သျှင်မျိုးငယ် ● ရော်ရွက်ဝါတရွက်ရဲ့ ဂီတသံစဉ်

သျှင်မျိုးငယ် ● ရော်ရွက်ဝါတရွက်ရဲ့ ဂီတသံစဉ်
(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၇

ဒီပလက်ဖောင်းကလေးအတိုင်း ညနေခင်းတွေကို ဖြတ်သန်းနေထိုင်လျှောက်လှမ်းလာရတာ ဆယ်စုနှစ်တခုစာ။ ခြေသံ တွေရဲ့ပြင်းရှမှုတွေလား။ နွေရာသီရဲ့လောင်မြိုက်ခက်ထန်မှု တခုလေလား။ ကျနော့်မျက်နှာရှေ့မှာ ဖြုတ်ခနဲ သစ်ရွက်အဝါ ကလေးတရွက် ကြွေကျလာခဲ့တယ်။အကိုင်းမှ ခွဲခွာလာရာ လမ်းတလျှောက်လေအဟုန်ထဲမှာ သစ်ရွက်ကလေး လွင့်မျော ဝေ့ဝဲ နေပုံက လှပသိမ်မွေ့လွန်းလေရဲ့။ ဒီလိုအခိုက်အတန့်လေးမှာဒီရော်ရွက်ဝါကလေးရဲ့ ခံစားချက်ကို နားလည်ချင်ခဲ့တယ်။ စိတ်နဲ့လိုက်ပြီး လွင့်မျောကြည့်လိုက်တယ်။ အရာရာကိုမေ့ပြီး စိတ်ဟာ လွတ်လပ်ငြိမ်းချမ်းနေလိုက်တာ။ စိတ်ဟာ လေအ ဟုန်နဲ့ လွင့်ဝဲနေခဲ့ပြီ။ ဒီလိုနဲ့ သစ်ရွက်ကလေးဟာ မြေပြင်ပေါ်ကို သက်ဆင်းရောက်ရှိသွားခဲ့လေပြီ။ ပကတိ ငြိမ်သက် တိတ်ဆိတ်စွာ လဲလျောင်းခဲ့လေပြီ။

အတွေးကလေးနဲ့ လျှောက်လှမ်းလာစဉ်မှာပဲ ညာဘက်ရင်ဘတ်မှာ စူးခနဲ တချက်အောင့်လာသလို။ လေးလံအောင့် သက် သက်ဖြစ်လာသလို ခံစားလိုက်ရတယ်။ ဒီလို နာကျင်လာတာ သိပ်မကြာသေးပေမယ့်ခပ်စိပ်စိပ်တော့ ဖြစ်လာတတ်ပြီ။  ဖြစ်လာတဲ့အခါတိုင်း ချောင်းကလည်း တချက်တချက်ဆိုးလိုက်၊ သလိပ်တွေပါလာလိုက်နဲ့ ဖြစ်လာနေတာ အတော်ကလေး ကြာခဲ့ပြီ။ ဆရာဝန်ကလည်း ဆေးလိပ်ဖြတ်ဖို့ ပြောထားပေမယ့်နှစ် ၂၀ ကြော်လောက် အဖော်အမွန်ဖြစ်ခဲ့တဲ့အတွက် ဖြတ်ဖို့ မလွယ်သေး။ ချောင်းတချက်ဟန့်လိုက်ပြီးတဲ့အခါအုပ်ထားတဲ့ တစ်သျှူးစကလေးပေါ်မှာ သွေးစကလေးပါလာတယ်။ ထိတ် လန့်ကြောက်ရွံ့မှုက ရင်ထဲကို တိုးဝင်လာခဲ့ပြီ။ သက်ပြင်းပူပူတချက်ကို မှုတ်ထုတ်လိုက်ရင်း သစ်ရွက်ခြောက်တွေ ကြွေကျ နေတဲ့ ပလက်ဖောင်းပေါ်မှာထိုင်ပြီး နားနေလိုက်တယ်။ အရင်လို မောပန်းမှုဒဏ်ကိုလည်း သိပ်မခံနိုင်တော့တာ ဟာလည်း သိသိသာသာ။

အစားအသောက်တွေကို မစားချင်၊ မသောက်ချင်ဖြစ်နေကတည်းက လူလည်း ပိန်လာသလိုလို။ သစ်ရွက်ဝါကလေးတရွက် ထပ်မံကြွေကျလာပြန်ပြီ။ လက်ထဲမှ စီးကရက်ဗူးကိုဖွင့်ဖို့ တွန့်ဆုတ်သွားသယောင်...စိတ်မှာ။

