မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး - အပိုင်း (၃)

မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး - အပိုင်း (၃)
(ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးသပ်ချက်)
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၇

● မြောက်ပိုင်းမဟာမိတ်များနှင့်ပတ်သက်သော အမြင်များ
မြောက်ပိုင်းမဟာမိတ်အဖွဲ့ ပေါ်ထွက်လာပြီး FPNCC ဖွဲ့စည်းခြင်းသဘောထားများ ထုတ်ပြန်ခြင်းတို့ ပေါ်ထွက်လာပြီးနောက် အဆိုပါအဖွဲ့ဖြစ်တည်လာခြင်းနှင့် ထိုအဖွဲ့၏သဘောထားကို အမျိုးမျိုးသုံးသပ်ယူဆမှုများ ပေါ်ထွက်လာသည်ကို တွေ့ရ သည်။ အမြင်အမျိုးမျိုးတွေ့ရသည်။

UWSA အား ဗဟိုပြုသည့် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့သည် တရုတ် မြန်မာနယ်စပ်တလျောက် အခြေပြုသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၎င်းတို့သည် စစ်ရေးရည်မှန်းချက် အရဖွဲ့စည်းထားသော မဟာမိတ်မဟုတ်၊ နိုင်ငံရေးအရစုစည်းထားသည့် မဟာမိတ်အဖွဲ့ဖြစ်သည်ဟုဆိုသော်လည်း စစ်ရေးအရဖြစ်နိုင်ချေများကို ပြင်ဆင်စုဖွဲ့ထားပုံရသည်ဟု သုံးသပ်ကြသည်။ FPNCC ဖွဲ့စည်းခြင်းသည် တိုင်းရင်းသားအဖွဲ့များအနေနှင့် ၎င်းတို့၏ လို လားချက်များကိုအင်အား စုစည်းရပ်တည်တောင်းဆိုရန်ဖွဲ့စည်းထားသည်ဟု ယူဆကြသည်။ ထို့ပြင် အဆိုပါမဟာမိတ် အဖွဲ့ ၇ ဖွဲ့၏ လက်နက်ကိုင်အင်အားမှာ တပြည်လုံးရှိ တိုင်းရင်းသားလက်နက်ကိုင်အင်အား၏ ၈၀ ရာခိုင်နှုန်းခန့်ရှိပေရာ မြန်မာပြည် ပြည်တွင်းစစ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးအတွက် အလေးထားရမည့် ပြဿနာလည်းဖြစ်၍နေသည်။

လက်ရှိအချိန်တွင် FNPCC မှ NCA လမ်းကြောင်းအတိုင်းမသွားဘဲ သီးသန့်လမ်းကြောင်းတခုဖေါ်ဆောင်မည်ဟူသည့် ကန ဦးထုတ်ပြန်ချက်ကြောင့် NCA ကို ဆုပ်ကိုင်ထားသော အစိုးရနှင့်တပ်မတော်ကြား ညှိနှိုင်းရန်ခက်ခဲသည့်အခြေအနေ ဖြစ် ပေါ်ခဲ့သည်။ သို့သော် နောက်ပိုင်း မြောက်ပိုင်းမဟာမိတ် ၇ဖွဲ့တာဝန်ရှိသူများ၏ ပြောဆိုချက်အရမြောက်ပိုင်း ၇ ဖွဲ့နှင့်ငြိမ်းချမ်းရေးကော်မရှင်တို့ကြား ညှိနှိုင်းဆွေးနွေးနိုင်သည့် လမ်းစရှိသေးသည်ဟု ဆိုရပါမည်။

