ဗိုလ်ထက်မင်း - အမျိုးသားလုံခြုံရေးခြိမ်းချောက်ခံရပြီဆိုရင် - ၅



ဗိုလ်ထက်မင်း - အမျိုးသားလုံခြုံရေးခြိမ်းခြောက်ခံရပြီဆိုရင် ဘယ်လိုစီမံချက်ရှိရင် ကောင်းမလဲ - ၅
(မိုးမခ) မတ် ၂၇၊ ၂၀၁၇
နိဂုံးချုပ် (သုံးသပ်ချက်)
၅၈။ UWSA ပန်ဆန်းကြေညာချက်ဟာ ၂၁ပင်လုံညီလာခံ(ပထမအကြိမ်) ကျင်းပတုံးက အဆိုတင်ခဲ့တဲ့ မူကြမ်းအပေါ် အခြေခံတယ်လို့သိရပါတယ်။ သူတို့ရေးဆွဲထားတဲ့ အချက်အလက် ၁၅ ချက် ထဲက အချို့ကို ကောက်နှူတ်ဖေါ်ပြရရင် နယ်စပ်ဆက်ဆံရေးမှာ ပြည်မဗဟိုအစိုးရထံ ခွင့်တောင်းဖို့မလိုဘဲ ပြည်နယ်က တိုက်ရိုက်ဆက်ဆံခွင့် ဆိုလိုတာက တရုတ်နဲ့ လွတ်လပ်စွာ ဆက်သွယ်မယ်၊ ဥပဒေပြင်ဆင်ချက်၊၊ သယံဇာတအခွန်ကိစ္စနဲ့ လဝကကိစ္စလိုမျိုး သူ့တို့ဖါသာစီစဉ်ပြီး ပြည်မက ဝင်ထွက်သွားလာရင်တောင် ပါတ့်ပိုစ့်နဲ့ သွားရမယ် အချိုးမျိုး၊ တပ်မတော်အင်အား ပြန်လည်လျှော့ချထားဖို့ (ဆိုလိုတာက တောင်ပိုင်းပိတ်ဆို့ထားတဲ့ တပ် မရှိဖို့) စတာတွေဟာ အစိုးရ၊ တပ်မတော်ကလက်ခံဖို့ မပြောနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရသေးဘဲ၊ ယခုမှ စာချုပ်လက်မှတ်ထိုးဖို့လုပ်နေတဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များကတောင် လက်ခံနိုင်ဖွယ်မရှိတာ ခန်မှန်းမိပါတယ်။ UWSA က ဖွဲ့လိုက်တဲ့အဖွဲ့ထဲမှာ သဘောထားတောင်းခံခြင်းနဲ့ ပါဝင်ဆွေးနွေးခွင့်မပြုခြင်းအပြင် အစည်းအဝေးတက်ဖို့တောင် အခြေအနေမပေးလိုက်တဲ့ တိုင်းရင်းသားအဖွဲ့များ (KNPP, NMSP,) တို့ အမည်စာရင်း ဇွတ်တရွတ်ထည့်လိုက်မှုကြောင့် စိတ်ပျက်သွားဟန်တူပြီး အခြေအနေရှုပ်ထွေးကုန်ပါတယ်။
UWSA ဟာ ယခင်တထီးတနန်းနေခွင့်ပြန်ရဖို့ တောင်းဆိုနေတာဟာ ရင်လေးဖွယ်ဖြစ်ပါတယ်။ ဒီထက်ပိုဆိုးတာက KIA ဟာ မူလကတည်းက ဝမ်ပေါင်နိုင်ငံ စိတ်ကူးခဲ့တာမို့ UWSA ရဲ့အစီအစဉ်ဟာ သူတို့အိမ်မက် အကောင်အထည်ဖေါ်ဖို့ နီးစပ်နေတာမို့ ချဉ်းကပ်သွားတာဖြစ်ပါတယ်။ တဖက်ကလည်း KIA ဟာ UNFC ဥက္ကဌရာထူးကလည်း မ ထွက်ချင်ဖြစ်နေပြီး နိုင်ငံရေးအခြေအနေကြည့်ကာ လှေနံနှစ်ဖက်နင်းမည့် power game ကစားနေပါတယ်။ ကျန်တဲ့အဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြုသဘောမူ သဘောတူညီချက်ရလာတဲ့အပေါ် ဆက်မသွားရင်လည်း ငြိမ်းချမ်းရေး မလိုလားသူများ အဖြစ် ကြံဖန်အချိန်ဆွဲနေသူများအဖြစ် ပြည်သူလူထုရဲ့မေးခွန်းကို ရင်ဆိုင်ရမှာစိုးရိမ်နေကာ ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။ UWSA အစည်းအဝေးတက်ခဲ့တဲ့ SSPP ကိုယ်တိုင် မရှင်းလင်းဖူးဖြစ်နေရာ ပွင့်လင်းမြင်သာမှုမရှိပါက KIA အနေနဲ့ လှေနံနှစ်ဖက်နင်းတာ အလည်လွန် ပြုတ်ကျမည့်ကိန်းဆိုက်တော့မှာ ဖြစ်ပါတယ်။

