မောင်လူရေး ● စစ်ကိုင်းအရေးအခင်း

မောင်လူရေး ● စစ်ကိုင်းအရေးအခင်း
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၇

ရှစ်လေးလုံးတုန်းက ဆွမ်းစားပြီးတာနဲ့ မိသားစုဆေးလိပ် ၅ လိပ်လောက် သင်းပိုင်အလိပ်ထဲထည့်ပြီး ဘုရားကြီး ၄၅ တာ ကွင်းထဲ သွားတော့သည်။ အဲဒီမှာ လာဟောကြပြောကြသူပေါင်း သောင်းခြောက်ထောင်။ တရက်တရက် လက်ခုပ်တီးရ လွန်းလို့ လက်တွေ ဘယ်လောက်နာနေနေ ကြိုက်တဲ့အလုံးပါရင်တော့ ထပ်တီးလိုက်သေးသည်။ သပိတ်စခန်းတွေလှည့် တဲ့နောက် လျှောက်လိုက်။ ကပ်ထားတာတွေ လိုက်ဖတ်။ ဝေတာယူ ရောင်းတာဝယ်သည်။ အားလုံးပြီးဆုံးလို့ ညပိုင်း ပြန် လာရင် ဂေါ်ဂီရဲ့ အမေစာအုပ်ထဲက စာသားတွေ နုတ်ထုတ်သည်။ စုတုပြုသည်။ ဗန်းမော်တင်အောင်ရဲ့ မြစ်ဧရာပေါ်ဝယ်လည်း အဲလို။ ဟိုစာအုပ် ဒီစာအုပ်ထဲကဟာတွေ နုတ်ထုတ်လိုက်၊ တွေးလိုက်၊ ကိုယ့်ဘာသာ ဟိုရေးလိုက် ဒီရေးလိုက်။ အထူးသဖြင့် တရက်တာ အတွေ့အကြုံတွေ အကုန်ပြန်ရေးသည်။ အဲဒီမှတ်တမ်းတွေအကုန်လုံး အမေရဲ့ မီးသဂြိုဟ်ခြင်းထဲ တခြားဂျာနယ် စာစောင်တွေနဲ့အတူ အကုန်ပါသွားပြီ။ အထူးသဖြင့် ဥတ္တမဂျာနယ်အစအဆုံးကို အလွန်နှမျောမိသည်။ ကျောင်းက သည် အထုတ်ကို အမေ့ဆီပို့လိုက်သည်။ အမေလည်း ထိမ်းသလောက်တော့ ထိမ်းသေးသည်။ ၉၀ မှာ မစိုးရိမ်ကို ဝင်စီးလို့ ပြေးရ တဲ့အချိန်မှာတော့ အမေလည်း အိမ်မှာ ဆက်မထားရဲတော့ ရှို့လိုက်ရသည်တဲ့။

