သင်းရည်လွင် ● ဝေးကွာနေသော ကမ်းခြေ

သင်းရည်လွင် ● ဝေးကွာနေသော ကမ်းခြေ
(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၇

လေတိုက်လို့ သစ်ရွက်လေးကြွေသလိုမျိုး အရည်ပျော်ကျသွားတဲ့ ရေခဲမြစ်လိုမျိုးရောက်ပြီး မမြင်ရတဲ့ ဆီးနှင်းဖုံးတောင်တန်း တွေလိုမျိုး စိတ်ကိုလွှတ်ချရမှာခက်တယ်။

ဘယ်တော့ရောက်မှာလဲ ခရီးရယ်။ အားလုံးစိတ်စောနေကြသလို အချိန်တွေက တုံ့ဆိုင်းနေတာမဟုတ်လား။ အတန်တန်ယုံ ကြည်မိသူတွေရဲ့အားနည်းချက်က မျက်စိစုံမှိတ်လုပ်တတ်ကြတာ။ နောင်တတွေ ပေကျံနေခဲ့သေးလား ။

မိသားစုလက်စုံညတွေဟာ ပိုးစုန်းကြူးအလင်းလို မှုန်တိမှုန်ဝါး လင်းခဲ့တယ်။ နေ့ရက်တိုင်းမျှော်နေကြသူတွေ ချည်းလား။ ခေတ်ကြီးက ပျက်လွယ်ပျောက်လွယ်။ မရနိုင်တာတွေထမ်းထားရတဲ့အတွေးက ဘဝကိုလေးလံစေမှန်းသိသိ မျှော်လင့်ခြင်း ကိုရေးနေကြတယ်။

အားလုံးလိုလို တစုံတခုသေချာချင်တာ သေချာတယ်။

ရောဂါဟာ အမည်တပ်မရ။ ဆရာဝန်က ဘယ်မှာ။ မွေးရပ်မြေကို သတိရတိုင်း အမေနဲ့ ရွာကမရှိတော့တာ မရယ်ကြပါနဲ့။ မုဆိုးက သားကောင်ကို ရှာနေတယ်။ သားကောင်က မုဆိုးဖြစ်သွားတယ်။ စနစ်တခုဟာ စနက်တံတပ်ထားတဲ့ ချိန်ကိုက်ဗုံးပဲ။ ပေါက်ကွဲတတ်မှန်း ဘာလို့မတွေးမိသလဲ စဉ်းစားမရတော့ပါဘူးတဲ့။

အမေ မုဆိုးမကြီးက သားသမီးတွေသတိရကြောင်း လမ်းထိပ်ကွမ်းယာဆိုင်က အများသုံးတယ်လီဖုန်းနဲ့ပြောခွင့်ရနေသေးတာ ကျေးဇူးအထပ်ထပ် ဖုန်းခေါ်ခပေးရင်း တဖွဖွ ပောနေသေးတာ။ အခါမဲ့ မိုးလို ရွာချင်တဲ့နေရာရွာပြီး စိုစေချင်သူ စိုတာ မဟုတ်လား။

လူတွင်ကျယ်လား လူကျယ်တွင်တာလား။ အဲဒီသီချင်းက မရပ်မနားဆိုနေတုန်းလားမသိတော့ပါဘူးလို့  အထည်ချုပ်စက်ရုံ အလုပ်သမလေးက ပြောတယ်။

ဘတ်စ်ကား ကျပ်နေတုန်းပဲ၊ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်နိုင်ပါသည် ဆိုတဲ့ စာတန်းကိုဖတ်ပြ ဖို့ စကပ်တိုဝတ်တဲ့ မိန်းမငယ်လေးတွေ အလုပ်ရသွားတယ်။

မူးယစ်ဆေးဝါးတွေ၊ တားမြစ်ချက်တွေ၊ လိုင်စင်မဲ့ကားတွေ၊ ဘယ်သူသေသေတွေ၊ အနှိပ်ခန်းတွေ၊ ကာရာအိုကေဆိုင်း ဘုတ်တွေ။ ဆန္ဒပြမလို့လျှောက်လွှာတွေ၊ ဟိုလိုမလုပ်နဲ့ သည်လိုမလုပ်နဲ့ ဆိုတာတွေ။ တလ တလ ထမင်းအိုးအမြှောက်နဲ့ ပစ်နေသူတွေ။ သည်းသည်းလှုပ်ရာသီမှာ ဘန်ကောက်သွားတောလားတွေ။ နိုင်ငံခြားအလုပ်သမားရှာဖွေရေး အေဂျင်စီတွေ။ အလုပ်လုပ် လုပ်ချင်သူတွေအတွက် အလုပ်ပေါပါ့။

