မောင်လူရေး - သုတေရမလား စုတေရမလားမသိတဲ့ ရှေးဟောင်း


မောင်လူရေး - သုတေရမလား စုတေရမလားမသိတဲ့ ရှေးဟောင်း
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၇

ရွှေဘိုက ရှေးဟောင်းမြို့။ ရှေးတုန်းက တည်ထားလို့ ရှေးဟောင်းမြို့လို့ခေါ်တာ။ အဆောက်အအုံ အဟောင်းတွေတော့ ဘာမှ မရှိတော့ဘူး။ ဘုရားတွေလဲ အမည်ဘဲ ဟောင်းတော့တာ။ စေတီကြီးတွေ ကတော့ ပြန်ပြင် ပြန်တည်ချည်းဘဲ။ နန်းတော်ကြီးကလဲ အသစ်မှ အသစ်စက်စက်။ နန်းတော်နေရာ ဟောင်းကို အင်္ဂလိပ်က ထောင်လုပ်၊ အဲဒါကို သာဂေါင်ကြီးလက်ထက်မှာ ထောင်နဲ့ တက္ကသိုလ်တွဲပြီး နှစ်ခုစလုံး မြို့ထဲက မြို့ပြင်၊ အဲ မြို့အရှေ့ဘက်ကို ရွှေ့လိုက်တယ်။ နန်းသစ်ပြန်တည်ပြီး ရှေးဟောင်းရုံး စိုက်လိုက်တယ်။ ဘာဂလိုတိုတိုပါ အချစ်ရယ်လို့ ပြောရမှာဘဲ။ တက္ကသိုလ်ကျောင်းသားတွေက ထောင် ဟောင်း နန်းတော်ရာကို ပြန်လာကြပြီး ဘာဂလိုတိုတိုပါ အချစ်ရယ်လေးတွေနဲ့ ဆောင်တော်ကူးကြ တယ်လေ။ ရှေးဟောင်းမြို့မို့ တိုက်အမြင့်ကြီးတွေ မဆောက်ရဆိုပြီး ခပ်တည်တည် ကြီးကျယ်ထားသေး တဲ့မြို့ပေါ့။

တကယ်ဟောင်းတာက ရေဦးဘက်က မယ်နုအုတ်ကျောင်း၊ အဲဒါ တကယ့်ရှေးဟောင်းဘဲ။ မယ်နုဇာတိ ဖလံဂုဏ်ရွာဘေးက မြင်းပေါက်ရွာမှာရှိတယ်။ အင်းဝက ရှင်မင်းနုဖြစ်မှရောက်တာ။ ဇာတိက ရေဦး၊ ဖလံဂုဏ်။ အဲဒီဖလံဂုဏ်မှာလဲ ရှေးဟောင်းအသားကျောင်းကြီးရှိတယ်။ မယ်နုနဲ့ သူ့အမျိုးတွေ ဆောက်ခဲ့တာတဲ့။ မူလအတိုင်းအကုန်ကျန်တာတော့ မဟုတ်ဘူးပေါ့လေ။ ပင်မအဆောင်ကြီးကျန်တာပေါ့။ အဲဒီ ကျောင်းပေါ် က ရှေးဟောင်းမံပလ္လင်ကတော့ ဒစ္စကိုရွှေတွေသုတ်ထားလို့ သွားရှာဘီ၊ အဲ သစ်သွားဘီပေါ့လေ။ ရွှေရောင် အလွန်ကြိုက်တဲ့နိုင်ငံပီပီ ရွှေအစစ်မတတ်နိုင်တော့ ရွှေဆေးတွေသုတ်ကြ၊ ဒစ္စကိုရွှေတွေကပ်ကြနဲ့ တန်ဖိုး ပျက်သွားတဲ့ ရှေးဟောင်းပစ္စည်းပေါင်းလည်း မရေမတွက်နိုင်တော့ဘူးလေ။

ရှေးဟောင်းနဲ့ပတ်သက်တဲ့ပညာပေးလုပ်ငန်းတွေလိုတာကိုး။ ဒါတွေက ဘုန်းကြီးနဲ့ ဂေါပကကို ပေးရမှာ။ ရှေးဟောင်းပစ္စည်းက သူတို့လက်ထဲမှာ များတယ်လေ။ ဝန်ကြီးတွေကလဲ စစ်သားဆိုတော့ ပြောကို မပြောချင်တော့ပါဘူးဆိုတဲ့ စကားဘဲ ရွတ်ရတော့မှာပါ့။

