ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်လူရေး - မန္တလေးဖုန်းမော်နှစ်ပတ်လည်


မောင်လူရေး  - မန္တလေးဖုန်းမော်နှစ်ပတ်လည်
(မိုးမခ) မတ် ၁၅၊ ၂၀၁၇

၁၉၉၀တုန်းက မန္တလေးမှာ ဖုန်းမော်နှစ်ပတ်လည်လုပ်ကြတယ်။ ကျောင်းသားနဲ့ သံဃာတွဲပြီးတော့ပေါ့။ ချီတက်သွားကြတယ်။ ဘုရားကြီးတိုက်ထဲကိုရောက်တော့ အပြင်ဘက်မှာ စစ်တပ်က လာဝိုင်းတယ်။ အခမ်းအနားပြီးပေမဲ့ ပြန်ထွက်လို့မရတော့ဘူး။ ဆာတာရော စိုးရိမ်ကြောက်လန့်တာတွေရော မျိုးစုံပေါ့လေ။ မစိုးရိမ်ဘက်က ကျန်ရစ်တဲ့ဦးဇင်းတွေဆီကိုလဲ တယောက်ရောက်အောင်သွားပြီး အကြောင်းကြားခိုင်းရတယ်။ မိုးကျော်လေးက ကြောက်နေတဲ့သူတွေ အကြောက်ပြေသွားအောင် ခေတ်သစ်ကမ္ဘာမကြေသီချင်းစဆိုတယ်။ တခါမှ ချီတက်ဆန္ဒပြမလိုက်ဖူးတဲ့ ကျောင်းသားအသစ်လေးတွေလဲပါတာကိုး။ လိုက်ဆိုကြရင်း ဆိုကြရင်း မကြောက်ကြတော့ဘူး။



အဲဒီအချိန်မှာ ဥတ္တမဂျာနယ်မှာ မောင်ဝိဘဇ္ဇနဆိုပြီး ဆောင်းပါးတွေရေးပေးနေတဲ့ စာသင်သားဦးဇင်းတပါးက ဘုရားကြီးတိုက်ထဲမှာနေတယ်။ သူက သူ့နည်းသူ့ဟန်နဲ့ ရအောင်ထွက်ပြီး ဘုရားကြီးဈေးထဲပြေးတယ်။ ဈေးထဲမှာ သူ့ရှိတဲ့ပိုက်ဆံလေးနဲ့ ဈေးသည်တွေကိုအကျိုးအကြောင်းပြောပြပြီး သီးနှံတွေ ရသလောက်ပြေးဝယ်တယ်။ ဈေးသည်တွေကလဲ ဝိုင်းလိုက်ကြတယ်။ အဲဒီက တွန်းလှည်းကြီးငှားလာပြီး တစင်းအပြည့် တွန်းယူလာတယ်။ သူ့နည်းသူ့ဟန်နဲ့ဘဲ ရအောင်ပြန်ဝင်လာပြီးကျွေးလို့ အတော်လေး နေသာထိုင်သာရှိသွားတာပ။