သို့ရာတွင် FPNCC အနေနှင့်သော်၎င်း UWSA အနေနှင့်သော်လည်းကောင်း၊ ထုတ်ပြန်တောင်းဆိုမှုများသည်လည်းကောင်း၊ ဖြစ်နိုင်ဘွယ်မရှိဟု သုံးသပ်ကြည့်မြင်သည်များကို တွေ့ရသည်။ တကယ်တမ်းအားဖြင့်ဆိုလျင် UWSA ၏ တောင်းဆို ချက်မှာ ဖက်ဒရယ်မဟုတ်ဘဲ ကွန်ဖက်ဒရိတ်ဖြစ်နေသည်ဟုဆိုနိုင်သည်။ ထို့ကြောင့်လည်း ဤသို့သုံးသပ်ကြခြင်းဖြစ်သည်။ တကယ်အားဖြင့် UWSA ၏ တောင်းဆိုမှုသည် ဖက်ဒရယ်မူ ကွန်ဖက်ဒရိတ်မူများအပေါ် ကြည့်မြင်တောင်းဆိုနေခြင်းတော့မဟုတ်ပေ။ ဝ နှင့် မိုင်းလားအဖွဲ့များအနေနှင့် ၎င်းတို့ဒေသတွင် ၎င်းတို့တပ်နှင့် ထိမ်းချုပ်ထားနိုင်ပြီး အုပ်ချုပ်ရေး တရားစီရင် ရေးစီးပွားရေး ကျန်းမာရေး ပညာရေးမှအစ ကဏ္ဍအားလုံးအား ၎င်းတို့အစဉ် တစိုက်ထိမ်းချုပ်လုပ်ကိုင်လာသည့် (လုပ်ကိုင် နေဆဲလည်းဖြစ်သည့်) အခြေအနေအတိုင်း တရားဝင်အသိအမှတ်ပြု ရန်တောင်းဆိုနေခြင်းဖြစ်သည်ဟု ဆိုရမည်။

ကျန်အဖွဲ့ ၅ဖွဲ့မှာ ထို ၂ဖွဲ့ကဲ့သို့ အခြေအနေမရှိသော်လည်း UWSA တောင်းဆိုသကဲ့သို့ရလျင်ကောင်းသည်ဟူသည့် ရပ်ခံ ချက်ပေါ်တွင် ရပ်တည်ပြီး UWSA နှင့် နိုင်ငံရေးအရတွဲလိုက်သည်ဟု ဆိုရပါမည်။ ထို့ပြင် ၎င်းတို့အနေနှင့် နိုင်ငံရေးဆွေးနွေးပွဲ သို့ မရောက်နိုင်သေးသည်ဖြစ်ရာ နိုင်ငံရေးအရတန်းတူဆွေးနွေးရေးပြသနာကို ရှေ့တန်းတင်ထားပြီး ကျန်ပြသနာကိုထိုဆွေး နွေးပွဲသို့ ရောက်မှ ဆွေးနွေးမည်ဟု နောက်ပို့ထားပုံရသည်ဟု ဆိုရပါမည်။ လက်တွေ့တွင်လည်း ကျန် ၅ ဖွဲ့အနေနှင့် သက်ဆိုင်ရာဌာနချုပ် ဧရိယာအချို့မှလွဲ၍ မိမိဒေသတခုလုံးကို အပြည့်အဝ ထိမ်းချုပ်နိုင်ခြင်းမရှိဘဲပြောက်ကျားစနစ်၊ လူထု စည်းရုံးရေးအားတို့ဖြင့်သာ ထိမ်းချုပ်ထားနိုင်ရာ UWSA အတိုင်း တောင်းဆိုနိုင်ရန် ခက်ခဲသည်။ တဖက်ကလည်း မြန်မာပြည် တိုင်းရင်းသားပြည်နယ်များပြသနာကို ဖြေရှင်းရန်အတွက် ကွန်ဖက်ဒရိတ်ထက် ဖက်ဒရယ်အခြေခံပေါ်မှဖြေရှင်းရန်သာ သင့်တော်သည်ဟု ဆိုရမည်။ သို့ဖြစ်ရာ ကျန် ၅ ဖွဲ့သည် နိုင်ငံရေးဆွေးနွေးပွဲပေါ်ရောက်ရှိလာပါက လိုင်ဇာ/လော်ခီးလာ/ မိုင်ဂျာယန် စသည့်တိုင်းရင်းသားညီလာခံများတွင် ဆွေးနွေးခဲ့ကြသည့် ဖက်ဒရယ်လမ်းကြောင်းတွင်သာ ပြန်လည်ရောက် ရှိလာမည်ဟု သုံးသပ်ရသည်။

ထို့ပြင် FPNCC တွင် UWSA ၏ခေါင်းဆောင်မှုနှင့်ပတ်သက်၍ တိုင်းရင်းသားများကိုယ်တိုင် မေးခွန်းထုတ်ကြသည်ကို တွေ့ ရသည်။ အထူးသဖြင့်ကျန်တိုင်းရင်းသားများတွင် ခေတ်ပညာတတ်များစွာရှိသည်ဖြစ်ရာ ဝ ၏ခေါင်းဆောင်မှုကို မေးခွန်း ထုတ်ကြသည်။ အထူးသဖြင် UNFC တွင် ဥက္ကဌတာဝန်ယူခဲ့သော KIA နှင့် ကချင်လူမျိုးကြားတွင်လည်းကောင်း၊ ရှမ်းပြည် နယ်တွင် လူမျိုးအရ ကိုယ်ပိုင်လက္ခဏာ အထင်းဆုံးဖြစ်သည့် ရှမ်းလူမျိုးများနှင့် SSPP အတွင်းတွင်လည်း ဝ ၏ခေါင်းဆောင်မှု ကို မေးခွန်းထုတ်ကြသည်ကို တွေ့ရသည်။