အဲဒီဘက်က မံနည်းပညာ ထွန်းကားခဲ့တယ်။ မံဘုရားရုပ်ပွားတော်တွေဆိုရင် အလွန်သပ္ပါယ်ပေါ့။ အခု အဲဒီနည်းပညာ တတ်ကြသေးလားတော့ မသိဘူး။ အဲဒီမံပလ္လင်မှာ ရခိုင်တွေရဲ့ ဗျာလ်ရုပ်တောင် ပါသေးတယ်။ အဲဒီကျောင်း အောက်ဘက် မြေပြင်ပေါ်မှာ အင်မတန်ထူးခြားတဲ့ နတ်သမီး ရုပ်ရှိတယ်။ အသားကို ထုထားတယ်။ နတ်သမီးရုပ်ဟာ နှစ်ပေါင်းအကြာကြီး နေပူမိုးရွာထဲ ထားခဲ့လို့ မိုးရေတိုက်စား နေစားပြီး အရုပ်ဆိုရုံ ဟန်လေး ကျန်နေတာ။ အဲဒီ ဟန်လေးကိုက သိပ်အနုပညာ ဆန်နေတော့ ကြည့်မဝပေါ့လေ။ မော်ဒန်အတ် လိုလို။ ရှေးဟောင်းက အဲဒီဘက်ရောက်လားမသိ။ ထိမ်းဖို့ စဉ်းစားလားမသိ။ မယ်နုအုတ်ကျောင်းကြီးကတော့ အတော်ကို ယိုယွင်းပျက်စီးသွားပါပြီ။ သစ်ပင်ကြီးတွေက အခိုင်အမာ နေရာယူထားပြီလေ။

တကယ်က ကျုပ်တို့ရွှေဘိုက ရှေးဟောင်းအဆောက်အဦမရှိပေမဲ့ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းကြီးတွေ တော့ ရှိတယ်။ အဲဒါကတော့ မြေမြို့ရိုးကြီးတွေ၊ ကျုံးကြီးတွေနဲ့ မဟာနန္ဒာကန်တော်။ မြေမြို့ရိုးကြီးတွေဟာ အမျှော်အမြင်မဲ့ အသိဉာဏ်တုန်း ခယကဥက္က္ထဌတယောက် ဦးအုန်းဆိုလား၊ အဲဒီလူလက်ထက်မှာ လမ်းခင်း ဖို့ တူးဖြိုခံလိုက်ရတယ်။ အဲဒီမြေတွေနဲ့ လမ်းခင်းတာတဲ့ဗျာ။ နည်းနည်းတော့ ကျန်ပါသေးရဲ့။ အဲဒီတုန်းက လဲ ရှေးဟောင်းသုတေသနက လက်ပိုက်ကြည့်နေခဲ့တယ်လို့ ဆိုရမယ်။ အမှန်က သူထိန်းသိမ်းရမဲ့ပစ္စည်း။ ဒါမှမဟုတ် ခယကလောက် အာဏာမရှိတာလားတော့ မသိဘူးပေါ့။ အဲဒါ ရွှေဘိုမှာ ရှေးဟောင်း ရုံးစိုက်မှ ဖြိုချခံလိုက်ရတဲ့ ဘယ်မှာမှ ရှာမရနိုင်တဲ့ ရှေးဟောင်းမြေမြို့ရိုး။ သူများတွေဆို ဒါလေးပေါ် အတက်ခံပြီး ရာသက်ပန် ငွေကောက်ယူနေကြမှာလေ။

 ရွှေဘိုက အရေးကြီးတယ်လို့ နိုင်ငံခြားသားတယောက်က ပြောတယ်။ ကုန်းဘောင်မင်းဆက်ထူထောင် ခဲ့တဲ့မြို့မို့တဲ့။ သီပေါကနေ ပြန်တက်ကြည့်၊ အဖေ မင်းတုန်း၊ အဲဒီအထက်က ဘိုးတော်၊ ဘိုးတော့်အဖေ ဦးအောင်ဇေယျ။ အဲလို အဆင့်ဆင့်တက်ကြည့်ရင် ရွှေဘိုက တခြားမြို့နဲ့မတူဘူး။ သားတွေရဲ့ မြစ်တွေရဲ့ အမရပူရ မန္တလေးတို့နဲ့ မတူဘူး။ သီပေါကနေ တက်ကြည့်ရင် ရွှေဘိုကို လာကြည့်ရမယ်။ ရွှေဘိုကို လာကြည့်ရင် မြို့ပတ်ထားတဲ့ ကျူံးတွေနဲ့ မြေမြို့ရိုးကို ပြရမှာကိုး။ အင်း ဟို အရူးကြောင့် မြေမြို့ရိုးပြဖို့တော့ ခက်သွားပြီ။

