ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အောင်မော်ဦး ● ဒုက္ခသည်တွေ ထူထောင်မယ့် နိုင်ငံ

အောင်မော်ဦး ● ဒုက္ခသည်တွေ ထူထောင်မယ့် နိုင်ငံ
(မိုးမခ) ဇွန် ၂၀၊ ၂၀၁၇

ဒီနေ့ ဇွန်လ (၁၈) ရက်နေ့ "အဖေနေ့" မှာ သမီးကို အမှတ်တရ တခုခုပေးချင်မိတယ်။ ဘာပေးရင်ကောင်းမလဲစဉ်းစားတော့ စိတ်ကြိုက်မတွေ့ဘူး။ ဟိုတွေး ဒီတွေးနဲ့ မနက်ဖန်အကြောင်း တွေးမိတယ်။ မနက်ဖန် ဇွန်လ (၂၀) ရက်နေ့က "ကမ္ဘာ့ဒုက္ခ သည်များနေ့" တဲ့။ ဒါနဲ့ ဒုက္ခသည်တယောက်အကြောင်း ပြောပြဖြစ်ခဲ့တယ်။

အဖေ့ကို အမေရိကန် ကောင်ဆယ်လာ (Counsellor) တယောက်က မေးခွန်းတခုမေးခဲ့ဖူးတယ် သမီး။

“တကယ်လို့ မြန်မာလည်းမဟုတ်၊ ထိုင်းလည်းမဟုတ်တဲ့ တတိယနိုင်ငံတခုခုကို သွားခွင့်ရမယ်ဆိုရင် ဘယ်နိုင်ငံကို ရွေးချယ် မလဲ” တဲ့။ အဖေက “အမေရိကန်ပြည်ထောင်စုကို ရွေးချယ်မယ်” လို့ ဖြေခဲ့တယ်။

ဒီတော့ သူက “ဘာဖြစ်လို့ အမေရိကန်ပြည်ထောင်စုကို ရွေးချယ်ရတာလဲတဲ့။ စကင်ဒီနေဗီးယန်းနိုင်ငံတွေဖြစ်တဲ့ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်တို့လို လူမှုဖူလုံရေးစောင့်ရှောက်မှုကောင်းမွန်တဲ့နိုင်ငံတွေကို မရွေးချယ်ရတာလဲတဲ့။ ဒါမှမဟုတ် အခြား ဥရောပနိုင်ငံတခုခုကိုရော မရွေးချယ်ချင်ဘူးလား” ဆိုပြီး အဖေ့ကို ပြန်မေးတယ်။

အဖေက ဖြေတယ်။ ဒါပေမယ့် အဖေ့ရဲ့အဖြေကိုကြားတော့ စကားပြန်က အဖေ့ကို ကြောင်ကြည့်နေတယ်။ အဖေပြောတဲ့ အတိုင်း ဘာသာပြန်ပေးရမှာ အားတုံ့အားနာ ဖြစ်နေပုံရတယ်။ အားနာနေပုံရတယ်ဆိုတာထက် ကောင်ဆယ်လာကို မဖွယ် မရာ ပြောလိုက်မိသလိုများ ဖြစ်လေမလားဆိုပြီး စိုးရိမ်နေပုံရတယ်လို့ပြောရင် ပိုမှန်မှာပေါ့။

ဒါနဲ့ အဖေက စကားပြန်ကို “ကျနော့်ဘာသာ ပြောလို့ရမလား" ဆိုပြီး မေးလိုက်တယ်။ စောစောက စိတ်အိုက်နေပုံရတဲ့ စကားပြန်ဟာ တော်တော် “ဟာ … ပြောပါ.. ပြောပါ" ဆိုပြီး ချက်ချင်းပဲ အားတက်သရော ပြန်ပြောတယ်။ သူမေးတာကိုမဖြေဘဲ အဖေတို့နှစ်ယောက် တွတ်ထိုးနေတာကို ကြည့်နေတဲ့ ကောင်ဆယ်လာကတော့ ဒီနှစ်ယောက်တော့ အပေးအယူတည့် သွားကြပုံပဲ၊ ဘာများ ဆက်ဖြစ်လာလေမလဲဆိုပြီး ရလဒ်ကို မျှော်နေတဲ့ပုံနဲ့ပေါ့။

“အမေရိကန်ပြည်ထောင်စုကို ရွေးချယ်ရတဲ့အကြောင်းက အမေရိကန်ပြည်ထောင်စုဆိုတာ ဒုက္ခသည်တွေနဲ့ ထူထောင်ထား တဲ့တိုင်းပြည်တပြည်ဖြစ်လို့ပါပဲ” ဆိုပြီး အဖေက ပြောလိုက်တယ်။