စီးကရက်တလိပ်ကို ထုတ်ယူပြီး အင်္ကျီအိတ်ကပ်ထဲမှ မီးခြစ်ကလေးထုတ်ကာ မီးညှိလိုက်တယ်။ စီးကရက်ကို ခပ်ပြင်းပြင်း ကလေး ရှိုက်ပစ်လိုက်မိတယ်။ မီးခိုးများကိုလည်း စိတ်လိုလက်ရ ခပ်ဖြည်းဖြည်းမှုတ်ထုတ်နေမိတော့တယ်။ လေထဲမှာ လွင့် သွားသော မီးခိုးငွေ့များနဲ့အတူ စိတ်ကို လွှတ်ထားလိုက်တယ်။

လေထဲမှာ မီးခိုးငွေ့များ။ သစ်ရွက်တစ်ရွက် ထပ်ကြွေလာပြန်ပြီ။ လေထဲမှာ လွင့်ဝဲလျှက်။
လက်ထဲမှ စီးကရက်ကလေးကို ထပ်ကာထပ်ကာ ရှိုက်ဖွာနေမိတော့တယ်။ စိတ်ဟာ လွတ်သွားသလိုလို။
နာကျင်စူးရှလာသောခံစားချက်သည်ပင် အန်မတုနိုင်တော့။ လေထဲမှာ စီးကရက်မီးခိုးများ လွင့်လျှက်ပင်။

ဆေးလိပ်တိုတိုလာသည်။ ဘဝကရော တိုတိုလာပြီလား။ ကုန်ခါနီး ဆေးလိပ်တိုကို ပလက်ဖောင်းပေါ်မှာပစ်ချထားလိုက်တယ်။ မီးခိုးကလေး ဝေလျှက်သား။ ထိုင်ရာက ထပြီး သားရေဖိနပ်ဖြင့် နင်းချေပစ်လိုက်သည်။

ဒါဟာ ဆေးလိပ်တစ်လိပ်သောက်ပြီးတိုင်း ပြုလုပ်နေကျဖြစ်တဲ့ အောင်ပွဲခံတဲ့အပြုအမူလိုပင်။ စိတ်မှာ ပီတိဖြစ်နေလေသည်။ ထိုခံစားမှုကို ဆေးလိပ်သောက်တတ်သောသူများသာ နားလည်ခံစားသိရှိနိုင်ပေလိမ့်မည်။

ပလက်ဖောင်းကလေးဟာ ဟောင်းနွမ်းနေပြီ။ ကျနော်ရဲ့ခြေလှမ်းများဟာ နွမ်းလျနေဟန်။သစ်ရွက်ဝါများဟာ ဖြုတ်ခနဲ ဖြုတ်ခနဲ ကြွေကျလာလိုက်တာ လေထဲမှာ အဆက်မပြတ်တော့သလို။ ရင်ဘတ်မှာစူးခနဲ တစ်ချက် အောင့်လာပြန်ပြီ။ ကျနော်ဟာ ရွက်ဝါတရွက်လား။  ကြွေဖို့ နီးစပ်လေပြီလား။ စိတ်မှာမဝံ့မရဲတွေးဆမိလိုက်တယ်။ အတွေးဟာ ပိုပြီး မောပန်း စေခဲ့ပြီ။ မောဟိုက်စွာ လှမ်းလျှောက်နေခဲ့ရပြီ။

ခြေလှမ်းများ ယိုင်နဲ့နဲ့။ စိတ်ဟာ အတွေးစကို ဆွဲဆန့်လို့။ သစ်ရွက်အဝါများက တဖြုတ်ဖြုတ် ကြွေနေတော့သည်။

ခြေလှမ်းများကို အားယူလှမ်းဆက်ခဲ့ရင်း အိမ်သို့ ပြန်ရောက်ခဲ့လေပြီ။ လျှောက်နေကြလမ်းကလေးဟာ သူစိမ်းဆန်နေသလို။ ရွက်ဝါများက ပိုကြွေနေသလို။ ဒီလို့နေ့စွဲကလေးကို မေ့ပစ်လိုက်ချင်တယ်။