 ရှေးဟောင်းက ကျုံးတွေကို ဘယ်လိုထိန်းမလဲ၊ ရှေးဟောင်းနဲ့ဆိုင်တာလား၊ စည်ပင်နဲ့ ဆိုင်တာလားတော့ မသိ။ ကန်တော်ကလဲ ဆည်မြောင်းပိုင်လိုလို၊ စည်ပင်ပိုင်လိုလို။ တချိန်လုံးကတော့ ကန်တော်နဲ့ ကျူံးတွေ ဟာ ငါးမွေးမြူရေးကန်တွေ ဖြစ်ခဲ့တာပ။ ခုလဲ တချို့ ဖြစ်နေတုန်း ကျူံးတွေရှိလေရဲ့။ ကန်တော်ပါ ဖြစ်သေးတုန်းလို့ ပြောကြတာဘဲ။ ဆည်မြောင်းကလဲ ငါးကန်သမားတွေက အခွန်ငွေတွေ မသွင်းလို့ဆိုလား။ အခွန် မဆောင်ဘဲကို လုပ်ချင်သလို လုပ်ခဲ့ကြတာဆိုတော့ နွားငတ်တွင်းကျ အာဏာပိုင်တွေမပါဘဲတော့ မရဘူးပါ့လေ။ ဖော်ထုတ်အရေးယူတဲ့အဆင့်ထိတော့ မရောက်ဘူးထင်ပါရဲ့။

အစိုးရသစ်တက်ခါစကတော့ ငါးကန်တွေနဲ့ ပတ်သက်ရင် မိုးချုံးသံတွေတော့ ကြားလိုက်ရတယ်။ ဒါပေမဲ့ ခြိမ်းတဲ့မိုး မရွာဆိုတဲ့အတိုင်း ဘဲလားမသိ။ အရင် ကြံ့ခိုင်ရေးလွှမ်းမိုးတုန်းက တပ်နဲ့ပေါင်းပြီး ပေးခဲ့ကြတာတွေပေါ့။ ခုလဲ ကြံ့ခိုင်ရေးက အပိုင်ယူထားတဲ့ငါးကန်တွေ မူးဘေးမှာ ကျန်သေးတယ်။ ကျူံးမြေလား၊ ဆည်မြောင်းပိုင်မြေလားမသိ။ ရှေးဟောင်းတော့ မဟုတ်ဘူး။

ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံဆိုပြီး ဦးနေဝင်းလက်ထက်က လုပ်ခဲ့တာရှိတယ်။ ကိုယ်တို့ငယ်စဉ်က အမှိုက်ပစ်တဲ့နေရာကြီးဆိုတော့ စည်ပင်ပိုင်ဖြစ်ဖို့များတယ်။ အဲဒါကြီးကိုလဲ ကြံ့ခိုင်ရေး က ခုထိ ယူထားတုန်း။ စည်ပင်ပိုင်လား၊ ပါတီပိုင်ဖြစ်နေပလားမသိ။ တကယ်တော့ ကြံ့ခိုင်ရေးကတော့ ဘာ ပိုင်စရာမှ အကြောင်းမရှိ။ တမြို့လုံးသိတဲ့ မြို့ပိုင်မြေ။ ဒါပေမဲ့ သူတို့လက်ထဲဘဲ ဆက်ရှိနေသေးတာကတော့ ကိုယ် ဉာဏ်မမီတဲ့ ပြဿနာပ။ ဒါတွေလဲ ပြန်လည်စိစစ်ပြီး မြို့အတွက် ငွေဝင်ရာ ဝင်ကြောင်းလုပ်ရမဲ့ ဟာတွေပ။

ပန်းခြံကြီး ပန်းမာလ်တွေနဲ့ လှဖို့ စိမ်းလန်းဝေဖြာဖို့ ငွေလိုတယ်လေ။ ပန်းခြံဟာ မြို့သူမြို့သားတွေ နားရမယ့် အလှည့်တော့ ရောက်ကောင်းပါရဲ့။ တလောက ဗိုလ်ချုပ်ရောက်လာတော့ ဗိုလ်ချုပ်ဓာတ်ကူးသလားမသိ။ ဗိုလ်ချုပ်ကို နေရာပေးဖို့ အဝင်နားက သက်တော်ရှည်မန်ကျည်းပင်ကြီး အလုပ်ကြံခံလိုက်ရသေးတယ်။ ဗိုလ်ချုပ်ရဲ့အရိပ်အာဝါသကို တန်ဖိုးထားသလို အညာမြေ နေမီးခဲမှာ သစ်ပင်တွေရဲ့အရိပ်အာဝါသကိုလဲ တန်ဖိုးထားကြဖို့လိုမှာပ။ အမေစုက မျိုးဆက်သစ်လေးတွေ လိပ်ပြာတွေ မမြင်ဘူးမှာ သိပ်စိုးရိမ်နေဘီလေ။ စကားမစပ်ပြောရရင် ပန်းခြံနဲ့ပတ်သက်တဲ့ပညာရှင်များခများ။ ရွှေဘိုပန်းခြံကို လာရောက် အလှဆင် အကြံပြုစေချင်ပါတယ်ခများ။ ဗော်လန်တီယာအနေနဲ့ပါ။ စည်ပင်မှာလဲ ပန်းခြံအတွက် ဘတ်ဂျက်မရှိလို့ပါ။ မကြာခင်ကမှ ခေတ်ဆိုး စနစ်ဆိုးလက်ထဲက ပန်းခြံကို ဆွဲထုတ်ထားရတာပါ။ ကူကြပါအုံးခမျာ။ ပန်းခြံတခြံဖြစ်အောင် လုပ်ဖို့ အခက်တွေ့နေလို့ပါ။

