ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၉)


မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၉)
(မိုးမခ) မတ် ၁၊ ၂၀၁၇

● အောက်ပြေအောက်ရွာသို့ တကျော့ပြန်
မိမိထွက်ပြေးရသည့်ကာလအတွင်း ပုသိမ်သို့ရောက်မည်ဟု မထင်ခဲ့ပါ။ ထင်စရာအကြောင်းမရှိပါ။ ပုသိမ်ဆိုသည်က မြန်မာပြည်၏အနောက်တောင်ဒေါင့်တွင် ရှိသည်။ မိမိသွားလိုသည့် အရှေ့မြောက် ဆန့်ကျင်ဘက်တွင်ရှိသည်။ ဘာမှမဆိုင်ပေ။ မိမိလာခေါ်သူက မိမိအား ပုသိမ်သို့သွားမည်ဆို၍ မိမိအံ့သြမိသည်။ သို့သော် တခုစဉ်းစားမိသည်မှာ မိမိအရှေ့မြောက် လွတ်ရာလွတ်ကြောင်းသို့မရောက်မီ တခြားသူများအား အကူအညီတောင်းရသည်ကို အားနာ၍ မိမိ၏ဆွေးမျိုးသားချင်း ၏အိမ်တွင် ထားရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပုံရသည်။ CPB ပေါ်လစီအရလည်း လက်ရင်းနားကပ်လျင် တဖက်က သတိ မထား နိုင်ဟု ဆိုကြသည်မဟုတ်ပါလား။

သို့သော် မိမိပုသိမ်ရောက်သွားသည်မှ လက်ရင်းကပ်သည်ထက် ရေထက်ပြစ်သည့် သွေးသားများကို တာဝန်ယူခိုင်းခြင်း လည်း ဖြစ်နိုင်ပါသည်။ ပုသိမ်အသွား ရန်ကုန်ရောက်တော့ မိမိရဲဘော် ကျောင်းသားများ၏သတင်းများ ကြားရသည်။ အတော်များများ ထောင်ထဲရောက်ကုန်ကြပြီ။ ကြမ်းခင်းဈေး ၄ နှစ်မှ ၉ နှစ်အထိ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်များ ချမှတ်နေ သည်ကိုကြားရသည်။ မိမိကတော့ ပြေး၍ကောင်းဆဲဖြစ်သည်။ ရန်ကုန်ပြန်အဝင်တွင် သတင်းတခုကြားရသည်။ ရွှေတိ ဂုံဘုရားပေါ် မနက်စောစောဆင်းပြေးပြီး တိမ်းရှောင်သွားသော ကိုတင်မောင်သန်း သူ့အိမ်ပြန်ရောက်နေပြီဟုသောသတင်း ကြားရ၍ အခြေအနေသိရန် သူ့ဆီသွားရန်ဆုံးဖြတ်လိုက်သည်။

တောင်ဥက္ကလာပရှိ သူတို့နေအိမ်အား ညမိုးချုပ်အောင်စောင့်ပြီးသွားလိုက်သည်။ မိမိတို့ ယခင်ကလည်း မကြာခဏ ဝင် ထွက်နေတတ်၍ ပတ်ဝန်းကျင်က သတိမထားမိစေလို၍ ဖြစ်သည်။ မိမိအိမ်ရှေ့ရောက်တော့ ည ၇ နာရီခန့်ရှိပေပြီ။ အိမ်ခြံ ဝင်းရှေ့ရောက်သောအခါ "ကိုတင်မောင်သန်း" ဟူ၍ ခပ်အုပ်အုပ် လှမ်းခေါ်လိုက်သည်။ မတွေ့ရသည်မှာ သိပ်မကြာသေး၍ မိမိအသံကို သူတို့ချက်ခြင်းမှတ်မိသည်။ အိမ်ထဲ၌ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး "ဟဲ့ ဟဲ့ အိမ်ရှေ့မီးပိတ်လိုက်" ဆိုသည့် ကို တင်မောင်သန်းမိခင်၏ အသံခပ်သဲ့သဲ့ကြားလိုက်ရသည်။ မိမိတို့အခြေအနေကို ကောင်းစွာသိထားသော တင်မောင်သန်း မိခင်ဖြစ်သူက မိမိသူမတို့အိမ် အဝင်အထွက်ကို အများမမြင်စေရန် ခပ်သွက်သွက်လှုပ်ရှားလိုက်ခြင်းဖြစ်ပုံရသည်။ ၁၉၄၈ ခုနှစ်ကစပြီး CPB နှင့် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်လာခဲ့သူဖြစ်၍ အတွေ့အကြုံက စကားပြောသည်ဟု ဆိုရမည်။

