ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်လူရေး ● ဒို့ချစ်တဲ့ကလေးတွေ

မောင်လူရေး ● ဒို့ချစ်တဲ့ကလေးတွေ
(မိုးမခ) ဧပြီ ၁၆၊ ၂၀၁၇

နေ့လည်က စိုးမြတ်သူဇာလာတယ်။

သူ ဒီနေ့ အကောက်မထွက်ဘူးတဲ့။ စက်ဘီးလေးနဲ့ရောက်လာတယ်။ အကောက်ထွက်နေကြ အဖြူအစိမ်းဝတ်စုံ ညစ်နွမ်းနွမ်း လေးနဲ့။ ဖျော်ရည်ပုလင်းရယ် ကိတ်မုန့်နှစ်လုံးရယ်နဲ့။ ကနေ့ ဘုန်းကြီးကန်တော့မလို့ လာတာ။ သင်္ကြန်တွင်းမှ ကောက်တော့ မယ်တဲ့။

ဆုပေးမယ်လုပ်ရင်း ဘာဖြစ်ချင်တာတုန်းဆိုတော့ အလုပ်သေချာလုပ်ပြီး ပိုက်ဆံစုနေတာ။ သားလေးကို ရှင်ပြုပေးချင်တာတဲ့။

တလောက ကျောင်းမှာ မှတ်ပုံတင်လာလုပ်ပေးတော့ သူနဲ့ သူ့အမက မရဘူး။ အငယ်နှစ်ယောက်က ရတယ်။ ရုပ်က ကုလား ဆင်မို့ မပေးတာတဲ့။ နိုင်ငံတော်ရဲ့ သူတို့အပေါ်ထားတဲ့ သဘောထားကို ဘယ်လိုရှင်းပြရမှန်း မသိဘူး။ ဟိုတုန်းက သူတို့နား လည်အောင် ပြောတတ်တယ်လို့ ကိုယ့်ကိုယ်ကိုထင်ခဲ့တာ။

(တနေ့ကလဲ HIV ကလေးတယောက်။ သူ အိမ်ထောင်ပြုချင်နေပြီ။ သူ့ကို နားလည်ပေးနိုင်တဲ့ သူလေးကိုလဲ တွေ့ထားပြီ။ သူ့အလုပ်လေးနဲ့သူ ဖြစ်နေပြီ။ သူ့ကိုလဲ မှတ်ပုံတင် ထုတ်မပေးသေး။ ဆိုင်ကယ်လိုင်စင် လုပ်မရ။ သူ့လဲ ကုလားနဲ့တူလို့ မပေးတာတဲ့။ တကယ်တော့ သူက ဘုန်းကြီးကျောင်းတွေမှာ ကြီးပြင်းလာတာ။ တကယ်တော့ သူ့ကို ဘယ်သူက မွေးလိုက် မှန်းတောင် သူ မသိဘူး။)

ကလေးကိုတော့ အမတွေက ထိန်းပေးကြတယ်။ အင်း ယောက်ျားက မင်းသား၊ ဇာတ်ထဲလိုက်တယ်။ သူက ကိုယ်ဝန်ရ ကထဲက ရှောင်နေတာ။ သမီး ကိုယ့်ဘာသာဘဲ မွေးလိုက်တယ်။ အမေက လက်သည်လေ။ သမီးနဲ့ ဖြစ်နေတုန်းကလဲ အဲဒီ နားမှာ တယောက်ရှိသေးတယ်။ သူက ရှုပ်တယ်။

ခု ညီမလေးကလဲ မွေးပြီ။ သူ့ယောက်ျားလား။ မလာတော့ဘူး။ နောက်မိန်းမယူသွားဘီ။ အရင် ဒီကျောင်းလိုက်တဲ့---နဲ့လေ။ သူ့ယောက်ျားကလဲ ၁၂ပွဲလိုက်တာဆိုတော့ ယောက်ျားချင်းခင်ရာကနေ သူက ညီမလေးယောက်ျားနဲ့ လိုက်ပြေးတာ။ အငယ်ဆုံးမက ကွမ်းယာဆိုင်။ တလငါးသောင်း၊ တရက် နှစ်ထောင်တောင် မရပါဘူး။ သူက ယောက်ျားမယူသေးဘူး။ သူလဲ ၁၄နှစ်။ တပည့်တော်က ၁၅ နှစ်မှ ကျတယ်။ ညီမလေးလဲ ၁၄ နှစ်ကျတယ်။ သူ့ကို ကြိုက်တဲ့သူတွေတော့ အများကြီး ဘဲ။ ဘယ်သူ့ယူမယ် မသိဘူး။

အမေကတော့ ဘူးခွံဘဲ ကောက်တယ်။ အဖေက ကြောင်နေပြီ။ အမတို့နဲ့ နေတယ်။ သူတို့ ကျွေးထားတာ။ အရက်ဖိုးရောဘဲ။ အမတို့လင်မယားနှစ်ယောက်လုံးလဲ ဘူးခွံဘဲ ကောက်တယ်။


