ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းကိုနိုင် ● အစီခံလေးများမှ တဆင့်

မင်းကိုနိုင် ● အစီခံလေးများမှ တဆင့်
(မိုးမခ) မတ် ၂၊ ၂၀၁၇

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

ဂျာနယ်တွေ တပွေ့တပိုက်၊ စာစောင်တွေပလူပျံ၊ လက်ကိုင်ဖုန်းမှန်ပြင်ပေါ်လည်း ဖတ်စရာ ကြည့်စရာတွေကများ။ ဘာရွေး ရမှန်းမသိဖြစ်နေချိန် တခါက နေ့ရက်များကို သတိရလိုက်သည်။ နေ့ရက်များဆိုသည်ထက် နှစ်ကာလများဟုဆိုပါမှ ပိုမှန် လိမ့်မည်။ ဘာစာမှဖတ်ခွင့်မရှိသော နှစ်ကာလများ။ နှစ်တွေကြာလာတော့ စာဖတ်ချင်စိတ်က တားမရ ဖြစ်လာသည်။ တယောက်က ဆေးပေါ့လိပ်အစီခံတွင် သတင်းစာဖြတ်ပိုင်းတွေ ပတ်လိပ်ထားကြောင်း ရှာဖွေဖတ်နေကြောင်း သတင်းပေး ၏။ ကျွန်တော်လည်း ဆေးလိပ်တိုတွေစုရတော့သည်။ အဟုတ်သား။ အစီရင်ခံတွေကပြောသော သတင်းပေါ့။ အသိနောက် ကျလိုက်လေဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည်။ သို့နှင့် အစီခံကို ရေစွတ်ခွာသော် သတင်းစာ လက်နှစ်လုံး စာလောက် ဖြတ်ပိုင်းလေးတွေ့သည်။ စကားလုံးမပါ၊ အရုပ်များသာ။

အရုပ်ဆိုသည်က ဓာတ်ပုံများကိုဆိုလိုခြင်း။ ထိုအချိန်က ၁၉၉၀ ကျော်တဝိုက်က သတင်းစာ ရှေ့ဖုံး နောက်ဖုံးတွေက ဓာတ် ပုံများ။ နေရာအချိန်သာ ကွဲလွဲမည်၊ ပုဂ္ဂိုလ်ကတော့ ဒီလူတွေချည်း။ လိုရင်းပြောရလျှင် တနေရာသို့သွား၍  “လိုအပ်သည်များ ကို မှာကြားနေပုံ” တွေချည်းသာ။ တမိုးလုံးဖျောက်ဆိပ်ဆိုသည့် စကားကိုသာ အမှတ်ရသေးတော့။

ဒါတွေချည်းမြင်ရကြာ ငြီးငွေ့လာမှ ကိုယ့်ကိုယ်ကိုယ် ဒုတိယမ္ပိ အပြစ်တင်မိပြန်သည်။ ဒီသတင်းစာမှာ ဒါတွေပဲပါမှာပေါ့။ ငါကဘာများလိုချင် ဖတ်ချင်သေးလဲဟူ၍။ ပြည်တွင်းသတင်းများကိုမမျှော်လင့်နိုင်သည့် အဆုံး နိုင်ငံခြားသတင်းတွေ ရံဖန် ရံခါတွေ့ရပြန်တော့ အီရတ်စစ်မြေပြင်မှာ အမေရိကန်တွေကျဆုံးသည့်အရေအတွက်ကိုသာ ဖတ်နေရသည်။ တခြား သတင်း မရှိတော့ဘူးလား၊ ကမ္ဘာကြီးမှာ ဒီအကြောင်းတခုပဲ သတင်းရှိသလားဟု အော်ဟစ်မေးလိုက်ချင်တော့သည်အထိ။