အိမ်ထဲရောက် ထမင်းဝိုင်းပြင်ထားသူများ မိမိရောက်လာ၍ ထိုင်ရမလို ထရမလို ဖြစ်နေကြသည်။ ကိုတင်မောင်သန်းတို့ သားအမိအပြင် သူ့ သူငယ်ချင်း နှစ်ယောက်ခန့်လည်းရှိသည်။ ထို့ပြင် နီနီအောင်အားလည်း တွေ့ရသည်။ မိမိအနည်းငယ် မျက်စေ့လည်သွားသည်။ ကိုတင်မောင်သန်းက အဖမ်းအဆီးငြိမ်သွားတော့ အိမ်မှာ ပြန်နေကြည့်သည်။ ဖေါ်မည့်သူရှိပုံမရ။သို့နှင့်အေးအေးဆေးဆေး ပြန်နေ၍ရပြီးနောက် မိန်းမပါရသွားသည်။ ကိုတင်မောင်သန်းနှင့်တွေ့၍ ထောင်ကျသွားသော မိမိတို့ ကျောင်းသားများအခြေအနေ လက်ရှိတက္ကသိုလ်အခြေအနေများ လက်ရှိနိုင်ငံရေးလှုပ်ရှားမှုအခြေအနေ မိမိရဲဘော် များအခြေအနေ ကို မေးမြန်းပြီးနောက် အိမ်နောက် ဘေးပေါက်မှ အမှောင်ထုကို အကာကွယ်ယူ၍ ပြန်လည်ထွက်ခွာခဲ့တော့ သည်။

● ပုသိမ်သို့
ပုသိမ်သို့ ရထားဆိုက်တော့ ညမှောင်ပြီ။ ဘာမှမစီးတော့ဘဲ အိမ်အထိ လမ်းလျှောက်ခဲ့သည်။ မှိန်ပြပြလမ်းမီးများကလည်း မိမိအား အကာကွယ်ပေးထားသကဲ့သို့ဖြစ်သည်။ မိမိနောက်မှ တယောက်ယောက်ပါလာလျင်လည်း သိနိုင်ရန်ဖြစ်သည်။ သာရဝေါနှင့် ဟင်္သာတ ရထားအကူးတွင် မိမိတို့ အုတ်ဖိုမှ ပုသိမ်သို့ ကျောင်းလာတက်သည့် ကျောင်းသားတယောက်နှင့် လမ်းတွင်ဆုံလိုက်သည်။ မျက်မှန်ချွတ်ထားပြီး ပုဆိုးတိုတိုဝတ်ထားသည့် မိမိအားမှတ်မိပုံတော့မရ။ သို့သော် မိမိအနဲငယ် စိတ်လှုပ်ရှားသွားသည်။ မိမိနှင့်ရင်းနှီးသူမဟုတ်သဖြင့် သတိတော့ထားမှဖြစ်မည်ဟူ၍ စိတ်တင်းကြပ်နေတော့သည်။