အဖေ့အဖြေကိုကြားတော့ ကောင်ဆယ်လာရဲ့ မျက်နှာမှာ ပန်းနုရောင်နည်းနည်း သမ်းသွားတယ်။ ဒါပေမယ့် နိုင်ငံကြီးသားတို့ရဲ့အိနြေ္ဒနဲ့ ဟန်မပျက် ဆက်မေးတယ်။

“အမေရိကန်ပြည် ထောင်စုကို ဒုက္ခသည်တွေနဲ့ ထူထောင်ထားတဲ့တိုင်းပြည်ဖြစ်တယ်လို့ ဘာ့ကြောင့်ပြောနိုင်ရတာလဲ" တဲ့။

အဖေက ကောင်ဆယ်လာရဲ့မေးခွန်းကို မဖြေဘဲ သူ့ကို မေးခွန်းပြန်ထုတ်လိုက်တယ်။ “ခင်ဗျားကို တခုလောက် မေးလို့ရမ လား" ဆိုပြီး ပြန်မေးလိုက်တယ်။ စောစောက နိုင်ငံကြီးသားတို့ရဲ့အိနြေ္ဒနဲ့ တည်ထားတဲ့ ဟန်ချက်ဟာ ဒီတခါတော့ ခပ်ပါး ပါးလေး ပျက်သွားပုံရတယ်။ “သူကချည်းမေးလာခဲ့တာ၊ ခု အဖေနဲ့ကျမှ ပြန်အမေးခံနေရတယ်၊ ဒါပေမယ့် ရပါတယ်၊ မေးချင် တာမေးပါ" တဲ့။

အားနာနာနဲ့ပဲ အဖေလည်း မေးလိုက်ပါတယ်။

“ခင်ဗျားအဖေဟာ ဒုက္ခသည်တယောက်၊ ဒါမှမဟုတ် ခင်ဗျားအဖိုးဟာ ဒုက္ခသည်တယောက်၊ ဒါမှမဟုတ် ခင်ဗျားတို့ မျိုး ဆက်တဆက်ဆက်ဟာ ဒုက္ခသည်မျိုးဆက်တဆက် ဖြစ်လိမ့်မယ်၊ အဲဒါဟုတ်သလား” ဆိုပြီး မေးလိုက်ပါတယ်။

အဖေ့အတွက်ကတော့ ပြောချင်တာပြောလိုက်ရတော့ စိတ်ထဲပေါ့သွားသလိုတော့ ရှိတာပေါ့ သမီးရယ်။

အဖေကလည်း ပေါက်တဲ့နဖူး မထူးဘူးဆိုပြီးသာ မေးလိုက်မိတာပါ။ တကယ့်တကယ်တော့ သူပြန်ဖြေမယ့်အဖြေကိုရော၊ သူခံစားသွားရမယ့် စိတ်ခံစားမှုကိုရော သိချင်လှတာတော့ မဟုတ်လှပါဘူး။ စကားပြန်ခမျာ ဇောချွေးတွေတောင် ပြန်လာ ပုံရပါတယ်။ ဖြစ်နိုင်ရင် ဒီအခန်းထဲကတောင် အမြန်ဆုံး ပြေးထွက်သွားချင်နေတဲ့ပုံပေါ့။ အလိုက်ကန်းဆိုးမသိ မေးခွန်းထုတ် တဲ့ အဖေ့ကို နှာကစ်တာကတဘက်၊ မျှော်လင့်ချက်နည်းနည်းလာသလိုလိုရှိနေတဲ့ အဖေ့အင်တာဗျူးအတွက် စိတ်မကောင်း ဖြစ်နေတာကတဘက်နဲ့ အတော့်ကို အကျဉ်းအကျပ် တွေ့နေတဲ့ပုံပေါ့ သမီးရယ်။

ဒါပေမယ့်လည်း ဇာတ်သိမ်းဟာ အဖေတို့ မျှော်လင့်ထားတာထက် ပိုလှခဲ့ပါတယ်။ ကောင်ဆယ်လာရဲ့ မျက်နှာဟာ ပြုံးလာ ပါတယ်။ ပါးချိုင့်ကလေး ခပ်ရေးရေးတောင်မြင်ရသလို ထင်မိပါတယ်။ ရင်းရင်းနှီးနှီး ပြုံးလိုက်တဲ့ ကောင်ဆယ်လာရဲ့မျက်နှာ ဟာ Bee Gees က ဘယ်ရီဂစ်ကို သပ်သပ်ရပ်ရပ် ဆံပင်ညှပ်ထားတဲ့ရုပ်နဲ့ ခပ်ဆင်ဆင်တောင် တူသလားပဲ။