 ဆက်ပြောရရင် ကျူံးတွေနဲ့ ကန်တော်ကို ထိန်းသိမ်းပြီး မြို့အတွက် ငွေဝင်မဲ့လုပ်ငန်းတွေအဖြစ်လဲ အသုံးချ လို့ရမှာပ။ ငါးမြားဖို့ ဖြစ်ချင်ဖြစ်ပေါ့။ ငါးမွေးဖို့တော့ မဟုတ်ဘူးလေ။ ဂုဏ်အသရေရှိတဲ့ ငါးမည်ရ ပြည်ရွှေဘိုကနေ ဂုဏ်အသရေမဲ့တဲ့ ငါးညှီရပြည်ရွှေဘိုတော့ ဆက်မလုပ်ပါနဲ့တော့။ အပန်းဖြေ အနားယူတဲ့ နေရာတွေ၊ ကျန်းမာရေးလိုက်စားတဲ့ နေရာတွေ၊ လူငယ်တွေ စိတ်ကူး ထူးမယ့်နေရာတွေ၊ ကလေးတွေ မြူးရွှင်မယ့်နေရာတွေဖြစ်ရင် ကောင်းမှာပ။ ဧည့်သည်လာတော့လဲ လာကွာ ဒို့မြို့ဘဲ ရှိတဲ့အရသာတွေကို မြည်းရအောင်ဆိုပြီး အရသာခံ ကြွားရတာပ။

ပြီးတော့ ရွှေဘိုနားက သီးလုံးရွာမှာ ရှေးကျောင်းကြီးတဆောင်ရှိသေးတယ်။ ပင်မအဆောင်ကြီးကျန်သေး တယ်။ အဲဒီရှေးဟောင်းပေါ်မှာ ခေတ်သစ်ဘုရားခန်းဝင်လုပ်ထားတာတော့ ရှိတယ်။ အဲဒီထက် ရှေးသထက် ရှေးတာရှိသေးတယ်။ အားလုံးရဲ့ ရှေးသထက်ရှေး ဟောင်းသထက်ဟောင်း ဟန်လင်းမြို့ဟောင်း။ ပျူမတိုင်မီရော ပျူခေတ်ရောပြလို့ရတဲ့နေရာ။ ပျူသုံးပျူထဲမှာ ပထမပျူ။ ဝက်လက်နယ်ထဲရှိပေမဲ့ ရွှေဘိုနား ကပ်နေတော့ ရွှေဘိုဘဲ ထားလိုက်ကြစို့။ အဲဒီမှာဆို ရှေးဟောင်းရဲ့အလုပ်တွေ အများကြီး ရှိမှာပ။ အဲဒီက ပညာရှင်တယောက်နဲ့ စကားပြောဖြစ်တော့ စိတ်ဝင်စားစရာတွေ အများကြီး သူပြောတယ်။