မိမိအိမ်ရှေ့ရောက်တော့ ရန်ကုန်မှ မိမိဘကြီး (ဖခင်၏အကို) အိမ်ရှေ့တွင် အသင့်စောင့်နေသည်ကို တွေ့ရသည်။ မိမိဇတ် ကနဲကွေ့ပြီး အိမ်ပေါ်တက်သွားတော့ "သွား သွား အပေါ်တခါထဲတက် " ဟု ဆိုပြီး သူကတော့ အိမ်ရှေ့လမ်းမဘက်ထွက်ပြီး မိမိနောက် တယောက်ယောက် ပါ မပါ အကဲခတ် ကျန်ခဲ့သည်။ မိမိဖခင်လာပါက အဆင်မပြေသဖြင့် ဖခင်က မိမိဘကြီးအား
အကူအညီတောင်းပြီး မိမိအဝင်အဆင်ပြေစေရန် စီစဉ်ပေးလိုက်ပုံရသည်။ ပုသိမ်အိမ်မှာက မနှစ်က မိမိအဖွားကွယ်လွန် သွားပြီးနောက် မိမိဖခင်၏ ညီမနှင့်ညီ မိမိ၏ဒေါ်လေးနှင့်ဦးလေး လူပျိုကြီး အပျိုကြီး နှစ်ယောက်သာရှိသည်။ မိမိပုသိမ်အိမ် တွင်ရှိနေစဉ် သူတို့နှစ်ယောက်က တာဝန်ယူရပေမည်။မိမိတယောက်အတွက် တဆွေလုံး တမျိုးလုံး အေးအေးမနေရဟု ဆိုရပါမည်။

မိမိရောက်ပြီး မိမိဘကြီးလည်း နောက်တနေ့တွင် ရန်ကုန်ပြန်သွားပါသည်။ မိမိလည်း ပုသိမ်အိမ်တွင် မိမိ၏ဒေါ်လေးသိန်း (ဒေါ်သိန်းသိန်း) ဦးလေးမောင် (ဦးလွန်းမောင်) တို့ နှစ်ဦးဖြင့်သာ ကျန်နေခဲ့တော့သည်။ပုသိမ်အိမ်က လေးပင် သုံးခန်း နှစ်ထပ်အိမ်ဖြစ်သည်။ အောက်ထပ်နှစ်ခန်းအား ကရင်လူမျိုး ဦးခင်မြင့်တို့ အိမ်ငှားတင်ထားသည်။ အောက်ထပ်တခန်းနှင့် အပေါ်ထပ်အပြည့်က မိမိမိသားစုနေကြသည်။ ဒေါ်လေးသိန်းက အောက်ထပ်တွင် အိပ်သည်။ ဦးလေးမောင်က အပေါ်ထပ် အိပ်ခန်းတခန်းတွင် အိပ်သည်။ မိမိက အခြားအခန်းတခန်း၌နေရသည်။

မိမိတို့အိမ်က လူသွားလူလာများသည့် လမ်းမနှင့် ကပ်ရက်ဆိုတော့မိမိက နေ့ပိုင်းတွင် အောက်ထပ်ဆင်းမရ။ ညပိုင်း အိမ် သာတက် ရေချိုးဆင်းသည်မှလွဲ၍ အပေါ်ထပ်တွင်သာ နေရသည်။ အိမ်မကြီးဘေးတွင် ပေ ၂၀ပေ ၆၀ ခန့်ရှိသည့် ခြံဝင်း ရှိသော်လည်း ဘေးအိမ်က ကပ်ရက်မို့ လမ်းဆင်းလျှောက်၍မရခဲ့ပေ။ မနက် နေ့လည် ညနေစာတို့ကို ဦးလေးမောင်က အ ပေါ်ထပ်ပို့ပေးသည်။ အိပ်ခန်းအတွင် နောက်ဖေးအိုးထားပေးသည်။ ညဘက်မှဆင်းသွန်ရသည်။ ထိုအိပ်ခန်းလေးတွင် အိပ် လိုက် ထလိုက်စာဖတ်လိုက်နေရတော့သည်။ ညောင်းလာလျင် အပေါ်ထပ် ပတ်၍လမ်းလျောက်လိုက်သည်။ ဤသို့ လေး လခန့်ကြာမြင့်စွာနေထိုင်ရပြီး မြေကြီးနင်းခွင့် မကြုံခဲ့ရပေ။ မော်တိတ်တွင် သုံးလခန့် လွတ်လပ်ပေါ့ပါးစွာနေခဲ့ရသည်နှင့် ပြောင်းပြန်ဖြစ်သွားတော့သည်။ ကိုယ့်ဒုက္ခနှင့်ကိုယ်ဟု ဆိုရမည်။