တရက်တော့ ဂဠုန်နီထဲဝင်လိုက်သည်။ ကိုယ်က စာစောင်နားလုပ်ချင်သည်။ မရ။ ဝင်ဝင်ချင်း မြစ်ငယ်ကို ဒမြသွားဖမ်းရမည်တဲ့။ ဟာ မဖြစ်ဖူး။ အဲဒါတွေ မလုပ်ချင်ဘူး၊ ကိုယ့်ဗလကလည်း ဗလံလေး၊ ကိုယ့်ဇကလည်း မဟန်သေးဆိုတော့ ငြင်းရသည်။ ပေါင်းလဲတိုက်ထဲက ကိုယ်တော်ကို ဂဠုန်နီတွေ ဝိုင်းဖမ်းခုတ်ထစ်ထားတာကိုလည်း အစအဆုံးမြင်ဘူးထားသည်။ ဟောပြော ပွဲတွေ စောင့်ရှောက်ဖို့ လိုက်မလားဆိုတော့ ကိုယ့်အကြိုက်ပေါ့။ စင်ပေါ်က နေရာတကျ ဒါမှမဟုတ် ဟန်ကျပန်ကျနေရာက နားထောင်ရသည်။ အအေးတောင် သောက်ရသေးသည်။ ဆေးလိပ်လည်း အသင့်။ အဲဒီမှာ လူရွှင်တော်တွေ ဟောကြသည်။ သာဓုကို တော်တော်ကြိုက်သည်။ သူပြောတဲ့ နွားတောင် ချည်တိုင်ဟောင်းကိုတော့ ပြန်လှည့်ကြည့်သေးတာဘဲဆိုတဲ့စကား ကို အမှတ်ရသည်။ ထူးထူးခြားခြားမှတ်မိတာက စာရေးဆရာမ နုနုရည် (အင်းဝ)။ သူက အဲဒီတုန်းက အကျော်ကြားဆုံး စာရေးဆရာမ။ ကိုယ်က သူရေးတာတွေ အကုန်ဖတ်ဖူးထားတဲ့သူ။ လေးစားအားကျသူ။ သူ့ရဲ့ နမ်းမှာလားမောင်ရဲ့ မွှေး တယ်ရှင့်ဆိုတာ ဆင်ဆာအဖွဲ့နဲ့ ပွက်ပွက်ညံခဲ့သည်။ စင်ပေါ်မှာ ဆင်ဆာအဖွဲ့ကို စာပေကင်ပေတိုင်တို့ စာပေပုလိပ်ကြီးတို့ အကြိမ်ကြိမ်သုံးသည်။ အဲဒါ သူစသုံးတဲ့စကားလုံးလားမသိ။ သူက စစ်ကိုင်းအရေးအခင်းနဲ့ပတ်သက်ပြီး သူရေးမည်၊ အချက် အလက်တွေ သူစုဆောင်းနေသည်၊ သူ့ဆီကို ပို့ပေးကြဖို့ ပွဲတိုင်းမှာနှိုးဆော်သည်။ သီတဂူတရာတော်ကလည်း ရာဇောဝါဒ တွေဟောပြီး အဲဒီခွေတွေက ရတဲ့ငွေတွေ စစ်ကိုင်းအရေးအခင်းမှာ အသတ်ခံလိုက်ရတဲ့သူတွေရဲ့ ကလေးတွေအတွက်ရံပုံ ငွေလုပ်နေချိန်။ စစ်ကိုင်းအရေးအခင်းမှာ လူငါးရာလောက်အသတ်ခံလိုက်ရသည်လို့လည်းပြောကြသည်။ တိုင်းကောင်စီ ဥက္ကဋ္ဌကျော်စွာရဲ့အမိန့်နဲ့ လူအုပ်ကြီးထဲကို စပယ်ရှယ်နေရာတွေယူပြီး အသားကုန်ပစ်ခဲ့သည်ဟုဆိုသည်။ နေ့မှာဖြစ်တာ ၈၄လမ်းကနေ ကားသံတွေတညလုံးကြားနေရသည်။ ကိုယ်က မြင်းဝန်တိုက် အနောက်ဖက်ခြမ်းမှာဆိုတော့ ကြားနေရသည်။ ကားတွေ ချောဆွဲ၊ အလောင်းတွေရော မသေမရှင်တွေရော စစ်ကိုင်းတံတားပေါ်ကနေ ရေထဲပစ်ချပြီး အလောင်းဖျောက်ကြ သည်တဲ့။ နောင် ရန်အောင်မန်းကားသမားတွေကလည်း ပြောပြဘူးသည်။ နောင်တော့ အုံးတောက အကိုတယောက်က သူ့ပေါ်မှာ အလောင်းတွေပုံနေလို့ သူမသေခဲ့တာ၊ လူ့ခန္ဓာကိုယ်ထဲကို ကျည်ဆံတွေဝင်လာတဲ့အသံတွေတောင် ကြားရသည် ဟု သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။ မြစ်အောက်က ရွာတွေက ရသလောက်ဆယ်ထားကြသည့်အလောင်းတွေပင် မနည်းမနော။ အဲဒီတုန်းက ရဲစခန်းဆီ နောင်ရိုးတင်ဝင်းကို လွှတ်ပေးဖို့ လာတောင်းဆိုကြသည့် အရပ်သားတွေကို ပစ်ခတ် သတ်ဖြတ်ခဲ့သည့် ရဲအရာရှိတယောက်သည် ဒီပဲယင်းတွင် မြို့နယ်မှူးဖြစ်ပြီး ဒီပဲယင်းလုပ်ကြံမှုကို ဆက်လက်လုပ်ဆောင်ရ သည့်သူဟုဆိုသည်။

တပါတီအာဏာရှင်က ရှစ်လေးလုံးအစကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက်သတ်ဖြတ်မှုနှင့် စခဲ့သည်။

သို့သော် လူထုအုံကြွမှုဆိုသည်ကား သေနတ်နဲ့ ဟန့်တားလို့ရတဲ့အရာ မဟုတ်ချေတကား။

မောင်လူရေး
0