လက်ရှိ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့သည် နယ်မြေ၊ အင်အားနှင့် ရုပ်ဝတ္ထုပစ္စည်းတောင့်တင်းမှုများ အခြေခံပေါ်တွင်ဖွဲ့စည်း သည်ဖြစ်ရာ အင်အားအကောင်းဆုံးအဖွဲ့က ခေါင်းဆောင်မှု နေရာရယူမည်သာဖြစ်သည်။ အင်အားနည်းသောအဖွဲ့က အင် အားကြီးသောအဖွဲ့ကို ခေါင်းဆောင်ရန် မဖြစ်နိုင်ပေ။ သို့ဖြစ်ရာ လက်ရှိ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့တွင် UWSA ခေါင်းဆောင် မှုရယူသည်မှာ သဘာဝကျသည်ဟု ဆိုနိုင်သည်။ သို့သော် စစ်ရေးတင်းမာမှုလျော့ကျပြီး နိုင်ငံရေးဆွေးနွေးပွဲများ အား ကောင်းလာပါက တိုင်းရင်းသား များအရေးနှင့်ပတ်သက်၍ UWSA အနေနှင့် ရေရှည်ခေါင်းဆောင်မှုရရန်မှာမူ ခက်ခဲပေမည်။

● ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် မျက်မှောက်အခြေအနေ
လက်ရှိတွင် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရရှိထားသော NCA လက်မှတ်ရေးထိုးထားသော KNU / RCSS နှင့် အဖွဲ့ ၈ ဖွဲ့က အစုဖွဲ့တခုဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ မျက်မှောက်ပြု ရန်လိုအပ်သည့် အစုအဖွဲ့တခုဖြစ်သည်။ တကယ်တမ်းဆိုလျင် အဆိုပါအဖွဲ့ ၈ဖွဲ့သည် NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည်ဆိုသော်လည်း နိုင်ငံရေးအရဆွေးနွေး ဖြေရှင်းရန် များစွာကျန်သေးသည်ကို ဂရုပြုရန်လိုသေးသည်။ ထို့ပြင် အဖွဲ့ ၈ ဖွဲ့ထဲမှ RCSS နှင့် တပ်မတော်ကြား တိုက်ပွဲငယ် အချို့ဖြစ်ပွားနေဆဲဖြစ်ရာ အပစ်အခတ်ပူးတွဲစောင့်ရေးနှင့်ပတ်သက်၍ ဖြေရှင်းစရာများရှိသေးသည်ဟု ဆိုရမည်။

အဆိုပါ အဖွဲ့ ၈ ဖွဲ့သည် လက်ရှိကာလတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တရားဝင်တက်ရောက်ခွင့် ရထားသော အဖွဲ့များဖြစ်ပေရာ ညီလာခံဆိုင်ရာ သဘောတူညီချက်ရရှိရေးနှင့်ပတ်သက်၍ ထိုအဖွဲ့ ၈ ဖွဲ့နှင့်ပတ်သက်၍ အလေးထားရန် လိုအပ်သည်။ ပြီးခဲ့သည့် ဒုတိယ ၂၁ ရာစုပင်လုံညီလာခံသဘောတူဆုံးဖြတ်ချက်များနှင့် အဆိုပါ ညီလာခံမတိုင်မီ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပပုံများနှင့်ပတ်သက်၍ အဆိုပါအဖွဲ့များ၏ အပြည့်အဝကြေလည်မှု မရခဲ့ဟုဆိုရမည်။ ညီလာခံမတိုင်မီ လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ရှမ်း/ရခိုင်တို့တွင် ကျင်းပနိုင်ခြင်းမရှိခဲ့ခြင်း၊ ညီလာ ခံဆိုင်ရာဆုံးဖြတ်ချက်များ ရယူရာတွင် NCA စာချုပ်ပါ အတိုင်းမဲခွဲဆုံးဖြတ်နိုင်ခြင်းမရှိဘဲ ဖိအားပေးဆုံးဖြတ်ခံခဲ့ရသည်ဟု ယူဆကြ ခြင်းတို့ရှိခဲ့သည်။ ထို့ကြောင့်လည်း အဆိုပါ NCA လက်မှတ်ထိုးထားသော ၈ ဖွဲ့ သည် ဒုတိယအကြိမ် ၂၁ ရာစုပင် လုံအပြီး၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ၎င်း ၈ ဖွဲ့သည် အပြန်အလှန်သုံးသပ်ခဲ့ကြပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် NCA အား review လုပ်ရန် နိုင်ငံရေးမူဘောင်များကို reform လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ဆိုရလျှင် NCA လက်မှတ် ထိုးထားသည့် KNU/RCSS အပါ အဖွဲ့ ၈ ဖွဲ့နှင့် ကြေကြေလည်လည် နိုင်ငံရေးသဘောတူညီချက် ရရှိနိုင်ရေးကို အာရုံ စိုက်ရန်လိုအပ်ပေသည်။