၅၉။ ကိုးကန့်နယ်မြေမှာ စခန်းဆောက်အခြေခံနယ်မြေ တည်ဆောက်လိုတဲ့ MNDAA၊ ဘုံပျောက်တော့မဲ့  TNLA AAတို့က ထွက်ပေါက်ပိတ်လို့ ရှာချင်နေတာရယ်၊ NCA မထိုးချင်လို့ KIAက ဂယ်ရှာနေရာ ၀မ်ပေါင်အိပ်မက်နဲ နီးစပ်မည့် ၀ ရဲ့စာတမ်းကို မျက်စိကျနေသလို ဒီမိုကရေစီဆို ကိုယ်ကျိုးစီးပွားတွေ စွန့်လွတ်ရတော့မှာမို့ ၀ ကို KIAက မူလီကြပ်လိုက်ကာ အားလုံးက အကြံကိုယ်စီနဲ့ ငြိမ်းချမ်းရေးကို ဥပက္ခာပြုပြီး အစိုးရကို ခြိမ်းချောက်လိုက်တာဘဲ ဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ရပ်ဟာ လောက်ကိုင်ဟိုတယ်များကို ဝင်စီးပြီး ငွေစက္ကူများကို သိမ်းဆည်းကာ လူတွေကို အဓမ္မဖမ်းဆီး၊ပြန်ပေးဆွဲသလို၊ လူသားဒိုင်းလို အတင်းအဓမ္မ ခေါ်ဆောင်သွားတာမျိုး၊ ပစ္စည်းတွေသယ်ဖို့ ကားတွေ ဘယ်နေရာက (တရုတ်)ယူလာတယ်၊သူတို့ ဘယ်ကိုဘဲ (တရုတ်) ဆုတ်ခွာသွားတယ်ဆိုတာ မြေပြင်မှာ ထင်ရှားနေပြီး ထွက်ပြေးသူကို ပစ်သတ်၊ ကားနဲ့ အဆောက်အဦးတွေကို  မီးရှို့၊ ရွာသားတွေကို အတင်းဖမ်းဆီး၊ ကားတွေကို ဆက်ကြေးကောက်၊ ဘီးတွေကို ပစ်ဖောက်စတဲ့ လုပ်ရပ်တွေဟာ လူထုပစ်မှတ်ဖြစ်လို့ သူပုန်အဆင့်တောင် မဟုတ်တော့ဘဲ ဓမြအဆင့်သာသာလောက်ဘဲ သတ်မှတ်ရပါမယ်။