● မောင်မောင်ကြည်
တယောက်တည်းပျင်းလာသည်။ မိမိဦးလေးနှင့်ဒေါ်လေးက စကားနဲသူများဖြစ်သဖြင့် စကားပြောဖေါ်မရှိ။ သို့နှင့် ထိုချိန်က ပုသိမ်ကောလိပ်ပြန်ဖွင့်နေပြီဖြစ်သဖြင့် မိမိအုတ်ဖိုမှ သူငယ်ချင်း မောင်မောင်ကြည်လည်း ကျောင်းပြန်တက်နေပြီဖြစ်ရာ သူ အား အဆက်အသွယ်လုပ်၍ လှမ်းခေါ်ရတော့သည်။ သူ့အားခေါ်ရဲသည်မှာလည်း သူ့အားယုံကြည်စိတ်ချရ၍ဖြစ်သည်။ ပု သိမ်က မိမိတို့အိမ်အပေါ်ထပ်သို့ ရောက်လာသော မောင်မောင်ကြည်လည်း မိမိကို တွေ့တော့ အတော်လေးအံ့သြသွားသည်။

ခြောက်လကျော်လောက် သတင်းပျောက်နေသော မိမိအား မမျှော်လင့်သောနေရာတွင်တွေ့လိုက်ရ၍ အံ့သြသွားခြင်းဖြစ် သကဲ့သို့ ပုသိမ်လိုနေရာမျိုးသည် ချောင်ပိတ်ပြီး ထွက်ပေါက်ပိတ်နေသသည်ဟု သူယူဆထား၍လည်းဖြစ်သည်။ ဘာဘဲ ဖြစ်ဖြစ် သူနှင့်တွေရသည်မှာ မိမိအတွက် စကားပြောဖေါ်ရသွားသည်။ ပြင်ပအခြေအနေအချို့လည်း သိရသည်။ မိမိဖတ်ချင် သော စာအုပ်များလည်း ဝယ်လာပေးသည်။ မှတ်မှတ်ရရစာအုပ်ကတော့ ဗန်းမော်တင်အောင်၏ အိန်စတိန်းနှင့် သူ၏ ဓမ္မ တရားစာအုပ်ဖြစ်မည်ထင်သည်။ သို့နှင့် နောက်ပိုင်းကျောင်းပိတ်ရက်များတွင်လည်း သူအားရင်အားသလို မိမိအားလာ တွေ့ ရှာပါသည်။

သူအား မိမိက "သတိတော့လည်းထားအုံး မင်းလဲငြိနေအုံးမယ်" ဟုဆိုတော့ "ငါကကိစ္စမရှိပါဘူး ဘာမှဝင်လုပ်တာမှ မဟုတ်တာ၊ ထောင်ချလဲ ခဏပေါ့၊ မင်းဘဲသတိထား၊ မိသွားရင် သက်သာမှာမဟုတ်ဘူး။ တော်တော်နဲ့လည်း လွတ်မှာမဟုတ် ဘူး" ဟု ဆိုပါသည်။ အထက်တန်းကျောင်းသားဘဝထဲက တွဲလာသူငယ်ချင်းဖြစ်သူ မောင်မောင်ကြည်သည် အနေအေး သူဖြစ်သူဖြစ်ပြီး ဘဝကို ရိုးသားအေးချမ်းစွာ ဖြတ်သန်းလိုသူဖြစ်သည်။ ကျောင်းသားလှုပ်ရှားများတွင် ကိုယ်တိုင် ဝင်ပါသူ မဟုတ်သော်လည်း ဆန့်ကျင်သူတော့မဟုတ်ခဲ့။ မိမိပြေးလွှားနေသည့်အချိန် ကူညီခဲ့ခြင်းမှာလည်း သူငယ်ချင်းကောင်း တယောက်၏ စာနာမှု ကူညီတတ်မှုကို ပြသခဲ့ခြင်းဖြစ်သည်။ ဤသို့သော သူငယ်ချင်းကောင်းတယောက်ရှိခဲ့ခြင်းသည် လည်း ကျေနပ်စရာဖြစ်ပေသည်။ ယခုတိုင်လည်း သူသည် မိမိနှင့်သူငယ်ချင်းဖြစ်နေဆဲပင်။

