မင်းကိုနိုင် ● မမြင်ရသည့်တိုင် လှနေမှာပါလို့

မင်းကိုနိုင် ● မမြင်ရသည့်တိုင် လှနေမှာပါလို့
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၇

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

ကျနော် သင်္ဃန်းကျွန်း အ.ထ.က (၁) ၌ ကျောင်းတက်စဉ်အခန်းလွတ်တခုကို သတိထားမိသည်။ ထိုအခန်းအနီးရောက် လျှင် ကျောင်းသားများ ပခုံးတွန့်ကာ သုတ်ခြေတင်လေ့ရှိစမြဲ။ မကြည့်ပဲလည်း မနေနိုင်။ အမြဲပိတ်ထားသော ထိုအခန်းတွင်းသို့ မှန်ပေါက်မှတဆင့် မဝံ့မရဲချောင်းကြည့်ကာ နာနာဘာဝတွေ့သလိုလို တစုံတရာပဲအထဲမှ ခြောက်လှန့်နေသလိုလို ကျောင်း တွင်းနာမည်ကြီးနေသည့် ထိုအခန်း။

၁၉၅၀ ကျော် ၁၉၆၀ ကာလများက အခြေခံပညာအထက်တန်းကျောင်းများ၌ ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒအတွက် လက် တွေ့စမ်းသပ်ခန်းများတွေ့ရှိခဲ့သည်။ ကျနော်တို့ခေတ်ရောက်တော့ Practical ခေါ် လက်တွေ့စမ်းသပ်ခန်းများမှာ တက္က သိုလ်ရောက်မှ ကျောင်းစာသင်ချိန် ဇယားတွင်ပါလာသည့် အထူးအဆန်းဖြစ်နေပါ၏။ ယခုဆိုခဲ့သည့် သင်္ဃန်းကျွန်း အ.ထ. က (၁) တွင် ဓာတုဗေဒလက်တွေ့စမ်းသပ်ခန်းမှပေါက်ကွဲမှုတခုဖြစ်ခဲ့သော နာမည်ကြီးဖြစ်စဉ်တခု။ ထိုစဉ်က လက်တဖက် မှာ မျက်နှာကြက်ထိ လွင့်စင်သွားကြောင်း ကြားရ၏။

ထိုကျောင်းတက်ကြသည့် ကျနော် တို့မှာ ထိုအခန်းအနီးသို့ရောက်တိုင်း ကိုယ်ကလေးများကျုံ့မိကြစမြဲ။ ဘယ်နှစ်ဦးထိခိုက်ပျက်စီးသွားကြောင်း အတိအကျမသိရသော်လည်း သေချာတာတခုတော့ရှိသည်။ ကျနော်တို့ စာသင်ချိန် တခါတလေ ဆရာ/ဆရာမ မလာဖြစ်လျှင် အစားဝင်သည့် ဆရာမကအခန်းတွင်းသို့ စမ်းစမ်း စမ်းစမ်းဝင်လာစမြဲ။ သူ့အမြင်တွေဝိုးတဝါးဖြစ် နေတာ သေချာသည်။ သူက ရှေ့ဆုံးတန်းမှာ မိန်းကလေးသုံးလေးယောက်နှင့် တိုးတိုးသက်သာ စကားထိုင်ပြောနေမည်။ ကျနော်တို့ယောက်ျားလေးများက ပျော်ပွဲကြီးတွေ့ပြီး အတန်းနောက်ဘက်၌ ဘောလုံးကန်ခွင့်ရကြတာကို သတိရနေမိပါ သည်။

နောင်မှ ထိုဆရာမမှာ ဓါတ်ခွဲခန်းပေါက်ကွဲမှု၌ ပါဝင်ခဲ့သူအဖြစ် သိရပါသည်။ ဒါဖြင့် လက်ကို ထိခိုက်လွင့်စင်ပြီး မျက်လုံးစုံ ကွယ်သွားသူက ဘာဖြစ်ပါသေးသနည်း။ အသေအပျောက်ရော ရှိသေးသလား။ ကျနော် သိချင်စိတ်ကို အနှစ်လေးဆယ်နီး ခါမှ အဖြေပေးလာသည်။
*-*-*-*-*-*-*

ခဝဲခြံမျက်မမြင်ကျောင်းဟောပြောပွဲတွင် ကျနော့်အား လာနှုတ်ဆက်သူ သင်းအုပ်ဆရာကြီးမှာ ကျနော်နှင့်အတူ သင်္ဃန်း ကျွန်း အ.ထ.က (၁) ကျောင်းသားဟောင်းချင်းတူသည်ဟုဆိုရာမှ စကားစပ်မိပြီး လက်စသတ်တော့ ထိုဓါတ်ခွဲခန်း ပေါက်ကွဲ တုန်းက လက်ပါ ထိခိုက်မျက်လုံးပါကွယ်ခဲ့ရသူမှာ ထိုဆရာကြီးပင်ဖြစ်ကြောင်း သူကိုယ်တိုင်ပြောမှ သိရပါတော့သည်။