“ဟုတ်ပါတယ်။ ကျနော့်အဖိုးဟာ ခင်ဗျားတို့လို့ ဒုက္ခသည်တယောက်ပါပဲ" တဲ့။ ကောင်ဆယ်လာက စောစောကထက် ပိုရင်းနှီးတဲ့ လေသံနဲ့ ပြန်ဖြေပါတယ်။ အသီးသီးအသက သက်သောင့်သက်သာရှိလာတဲ့ အဖေတို့ရဲ့ စကားဝိုင်းလေးဟာလည်း အလုပ်သဘောထက် ဟိုဘက်အိမ် ဒီဘက်အိမ် လှမ်းပြောနေတဲ့ အိမ်နီးချင်းတွေလိုပေါ့ ရင်းရင်းနှီးနှီးရှိလာတယ်။

တကယ်တော့ “ဒုက္ခသည်" ဖြစ်ရတာ၊ “ဒုက္ခသည်" လို့ အထင်ခံရတာဟာ ရှက်စရာမဟုတ်ပါဘူး။ ရှက်ရမယ့်ကိစ္စလည်း မဟုတ်ပါဘူး သမီးရယ်။ အမှန်တကယ်က လူတွေကို ဒုက္ခရောက်အောင်လုပ်တဲ့သူတွေသာ ရှက်ကြရမှာပါ။ လူတွေကို အစုလိုက်အပြုံလိုက် ဒုက္ခရောက်စေတဲ့သူတွေသာ ရှက်ကြရမှာပါသမီး။

သမီးကိုယ်သမီး “ငါဟာ ဒုက္ခသည်တယောက်ပါ" လို့ပြောလို့ သမီးကို ဘယ်သူမှ အထင်သေးကြမှာမဟုတ်ပါဘူး။ အကူ အညီတောင် ပေးကြပါလိမ့်ဦးမယ်။ ဒါပေမယ့် “ဒီလူဟာ လူတွေကို ဒုက္ခရောက်အောင် လုပ်တဲ့သူပေါ့၊ ဒီလူဟာ လူတွေကို ဒုက္ခသည်တွေဖြစ်အောင် လုပ်တဲ့သူပေါ့”ဆိုပြီး သိလိုက်တာနဲ့ကို သိတဲ့သူတိုင်းက နှာခေါင်းရှုံ့ ကြ၊ ကဲ့ရဲ့ ကြ၊ ရှုတ်ချကြ၊ ငြင်းပယ်ကြ၊ ဆန္ဒပြကြမှာပဲပေါ့ သမီးရေ။

ဘာသာတူစရာမလိုသလို လူမျိုးတူစရာလည်းမလိုပါဘူး။ အသားအရောင်တူစရာမလိုသလို ကျား/မလည်း တူစရာမလိုပါ ဘူး။ နိုင်ငံတူစရာ မလိုသလို နိုင်ငံရေးအယူဝါဒလည်း တူစရာမလိုပါဘူး။ ခွဲခြားဆက်ဆံခံရပြီး ဖိနှိပ်ချုပ်ချယ်ခံရတယ်ဆိုရင်ကိုပဲ ဒုက္ခရောက်နေသူဖြစ်နေပြီပေါ့ သမီးရယ်။ ဒီလို ဒုက္ခရောက်နေသူတယောက်ကို ကူညီရမယ်ဆိုတဲ့အသိရယ်၊ သူတပါးဒုက္ခရောက်အောင်လုပ်တဲ့သူတွေကို ရှုံ့ချရမယ်ဆိုတဲ့အသိရယ်တို့ဟာ လူသားချင်းစာနာမှုဆိုတဲ့ လူသားဆန်မှုကနေ မြစ် ဖျားခံလာတာပေါ့ သမီးရယ်။

ရှေးဦး အမေရိကန်ဒုက္ခသည်တွေကတော့ သူတို့အတွက် နေပျော်စရာနိုင်ငံတခုကို တည်ထောင်နိုင်ခဲ့ကြသလို၊ သူတို့ဆီ ရောက်လာတဲ့ အဖေတို့ကိုလည်း သူတို့လိုပဲ ထူထောင်ကြဖို့ စိတ်ဓာတ်ခွန်အားတွေပေးပါတယ်။ သူတို့တုန်းက သူတို့ဘဝကို ရုန်းကန်အခြေချခဲ့ကြသလိုပဲ ခုမှရောက်လာတဲ့ ဒုက္ခသည်တွေကိုလည်း မိသားစုဘဝတွေ အခြေတကျ ထူထောင်နိုင်ဖို့ အကူအညီတွေပေးကြပါတယ်။