ဒုတိယ အစုအဖွဲ့တခုမှာ UNFC ဖြစ်သည်။ ငြိမ်းချမ်းရေးကော်မရှင်နှင့်ဆွေးနွေးဆဲ UNFC ၇ ဖွဲ့မှ KIA နှင့် WNO ၂ဖွဲ့နှု တ်ထွက်ပြီး ၅ ဖွဲ့ကျန်နေခဲ့သည်။ UNFC အနေနှင့် အဖွဲ့ဝင်သစ်များ ထပ်ဖြည့်ရန် ကြံရွယ်ပုံရသော်လည်း အစိုးရဖက်မှ ကန့် ကွက်မှုကြောင့် အဖွဲ့ဝင်သစ်ထပ်မံလက်ခံသည်ကို မတွေ့ရပေ။ လက်ရှိ UNFC ဥက္ကဌမှ မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာဖြစ် သည်။ UNFC သည် NCA အားပြင်ဆင်ရန် အချက် ၉ ချက်တင်ပြထားသည့်အခြေခံအပေါ်မှ ဆက်လက်ရပ်တည် နေဆဲဖြစ်သည်။ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံတုန်းကလည်း ဆွေးနွေးခွင့်မရှိသဖြင့် တက်ရောက်ခဲ့ခြင်းမရှိပေ။

လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးကော်မရှင်နှင် UNFC ကိုယ်စားလှယ်အဖွဲ့တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများကို ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ မတိုင်မီရော ညီလာခံအပြီးတွင်ပါ ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။ တွေ့ဆုံမှုများရှိနေ၍ ကောင်းသည်ဟုဆိုနိုင်ပါသည်။ သို့သော် NLD အစိုးရတက်လာပြီး တနှစ်ကျော်ကြာသည်အထိ အဖြေ တခု မရသေးသည်မှာ အားမရဘွယ်ဖြစ်သည်ဟု ဆိုရပါမည်။

