ချစ်ထွန်း ● သေနတ်တလက်နဲ့ ပတ်သက်၍

ချစ်ထွန်း ● သေနတ်တလက်နဲ့ ပတ်သက်၍
(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၇

တခါ တလေမှာ
အခြေအနေက ဒီလိုတော့ရှိပါတယ်

တခါတလေဆိုပေမဲ့
များသောအားဖြင့်လို့ဆိုလဲ
မမှားပါဘူး

များသောအားဖြင့်ဆိုတော့
မကြာခဏဆိုသလိုပေါ့
ဒီလိုပေါ့
ဒီလိုပဲပေါ့

ဒီလိုတော့ရှိပါတယ်
ကျနော့်မှာ သေနတ်တလက် ကိုင်ဆောင်ခွင့်
အခြေအနေအရ
လိုအပ်လာပါတယ်

သေနတ်ဟာ
ဥပဒေတရပ်နဲ့ မပတ်သက်ဖူးဆိုပေမဲ့
သေနတ်ဟာ
အာဏာရဲ့ဗဟိုချက်နဲ့ မပတ်သက်ဖူးဆိုပေမဲ့
သေနတ်ဟာ
ငြိမ်းချမ်းရေးရာနဲ့ မပတ်သက်ဖူးဆိုပေမဲ့
သေနတ်ဟာ
အချုပ်အချာနဲ့မပတ်သက်ဖူးဆိုပေမဲ့
လိုအပ်သမျှ လုံခြုံမှုတွေ
မလုံခြုံသလိုလို
သံသယနဲ့နေရထိုင်ရတဲ့အခါ
ကျနော့်မွေးရာပါအခွင့်အရေးဟာ
အခြေအနေအရ
သေနတ်တလက်နဲ့ ပတ်သက်လာပါတာ့တယ်

ချစ်ထွန်း