၆၀။ ယနေ့ UWSA, KIA, MNDAA, TNLA, AA တို့ဟာ ထိုးကျွေးခံရတဲ့ နယ်ရုပ်ဆိုတာ သဘောပေါက်သင့်ပါတယ်။  တပ်မတော်ကဒီအတိုင်းဆို ၂၅% နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွါပေးဖို့ အကြောင်းပြရသွားကာ ငြင်းဆန်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အတွက် အခြေခံဥပဒေပြင်ဆင်ရေး အတွက် ခက်ခဲမှု ဖန်တီးပေးသလို ဖြစ်သွားမယ်ဆိုတာ သတိပေးလိုပါတယ်။ လွှတ်တော်အတွင်းပြင်ဖို့ မလွယ်ကူတာ သဘောပေါက်ဖို့လိုပြီး NCA လမ်းကြောင်းဟာ လွှတ်တော်ပြင်ပလမ်းကြောင်းထဲက လမ်းတခုဖြစ်ပြီး ငြိမ်းချမ်းရေးလည်း ရကာ အခြေခံဥပဒေပြင်ပြီးသား တချက်ခုတ်၂ချက်ပြတ်ဖြစ်တာမို့ ညီညွတ်မှုအားနဲ့ တပ်မတော်ကို နားချရန်လိုပါတယ်။

၆၁။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြောက်ပိုင်းမဟာမိတ်အင်အားစုများအနေဖြင့် ဌာနေမျိုးနွယ်စုများ သေကျေထိခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့ ပြည်သူများဒုက္ခကြုံတွေ့စေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှူများကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ဦးတည်ကြရန် မတ်လ ၆ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။ ဦးဇော်ဌေးက အစိုးရ တက်လာစတွင် UWSP ဥက္ကဌဦးပေါက်ယူချန်းကို ဆွေးနွေးပြောဆိုဖို့ ဖိတ်ခေါ်ထားသောလည်း ယနေ့အထိ အကြောင်းပြန်တာမရှိသေးဖူးလို့ဆိုနေပါတယ်။ ပင်လုံမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ယုံကြည်မှူဟာ မိမိကိုယ်ကို ယုံကြည်မှုနည်းနေတယ်ဆိုပြီး အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို ရည်ညွှန်းဟန်တူပါတယ်။ သူတို့ဟာ ယုံကြည်မှုနည်းလို့လည်း သူတို့အပြော သွေးခွဲမှာစိုးလို့ မဆုံးဖြတ်ရဲကြလို့ ပူးပေါင်းကာ အဖွဲ့အစည်းလုပ်ကြတယ်။ သူတို့အချင်းချင်းကော ညီညွှတ်ကြရဲ့လား၊ တဖွဲ့နဲ့တဖွဲ့ ဒေသ၊ လူမျိုးစရိုက်၊ အဖွဲ့ရပ်တည်မှု ၊ သမိုင်းကြောင်းနောက်ခံချင်းမတူညီမှု စမ်းစစ်ဖို့လိုသလို ဒီမိုကရေစီကို တကယ်မြတ်နိုးရဲ့လား ဆိုတာ မေးဖိုလိုပါတယ်။

အဖွဲ့ရဲ့မူ၊ ဦးတည်ချက်ကွဲရင် မဟာမိတ် မဟုတ်ပါ၊ ဒေသနဲ့လူမျိုးအကျိုး ဘယ်လောက်လုပ်ပေးနိုင်သလဲ အခြေအနေကို တိုင်းတာဖို့လိုပါတယ်။ အစိုးရကို တောင်းဆိုလိုက်ရင် လက်တွေ့ကျကျဖြစ်နိုင်ချေရှိမရှိနဲ့ အခြားအဖွဲ့တွေက အလားတူတောင်းဆိုလာရင်ကော လုပ်ပေးနိုင်ပါ့မလားဆိုတဲ့ အတ္တစိတ် သိပ်မကြီးဖို့လိုပါတယ်။