ဆက်ပြီးတူးဖော်စရာတွေလဲ အများကြီးတဲ့။ ဥပမာ မြို့ဝင်ပေါက်တွေ အကုန်တူးရမယ်။ ပြီးတော့ ဟန်လင်းကိုးမြို့လုံး ဇုန်သတ်မှတ်ဖို့လိုမယ်။ ဒါမှ တခုခုတွေ့ပြီဆို ချက်ချင်းလုပ်လို့ရမယ်။ တကယ်တော့ တူးဖော်စရာမြို့ဟောင်းတွေ အများကြီးဘဲ။ ဟန်လင်းရှေးဟောင်းဇုန်အနေနဲ့ သတ်မှတ်သင့်တာက အနောက်ဆိုရင် မင်းကျီ၊ ကျောက်တိုင်တို့ထိ ပါမယ်။ အနောက်မြောက်ဒေါင့်ဘက်က ဇီးဖြူကုန်း မြို့လှ၊ မြောက်ဖက်ဆိုရင် ငှက်ပျောတိုင်း။ အရှေ့ဆိုရင် ကျောက်မြောင်းထိ။ ကျောက်မြောင်းကနေပြီးတော့ ခု ထီးကျင်တောင်လို့ခေါ်တဲ့ ချောင်းကြီးတို့ထိ ပါတယ်။ နောက်တစ်ခါ ရှားကွဲ တို့ သစ်ဆိမ့်တို့ပါတယ်။ အရှေ့တောင်က ရှိန်းမကား၊ ရှိန်းမကားရဲ့ဟိုဘက်ဆိုရင် စကျင်တောင်ပေါ့။ စကျင် တောင်ကနေဆိုရင် ဟိုဘက် ၀ါးရုံကုန်းတို့၊ မတ္တရာနယ်ထိ ပါတယ်ပေါ့။ တောင်ဆိုလို့ရှိရင် ဆင်းကော၊ ဆင်းကောကနေ ဆိုလို့ရှိရင် ကောင်းမှုတော်နားထိ။ အနောက်ဆိုလို့ရှိရင် ရွှေပန်းကုန်း၊ လှတွေထိ ပါတယ်။ နောက်ဆုံး အနောက်ဘက်ချဲ့မယ်ဆိုလို့ရှိရင် အရာတော်ထိ။ ဒါပေမယ့် အရေးကြီးတာက မြို့ဟောင်းတွေရဲ့ သဲလွန်စ တွေ အခိုင်အမာရှိနေတဲ့ ဒီ အရပ်ရှစ်မျက်နှာကကိစ္စရော ဟန်လင်းဒင်္ဂါးဆိုတဲ့ကိစ္စရော ဟန်လင်းကို ကိုးမြို့ ကွက်လို့ခေါ်တဲ့ကိစ္စ၊ ကိုးမြို့ဟောင်းဆိုတဲ့ကိစ္စက အရံခံတပ်ရှစ်ခုနဲ့ ဟန်လင်းနဲ့ ပေါင်းပြီး တည်ဆောက်ခဲ့လို့ အဲဒါကို “ဟန်လင်းကိုးမြို့” လို့ခေါ်တာ။ အဲဒီဟာတွေထို အခုအချိန်မှာ လုပ်စေချင်တာ။ ဒါပေမယ့် ခုချိန်ထိ မလုပ်သေးဘူး။ အဲလိုလုပ်နိုင်မှ ကမ္ဘာပညာရှင်တွေကလည်း ပိုပြီးတော့မှ လေးနက်လာမယ်။ ဟန်လင်း လေးတစ်ခုထဲနဲ့ ကွက်ဖော်တာမျိုးကို မဖြစ်စေချင်ဘူး။ လက်စလက်နလဲရှိတယ်။

ဥပမာဆိုလို့်ရှိရင် ဒီကနေ ရှိမ်းမကားကို သွားလိုက်ရင် ရှိမ်းမကားမှာ ဟန်လင်းမှာ တွေ့ရသလို အကုန် အစုံတွေ့ရတာကိုး။ ကျောက်လက်နက်တွေ၊ ကျောက်ကွင်းတွေ၊ ပုတီးစေ့တွေဟာ သစ်ဆိမ့်တို့ ရှားကွဲတို့မှာလဲ တွေ့ရတာပဲ။ မင်းကျီသွားလိုက်မယ်ဆိုရင် မိုးရွာတဲ့အချိန် လှည့်ပတ်ကြည့်လိုက် တွေ့နေရတာပဲ ဒီအထောက်အထား တွေက။

ခု ရှေးဟောင်းဝန်ကြီးသူရဦးအောင်ကိုက ရှေးဟောင်းပေါ်မှာ ဘယ်လောက် အာရုံစူးစိုက်မှုရှိနိုင်သလဲလို့ ခင်ဗျားထင်လဲဆိုတော့ ရှေးဟောင်းအပေါ်မှာ ဘယ်လောက်ထိ အာရုံစူးစိုက်သလဲဆိုတဲ့ အမြင်ကတော့ ယဉ်ကျေးမှုကို နားလည်တဲ့ ၀န်ကြီးဖြစ်စေချင်တယ်။ သူဖြစ်လာတဲ့ အချိန်ကာလအတွင်းမှာတော့ ရှေးဟောင်းနဲ့ ပတ်သက်ပြီးတော့ အားရနိုင်တဲ့အခြေအနေတော့ မတွေ့မြင်ရသေးဘူး။ အဲဒီကျတော့ ကျနော်ဖြစ်ချင်တာက ဥပမာ သာသနာရေးဝန်ကြီးဆိုရင်လည်း သာသနာရေးဌာနမှာ သာသနာရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို အ၀၀နားလည်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ်စေချင် တာပေါ့။ ယဉ်ကျေးမှုဆိုရင်လည်း ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ထဲထဲဝင်ဝင် သိကျွမ်းတဲ့ပုဂ္ဂိုလ်မျိုးပဲ ၀န်ကြီးဖြစ်စေချင်တာ။