အစီခံကပြောသည့်သတင်းတွေအတွက် အာခေါင်တွေပူစပ်အောင် ဆေးလိပ်သောက်ပြီးမှ ရသည်က ဘာမှ မက်မောဖွယ် မပါ။ ဓာတ်ပုံဆိုလည်း ဘုရားရွှေချတာတောင် သေနတ်ခါးကြားထိုးလျက်ပုံတွေ။ ပြီးတော့ တူညီဝတ်စုံဝတ် မိန်းမကြီးတွေ၊ တယောက်က သစ်ပင်ပျိုတပင်ကို ရေကရားဖြင့်လောင်းနေ၊ ဘေးက မိန်းမတွေက ခြေမိကိုင်မိ လက်မကိုင်မိ ရပ်နေပုံတွေ။ ဒါမျိုးချည်း။

သို့နှင့် နာရေး သာရေး ကြော်ငြာများတွေ့ရသည့်အခါ တစုံတရာ ရနိုးနိုး အာသာငမ်းငမ်း လိုက်ဖတ်ရပြန်သည်။ ကျောင်းသား တဦးကတော့ ကံဆိုးရှာသည်။ သူ့ချစ်သူ မင်္ဂလာဆောင်ကျေးဇူးတင်လွှာကို ကိုယ်တိုင်ဖတ်မိပြီး အခန်းကျဉ်းထဲ တကိုယ် တော်နာကျင်မှုဖြင့် ပက်လက်လန်လဲကျသွားခြင်းပင်။ နောင်မှ ဒါကြောင့် ငါ့ဆီ ပါဆယ်တွေမပို့တော့တာကိုးဟု ရိပ်မိသတဲ့။ အပြင်တွင် ရည်းစားကျန်ခဲ့သူတွေ အစီခံသတင်းကိုဖတ်ရမှာ လန့်ကုန်သည်။ မဖတ်ရလည်း မနေနိုင်၊ ဖတ်ခါနီးထိုစက္ကူ အပိုင်အစလေးကို ဖဲပွတ်သလို ပွတ်ရသည်။

လက်ထပ်မင်္ဂလာ ကျေးဇူးတင်လွှာဆိုလျှင် ထိတ်လန့်ကြကုန်သည်ဖြစ်၍ သတို့သမီးနာမည်အား တချပ်မှောက်ဝိုင်းမှ နောက် ဆုံးဖဲလို ကတုန်ကယင်ပွတ်ကြရသည့် အချိန်များပင်။ နာရေးသတင်းများကြည့်တော့လည်း သက်သာသည် မဟုတ်။ ကိုယ့်ခင်မင်သူ အမျိုးအဆွေ သတင်းတွေပါလျှင် စိတ်မကောင်းဖြစ်ရုံ ဘာမျှမတတ်နိုင်။ သည်ကြားထဲ နှစ်ဖက်ရှေ့နေတွေ ကြေငြာသော တရားမမှုတွေတွင် ကိုယ်သိကျွမ်းသူတွေပါလျှင်တော့ ဘာတွေဆက်ဖြစ်ကုန်ကြသလဲ တွေးရုံသာ။

တဖတ်သက် ဝါဒဖြန့်ရုံသက်သက် ပြည်တွင်းသတင်း ဆောင်းပါးများအား အချိန်ကုန်ခံ အစီခံရေစွတ်ဖတ်ရင်း အသားလွတ် တိုက်ခိုက်မှုများ "နေရာတိုင်းမှာ သူ့မျက်နှာ" များသာ မြင်နေရပါများသော်အစီခံသတင်းကို မမျှော်လင့်ချင်တော့။ ရေခွက်ထဲ ပေါလောမျောနေသည့် အစီခံစက္ကူလေးများကို ငေးကြည့်ရင်း (ငေးကြည့်သည်ဆိုသည်မှာ စိုက်မကြည့်ချင်တော့တာကို ဆို လိုပါသည်) လူ့လောကကြီးဟာ ဒါတွေချည်းပဲလား။ ရန်လိုတိုက်ခိုက်မှုတွေ၊ စွပ်စွဲပြစ်တင်ချက်တွေ၊ ခြိမ်းခြောက်သတိပေး ချက်တွေ၊ နိုင်လိုမင်းထက် အပြုအမှုတွေ ချည်းပဲလား။ လူဆိုသည့် သတ္တဝါမှာဒါတွေပဲရှိသလား။ လူ့ဘုံလောကအကြောင်း သတင်းစာဖြတ်ပိုင်းတွေက ဒါတွေပဲ ပြောပြနိုင်ရော့သလားဟု မေးခွန်းထုတ်မိပါသည်။

