မောင်လူရေး ● ခွဲခြားဆက်ဆံမှုကသာ ရောဂါအဖြစ် ကျန်နေတော့တာပါကလား

မောင်လူရေး ● ခွဲခြားဆက်ဆံမှုကသာ ရောဂါအဖြစ် ကျန်နေတော့တာပါကလား
(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၇

ကနေ့ ကျောင်းမှာ PLHIV တွေ့ဆုံပွဲလုပ်တယ်။

တချိန်က သေတော့မယ်လို့ ရုပ်ပျက်ဆင်းပျက်နဲ့ အိပ်ရာပေါ်လဲနေသူတွေက ဦးဆောင်သူတွေ ဖြစ်နေကြပြီ။ လူသစ်တွေ ဆိုရင် သိပ်မသိတော့ဘူး။ သူတို့ဘာသာ ဦးဆောင်နေကြပြီဆိုတော့ ကိုယ်နဲ့လည်း မထိတွေ့ဖြစ်တော့ဘူးလေ။ သူတို့အသံ လေးတွေ ခဏဝင်နားထောင်ဖြစ်တယ်။

ဆေးယဉ်ပိုးတွေနဲ့ပေမယ့် အိမ်ထောင်ဘက်က ပညာပေးလုပ်လို့မရလို့ ပြောသံလည်း ကြားရတယ်။

အချစ်ကမကုန်ဘူးတဲ့ဆိုပြီး ထပ်ထပ်ပြီးအိမ်ထောင်ပြုတတ်တဲ့တယောက်ရဲ့အသံလည်း ကြားရတယ်။

တယောက်ကတော့ အသိုင်းအဝိုင်းက နှိမ်ထား၊ အရင်းတွေက ပစ်ပယ် သေတော့မယ်အချိန် အဖွဲ့နဲ့ ချိတ်ဆက်မိ အသက်ရှင် လာတဲ့အကြောင်း။ သွေးသွန်တော့ ဆေးရုံတက်၊ ဆင်းလာတော့ အိမ်ရှင်က ကားလမ်းမပေါ် ပစ္စည်းတွေထုတ်ထား၊ သား အမိသုံးယောက် ခြင်ဆေးခွေထွန်းပြီး လမ်းဘေး၂ ညအိပ်ခဲ့ရတဲ့အကြောင်း။

မိဘကခွဲခြားဆက်ဆံ၊ ဇွန်းက အစခွဲ၊ သတ်သေချင်လောက်အောင်ဖြစ်၊ ဘဝတူ ကူညီသူတွေတွေ့တော့ သူတို့တောင်မသေဘူး ဆိုပြီး ပြန်ထူထောင်လာ။ အိမ်မှာ ဘာဆိုဘာမှ အတူမသုံးရ ငိုဘဲနေရ၊ အပျိုလေးဆိုတော့ အကိုတွေကလည်း လုံးဝမကြည်၊ ဆေးရုံလိုက်စောင့်ပေမဲ့ အကိုက ထိမကြည့်၊ ဘုရားကို တကြမှာဖြစ်ပေမဲ့ ကိုယ့်ကိုယ်ကိုပဲ အားပေးပါလို့ ပြောသွား။

ပတ်ဝန်းကျင်ကို ဂရုမစိုက်ပါဘူး ဘဝတူချင်းလာကြပါ ဝင်ကြပါ၊ လူက လုံးဝမလှုပ်နိုင်တော့ချိန် သူငယ်ချင်းက စက်ဘီးပေါ် တင်ပြီး ဆေးရုံရောက်အောင် ပို့ခဲ့လို့ အသက်ရှင်တာဆိုတာလည်း ကြားရ။

၉၈ ကတည်းက ကျန်းမာရေးပညာပေးတက်လာတဲ့ ယောက်ျားက ခွဲခြားတာ သတ်သေချင်စိတ်ပေါက်၊ ပန်းကန်အတူမစား၊ အိမ်နီးချင်းကလည်း မကြားဝံ့မနာသာပြော။ အမက ၇၆ နှစ် ရှိပြီ၊ ခုအပြည့်အဝကောင်းနေတာတောင် သွားလည်ရင် ကြောက်တုန်း၊ လာရင် ကျွေးပေးမယ့် စားပြီးလွင့်ပစ်တယ်၊ ခု သူ့ဆီသွားရင် မထိုင် မစား။ မောင်နှတွေက နင့်အဒေါ်အိမ် သွားရင်နော် မစားခဲ့နဲ့လို့ တူတွေ တူမတွေကို မှာလိုက်တုန်းဆိုတာလည်း ကြားရ။

အရပ်လက်သည်က မွေးမပေးရဲဘူး သွေးမသန့်လို့ဆိုပြီး ငွေကလည်း တကျပ်မှမရှိ၊ ယောကျာ်းကလိုက်လုပ်ပေး ဆေးတိုက် ချက်ပြုတ်ကျွေး။ မယားငယ်ပေမဲ့ ဂရုစိုက်တယ်၊ သူကတော့ ကုဖို့လုံးဝပြောမရတဲ့အကြောင်းလည်း ကြားရ။

သားက ၁၄ နှစ် ရေဆေး ဆီလိုက်ထားတယ်။  ပတ်ဝန်းကျင်က သူက အေလို့ပြောတော့ ၁ လနဲ့ ၁၈ ရက်အကြာမှာ အလုပ် ထုတ်ခံရတယ်၊ စက်ဘီးဆိုင်ပြောင်းထား၊ ဗြောင်ဖွင့်ပြောတယ်၊ လက်ခံတယ်၊ ကိုယ့်ကို နားလည်ပေးတဲ့သူရှာပြီးလုပ်ရတယ်၊ ခုဆို ၁ နာရီက ၅ နာရီထိ နှစ်ထောင်ပေးတယ်။ လူက သနပ်ခါးလိမ်း ပန်းပန် ကျော့နေပြီဆိုရင် သူက အေဆိုပြီး  မိန်းခ လေးချင်း ပိုပညာပြခံရတယ်။ သမီးကိုလည်း ဆရာမကမေးမေးနေလို့ အဖြေစာရွက်ပြပြနေရတယ်၊ နားလည်တဲ့သူဆီထားပါလို့ပြောတာလည်းကြားရ။

ကျမဆို ပထမ အဝတ်လျော်တာ၊ ရောဂါကူးမှာစိုးလို့တဲ့ မခိုင်းတော့ဘူး၊ ကျမနဲ့ရဘူးတဲ့ ကောင်လေးပါ အလုပ်ခက်နေတယ်။ ကျမတို့က ပညာပေးရလို့ ကွန်ဒုံးသုံးခဲ့တယ်၊ သူ့ကို စစ်ပေးမယ်လို့ ခေါ်ထားတယ်ဆိုတာလည်း ကြားရ။

နင်က AIDS ကောင်မ၊ နင်က သူများထောက်ပံ့လို့ စားရတဲ့ကောင်မဆိုပြီးပြောလို့ နင်က ကိုယ့်လူမျိုးအချင်းချင်းနှိမ်တယ်၊ ဟို နိုင်ငံခြားက လှမ်းထောက်ပံ့တယ်၊ ခု ဥပဒေရှိတယ်။ ငါ့ကို အဲလိုခေါ်ရင် နင့်ကို တရားစွဲမယ်ဆိုမှ ရပ်သွားတယ်ဆိုတာလည်း ကြားရ။
ဒါတောင် ခဏထိုင်မိတာ။
လူခြောက်ဆယ်လုံးပြောတာများကြားရရင် ဟူး.....

မောင်လူရေး
0