ကျနော်က ထိုကျောင်းတက်စဉ် တလျှောက်လုံး ထိန့်လန့်စပ်စုခဲ့သမျှ သူ့အားတင်းတင်းဆုပ်ကိုင် နှုတ်ဆက်ခွင့်ရသည်တွင် စိတ်လှုပ်ရှား၊ငယ်သွေးတွေ ဆူဝေနေသလောက် သူကား ပကတိငြိမ်သက်လျက်။ မျက်မှန်မည်းအောက်မှ မျက်ဝန်းတွေ ကျနော်မမြင်ရသည့်တိုင် သူ့၏သေသပ်သည့် နှစ်လိုဖွယ်အပြုံးကိုတော့ အားရမဆုံးပါ။

“ အဲ့ဒီတုန်းက ရော့ကက်လွှတ်ဖို့အထိ ကြိုးစားခဲ့တာဗျ၊ အဲဒီအထဲထည့်ဖို့ ယမ်းကိုစမ်းသပ်ရင်း ခုလိုဖြစ်တာ”

ဆရာကြီးက အပြုံးတဝက်စွက်၍ ခုလိုရှင်းပြနေပါ၏။ ကျနော်က ထိုဆရာကြီးတို့ခေတ် လွပ်လပ်ရေးရပြီးစ ပညာရေးကို မှန်း ဆခွင့်ရလိုက်သည်။ အခြေခံပညာကျောင်းသားက ‘ဒုံးကျည်တီထွင်ဖို့ စိတ်ချယုံကြည်ခဲ့သည်ပဲ။ ကိုရီးယားသမ္မတနိုင်ငံရဲ့ တပ်မတော်အတွက် KAIST တက္ကသိုလ်က ရော့ကတ်တွေတီထွင်ပေးနေတာ ဘယ်အဆန်းဟုတ်တော့မလဲ?။

ယခု ဆရာကြီးကတော့ လက်တဖက်ရော အမြင်အာရုံပါ စတေးခဲ့ရတော့ သိပ္ပံသမားကြီး ဆက်မလုပ်နိုင်။ ဒါလည်း အားမ လျော့ဒဿနိကဗေဒဖြင့် တက္ကသိုလ်ဆက်တက်ပြီး ယခုမျက်မမြင်ကျောင်း (ခဝဲခြံ) တွင် သင်းအုပ်ဆရာကြီးလည်းဖြစ်၊ တည်ထောင်သူတဦးအဖြစ်လည်းပါ ကျောင်းသားတွေ အားကိုးရာဖြစ်နေပြီ။

ကျနော်ခုမှ စိတ်လက်ပေါ့ပါးသွားသည်။ ခုနကအထိကျနော့်မှာ ဝန်ထုပ် ဝန်ပိုးရှိနေခဲ့တုန်း။ မျက်မမြင် ကျောင်းမှာ ငါဘာတွေ ခွန်အားပေးရပါ့။ ဟယ်လင်ကယ်လား အကြောင်းပြောလည်း သူတို့ သိပြီးနေမှာ။ ခပ်လှမ်းလှမ်းက နမူနာတွေ အနီးဆုံးစံပြ စရာ နမူနာတခုခုကိုပြလိုက်ချင်တာဟု တောင့်တမိသမျှ ယခုပက်ပင်းတိုးနေပြီ။

ကျနော်စကားပြောရသည့်အလှည့်ရောက်သော် စင်ပေါ်မှနေ၍ ပရိသတ်ထဲကြည့်မိသည်။ မျက်မှန်နက် ကိုယ်စီအောက်မှ တစုံတရာကို အသင့်စောင့်နေကြသည့် မျက်နှာများ၊ ကျနော်စကားတခွန်း တော့ပြောမှဖြစ်မည်။ မှန်၍ အကျိုးရှိနားခံသာသည့် စကားက ဘာပါလိမ့်။

“လူဟာ အာရုံငါးပါးမှ တခုခုချွတ်ယွင်းသည့်တိုင် တန်ဖိုးမယုတ်လျော့သေးပါဘူး”