ဘန်ကောက် ခုနှစ်သိန်းခွဲ။ စင်ကာပူ ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ အဟုတ် အလုပ်လုပ်မလား၊ သိန်းပေါင်းဘယ်လောက်။ ရွာမှာနေ့စား အလုပ်က ခင်ဗျားတို့အရက်တပုလင်းဖိုးမရှိတာလည်း ဒုလ္လဘတရားတခုမဟုတ်လား။ ဒါပေမဲ့ ပြောပြော ပြီးပြီး ပါပဲ။

ခေတ်သစ်ကျွန်ဆိုတာ အဆင့်မြင့်တယ်လို့ပြောတယ်ဟုတ်မှာ။ ကိုယ့်အိမ်မှာ အဆင်မပြေတော့ အဆင်ပြေရာလွင့်ကြရတာ သဘာဝပဲ ဟုတ်လား။ အောက်ကလိ အာသံနဲ့ ဘေးပြောတာ မဟုတ်ရပေါင်ဗျာ။ နိုင်ငံခြားကျွန်သွားခံဖို ကွန်ပြူတာတတ်ရ မယ်။ ဘွတ်ရွှတ်လေးတော့ ပြောတတ်ဦးမှ ဆီပျောက် မီးပျောက်လောက်မရပဲ ပါးရိုက်ခံရမယ့်အပေါက်တော့ လုပ်မသွား နဲ့အုံး။

နိုင်ငံခြားထွက်အလုပ်လုပ်မယ့် လူငယ်တယောက်ကိုသူ့ပွဲစား သင်တန်းပေးနေတဲ့အသံပါ။

အခုဆို ဘောင်းဘီတကားကား ဟန်းဖုန်းခါးချိတ်ဘန်ကောက်ပြန်ကြည့်မလား။ စကပ်တိုတို  အလှပိုလာတဲ့ သူယောင်မယ် တွေ ကြည့်မလား။ ဟောသည်မှာ အရပ်ကတို့ရေ သမီးဘန်ကောက်သွားပြီးမှ ဆောက်ထားတဲ့အိမ်။ တီဗွီ ရေခဲသေတ္တာကအစ နိုင်ငံခြားဖြစ်တွေချည်း၊ ဗမာပြည်မှာ လုပ်ကိုင်စားလို့ သည်လိုနေနိုင်ဖို့ဆိုတာ အိပ်မက်တောင်မရှိဘူး။ ကြာတော့ လူတွေ ကိုယ့်မွေးရပ်မြေဆိုတာကို ဧည့်သည်လိုပဲ သွားလာကြတော့မယ်ထင်ပါရဲ့ ။

မနက်မိုးလင်းတိုင်းစကားတွေက ခိုတွေအုပ်ဖွဲ့လာတာနဲ့ တူလာပြီ။ အရပ်ထဲ အုန်းပင်တက်ဖို့လူတောင် ငှားမရတော့တာက အစ အရင်က မိုးရာသီရောက်လို့ အိမ်မိုးမယ်ဆို သူ့အိမ်ကိုယ်သွားကူ ကိုယ့်အိမ်သူသွားကူတာကအဆုံး၊ ခုများတော့ အရွယ် ရောက်သူတွေခမျာ စစ်ဘေးစစ်ဒဏ်ခံရတဲ့အချိန်က စစ်ကူလီဖြစ်မှာစိုးလို့ ပုန်းအောင်းနေတာမျိုး၊ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားကြကတာ အံ့စရာပါပဲ။ ဘန်ကောက်သွားထမင်းရှာဖို့အိပ်မက်တွေပဲ မှိုလိုပေါက်နေလိုက်တာ။

အိမ်တအိမ်မှာ သက်ကြီးရွယ်အိုတချို့နဲ့ ကလေးတချို့ကလွဲပြီး ခွေးတွေ ကြောင်တွေပဲကျန်နေတာ။

ဟိုးရှေးရှေးတုန်းကအစချည်လို့ အဘိုးပြောပြတဲ့ဇာတ်လမ်းတွေလည်း ရင်ခုန်စရာမရှိတော့ပါဘူး။ ဘဝတွေ အပိုင်းပိုင်း အ ပြတ်ပြတ် ဘယ်လိုပြန်ဆက်ရမယ်တွေးတိုင်း ကမ္ဘာမှားရောက်လာတဲ့ ဂြိုလ်သားလိုယောင်လည်လည်ဖြစ်နေတဲ့ နေ့တွေ များလာခဲ့တယ်။