တဖြည်းဖြည်းနဲ့ မှောင်လာတယ်။ ညှိနှိုင်းတာကလဲ အဆင်မပြေဘူး။ တကယ်စကားပြောလိုက်ရင် တပ်ဘက်ကလဲ အဆုံးအဖြတ်ပေးနိုင်သူတွေလဲ ပါမလာဘူး။ ညနေပိုင်းရောက်လာတော့ တပ်ကလဲ မင်းတို့ အတွင်းထဲ ဘယ်လောက်နေနိုင်မလဲဆိုပြီး သူတို့ကလဲ အပြင်ဘက်မှာ ထမင်းအိုးကြီးတွေ တည်နေကြပြီ။ ဘုရားကြီးတိုက်က ဦးဇင်းတွေကလဲ ထမင်းချက်ကျွေးမှဖြစ်မှာဆိုပြီး ဟိုက ဒီကစုပြီး ချက်ပြုတ်ကြပြီ။ နောက်တော့ ခရီးသွားနေတဲ့ ဗိုလ်ချုပ်ထွန်းကြည် ပြန်လာပြီးညှိဖို့ ပြောကြတာဘဲ။ နောက် ဦးလာဘ(ယခုလူပြန်တော်)ကလဲ ကျန်တဲ့ကျောင်းတွေကို အကြောင်းကြားပြီး မစိုးရိမ်နှစ်တိုက်သံဃာတွေနဲ့ လိုက်လာပြီလို့လဲ သိရတယ်။ နောက်ပိုင်း မစိုးရိမ် မြတောင် အိမ်တော်ရာ နန်းရှေ့တွေက သံဃာ့သာမဂ္ဂီအုပ်စုတွေ အပြင်က တဖွဲဖွဲရောက်လာကြတယ်။ ကျောင်းသားမိဘတွေလဲ အပြင်မှာ ပြည့်လို့။ လာပြီး ဝိုင်းကြတဲ့သူတွေလဲ အများကြီးကိုး။ အပြင်က ဝိုင်းထားတဲ့ စစ်သားတွေကို အပြင်ကတင် သံဃာတထပ် အရပ်သားတထပ် နှစ်ထပ်ပတ်ထားတယ်။ အတွင်းက ဘုရားကြီးတိုက်က သံဃာတွေကလဲ တထပ်ပတ်လိုက်တယ်။


 မြင်အောင်ပြောရရင် ဒင်တပါး ပြောင်းတပါး စစ်သားတယောက် နှစ်ပါးပေါ့။ ကပ်နေကြတာ။ ရွှေ့လို့တောင်မရဘူး။ ဗိုလ်ဆိုရင် လေးပါး။ ဗိုလ်မှူးလောက်ဆိုရင် ရှစ်ပါးလောက်က ဖဝါးခြေထပ်ဘဲ။ ခေါင်းဆောင်သံဃာတွေ ကျောင်းသားတွေနဲ့ ညှိကြ နှိုင်းကြရင်း ပြေလည်သွားတော့ အတော်မိုးချုပ်နေပြီ။ ဘုရားကြီးထဲ အကြာကြီးဆက်နေလို့လဲ မဖြစ်ဘူး။ ဆွဲမဲ့ထောက်လှမ်းရေးလဲ ကြောက်ရသေးတာ။ မစိုးရိမ်ဘက်နေတဲ့ ကျောင်းသားတွေကလဲ ပြန်ချင်တယ်။ ကျောင်းတွေထဲ မနေတဲ့ အရင်က အိမ်ပြေးမဟုတ်သေးတဲ့ ကျောင်းသားကျောင်းသူတွေကလဲ အိမ်မပြန်ရဲဘူး။ သူတို့လဲ လာဆွဲမှာကြောက်လို့။ ဘုရားကြီးဘက်က ချက်တဲ့ဟာတွေပါ သယ်လာကြတယ်။ မစိုးရိမ်ပြန်ရောက်တော့ ငှက်ပျောဖက်တွေပေါ်ပုံပြီး စားလိုက်ကြတာ ခေါင်းတွေ မဖော်ဘူး။ အဲဒီတုန်းက ကျောင်းသူတွေ လုံလုံခြုံခြုံအိပ်ရဖို့ တိုက်ဟောင်းလှေကားကြီးတွေအောက်က စတိုခန်းတွေ အိပ်ခန်းပြောင်းခဲ့ရသေးတာပ။ ခေါင်းအုံးတွေ ဆောင်တွေလဲ တလုံးပိုသေး တလုံးပေးဖို့ လိုက်တောင်းရတယ်။

 

အဲဒီတုန်းက မစိုးရိမ်မှာ နိုင်ငံရေးဒုက္ခသည်တွေ ရာချီရှိတာနော်။ ဆွမ်းခံကျွေးကြတဲ့သံဃာများကျေးဇူးလဲ အောက်မေ့ပါတယ်ဘုရား။

ဘာရယ်မဟုတ်ပါဘူး။ သတိရတတရှိတာမို့။ အတိအကျတော့လဲ မမှတ်မိပြန်ဘူး။

 မောင်လူရေး