ကျော်ဟုန်း ● ကနေဒါ ဗန်ကူးဗားမှ (၅) ကြိမ်မြောက် ရံပုံငွေပွဲ

ကျော်ဟုန်း ● ကနေဒါ ဗန်ကူးဗားမှ (၅) ကြိမ်မြောက် ရံပုံငွေပွဲ
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၇

မြန်မာပြည်တွင်းမှ ကလေးများရဲ့ ကျန်းမာရေးနဲ့ ပညာရေးအတွက် လှူဒါန်းရန် ၅ ကြိမ်မြောက် ရံပုံငွေပွဲကို 735 Eight Ave, New Westminster, Vancouver B.C မှာတည်ရှိတဲ့ Massey Theatre တွင် ၈ ဇူလိုင် ၂၀၁၇ စနေနေ့မှာ ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ကျင်းပခဲ့ပါတယ်။


အဆိုပါ ရံပုံငွေပွဲကို Myanmar Special Relief _ Vancouver က ဦးဆောင်ခဲ့တာဖြစ်ပြီး အဆိုတော် R ဇာနည်နှင့်ဆုန်းသင်းပါရ် တို့ကို ဖိတ်ခေါ်ကျင်းပခဲ့ပါတယ်။

သီဆိုဖြေဖျော်မှုမစခင်မှာ အခမ်းနားမှူးတာဝန်ယူဆောင်ရွက်ကြတဲ့ ဖာချင်းသာနဲ့ မမေအောင်တို့သမီးငယ် ၂ ယောက်မှ အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ကိုတင်ကိုကိုမှ ပွဲဖြစ်မြောက်ရေးဆောင်ရွက်သူများကို စင်ပေါ်သို့ဖိတ်ခေါ်ပြီး မိတ် ဆက်ပေးပါတယ်။ ထို့နောက်မှာ မြန်မာလူမှုထောက်ပံ့ရေးအသင်း (ဗန်ကူးဗား-ကနေဒါ) ရဲ့ မြန်မာပြည်တွင်းသို့ လှူဒါန်းနိုင် ခဲ့သော ရံပုံပွဲများမှတ်တမ်းကို ကိုတင်နွယ်မှ တင်ဆက်ပြသပြီး အသင်းကိုယ်စား ကြွရောက်အားပေးလာသူ ပရိသတ်များကို ကျေးဇူးတင် စကားပြောကြားပါတယ်။



အခမ်းအနားမှူးများမှ FNG တီးဝိုင်းအဖွဲ့ သားများကို ဖိတ်ခေါ်အပြီး မိတ်ဆက် လက်စွမ်းပြ ပမာဏတီးလုံးဖြင့် ပရိသတ်ကို စတင်ဖြေဖျော်ပါတယ်။ FNG တီးဝိုင်းမှာ လိဒ်- ဇော်ဇော်၊ အပုလေး၊ ဘေ့စ်- စောလယ်ဝါး၊ ရသမ်- စောကမွှီး၊ သန်းထိုက်၊ ပါ ကာရှင်း- တင်ကိုကို၊ ကိုထူးထူးအပြင် ဆန်ဖရန်စစ္စကိုမှ ကိုခင်စိုး (ကီးဘုတ်)၊ ကိုစောဖြူ (ဒရမ်) တို့က အားဖြည့်တီးခတ် ပေးကြပါတယ်။

ဒိနောက်မှာ R ဇာနည်ရဲ့ သီဆိုမှုဖြင့် ပွဲကိုစတင်ခဲ့ပါတယ်။ ဆုန်သင်းပါရ်နဲ့ R ဇာနည်တို့ရဲ့ အလှည့်ကျဖြေဖျော်မှုကို အပိုင်း ၄ ပိုင်းခွဲထားပြီး ဒုတိယပိုင်းဖြေဖျော်အပြီးမှာ ၁၅ မိနစ် နားပါတယ်။

ထိုအတောအတွင်းမှာ ပရိသတ်ကို ကံစမ်းမဲဖောက်ခြင်း၊ အဆိုတော် ၂ ဦးရဲ့ ကိုယ်ရေးအကျဉ်း မေးမြန်း၍ အဖြေမှန်သူအား အဆိုတော်များနှင့်တွဲကာ ပိုလာရွိုက်ကင်မရာဖြင့် ဓာတ်ပုံရိုက်ပေးခြင်း၊ အမှတ်တရ လက်မှတ်ထိုးခြင်းများ ပြုလုပ်ပေးပါ တယ်။ ကံစမ်းမဲ ဒေါ်လာ ၂၅၀ ပေါက်သူ မစုစုထွေးမှ ရံပုံငွေသို့ ပြန်လည်လှူဒါန်းခဲ့ပါတယ်။



ပန်းစည်း၊ ပန်းကုံးများကို မလှဆွေဝင်းနှင့်အဖွဲ့မှတာဝန်ယူ ရောင်းချပေးပြီး ကြိုတင်လက်မှတ် မဝယ်နိုင်သော ပရိသတ်များ အတွက် ပွဲနေ့တွင် အဝင်ဂိတ်ဝမှာ ရုံဝင်လက်မှတ်များကို မခင်နှင်းလှိုင်၊ မမျိုးမျိုးအေးတို့မှ ရောင်းချပေးပါတယ်။

ထိုရံပုံငွေပွဲအတွက် စုစုပေါင်း လက်မှတ်ရောင်းရငွေမှာ ကနေဒါဒေါ်လာ ၁၂၀၀၀ ရရှိကြောင်း ဦးဆောင်စီစဉ်သူ ၁ ဦးဖြစ်သူ ကိုမြင့်ဝင်း (အပုလေး) မှ ပြောကြားပါတယ်။ ရုံဝင်ခလက်မှတ်များကို ၃၀၊ ၅၀၊ ၇၀ ဒေါ်လာဖြင့်ရောင်းချခဲ့ကြောင်း သိရပြီး ရသုံးငွေများတွက်ချက်ပြီးလျှင် အဆိုတော် R ဇာနည်မှတဆင့် မြန်မာပြည်တွင်း ကလေးငယ်များ ကျန်းမာရေး၊ ပညာရေး အတွက် ယခင်နှစ်များလို ပေးပို့လှူဒါန်းသွားမှာဖြစ်ပါတယ်။

မြန်မာလူမှုကူညီထောက်ပံ့ရေး (ဗန်းကူးဗား-ကနေဒါ) အသင်းဟာ မြန်မာပြည်တွင်းအတွက် ရံပုံငွေပွဲပြုလုပ် လှူဒါန်းခဲ့တာ ယခနှစ်အထိ ၅ ကြိမ်မြောက် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရပါတယ်။

Comments