● ပုသိမ်မီးနှင့် သရဲတကောင်
၁၉၇၆ နှစ်ဆန်းပိုင်းတွင် ပုသိမ်ဈေးမီးလောင်သည်။ မီးလောင်သည် ဈေးနှင့် မိမိတို့အိမ်က သိပ်မဝေးလှ။ ကောင်းကင်ယံထိုးတက်နေသောမီးတောက်များက ညအမှောင်တွင် ရဲရဲတောက်နေသည်။ တဝေါဝေါ တောက်လောင်နေသော မီးလျံ များကြားတွင် ဆီပီပါများက တဝုန်းဝုန်းပေါက်ကွဲနေ၍ပို၍ ထိတ်လန့်စရာကောင်းနေသည်။ မီးဘေးကြောင့် လူတွေဝုန်းဒိုင်း ကျဲပြေးလွှား၍ ယောက်ယက်ခတ်နေကြသည်။ မီးသတ်ဥသြသံ လူအများအော်ဟစ်သံများ ပွက်လောရိုက်ဆူညံနေသည်။ အိမ်ပေါ်ထပ်တံခါး၏ တရုတ်ကပ်ကြားမှာ လှမ်းတွေ့နေရသည့် မီးသည် မိမိတို့အိမ်နှင့် နီးကပ်လာသလို ခံစားလာရသည်။

အပြင်ကလူတွေလည်း မိမိအိမ်ခန်း ဆိုင်ခန်းကြောင့် ပူပန်နေကြသည်။မိမိအဒေါ်တို့လည်း ဈေးထဲဆိုင်ခန်းအတွက် ပူရ၊ အိမ်အထိမီးကူးလာမှာပူရနှင့် အထုပ်ထုပ်၍ အသင့်ပြင်နေကြရပြီ။ အိမ်ပေါ်ထပ်က မိမိလည်း မိမိအပူနှင့်အပူနှင့်ဖြစ်သည်။ အကယ်၍ အိမ်မီးကူးလျင် ဘယ်ပြေးရမလဲဆိုသည်ကိုခေါင်းပူအောင်စဉ်းစားနေရသည်။ လောလောဆယ်တော့ ရှိတဲ့ အဝတ်တွေစုထည့်ပြီး အဝတ်အိတ်တော့ ပြင်ထားလိုက်သည်။ ညဘက် အခြားမြို့သို့ ပြေးရန်လည်း ကားသင်္ဘော အ သွားအလာမရှိ၍ လွယ်ကူမည်မဟုတ်။ ခေါင်းပူအောင် စဉ်းစားသော်လည်း အဖြေကမရ။ ဖြစ်လာမှတော့ ဖြစ်သလို ဖြေ ရှင်းရပေမပေါ့ဟုသာ မှတ်ယူရတော့သည်။

တော်သေးသည် ညသန်းခေါင်ကျော်လောက်ခန့်တွင် မီးညွန့်ကျိုးသွားသည်ထင်သည်။ မိမိအိမ်ဘက် ကူးမလာနိုင်မှန်း သိမှ စိတ်ချလက်ချ အိပ်ယာဝင်ခဲ့တော့သည်။ အကယ်၍သာ ထိုညက မိမိအိမ်အထိသာ မီးကူးလာခဲ့ပါက ဘာဖြစ်မယ်မှန်း ခန့် မှန်းရခက်ပေသည်။