ကိုယ့်နိုင်ငံထဲမှာတင်ပဲ ထွန်ယက်စိုက်ပျိုးစရာ မြေယာမဲ့သူတွေ၊ အခြေချနေထိုင်စရာ အိမ်ခြေမဲ့သူတွေ၊ စစ်ဘေးစစ်ဒဏ်ခံကြရရှာသူတွေအားလုံးဟာ နိုင်ငံသားအခွင့်အရေးကို ခံစားခွင့်မရရှိကြရှာတဲ့ “နိုင်ငံမဲ့” တွေ၊ “ဒုက္ခသည်” တွေပဲပေါ့ သမီး ရယ်။

ရောင်းဝယ်ဖောက်ကားချင်ပါလျက် ရောင်းဝယ်ဖောက်ကားခွင့်မရတာ၊ သင်ချင်ပါလျက် သင်ချင်တဲ့ ဘာသာရပ်ကို သင်ကြား ခွင့်မရတာ၊ ပြောဆိုရေးသားဖော်ပြချင်ပါလျက် ပြောရေးဆိုခွင့်မရတာ၊ မျှတတဲ့ တရားဥပဒေရဲ့အဆုံးအဖြတ်ကို ခံယူခွင့် မရကြတာတွေဟာလည်း နိုင်ငံသားအခွင့်အရေးကို ဆုံးရှုံးကြရတာပဲပေါ့။ နိုင်ငံတော်ရဲ့အကာအကွယ်ပေးမှုကိုမရတဲ့ နိုင်ငံသားတိုင်းဟာ နိုင်ငံတွင်းက ဒုက္ခသည်တွေပဲပေါ့ သမီးရယ်။

ဒါကြောင့် ကိုယ့်နိုင်ငံအတွင်းမှာကိုပဲ နိုင်ငံမဲ့ဖြစ်နေရတဲ့၊ ကိုယ့်နိုင်ငံအတွင်းမှာကိုပဲ ဒုက္ခသည်ဖြစ်နေရတဲ့ အဖေတို့အနေနဲ့ လည်း အဖေတို့အတွက် နေပျော်စရာ နိုင်ငံတနိုင်ငံကို ထူထောင်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အားတက်စရာ တခုကတော့ ဒုက္ခသည်တွေချည်းစုပြီး နိုင်ငံတည်ထောင်လို့ရတယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုက လက်တွေ့ကျကျ သက်သေပြခဲ့တာပဲပေါ့ သမီးရယ်။

ဒါပေမယ့်လည်း အဖေတို့တိုင်းပြည်ရဲ့  ပြန်လည်ထူထောင်ရေးအခြေအနေကို ကြည့်လိုက်တော့ အဖေ့အတွက် မေးခွန်းထုတ် စရာလေးတွေ ရှိလာတယ် သမီးရေ။ ဒါကြောင့် အဖေမေးချင်တဲ့မေးခွန်းကို အရင်မေးပြီး အဖြေသိရရင်တော့ သမီးကို ခု ထက်ပိုပြီး ပြည့်ပြည့်စုံစုံပြောပြနိုင်လိမ့်မယ်ထင်ပါတယ်။

“ချစ်သော နိုင်ငံတော်ခင်ဗျား …
ဒုက္ခပေးသူတွေမပါဘဲနဲ့ ဒုက္ခသည်တွေချည်းစုပြီး နိုင်ငံထူထောင်လို့ မရနိုင်ဘူးလားခင်ဗျာ။
ဒုက္ခပေးသူတွေနဲ့ ဒုက္ခသည်တွေ ရင်ကြားစေ့ပြီး ဂုံနီအိတ်စွပ်ပြေးကြသလို နိုင်ငံထူထောင်ဖို့ကြိုးစားနေတာကရော တကယ် ရော ဖြစ်ကောဖြစ်နိုင်ပါ့မလား ခင်ဗျာ“

အောင်မော်ဦး
ဇွန်၊ ၁၈၊ ၂၀၁၇။

(အဖေနေ့အမှတ်တရအနေနဲ့ သမီးကိုပြောပြဖြစ်တဲ့ အဖေတယောက်အကြောင်းပါ)