KIA နှုတ်ထွက်သွားပြီးနောက် UNFC အခန်းကို မေးခွန်းထုတ်လာကြသည်။ UNFC အားပျော့သွားပြီလော၊ UNFC ၏အရေးပါမှု လျော့ပါးသွားပြီလောဟု မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။ လက်ရှိ UNFC တွင် KIA နှုတ်ထွက်သွားသော်လည်း SSPP ကျန်သေး၍ အင်အားအတန်အသင့် ကျန်သေးသည်ဟု ဆိုနိုင်သည်။ ထို့ပြင် မြောက်ပိုင်းအဖွဲ့များနှင့် ဆက်ဆံရေးတွင် လည်းကောင်း၊ ရေရှည်နိုင်ငံရေးဆွေးနွေးပွဲများတွင် ဖက်ဒရယ်နှင့်ပတ်သက်၍ ဆွေးနွေးရန်လိုအပ်ချိန်တွင်လည်းကောင်း၊ UNFC သည် အရေးပါသော ကွင်းဆက်နေရာက ရှိနေသေးသည်ကို သတိပြုရန်လိုအပ်သည်။ SSPP အနေနှင့် မည်သို့ ဆုံးဖြတ်မည်ကို မျှော်မှန်းတွက်ချက်ရန် ခက်ခဲသည်ဆိုတောင်မှ NMSP နှင့် KNPP သည် မွန်ပြည်နယ်နှင့် ကယားပြည်နယ် ငြိမ်းချမ်းရေးတွင် အရေးပါသောအခန်းက ပါဝင်နေဆဲဖြစ်သည်ကို ဂရုပြုရန်လိုအပ်ပေသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နောက်ကျန်သည့်အဖွဲ့မှာ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ဖြစ်သည်။ လက်ရှိအချိန်တွင် ၎င်းအဖွဲ့အ နေနှင့် အစိုးရနှင့်ဆွေးနွေးမှုကို တဖွဲ့ချင်းလုပ်မည်မဟုတ်ဘဲ FPNCC အနေနှင့်သာပြု လုပ်မည်ဟုထုတ်ပြန်ထားသည်။ အစိုးရနှင့် တပ်မတော်ကလည်း ယနေ့အထိ ထိုမဟာမိတ်အဖွဲ့ကို တရားဝင်အသိအမှတ်မပြုသေးပေ။ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ၌ အထူးဖိတ်ကြားသူအဖြစ်ဖိတ်ကြားရာတွင် ထို ၇ ဖွဲ့အနက် UWSA/NDAA/KIA/SSPP တို့ကို ဖိတ်ကြားသော် လည်း TNLA/MNDAA/AA တို့ကို ဖိတ်ကြားခြင်းမရှိပေ။ နောက်ဆုံး တရုတ်သံတမန်၏ဝင်ရောက်ညှိနှိုင်းပေးမှုအရ မြောက် ပိုင်း ၇ ဖွဲ့ကလည်း FPNCC အနေနှင့် ဖိတ်မှတက်မည်ဆိုသည်ကို အလျှော့ပေးခဲ့ပြီး အစိုးရ NRPC ကလည်း TNLA/MNDAA/AA အဖွဲ့ ၃ဖွဲ့အား ညီလာခံသို့ ဖိတ်ကြားပေးခဲ့သည်။ သို့သော် ထို ၇ ဖွဲ့ နေပြည်တော်သို့ရောက်လာသည့်အခါ ဟို တယ်နေရာချထားပေးရာတွင်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာတွင် UWSA/NDAA/KIA/SSPP ၄ ဖွဲ့ အား အစုတစုTNLA/MNDAA/AA တို့အား အစုတစု ခွဲ၍ ဆက်ဆံခဲ့ပြီး မြောက်ပိုင်း ၇ ဖွဲ့မဟာမိတ်အား တရားဝင် အသိမှတ် ပြုခြင်း မရှိခဲ့ပေ။

ဒုတိယအကြိမ် ၂၁ ပင်လုံအပြီး ၂၀၁၇ ဇွန်လအတွင် မြောက်ပိုင်း ၇ ဖွဲ့နှင့်တွေ့ဆုံဆွေးနွေးရန် ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ တရုတ်သံတမန်ကတဆင့် ကမ်းလှမ်းခဲ့သော်လည်း အစိုးရဖက် အဖွဲ့ ခွဲတွေ့ရန် (၄ ဖွဲ့တစု ၃ ဖွဲ့တစု) ကမ်းလှမ်းခဲ့သည် ဟုဆိုသည်။ အဖွဲ့ခွဲတွေ့ရန် မြောက်ပိုင်းမဟာမိတ်များဘက်က လက်မခံပေ။ ထို့အတူ မြောက်ပိုင်းမဟာမိတ်များက ၇ ဖွဲ့ ပေါင်းFPNCC နှင့်တွေ့ရန် တောင်းဆိုသည်ကိုလည်း အစိုးရဖက်က လက်မခံနိုင်သဖြင့် ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက် ပိုင်း ၇ ဖွဲ့တွေ့ဆုံရေးမှာ လိပ်ခဲတင်းတင်းအခြေအနေတွင်ပင်ရှိနေသေးသည်ဟုဆိုရပါမည်။