ဆိုပါစို့၊ ခု ဒီရှေးဟောင်းမှာ ခန့်ထားတာက မိုးကျရွှေကိုယ်၊ ဗိုလ်ကြီးဟောင်း။ သူဆိုရင် ရှေးဟောင်းမှာ သူက လူကြီးပေါ့နော်။ တိတိကျကျ ပြောရမယ်ဆိုရင်တော့ ဒီယဉ်ကျေးမှုမှာ ယဉ်ကျေးမှု သုတေသန သင်တန်းတွေယူထားတဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ နားလည်ကြတယ်ပေါ့ဗျာ။ ဒါပေမယ့် သင်တန်းတွေ ယူမထား တဲ့သူ၊ ဥပမာ ဒီပလိုမာဘွဲ့လောက်ထိ ယူမထားဘူးဆိုရင် နားမလည်ဖူးဘဲ။ သူတို့ဘာမှ ယူမထားတော့ ယူနက်စကိုနဲ့ စကားပြောတဲ့အခါတွေမှာတော့ အင်္ဂလိပ်လိုလည်း မပြောနိုင်ဘူး။ ဗမာလိုလည်း သူတို့ ဘောင်ကျကျ မပြောနိုင်ဘူး။ တကယ်တမ်း ယူနက်စကိုနဲ့ဆိုလို့ရှိရင် ပြောနိုင်တဲ့ပုဂ္ဂိုလ်က သုတေသနကို တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်မျိုးတွေပေါ့ဗျာ။ အဲတော့ ဗိုလ်ပြုတ်တွေက ယူထားတာ စီမံဘဏ္ဍာပေါ့။ စီမံဘဏ္ဍာ အုပ်ချုပ်ရေး။ အဲဒီတော့ စီမံဘဏ္ဍာက တကယ်တန်းပြောမယ်ဆိုလို့ရှိရင် သုတေသနကို ကျွမ်းကျင် နားလည်တဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်သင့်တယ်ပေါ့ဗျာ။ ဥပမာ archaeology ကျောင်းပြီးတဲ့ပုဂ္ဂိုလ်တွေ၊ သမိုင်းနဲ့ ကျောင်းပြီးတဲ့ပုဂ္ဂိုလ်တွေ ဒါမျိုးတွေကို ဖြစ်စေချင်တာ။ အဲဒီလို ရှေးဟောင်းမှာ မိုးကျရွှေကိုယ်တွေ ၀င်လာတာလည်း ရှေးဟောင်းတွေ ထိန်းသိမ်းဖို့ အခက်အခဲ အများကြီးဖြစ်တာပေါ့။


 ဥပမာ ဒီမှာက သမိုင်းပညာရှင်တွေလာမယ်။ နောက်တစ်ခါ archaeologists ပေါ့ဗျာ၊ ဒီမြန်မာနိုင်ငံ ဆိုလို့ရှိရင် ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ နောက်တစ်ခါ ရတနာပုံတက္ကသိုလ် တွေမှာ archaeology ကို သင်ကြားပေးနေပြီပေါ့ဗျာ။ အဲဒီတော့ ဒီတက္ကသိုလ် ဖွင့်ထားတဲ့ပုဂ္ဂိုလ်တွေက ဒီ ဌာနမှူးတွေ ကျောင်းသူကျောင်းသားတွေက ဂုဏ်ထူးတန်းတွေအတွက် လာတာတွေရှိတယ်ပေါ့ဗျာ၊ ကျမ်းပြုဖို့ လာတာတွေရှိတယ်။ အဲဒီဟာတွေမျိုးဆိုရင် အခက်အခဲရှိပြီ။ သူတို့လဲ ဘာမှ မကူညီိနိုင်ဘူး။ ဒီက ကူညီနိုင်သူတွေအပေါ်မှာလဲ အမြင်မကြည်ဘူး။ ၀န်ကြီးအမိန့်မရလို့ဆိုပြီးတော့ပေါ့လေ။


အဲဒီ့ဟာကတော့ ဒီမိုကရေစီခေတ်မှာတော့ ၀ိုင်းပြောကြသင့်ပြီ ထင်တယ်နော်။ ဘာလို့တုန်းဆိုတော့ ဒီပညာရပ်ဆိုင်ရာ ကျွမ်းကျင်တဲ့သူတွေ စီမံခန့်ခွဲရမယ့်ကိစ္စတွေမှာ သူတို့ ၀င်ပြီးတော့ လုပ်တာပေါ့နော်။ သူတို့ရောဂါဖြစ်ပြီဆိုရင် သူတို့ ရမ်းကုနဲ့ မကုဘူးဗျာ၊ သူတို့က တစ်ခါတလေ နိုင်ငံခြားတောင်ပြေးတယ်၊ ပြည်တွင်းတောင် မကုဘူး။ ဒါပေမယ့် သူတို့ကျတော့ သူတို့ကိုယ်တိုင် ရမ်းကုနေရာမှာယူပြီးတော့ လုပ်ငန်းတွေကို ၀င်ပြီးတော့ စီမံတယ်လေ။ တိုင်းပြည်မှာ ဖြစ်နေတဲ့ ရောဂါတွေကျတော့ သူတို့က ရမ်းကုအနေနဲ့ကုတာကိုး။