သူပြန်သွားပြီး မကြာဘူး။ ကျောင်းသားဟောင်းလင်မယားရောက်လာတယ်။ လမ်းပေါ်မှာ ခိုးဆိုးကော်ရှူနေရာကနေ သင် တန်းကျောင်းရောက်၊ အဲဒီကနေ ကျောင်းပြန်လာ၊ သင်တန်းကျောင်းပြန်ရောက်၊ ပြန်လာ။ ကျောင်းမှာ သူငယ်ချင်းမလေးနဲ့ ချစ်၊ အိမ်ထောင်ပြုလိုက်တော့ မြေတူး ပန်းရံလုပ် ကျောက်ကားလိုက်။ အစုံလုပ်တယ်။ အကောက်ဆိုင်မှာလဲ နေတယ်။ ကုန်တင်ပေါ့။ ကလေးမလေးလဲ ဈေးရောင်းလိုက်တယ်။ အိမ်ငှားနေကြတယ်။ သူတို့ဘာသာ ချက်စားတယ်။ ကျောင်းက ကလေးတွေက ရေပက်မယ်လုပ်တော့ အဖွားသွားကန်တော့မလို့။ မနက်ဖန်မှ ပက်တဲ့။

သူတို့ ဆိုင်ကယ်လေး မောင်းထွက်သွားတော့ ကလေးမလေးရဲ့ ပုခုံးပေါ်က တဘက်ကလေးက တလွင့်လွင့်။

နောက်တယောက် ရောက်လာတယ်။ မုန့်ထုပ်နဲ့။ ရေကန်တော့လာတာတဲ့။ သူလဲ ကျောက်ကားလိုက်။ လက်ဖက်ရည်ဆိုင်နေ။ အစုံလုပ်တယ်။ သူ့ဆိုင်ကယ်နဲ့သူ အလုပ်သွားတယ်။ မဆိုးဘူး။ ဖားကန့်တောင် သွားလိုက်သေး။

နောက်တတွဲရောက်လာတယ်။ သူတို့က မကြာသေးဘူး။ ခိုးပြေးထားကြတာ။ ကောင်မလေးက ကျောင်းထွက်ထားတာ ကြာဘီ။ အလုပ်ပိတ်တဲ့ ဥပုသ်ရက်တိုင်း ကျောင်းလာတယ်။ အဲဒီမှာ သံယောဇဉ်အမျှင်တန်းကြတာ။ သူတို့လဲ အိမ်ငှားနဲ့ နေတယ်။ မုန့်ထုတ်တွေ ဖျော်ရည်တွေနဲ့ ကန်တော့ပြီး တန်းပြန်တယ်။ နောက်ရက် အလုပ်ဆင်းရမှာမို့တဲ့။ သင်္ကြန်တွင်း ပန်းရံထဲ လိုက်မလို့တဲ့။

မကြာဘူး။ သထုံကတယောက် ရောက်လာတယ်။ ရထားမရလို့ ကားနဲ့ လာခဲ့တာတဲ့။ ဆေးဗူးတွေ မုန့်တွေက မန္တလေးက ဝယ်ခဲ့တာတဲ့။ ရွှေဘိုမှာ အလုပ်လုပ်ရင်း နေလိုက်အုံးမတဲ့။ ဒီလိုပါဘဲ။ သူတို့က စိတ်သွားတိုင်း ကိုယ်ပါကြတယ်။

ခနနေတော့ လက်ရှိကျောင်းထဲမှာ နေတဲ့တယောက် လာကန်တော့တယ်။ သူက ကျောင်းက ဆီစက်ကို လုပ်ရတယ်။ ဂစ်တာသင်တယ်။ ထမင်းချက်တယ်။ ဆီစက်လေး လုပ်ထားတယ်။ လူတွေလဲ ဆီစစ်စစ် သန့်သန့်သုံးရ၊ သူတို့လဲ အလုပ်ရ၊ စားဖို့လဲရပေါ့လေ။

နောက် ဝါယာရိမ်းလိုက်တဲ့တယောက်နဲ့ ဆီစက်ဝိုင်းလုပ်တဲ့တယောက် လာကန်တော့ကြပြန်တယ်။ ဆီစက်ဝိုင်းလုပ်တဲ့ တယောက်က ၈-တန်းဖြေထားတယ်။ သူက လမ်းပျော်တော့မဟုတ်ဖူး။ ကျောင်းပျော်။ မိဖတွေက ငယ်ငယ်ထဲကဆုံးသွားလို့ ။

တမြန်မနေ့က မန္တလေးရောက်တော့ ဦးပွားဘုရားဘေးနေကြတဲ့ ကျောင်းသားဟောင်း လမ်းပျော်တွေဆီ ရောက်တယ်။

ကော်ဗူးကိုယ်စီနဲ့။ ရီဝေဝေမျက်လုံးတွေနဲ့။ အပြုံးတွေကတော့ တောက်ပနေကြပါသေးရဲ့။

မောင်လူရေး

(လွမ်းလို့ ရေးတာပါကွာ၊ ကလေးတွေရော၊ ဗော်လန်တီယာတွေရော)