ထို့ပြင် ထို ၇ဖွဲ့ပြသနာကို ခွဲ၍ ဖြေရှင်းရန်အတွက် TNLA/MNDAA/AA အဖွဲ့ ၃ဖွဲ့အနေနှင့် ၂၀၁၆ ကထုတ်ပြန်သော ကြေညာချက်အား ပြန်လည်ကိုင်တွယ်၍ ဆွေးနွေးပွဲပြုလုပ်ရန်ဆိုသည့်စဉ်းစားချက်သည်လည်းကောင်း၊ UWSA နှင့် NDAA အား NCA လက်မှတ်ထိုးရန်မလိုဟူသည့် စဉ်းစားချက်များသည် ယခင်ကထဲကရှိသည်ဟူ၍လည်းကောင်း၊ ယခုမှပြောဆို ဖြေရှင်းရန်အချိန် များစွာနောက်ကျ ခဲ့ပြီဖြစ်သည်။ လွန်ခဲ့သော တနှစ်ကျော် နှစ်နှစ်ကြာက ငြင်းခဲ့သောကိစ္စကို ယခုမှ ပြန် ကောက်လျှင် တိုင်းရင်းသားအဖွဲ့များ ယုံကြည်ဘွယ်မရှိပေ။ ၎င်းတို့ တပ်ပေါင်းစုကို ခွဲရန်အတွက် ကြိုးပမ်းသည်ဟုသာ မြင် ကြပေလိမ့်မည်။ ထို့ကြောင့် အခြေအနေနှင့် ကိုက်ညီသော ဖြေရှင်းမှုတခုမှ စတင်ရန် လိုအပ်ပါသည်။ ပျော့ပြောင်းသည့် နည်းနာတရပ် လိုအပ်ပါမည်။

● လက်ငင်းဖြေရှင်းရန်လိုသည့်ပြဿနာ
လက်ရှိအချိန်တွင် ပြည်တွင်းစစ်ရပ်စဲရေးသည် ဦးစွာလုပ်ဆောင်ရမည်ပြသနာဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှု များ ရပ်စဲနိုင် ပါမှ နိုင်ငံရေးဆွေးနွေးရန်အတွက် အမုန်းနှင့် အာဃာတကြီးထွားလာနိုင်မှု လျော့ချနိုင်ပေမည်။

လက်ရှိအချိန်တွင် NCA လက်မှတ်ထိုးထားသော အဖွဲ့ ၈ ဖွဲ့ထဲမှ RCSS အဖွဲ့နှင့်သာ တိုက်ပွဲငယ်အချို့ ဖြစ်ပွားသည်ကို တွေ့ရသည်။ နယ်မြေပိုင်းခြားသတ်မှတ်မှု နှင့်ပတ်သက်ပြီး လိုအပ်ချက်ရှိနေဆဲ ဖြစ်ပုံရသည်။ ၎င်း RCSS မှာ NCA ထိုးပြီး ဖြစ်ရာ JMC အနေနှင့် အဆိုပါပြသနာများကို ဆောလျင်စွာ ဖြေရှင်းရန် လိုအပ်ပေလိမ့်မည်။ အချိန်နောက်ကျ ဖြေရှင်းပါ ကအကျိုးသက်ရောက်မှု ကောင်းမည်မဟုတ်ပေ။ ဤကား လက်ငင်းဖြေရှင်းရန်လိုအပ်သည့် ပြသနာတခုဖြစ်သည်။

NCA မထိုးသေးသော UNFC  နှင့် တွေ့ဆုံဆွေးနွေးမှု မအောင်မြင်သေးသော်လည်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခြင်းမရှိပေ။ UNFC အဖွဲ့ဖြစ်နေဆဲ SSPP နှင့် ယခင်က လက်နက်ကိုင်ပဋိပက္ခရှိခဲ့သော်လည်း ၂၀၁၆/၁၇ အတွင်း ဖြစ်ပွားခြင်းမရှိပေ။ ဤသို့ လက်နက်ကိုင်ပဋိပက္ခမဖြစ်ပွားနိုင်သောအခြေအနေမျိုးဖန်တီးရန် လိုသည်။ UNFC ၏ကိုယ်စားလှယ် DPN နှင့် အလွတ်သဘောဆွေးနွေးမှုများကို ချင်းမိုင်တွင်ပြုလုပ်ခဲ့ပြီးနောက် တိုးတက်မှုရှိ၍ ၂၀၁၇ သြဂုတ် ၁၀/၁၁ ရက်များတွင် ငြိမ်း ချမ်းရေးကော်မရှင်နှင့် DPN တို့၏ ဆွေးနွေးပွဲများကို ရန်ကုန်တွင် ပြုလုပ်မည်ဖြစ်သည်ဟု ဆိုသည်။ DPN ၏တောင်းဆိုချက် ၈ ချက်ကို မူအရ သဘောတူပြီးဖြစ်ရာ NCA ထိုးရန် နီးစပ်သည်ဟု ဆိုနေကြသည်။ သို့သော် မူအရသာမက လက်တွေ့ဖြေရှင်းရန်လည်းလိုအပ်နေပါသည်။ ဤကား လက်ငင်းဖြေရှင်းရန်လိုသည့် ဒုတိယပြဿနာဖြစ်သည်။