ယဉ်ကျေးမှု သုတေသနလုပ်ငန်းက ဒီ မြို့ဟောင်းတွေ တူးဖော်တယ်၊ ရုပ်ကြွင်းတွေ တူးဖော်တယ်၊ ပစ္စည်းတွေ ဆက်စပ်တယ်၊ ကွင်းဆက်တွေလုပ်တယ်ဆိုတဲ့နေရာမှာ သာမန်အချိန်တွေနဲ့ မရဘူး။ နောက် တခါ သာမန်ခွင့်ပြုထားရုံနဲ့လည်း မရဘူး။ အထူးခွင့်ပြုချက်တွေကို ပေးထားမှသာ နယ်ပယ်ကျယ်ကျယ်ကို သွားနိုင်မှာ ဆက်စပ်နိုင်မှာ။ အဲဒါတွေကို ကန့်သတ်နေမယ်ဆိုလို့ရှိရင် မလွယ်ဘူးပေါ့။ ဥပမာဆိုကြပါစို့၊ အချက်အလက်ကို ခုသတင်းရတယ်ပေါ့၊ ရရချင်း အဲဒီ့ပုဂ္ဂိုလ်ကိုက သွားဖို့အတွက်က သူတို့ဆီက ခွင့်ပြုချက် ယူနေရဦးမယ်ဆိုရင် အချိန်မမှီတော့ဘူး အဲဒါမျိုးတွေ။

 ဖြစ်စေချင်တာက ဥပမာ တက္ကသိုလ်တွေမှာလည်း ပါမောက္ခတွေရှိပြီ။ နောက်ဌာနအတွင်းမှာလည်း ဒီ ပညာရပ်နဲ့ ကျောင်းပြီးထားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပြီ။ နောက် နိုင်ငံတကာ အတွေ့အကြုံရှိနေတဲ့ ပုဂ္ဂိုလ် တွေလည်း ရှိနေပြီ။ အဲလိုပုဂ္ဂိုလ်မျိုးတွေကို ရှေ့တန်းတင်ပေးသင့်တယ်။ ပြည်သင်တန်းကျောင်းဆိုရင် ရှေးဟောင်းနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေကို ရှေးဟောင်းမှာရှိနေတဲ့ ၀န်ထမ်းတွေကို ပြန်လည်ပြီး မွမ်းမံ သင်တန်းပို့ချပေးတယ်။ အဲလိုပို့ချပေးတဲ့ဆီကနေ သူတို့ဆက်ပြီးတော့မှ မာစတာဘွဲ့တွေဘာတွေ ဆက် တက်ကြတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ အဲဒီတော့ ဌာနတွင်းမှာလည်း ပညာရှင်တွေ ရှိနေတယ်။ ဒါပေမယ့် အဲဒီ ဌာနတွင်းမှာရှိနေတဲ့ပညာရှင်တွေက ချောင်ထိုးထားခံနေရတယ်။ အဲလိုဖြစ်နေတယ်။ ရှေးဟောင်းရဲ့ နေရာတိုင်းမှာ ၀င်နေတဲ့မိုးကျရွှေကိုတွေကတော့ ဌာနတွင်းကပို့ချတဲ့ သင်တန်းလေးတွေ ဘာလေးတွေ တော့ သူတို့သွားတယ်ပေါ့။

ခုချိန်မှာ ဒေါက်တာဘွဲ့တွေယူထားတဲ့ပုဂ္ဂိုလ်တွေ ရှိနေတယ်။ အဲသလို ဒေါက်တာဘွဲ့ ယူထားတဲ့ပုဂ္ဂိုလ်မျိုး တွေကို ခန့်စေချင်တာပေါ့။ ဟန်လင်းနဲ့တင် ဒေါက်တာဘွဲ့ယူထားတဲ့သူ ခုနစ်ယောက်လောက်တော့ ရှိသွားပြီ။ နောက်ထပ် ဟန်လင်းနဲ့ မဟာဘွဲ့တွေကတော့ များတယ်။