အိမ်အပေါ်ထပ်တွင်နေသောမိမိက တနေကုန်အိမ်ထဲတွင်နေရ၍ အပေါ်ထပ်တွင်ပင် ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ရသည်။ မိမိတို့အိမ်တွင် အဒေါ်ဖြစ်သူက ပုသိမ်ဈေးကြီးတွင် ဈေးရောင်းသဖြင့် မနက်ဆိုလျင် အိမ်ကထွက်ပြီး ညမိုးချုပ်မှ အိမ်ပြန်ရောက်သည်။ ဦးလေးဖြစ်သူကလည်းအမဖြစ်သူအတွက် မနက် ၁၁ နာရီလောက် ဈေးသို့ ထမင်းချိုင့်လိုက်ပို့ပြီးလဘက်ရည်ဆိုင်ထိုင် သို့မဟုတ် သူ့မိတ်ဆွေများဆီသွားတတ်၍ အိမ်မှာမရှိတတ်ပေ။ အောက်ထပ်တွင်နေသည့် အိမ်ငှါးဖြစ် သည့် ဦးခင်မြင့်ကလည်း မနက်ဖက် ပွဲရုံထွက်သွားလျင် ညနေစောင်းမှ ပြန်ရောက်သည်။ သူတို့မိသားစုမှ ကလေးတွေက လည်း နေ့လည်ဆို ကျောင်းသွားကြရာ နေ့လည်ဘက်အိမ်တွင် ဦးခင်မြင့်ဇနီးတယောက်သာ ရှိသည်။

မိမိအိမ်အပေါ်ထပ်တွင် လမ်းလျှောက်ရာ၌ တတ်နိုင်သမျှ ခြေသံ ခပ်ဖွဖွတော့ လျှောက်ပါသည်။ သို့သော် အောက်ထပ်က ဦးခင်မြင့်ဇနီးက အပေါ်ထပ်က တရှပ်ရှပ်နှင့် လမ်းလျှောက်သံကြားရတော့သည်။ တအိမ်လုံး ဘယ်သူမှမရှိ အပြင်ထွက်ချိန် တရှပ်ရှပ်နှင့် ခြေသံက ပေါ်လိုက်ပျောက်လိုက်ဆိုတော့ သူမအတွက် ဤအချင်းအရာသည် သရဲခြောက်သည်မှတပါး အ ခြားမဖြစ်နိုင်တော့ပေ။ သူမယောက်ျားဖြစ်သူအားလည်း ထိုအကြောင်းအရာကို ပြောပြသည်။ ဦးခင်မြင့်ကတော့ "မင်းက လည်း အပေါ်ထပ်မှ ကြွက်တွေလျှောက်ပြေးနေတာဖြစ်မှာပေါ့" ဟု ဖြေရှင်းချက်ပေးထားလိုက်သည်ဟု ဆိုသည်။ တကယ် တော့ ဦးခင်မြင့်အား မိမိဖခင်က မိမိရောက်ရှိ ပုန်းခိုနေကြောင်းပြောပြထားပြီး ပတ်ဝန်ကျင်က သတိထားမိခြင်း ရှိ မရှိ အကဲ ခတ်ပေးပါရန် တိုးတိတ်စွာ အကူအညီတောင်းထားသည်။ ကရင်ကြီးကလည်း အလွန်နှုတ်လုံသည်။ သူ၏ဇနီးကိုပင် ပြောမ ပြခဲ့ချေ။

လူသူအနေနဲသော ရေနံချီးဝ၍ မဲမှောင်နေသော ရှေးဟောင်း နှစ်ထပ်အိမ်ကြီးတလုံးတွင် သရဲခြောက်သည်ဆိုသည်ကို ယုံကြည်ကြသူက များကြပါသည်။ သို့နှင့် မိမိသည်လည်း ပြေးရင်းလွှားရင် တိမ်းရှောင်ပုန်းခိုရင်း သရဲတကောင် ဖြစ်ခဲ့ရပါ တော့သည်။

ဆက်လက်ဖေါ်ပြပါမည်။

မောင်မောင်စိုး (Mg Mg Soe)