ဟိုတနေ့က မသန်စွမ်းတဦး လမ်းကူးသည်။ အများသူငါလိုတော့ ဘယ်သွက်ပါ့မလဲ။ ဒါကို ကားသမားအများစုက ကြာရန် ကောဟုငြိုငြင်ကာ သူ့အား ကြိမ်မောင်းသည်။ သူစိတ်လှုပ်ရှားသွားပြီး ကားတွေကြားထဲကွေ့ပတ်ရှောင် အယောင်ယောင်အမှားမှားဖြစ်သွားသည်။ ပိုမိုရင့်သီးသည့် အသုံးအနှုန်းများဖြင့် ဆဲရေးခံလိုက်ရပြန်၏။ သူရှက်ရွံ့နာကျင်စွာ နားနှစ်ဖက် အုပ်လိုက်သည်ကိုသာ မြင်လိုက်ရသည်။

ဟိုတရက်ကလည်း ဘက်စ်ကားပေါ်မြန်မြန်တိုးတက်ခိုင်းပြီးမှ မသန်စွမ်းဟုဆိုကာ တွန်းချခဲ့သော ယာဉ်နောက်လိုက်နှင့်တွန်း ချခံတို့ဓာတ်ပုံများကို ကြည့်လိုက်ရသည်။ မသန်စွမ်းသူကို အဓမ္မပြုကျင့်သူတွေအကြောင်းကလည်း ပါလိုက်သေး။

လောကကြီးတွင် မသန်သူတို့ကို ကူဆယ်သူတို့က ကူဆယ်နေချိန်၊ နှစ်သူတွေက နှစ်နေဆဲ။

နိုင်ငံတကာတွင် မျက်မမြင်များအတွက် မီးပွိုင့်များတွင် အသံပေးကိရိယာတပ်ထား ပေးရစမြဲ၊ မြို့ထဲလမ်းတွေပေါ် မျက်မမြင် များ စိတ်ချလက်ချကူးဖြတ်နေကြစမြဲ။ ကျနော်တို့ရှေ့မြင်ကွင်းများတွင်တော့ခြေမသန်သူများကို လမ်းကူးနှေးရကောင်းလား ကြိမ်းမောင်း၊ မသန်သူက လက်ကလေးကာကာပြကာတောင်းပန် ကူးရတာတွေ တွေ့ရပေါင်းမနည်း။

တကယ်တော့ စာနာမှုတရားဟူသည် လူတိုင်းရင်ထဲအမြဲရှိသည်မဟုတ်။ ထို့ကြောင့်လည်း စာနာမှုအားကိုးစဉ်းစားမရ။ ထို့ ကြောင့် မသန်စွမ်းသူတို့အတွက် ဥပဒေ၊ အခွင့်အရေးများဖြင့် ပြဋ္ဌာန်းပေးရခြင်းဖြစ်သည်။ အများနှင့်ဆိုင်သောအဆောက်အအုံတခုဆောက်မည်ဆိုလျှင် ဘီးတပ်ထိုင်ခုံများသွားလာရရန်စဉ်းစားကာ တည်ဆောက်ပေးရန် ပြဋ္ဌာန်းလာရသည်။

ယနေ့ခေတ်တွင် မြေညီကွင်းတွင်ယှဉ်ပြိုင်ခွင့်ဆိုသည့်စကား ခေတ်စားလာသည်။ အခွင့်အရေး တူမျှရေးကြွေးကြော်သံပင်။ ဤတွင် မသန်စွမ်းသူတို့အတွက် စဉ်းစားစရာဖြစ်လာ၏။ ခုနကဥပမာဆိုလျှင် ခြေမသန်သူတို့ကို တွဲရန်မလို၊ သူ့အား သူကိုး ဘီးလှိမ့်နိုင်ရန်သာ လမ်းဖန်တီးပေးထားပါဟု ဆိုလိုပါသည်။

ထိုနေ့ကမျက်မမြင်များနှင့် မိတ်ဆက်ပေးရာ ကျွန်တော်တို့က လူ့ယဉ်ကျေးမှုအရ ခါးညွတ်နှုတ်ဆက်ခဲ့ကြသည်။ သူတို့မမြင် မှန်းသိလျက် ကျွန်တော်တို့ ဦးညွတ်နှုတ်ဆက်ကြတာ ဘာ့ကြောင့်ပါလဲ။ မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ လေးစာသမှု ပေးပါသည်။ မမြင်ရလို့လုပ်မနေတော့ဘူးဆိုတာမျိုးမဟုတ်၊ မမြင်ရသည့်တိုင် လေးစားသမှု ပြုနေပါသည်ဟုဆိုလိုပါသည်။ ကျနော်က သူတို့အား ကျနော်ဂူအောင်းဘဝက တကိုယ်တည်းနေရစဉ် နံရံပေါ် အုတ်နီခဲ မီးသွေးခဲများဖြင့် ပုံဆွဲရန် အပြင် လောကကြီးအား မှန်းဆကြည့် မြင်ယောင်ရပုံကိုလည်း ဖောက်သည်ပြန်ချရာ သူတို့စိတ်ဝင်စားကြသည်။ထိုစဉ်က နံရံထူကြီး နေ့စဉ်ကာဆီးထားတော့ ပြင်ပကမ္ဘာကြီးကိုမမြင်ရကြာပြီးမှန်းဆမြင်ယောင်ရတာ ကျနော့်မှာ သူတို့ (မျက်မမြင်ဘဝများ) နှင့် မခြားသလို ခံစားရသည်။ ထိုစဉ်က ကျနော်ကြွေးကြော်မိတာတခု ရှိသည်။