ကျွန်တော်ဖတ်ဖူးသည့် ဘာသာပြန်စာအုပ်တအုပ်မှ ဇာတ်ဝင်ခန်းတခုကိုလည်း သတိရမိသည်။ အဲလ်ဘတ်ကမျူး၏ စာအုပ် ကို ဆရာထင်လင်းပြန်ဆိုသည့် “စည်းအပြင်ကလူ” ဖြစ်ပါသည်။ ဇာတ်လိုက်ဖြစ်သူ မာဆေးမှာ လူသတ်မှုဖြင့် သေဒဏ်ကျစဉ် သူ့အခန်းထဲမှာအိပ်ယာအောက်မှ သတင်းစာဖြတ်ပိုင်းတခုကို တွေ့သည်။ သတင်းမှာ လူတယောက်မိသားစုနှင့် အခန့်မသင့် အိမ်မှထွက်သွား၊ အချိန်တွေ အကြာကြီးကြာခါမှ ချမ်းသာကြွယ်ဝလာပြီး ဇာတိမြို့သို့ ပြန်လာသည်။ မိသားစုက တည်းခို ခန်းဖွင့်ထားတာကို တွေ့ရ၏။ နှစ်တွေကြာပြီဆိုတော့ သူ့အား မမှတ်မိကြ၊ သူက ကျီစားလိုသဖြင့် သူ့မှာပါသော ချမ်းသာ ကြွယ်ဝမှု၊ (ရွှေဒင်္ဂါးတွေလား၊ ငွေစက္ကူတွေလား ကျွန်တော်မမှတ်မိတော့) တွေ မသိမသာထုတ်ပြ၊ မိသားစုတွေက သူဌေး ကြီးပဲဟု သဘောပေါက်။ ညကျတော့ သူ့ကို လုပ်ကြံလိုက်ကြ။ ထိုသတင်းကိုဖတ်ရင်း ဇာတ်လိုက်၏ မှတ်ချက်ကိုလည်း ကျွန်တော် သတိရနေမိပြန်သည်။

သည်လိုနှင့် ကျွန်တော့်အတွေးတွေစိတ်အချဉ်ပေါက်နေချိန်၊ လူ့လောက၏ အမှောင်ဘက်အချမ်းကိုသာ မြင်ရသမျှ၊ ဘဝင်မ ကျ၊ နာကျင်နေချိန်။ တရက်တွင် မည်သို့မျှ မျှော်လင့်ချက် မပါဘဲရေစိုဖြတ်ပိုင်း သတင်းစာအပိုင်းအစလေးကို ကိုင်ဖြန့်မိ သည်တွင်ရသဆန်လှသည့် သတင်းတပုဒ်ကိုတွေ့လိုက်ရပါ၏။ နိုင်ငံခြားသတင်းတပုဒ်ဖြစ်ပါသည်။ ကံအားလျော်စွာ သ တင်းကော်လံနှင့် ဆေးလိပ်သမဖြတ်စ စက္ကူမှာ ကွက်တိဖြစ်နေသည်ကလည်း ကျွန်တော့်အတွက် ကံထူးခြင်းတမျိုးဟု ဆိုရမည်။ တခါတရံများတွင် သတင်းက စိတ်ဝင်စားစရာ ဖြစ်သော်လည်း စက္ကူဖြတ်သူက ကော်လံနှစ်ဖက်ခွ ဖြတ်ထားသဖြင့် ဘာမှ ဆက်စပ်မရတာမျိုးမကြာခဏကြုံဖူးပါသည်။ အထူးသဖြင့် စစ်အစိုးရ၏ သတင်းစာရှင်းလင်းပွဲ၊ သတင်းများရမ လားဟုဖတ်ကြည့်ရာ ကော်လံနှစ်ဖက် တဖက်တဝက်စီဖြတ်ထား၍ အတော်ကသိကအောက်ဖြစ်ရပေါင်းများခဲ့ဖူးပြီ။