အဝါရောင်ကို ကျနော်မနှစ်သက်ပါ။ ကိုယ့်အသက်အရွယ်ကို ပြန်ကြည့်မိတော့ ရွက်ဝါမဖြစ်သေး။ ရွက်ရင့်တရွက်မျှသာ။ ကြွေချိန်ကို မတွေးရဲ။ ဝေချိန်မှာ အစွမ်းကုန်စိမ်းလန်းခဲ့ပြီမဟုတ်လား။ အဝါရောင်ဟာ စိတ်ကို တရစပ် ထိုးနှက်တိုက် ခိုက်နေလေပြီ။ အဝါရောင်ကိုမြင်တိုင်း လိမ်ညာနေသည်ဟု ထင်မြင်ယူဆတတ်သော ကျနော်ဟာ တယူသန်ခဲ့တယ်။ အဝါ ရောင်ဟာ ဂုဏ်ပြိုင်နေတယ်လို့ ခံစားနေမိတဲ့ ကျနော်သွေးအေးတတ်ခဲ့တယ်။ အခုလည်း ကြည့်လေ။ သစ်ရွက်အဝါတွေ နာနာကျင်ကျင် ကြွေကျနေခဲ့တယ်လို့ တွေးမိတော့ ကျနော်နာကျင်နေခဲ့ရတယ်။ သစ်ရွက်တွေဟာ ဘာကြောင့် ဝါခဲ့ရတာလဲ။ ကျနော်ကရောဘာကြောင့် အဝါရောင်နာကျည်းမှုတွေကို ပိုင်ဆိုင်ရမှာလဲ။ ကျနော်တွေးမိတယ်။ သစ်ရွက်ကလေးဟာတည်ငြိမ်ရင့်ကျက်စွာ အဝါရောင် ပြောင်းခဲ့တယ်။ ကျနော်ရော ဘယ်လောက်တည်ငြိမ်ရင့်ကျက်ပြီလဲ။

သစ်ရွက်ကလေးတွေဟာ အချိန်တန်ရင် ကြွေကျရဲတယ်။ ရွက်ဝါကလေးတရွက်ကို ငေးမောနေမိတယ်။ ကြွေ...ကြွေ...ကြွေ။ ကျနော်ဟာ ရွက်ဝါကလေးတရွက်လို ရဲရင့်ချင်တယ်။

ဆေးခန်းမှာ ဆေးစစ်ချက်တွေကို ရယူပြီး ဆရာဝန်နဲ့ တွေ့ဖို့စောင့်ဆိုင်းနေခဲ့တယ်။ သိပ်မကြာခင်ဆရာဝန်ကြီးရောက်လာပြီး လူနာများကို စတင်ကြည့်ရှုတယ်။ ကျနော့်အလှည့်ရောက်တဲ့အခါ ဆေးစစ်ချက်များအားလုံးနဲ့အတူ ဆရာဝန်ကြီးအခန်းထဲ ဝင်လာလိုက်တယ်။ ကျေန်ာရဲ့စိတ်တွေ ဘယ်လောက်မငြိမ်မသက်ဖြစ်နေသလဲ။ ကျနော်သာ အသိဆုံးဖြစ်မယ်။ ဆရာဝန်က 'ဆေးလိပ်ကိုတော့ လုံးဝမသောက်ပါနဲ့တော့ဗျာ' လို့ ပြောတော့ ကျနော် ခေါင်းငုံ့မိလျက်သား။ ဆရာဝန်က "အဆုတ် ကင် ဆာ"လို့ ပြောလိုက်တဲ့အခါမှာတော့ရော်ဝါရွက်တရွက်လို ဖြုတ်ခနဲ ကြွေကျသွားခဲ့လေပြီ။ လိုအပ်တဲ့ကုသမှုတွေကို ညွှန်းနေ သည်ကိုပင် မကြားတချက် ကြားတချက် ။

ပလက်ဖောင်းကလေးအတိုင်း  ခြေလှမ်းများ။ ပလက်ဖောင်းကလေးပေါ်မှာ မောဟိုက်နွမ်းလျ။
ပလက်ဖောင်းကလေးပေါ်မှာ ဆွဲဆုတ်ထားသလို နာကျင်နေတဲ့ရင်အစုံ၊ ရော်ရွက်ဝါကလေးတရွက်။
ပလက်ဖောင်းပေါ်မှာ မီးခိုးအူနေတဲ့စီးကရက်တလိပ်။ ပလက်ဖောင်းပေါ်မှာ သောက်လက်စညနေခင်းများ။
ပလက်ဖောင်းပေါ်မှာ  ခေါင်းမာတတ်တဲ့ လူတယောက်။ ပလက်ဖောင်းပေါ်မှာ ထိုင်ချလိုက်တော့တယ်။