၆၂။ စာရေးသူအဓိက တင်ပြချင်တာက ယုံကြည်မှုရဲ့အခြေခံဟာ လေးစားမှုက စတယ်လို့ပြောရပါမယ်။  ဒီနေရာမှာ မိုင်းလား NDAA ဦးစိုင်းလင်းဟာ ပင်လုံညီလာခံကို တက်လာတာမျိုး၊ ကျိုင်းတုံကို ယခင်သမ္မတ
ရောက်ခဲ့စဉ်က လေးလေးစားစား လာတွေ့တာကိုက စာရေးသူ ချီးကျုးပါတယ်။ လက်ရှိလက်မှတ်မထိုးတဲ့
အဖွဲ့ခေါင်းဆောင်တော်တော်များဟာ ပြောတော့တန်းတူရည်တူပြောပြီး ထိပ်သီးဆွေးနွေးပွဲခေါ်တော့ ဖုံးဆက်မရတာနဲ့၊ ခရီးလွန်နေလို့ နေမကောင်းလို့မလာရတာနဲ့ ဆင်ဝှေ့ရန်ရှောင်လုပ်နေပါတယ်။ ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ DPN အဆင့်ကို သဘောထားကြီးစွာ လက်ခံတွေ့ပေးပြီး လိုက်လျှောပေးနေတာတောင်  UNFC ထိပ်သီးချင်းမိုင်ကျတော့ မဆုံးဖြတ်နိုင်ဘဲ ရက်အကန့်အသတ်မရှိ ရွေ့လိုက်တာကတော့ မေးခွန်းထုတ်စရာ ဖြစ်သွားပါတယ်။ ဒါတွေကို သိမြင်ကြားသိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က စဉ်းစားနေမယ်ဆိုရင်၊လုံခြုံရေးအရ သွားဖို့ မသင့်တော်ဘူးလို့ တပ်မတော်က အကြံပေးမယ်ဆိုရင်၊ ဒီလိုဆုံးဖြတ်ချက်ချဖို့ ချီတုံချတုံဖြစ်နေတဲ့ မိမိကိုယ်ကို ယုံကြည်မှုဓါတ်ခံနည်းတဲ့ လေးစားမှုမရှိတဲ့၊ ဆက်ဆံရေးခေါင်းပါးတဲ့ တိုင်းရင်သားလက်နက်ကိုင်ခေါင်းဆောင်အချို့ထံ သွားမတွေ့သင့်သေးတာဟာ တချို့က တိုင်းရင်းသားတွေနဲ့ ထိတွေ့မှူ နည်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်နေကြတဲ့သူတွေအတွက် အဖြေဖြစ်ပါတယ်။

၆၃။ လောက်ကိုင်မြို့နဲ့ အစိုးရတပ်စခန်းတွေကို ဝင်စီးလိုက်တဲ့ လုပ်ရပ်က မြောက်ပိုင်းတပ်ဖွဲ့အပေါင်း
အပါတွေဟာ အမျိုးသားလုံခြုံရေးကို စိန်ခေါ်တဲ့ အဆင့်သာ မကဘဲ အစိုးရနဲ့တပ်မတော်ကို အင်အားသုံးပြီး အမျိုးသားလုံခြုံရေးခြိမ်းချောက်တဲ့အဆင့် နားရွတ်တံတွေးတက်ဆွတ်လိုက်တာဘဲ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်
တွေ အားလုံးဟာUWSA က ဦးစီးပြုလုပ်တဲ့ ပန်းဆန်းကြေညာချက်ကို အသက်ဝင်အောင်အစိုးရနဲ့တပ်မတော်ကို ဖိအားပေးတဲ့သဘောမြင်ပါတယ်။ တကယ်တော့ လူထုကကော မီဒီယာများကပါ ဘယ်သူက အချိန်ဆွဲ ကစားနေတာလဲ၊ဘယ်သူကတော့ အသားလွတ် မာန်ကြီးပြီး ငြိမ်းချမ်းရေးမလိုလားနေသလဲ၊ဘယ်သူကတော့ ကိုယ်ကျိုးစီးပွါး မက်ကာ လောဘကြီးအာဏာကို လက်မလွှတ်ချင်တာလဲ၊ ဘယ်သူ့ကို အားကိုးနေတာလဲ သိလာနေပြီဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်ရဲ့စေတနာ(သန့်ရှင်းမှူ) အကျိုးပေးမေတ္တာရောင်ပြန်ဟပ်ကာ  နိုင်ငံရေးရေချိန် အသာစီးရရှိနေလို့ အချိန်မှီ ပြုပြင်ပြောင်းလဲ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။