ယခုသတင်းကား၊ ကော်လံအတိအကျ။ နော်ဝေနိုင်ငံမှ လယ်သမားတဦးသည် ငှက်ဥတလုံးကောက်ရရာမှ အမျိုးသမီးတဦး အားပြကြည့်ရာ အကောင်ပေါက်နိုင်သေးသည်ဟု ယုံကြည်ရသဖြင့် ထိုအမျိုးသမီးက ယူထားလိုက်ပြီး ငှက်ကလေး အကောင်ပေါက်သည်အထိ ရင်ငွေ့ပေးပြီး စောင့်ရှောက်ထားရန် ဆုံးဖြတ်လိုက်သည်တဲ့။

ဘယ်လောက်လူသားဆန် ခမ်းနားလိုက်တဲ့သတင်းလဲဟု ကျွန်တော်ကြွေးကြော်ရင်း ကြမ်းပေါ် လူးလဲထရပ်မိသည်။ သံတိုင် ကိုဆုပ်ကိုင်မိသော လက်ချောင်းတွေထဲ အင်အားသစ်တွေ နှလုံးသားမှ တလိမ့်လိမ့်စီးမျောလာတာ သေချာမှတ်မိသည်။ အခါတိုင်း အမှတ်တမဲ့နေမိသည့်အခန်းရှေ့တံစက်မြိတ်နှင့် သံဆန်ခါကြား ကွက်လပ်မြင်ကွင်းကျဉ်းကျဉ်းလေးကို ရော်ရမ်း ကြည့်မိသည်တွင် အုတ်နံရံပေါ် လှုပ်လီလှုပ်လဲ့ လျှောက်လာသည့် ငှက်သားပေါက်ကလေးနှင့် သူ့မိခင်ကိုမြင်ပါ၏။ အင်္ဂတေ ပပ်ကြားအပ်တွေထဲ ငှက်မိခင်က နှုတ်သီးဖြင့် ဖွေရှာနှိုက်ကြည့်ပြီး ပြန်ထုတ်သည်။ နောက်မှ ထပ်ကြပ်လိုက်ရင်း၊ ပါးစပ်လေး တဟဟ အသံတပြဲပြဲ အစာတောင်းနေသည့် ငှက်ပေါက်ကလေးကို သိပ်အော်မနေနဲ့ ရှာကျွေးနေတယ်လေဟု ပြောလိုက် သည့်အလား ကျလိ ကျလိ မည်ကာ ခွံ့ကျွေးလိုက်သည်ကို ကျွန်တော်ကောင်းစွာ မြင်လိုက်ရပါ၏။

ငှက်သားအမိ တကျိကျိမြည်ကာ၊ ခြေကားယားလေးများဖြင့် ဆက်လျှောက်သွားကြပြီ။ ကျွန်တော်လည်း အစီရင်ခံ အပိုင်း အစလေးများထဲ ခေါင်းစိုက်လိုက်ဦးမည်။ ဆေးလိပ်တွေသိပ်မသောက်နဲ့ဟု ပူပန်ရှာသည့်အမေ့ကို ထောင်ဝင်စာတွင် ရှင်း ပြမည်။ "သား သိပါတယ်အမေ့ရဲ့ .. သားပြန်လာမှ ပြောပြမယ်၊ ခုတော့ ဆေးလိပ် များများပို့စမ်းပါ" ဟူ၍။

မင်းကိုနိုင်
ပြည်သူ့အရေး ၊ ၂၁၊ ဖေဖော်ဝါရီ ၊ ၂၀၁၇ ၊ အင်္ဂါနေ့ အတွဲ(၃)၊ အမှတ် ၁၂၄