“မမြင်ရသည့်တိုင် လောကကြီးဟာ လှနေမယ်လို့ ယုံခဲ့တဲ့အလျောက်”

ကျနော် သူတို့ကိုပြောပြသေးသည်။ မျက်မမြင်မောင်နှံမင်္ဂလာဆောင်တော့ သတို့သမီးကို မိတ်ကပ်လိမ်းခြယ်တာ ပြီးလုနီး အချိန်သတို့သားက မစောင့်တော့ဘဲ ကြည့်ခွင့်တောင်းသည်။ မိတ်ကပ်လိမ်းသူတွေက ပထမတော့ ရယ်မိသေးသည်။ ပြီး တော့မှ စာနာမိပြီး လာကြည့်လှည့်ဟု ဖိတ်ခေါ်သည်။ သတို့သမီးက "ရှက်စရာကြီး လာမကြည့်နဲ့" ဟု ဟန့်သေး၏။ သတို့ သား ဇွတ်ပူဆာ၍ ခွင့်ပြုလိုက်ရသည်။ သတို့သားမှာ မျက်မှန်နက်ကြီးတပ်လျက် သူချစ်မြတ်နိုးသောဘဝတူ (မျက်မမြင်) သတို့သမီး အပြီးသတ်အလှပြင်သည်ကို တစိမ့်စိမ့် ထိုင်ကြည့်ခွင့်ရပေတော့သည်။

“ပကတိမျက်စိနဲ့ထိုင်ကြည့်တာလောက်တော့ ဘယ်စာဖွဲ့လိမ့်မလဲဗျာ၊ မြတ်နိုးစိတ်နဲ့ မှန်းဆကြည့် ရတဲ့အကြည့်မျိုး၊ နံ ဘေးမှအလှပြင်နေတဲ့ချစ်သူကို အားပေးရင်းစိတ်ကူးနဲ့ လှပေးနေရတဲ့ တစိမ့်စိမ့်အကြည့်မျိုးပေါ့” ဟု ကျနော်က ဖွင့်ဆိုသော အခါ ခဝဲခြံမျက်မမြင်ပရိတ်သတ်က ဩဘာပေးလျက် ပြုံးရွှင်ရယ်မော သဘောတူညီခဲ့ကြသည်။

“မမြင်ရသည့်တိုင် လှနေမယ်လို့ ယုံခဲ့တဲ့အလျောက်” ပေါ့။ မျက်မမြင်များနှင့် စိတ်ဝေဒနာရှင်များ ဘောလုံးပွဲအကြောင်းသူတို့သိပြီးသား။ မျက်စိကန်းတာထက် အသိဉာဏ်ကန်းတာပိုဆိုးကြောင်း သူတို့နားလည်ပြီးသား။

အသိဉာဏ်မကန်းသည့် သူတို့က ဤသို့ဆိုသည်။ “ကျနော်တို့စိတ်မကောင်းတာက လူကောင်းတွေက ကိုယ်အင်္ဂါချို့ယွင်းသူ တွေကို သနားချင်သနားမယ်၊ စွန့်ကြဲချင်စွန့်ကြဲမယ်၊ လက်တွဲဖို့တော့ ဝန်လေးကြတာကိုပါပဲ၊ မင်္ဂလာမရှိဘူး၊ ကျက်သရေ မရှိဘူးစသဖြင့် ငြင်းဆန်ကြတယ်” ဟု ဝမ်းပန်းတနည်းဆိုလာသည်။ ကျက်သရေမင်္ဂလာဆိုတာဘာလဲဟု ကျနော့်ရင်ထဲပဲ့တင်မြည်ဟီးလာပါသည်။

အလုပ်တာဝန်ကျေပြွန်သော ကြိုးစားသော၊ သစ္စာရှိသောမိတ်ဆွေသည် အာရုံအင်္ဂါ တစုံတရာ ချွတ်ယွင်းရုံမျှ ကျက်သရေ မင်္ဂလာ မဲ့ပါရော့လား။

ကျွန်တော်တို့နှလုံးသားများသည် “မမြင်ရသည့်တိုင် လှနေမှာပါ” လို့ အမြဲယုံနေရအောင် တကယ်လှပါရဲ့လား။

မင်းကိုနိုင်
0