လက်ရှိ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွါးနေသည်မှာ ကချင်ပြည်နယ်နှင့်ရှမ်းပြည်မြောက်ပိုင်းရှိ KIA/TNLA/MNDAA/AA အဖွဲ့ ၄ ဖွဲ့နှင့်ဖြစ်သည်။မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲထဲမှ UWSA/NDAA/SSPP တို့နှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခြင်း မ ရှိပေ။ သို့ဖြစ်ရာ လက်ငင်းလိုအပ်နေသည်မှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော KIA/TNLA/MNDAA/AA အဖွဲ့ ၄ ဖွဲ့ နှင့် အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် လိုအပ်သည့်ဆွေးနွေးမှု သဘောတူညီမှုများ ရယူနိုင်ရေးဖြစ်သည်ဟု သုံးသပ်ရပါ သည်။ အဆိုပါ အဖွဲ့ ၄ ဖွဲ့သည် နယ်မြေလည်း ဆက်စပ်နေသည့်အပြင် စစ်ရေးအရလည်း ပူးတွဲလှုပ်ရှားနေကြသည်ဖြစ်ရာ အဆိုပါ ၄ ဖွဲ့အား အတူတကွတွေ့ပြီး အပစ်အခတ်ရပ်စဲရေးဆွေးနွေးခြင်းသည် ပကတိအခြေအနေနှင့်ကိုက်ညီသည့် ကိုင်တွယ်ဖြေရှင်းမှုဖြစ်ပေလိမ့်မည်။ဤအချက်သည် လက်ငင်းဖြေရှင်းရမည့် တတိယပြဿနာဖြစ်သည်။ ထိုပြသနာ ၃ ခုကို ဟန်ချက်ညီ ဖြေရှင်းကြရန် လိုအပ်ပါမည်။

လက်ရှိ အငြင်းပွားနေသော ငြိမ်းချမ်းရေးဆွေးနွေးရန် အဖွဲ့ ၇ဖွဲ့ အတူတကွတွေ့ဆုံမည်။ အစုအဖွဲ့ ၂ ခုခွဲ၍ တွေ့ဆုံမည်ဟု အငြင်းပွါး၍ တွေ့ဆုံရန် ခက်ခဲနေချိန်တွင် ဤအချက်ကို နှစ်ဖက်စလုံးမှ ထည့်သွင်းစဉ်းစားရန်လိုသည်။ လက်ရှိ လက်နက် ကိုင်ပဋိပက္ခဖြစ်ပွါးနေသော အဖွဲ့ ၄ဖွဲ့ နှင့် အပစ်အခတ်ရပ်စဲရေးကို အောင်မြင်အောင်လုပ်ဆောင်နိုင်ပါက မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်ရှိလာရေး၊ UNFC အဖွဲ့ဝင်များနှင့် ဆွေးနွေးသဘောတူညီချက်ရရှိရေးအတွက် လမ်းပွင့်သွားနိုင်ပေမည်။

တိုင်းရင်းသားအဖွဲ့များ၏ တပ်ပေါင်းစုဖွဲမှုကိုလည်း နားလည်ပေးရန်လိုအပ်ပါသည်။ တိုင်းရင်းသားအဖွဲ့များသည် သမိုင်း တလျောက်တွင် မဒညတမဒတ DAB စသဖြင့် တပ်ပေါင်းစုများ အကြိမ်ကြိမ်ဖွဲ့ခဲ့ကြသည်။ သူတို့အနေနှင့် သူတို့ထက် အား ကြီးသော အစိုးရ/တပ်မတော်တို့နှင့် ရင်ဆိုင်ရန် ကြိုးစားကြခြင်း ဖြစ်သည်။ သို့သော် တိုင်းရင်းသားများကြား မတူသော ယဉ်ကျေးမှု ဓလေ့၊ ကွဲပြားသော နယ်မြေအခြေအနေ၊ တဖွဲ့ချင်းစီ၏မတူသောအင်အားမတူသော ဘဏ္ဍာရေးအခြေအနေနှင့် နိုင်ငံရေးအခြေအနေပြောင်းလဲမှုများကြောင့် တပ်ပေါင်းစုများသည် မတည်မြဲနိုင်ပါ။ အမြဲတမ်းလို အပြောင်းအလဲရှိပါသည်။ အစိုးရဖက်လည်း ပြောင်းသမျှ တပ်ပေါင်းစုတိုင်းနှင့် လိုက်၍ ဆွေးနွေးနေရသည်မှာ သဘာဝမကျဟု ယူဆမည်သာဖြစ်သည်။ ဤအခြေအနေအား နားလည်မှု ရှိစွာ ပျော့ပြောင်းစွာကိုင်တွယ်၍ တည့်မတ်ရန် လိုအပ်ပေမည်။