သစ်ရွက်အဝါများက ဒီနေ့မှ ပိုပြီး ကြွေကျနေလေသလား။ ကျနော့် မေ့ထားတဲ့သင်္ခါရတရားကို ပြန်လည်အသက်သွင်း ပေးနေသလို။ ကျေန်ာမြင်ယောင်နေမိတယ်...လောကမှာ ဘယ်အရာတည်မြဲသလဲ။

ဒီပလက်ဖောင်းကလေးပေါ်မှာ ပြက္ခဒိန်စာရွက်များစွာ လှမ်းလျှောက်ခဲ့ဖူးတယ်။ ဒီပလက်ဖောင်းကလေးပေါ်မှာ ရွက်ဝါက လေးတွေဟာ တဖြုတ်ဖြုတ် ကြွေနေတာပါပဲ။ ဒီပလက်ဖောင်းကလေးပေါ်မှာ ပျော်ရွှင်ခဲ့ဖူးတယ်။ ဝမ်းနည်းခဲ့ဖူးတယ်။ အောင်မြင်ခဲ့ဖူးတယ်။ ကျရှုံးခဲ့ဖူးတယ်။ ဒီပလက်ဖောင်းကလေးပေါ်မှာပြုံးခဲ့ဖူးတယ်။ ငိုကြွေးခဲ့ဖူးတယ်။ အချိန်ဟာ တရွေ့ ရွေ့။ ဘဝဟာ တရွေ့ရွေ့။ ကျနော်တို့ဟာ တနေ့နေ့ပေါ့။

ဒီပလက်ဖောင်းကလေးပေါ်မှာ လျှောက်လိုက်၊ ရပ်လိုက်၊ ပြေးလိုက်၊လွှားလိုက်။ ဒီပလက်ဖောင်းကလေးဟာတည်ငြိမ်နေခဲ့တယ်။ ကြွေကျနေတဲ့ရွက်ဝါကလေးတွေဟာ လေထဲမှာ လူးလွင့်နေတယ်။ စိတ်ကို သစ်ရွက်ကလေးနဲ့အတူ ထည့်လိုက်တယ်။ ဝေဒနာဟာ သက်သာသွားတယ်။

ကျနော်ဟာ ပလက်ဖောင်းကလေးပေါ်မှာ လျှောက်လှမ်းနေမြဲအတိုင်း ဆက်လက်လျှောက်လှမ်းနေလိုက်တယ်။ ရော်ရွက်ဝါ ကလေးတွေကလည်း လေအဝှေ့မှာ ကြွေလွင့်မြဲအတိုင်း ကြွေကျနေလေရဲ့။

ပလက်ဖောင်းကလေးသည် ဘဝဖြစ်၍ သစ်ရွက်များသည် သင်္ခါရတရားကို ညွှန်းနေသည်။ ကျနော်ဟာ ကိုယ့်အသက် အရွယ်ကို ပြန်ကြည့်မိလိုက်တယ်။ ရွက်ဝါကလေးတရွက်ဟာ ကျေနာ့်ရှေ့မှာ ဖြုတ်ခနဲ ကြွေခဲ့တယ်။

သောက်လက်စစီးကရက်ကလေးကို ပလက်ဖောင်းပေါ်ပစ်ချလိုက်ပြီး ခြေဖြင့် နင်းချေပစ်လိုက်တယ်။ နာကျင်နေတဲ့ရင် ဘတ်တခုလုံးဟာ အသက်ရှူသံကိုတောင် သည်းမခံနိုင်တော့သလို ပို၍ပို၍ နာကျင်စူးရှလာလေပြီ။

ကျေန်ာဟာ ပလက်ဖောင်းကလေးပေါ်မှာ ယိုင်နဲ့နဲ့ လျှောက်လှမ်းနေဆဲ။ ရော်ရွက်ဝါကလေးတရွက်ဟာ ကျနော့်ရှေ့မှာ လွင့်ကြွေကျလာခဲ့ပြီ။ ကျနော်ဟာ လက်ကျန်နေ့စွဲတွေကို ဘယ်လို ဖြတ်သန်းရမလဲတွေးရင်း သံစဉ်ဟောင်းတွေကို ညည်း ဆို နေတတ်တဲ့ ရော်ရွက်ဝါတရွက်သာ ဖြစ်တယ်။        ။
သျှင်မျိုးငယ်