အချိန်တွေ အကုန်မြန်လွန်းတယ်ပြောနေရင်း အိပ်မပျော်သူ ညတာရှည်တာမျိုးဖြစ်နေတာလည်း စိတ်ပျက်ဖို့ကောင်းတယ်။ ဤခရီးနီးသလားလို့ မူလတန်းသင်ခန်းစာတပုဒ် ပြန်သတိရတိုင်း ထိစပ်တွေးလို့မရတဲ့ဘဝတွေမှာ ရှင်သန်နေခဲ့တယ်။ ဘယ် ဘူတာဆိုက်ကပ်ရမှန်းမသိတဲ့ရထားလို ဥသြဆွဲသံတွေသာ ဆူညံနေခဲ့။

ညဟာ မှောင်မဲနေမှန်းသိပေမယ့် ရောက်ခဲလှတဲ့ လသာရက်တွေ  ပြန်တွက်မရဖြစ်နေတာလည်း စိတ်ပျက်တယ်။ ငှက်က လေးတွေ အသိုက်ပျောက်တာလား။

လူမသိ သူမသိ ချန်ထားခံရတာလား။ ဥပေက္ခာ ဆိုတာကံကြမ္မာအပေါ်မူတည်သလား။ ပြန်မတွေးတော့ပါဘူး။

လမ်းပေါ်ကစားကွင်းမှတ် ကစားနေသူတွေထဲ သင့်ကလေးတွေပါတယ်မဟုတ်လား။ ကျောင်းစာပစ်ပြီး ငွေနောက် လိုက် သွားတဲ့အထဲမှာ သင့်ကလေးတွေ ပါတယ်မဟုတ်လား။ ကျုးကျော်ရပ်ကွက်မှာနေပြီး အနာဂတ်မရှိတဲ့ကလေးတွေ တွေ့ဖူး တယ် မဟုတ်လား။ လူမှောင်ခိုအကူးခံရသူတွေအကြောင်း သတင်းတွေထဲ ဖတ်ဖူးတယ်မဟုတ်လား။ ဘုရားလို့ မြည်တွန် တောက်တီးပြီး အဲသည် အခြေနေကိုပဲပျော်သလိုနေကြတာ ပျော်နေသလိုထင်နေကြတာ။

မြစ်ထဲ တံငါလှေလေးတွေ လှိုင်းပေါ် မြှုတ်ချီ ပေါ်ချီ ငှက်ကလေး တွေတကောင်စနှစ်ကောင်စ သူတို့အိမ်မပြန်ကြသေးပါ။ နေ့တနေ့စာ အတွက်အဆင်သင့်ဖြစ်ပုံမရသေး။ လှေဦးမှာထိုင်နေသူက ရေထဲချထားသော ပိုက်ကိုဆွဲတင်လိုက်တဲ့အခါ ပိုက်ထဲပါလာသော ငါး နှစ်ကောင် သုံးလေးကောင် ဖျတ်ဖျတ်လူးလို့။

နေလည်း စောင်းနေပြီ သည်ပုံနဲ့ အိမ်ပြန်နေ့တွေများလာခဲ့တယ်။ ဖမ်းမိတဲ့ငါးတွေဟာ သူအတွက် သူ့မိသားစုအတွက် ဘာ မဆို ဖြစ်နိုင်ပေမယ့် အသက်ရှင်နေနိုင်ရုံဆိုတာ ရင်ထဲသိနေခဲ့တယ်။ ငါးတွေလည် အိမ်ပြန်ကုန်ကြပြီလား  သည်မြစ်ကြီး အန္တရယ်တွေကို ရှောင်ပုန်းသွားတာလား သူတို့ အသက်ရှင်ရေး ရေကြည်ရာကမ်းခြေဆီ ခြေဦးလှည့်သွားတာလား။

လူတွေက ငါးတွေဆီလာရင် ငါးတွေက ဘယ်ကိုသွားကြမလဲ။ သူတို့လည်း ကိုယ့်လိုပဲ ဘန်ကောက်သွားသလို စင်ကာပူ သွားသလိုမျိုး စွန့်စားခဲ့ကြပြီလား။

ကမ်းခြေတခုတလေ ဘဝအတွက် အဆင်ပြေပြေ ဆိုက်ကပ်စရာမရှိနိုင်ဘူးလား။ လေပြေညင်းလေးတွေ မြင်ဖူးခဲ့တယ်။ တခါက ဝေးကွာနေဆဲ ကမ်းခြေတခုမှာပေါ့။  ။

သင်းရည်လွင်