဲနှုတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ “သင်ပုန်းချေရေးလမ်းစဉ်” ကို ယုံယုံကြည်ကြည်လိုက်ခဲ့ကြတဲ့ တိုင်းရင်းသားတွေကို “သူရဲကောင်း” တွေလို့ မသတ်မှတ်ကြရင် ကျနော်တို့လောက် မိုက်မဲ တဲ့သူ ရှိမှာမဟုတ်ပါဘူး။

ကဲ … ခင်ဗျားရော ခင်ဗျားကိုယ်မှာစိုက်ဝင်နေတဲ့ ဆူးတွေကို ဆွဲနှုတ်နိုင်ပြီလား။ ဆွဲနှုတ်နိုင်ခဲ့ပြီဆိုရင်တော့ ခင်ဗျားကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်သွားပါပြီ။ ခင်ဗျားဟာ သူများထက် ပိုစွန့်လွှတ်နိုင်တဲ့ မဟာလူသားတယောက် ဖြစ်သွားပါပြီ။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ ဟီရိသြတပ္ဗတရားနဲ့ ပြည့်စုံတဲ့ လူသားတယောက်အဖြစ် ခေါင်းမော့ရင်ကော့ပြီး အသက်ရှင် နေထိုင်နိုင်ပါပြီ။ ဒါဆိုရင် ခင်ဗျားဟာ ခင်ဗျားကိုယ်ခင်ဗျား ရှာဖွေတွေ့ရှိသွားပါပြီ။

ချစ်ကြည်စွာဖြင့်

အောင်မော်ဦး
၃၁၊ ဇန်နဝါရီ၊ ၂ဝ၁၇။
Photo credit : Steve McCurry