ဤသို့ဖြစ်လာနိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်နေသော NLD အစိုးရအနေနှင့် TNLA/MNDAA/AA အဖွဲ့ ၃ဖွဲ့နှင့်ပတ်သက်ပြီး တပ်မတော်နှင့် ရှင်းလင်းပြတ်သားသော သဘောထားတခု ထွက်လာအောင် ပွင့်လင်းစွာညှိနှိုင်းရန် လိုအပ်ပေလိမ့်မည်။ သို့မှသာ ဖြေရှင်းနိုင်ပေဘိမ့်မည်။

သို့ဖြစ်ရာ NLD အစိုးရအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့တဆင့်တွန်း တင်နိုင်ရန်အတွက် လက်ငင်းကျသည့် သော့ချက် ကျသည်ပြသနာကို ရွေးချယ်လုပ်ဆောင်ရန် လိုအပ်ပေသည်။

● လိုအပ်သည့် စဉ်းစားချက်
ဤသို့ နိုင်ငံရေးဆွေးနွေးပွဲတွင် မပါဝင်သေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်နိုင် ရေးအတွက် စဉ်းစားလုပ်ဆောင်ရာတွင် တခုလုံးခြုံ၍ စဉ်းစားရန်လိုအပ်ပါသည်။ အချို့၏စဉ်းစားမှုတွင် တွေ့ရသည်မှာ အချို့တိုင်းရင်းသားအဖွဲ့မှ ခေါင်းဆောင်အချို့သည် ကြွယ်ဝချမ်းသာနေပြီး သားသမီးများကို နိုင်ငံခြားသို့ပို့၍ ကျောင်းထား နိုင်ကြသည်။ ထိုသိုသော ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးမယူလိုကြပေရာ ထိုအကြောင်းအချက်ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှောင့်နှေးနေရသည်ဟူသော စဉ်းစားချက်နှင့် လုပ်ကိုင်ခြင်းဖြစ်သည်။ ထိုသို့သော စဉ်းစားမှုနှင့် ဆွေးနွေး ဆောင်ရွက်ပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရန်ခက်ခဲပေမည်။

လက်တွေ့ဖြစ်ရပ်တွင် ပြည်တွင်းစစ်တွင် ပါဝင်နေသော ဖက်အားလုံးမှ လက်နက်ကိုင်အဖွဲ့တိုင်းလိုလို၏ ခေါင်းဆောင်အချို့ ချမ်းသာကြွယ်ဝသည်ကို ငြင်းပယ်ရန် အကြောင်းမရှိပါ။ သို့သော် ထိုအချက်ကို ရှေ့တန်းတင်ပါက မည်သည့်အဖွဲ့မှ မ လွတ်ဘဲ အမျိုးသားရင်ကြားစေ့ရေးကိုရရှိရန် လမ်းမမြင်ပေ။ အပြန်အလှန် လက်ညှိုးထိုးကြမည်သာဖြစ်သည်။ တဖက်က လည်း တပ်မတော်သည် စစ်ဖြစ်နေမှသာ သူ၏အခန်းကဏ္ဍကို ခိုင်မာအောင်လုပ်၍ရမည်ဖြစ်၍ ငြိမ်းချမ်းရေးကို မရယူလို စွပ်စွဲချက်များရှိသည်။ တပ်မတော်ခေါင်းဆောင်အချို့ ချမ်းသာကြွယ်ဝနေကြသည်ဟု စွပ်စွဲပြောဆိုမှုများရှိသည်။ ဤသို့ သော အချက်များကို ရှေ့တန်းတင် ချဉ်းကပ်ပါက အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးမှာ ဝေးကွာသွားပေလိမ့်မည်။ အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးကိုတည်ဆောက်မည်ဆိုပါက အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုပြီး သဘောထားကြီးမှု အမြင်ကျယ်မှုနှင့် အပြန်အလှန် သင်ပုန်းချေမှုတို့ မပါဝင်ဘဲ မဖြစ်နိုင်ပေ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့တဆင့်တိုးနိုင်ရန်အတွက် အခြေခံကျသည့် စဉ်းစားမှုများက အစပြုရန် လိုအပ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး
0