 နိုင်ဆော်ဆိုတာရှိတယ်။ သူကတော့ ဆရာဝန်ပေါ့။ ဆရာဝန်ကနေပြီးတော့မှ စစ်ထဲဝင်လိုက်တယ်။ စစ်ထဲ ကနေပြီးတော့မှ ယဉ်ကျေးမှုကို တစိုက်မတ်မတ်လုပ်၊ စာတမ်းတွေလည်း ကိုယ်တိုင်ဖတ်၊ နေရာတွေလည်း ကိုယ်တိုင်ရောက်အောင် သွားပြီးတော့မှ လုပ်နေတဲ့ပုဂ္ဂိုလ်။ ဒီစစ်သား ရှေးဟောင်းသမားကျတော့လဲ ရှေးဟောင်းမှာ ဘာမှ နေရာပေးထားတာ မရှိသေးဘူး။ သူဆိုလို့ရှိရင် ရန်ကုန် တက္ကသိုလ်မှာ အကြိမ် ပေါင်းမြောက်များစွာ စာတမ်းတွေဖတ်တယ်။ နောက်တစ်ခါ စာအုပ်လည်း အုပ်လေးဆယ်ကျော်လောက် ရေးသေးတယ်။

သူတို့ကိုယ်၌ကရော သူတို့ ဒီနေရာတွေကို ရောက်လာရတာဟာ ဘာမှလည်း အံဝင်ခွင်ကျမဖြစ်ဘဲနဲ့ ရောက်လာတဲ့အပေါ်မှာ သူတို့ကိုယ်တိုင် ထုတ်ပြောတဲ့ မှတ်ချက်တွေရှိလားဆိုတော့ မရှိဘူး။ မရှိဘူး ဆို တာ သူတို့ဌာနချင်း ဘယ်ဌာနကို သွားချင်တယ်ဆိုတာ သူတို့ဗိုလ်ချုပ်ကို ပြောပြီး သွားလိုက်တာမျိုးတွေ တဲ့။ သူတို့ကိုယ်သူတို့ မတတ်ဘူးဆိုတဲ့ သိမ်ငယ်စိတ်မျိုး သူတို့မှာ ဘာမှမရှိဘူး။ ဘယ်နေရာမဆို အိုကေပဲ။ ဘာလို့လဲဆိုတော့ သူတို့နားလည်ထားတာက သူတို့က စီမံကိစ္စမှာ အတတ်ဆုံးလို့ နားလည်ထားတာကိုး။ အဲဒီတော့ သူတို့က ဘာပဲဖြစ်ဖြစ် စီမံဌာနတော့ ရောက်မှာပဲ။

စီမံဘဏ္ဍာမှာ သူတို့ဝင်လာတော့ ပြဿနာက၊ ဆိုပါစို့ သုတေသနဌာန။ သုတေသနက အရင်လေ။ ပြီးတော့ ထိန်းသိမ်းကာကွယ်ရေး။ ပြီးတော့မှ စီမံဘဏ္ဍာ။ အဲဒီတော့ စီမံဘဏ္ဍာက ဘတ်ဂျက်မပေးတဲ့အခါကျတော့ သုတေသနက ဘာမှလုပ်မရဘူး။ သုတေသနကို နားမလည်တဲ့သူတွေက စီမံဘဏ္ဍာကို ယူထားလိုက်တော့ ဘတ်ဂျက်က လုပ်ငန်းခွင်ထဲကို မရောက်ဖူး။ အိပ်ထဲတော့ ရောက်သွားတယ်။ နမူနာတခုပြောရရင် ဆိုဒ်တဆိုဒ်တူးတာက တကယ်တူးကြည့်တော့ သိပ်မကုန်ဘူး။ တဆိုဒ် တသိန်းလေးသောင်းလောက်ဘဲ။ ၂၀၀၅ တုန်းကပေါ့။ အဲဒီအချိန်မှာ သူတို့တင်ရတာကိုက တစ်ဆိုဒ်ကို အောက်ခံ သိန်းငါးဆယ်။ အဲဒါ နှစ်ဆိုဒ်ဆိုတော့ သိန်းတစ်ရာပေါ့ဗျာ။

ပြီးတော့ ရှေးဟောင်းမှာ မူဝါဒရှိတယ်။ အပြင်က ဘယ်လောက်ပဲတတ်တတ် သူတို့ဌာနက ပေပါမှ အတည် ဖြစ်တာ။ အဲဒါက ရှေးဟောင်းလုပ်ငန်းတိုးတက်မှုအတွက် အဟန့်အတားဖြစ်သလို ရှေးဟောင်းပညာ လိုက်စားမှုအတွက်လည်း အဟန့်အတား လာဖြစ်တယ်။ အဲဒါက ရှေးဟောင်းဦးစီးဌာနရဲ့မူ။ တဖြည်း ဖြည်းနဲ့ ကောင်းတာ မကောင်းတာထက် တရားဝင်ဖြစ်ခြင်း မဖြစ်ခြင်းကိုပဲ ရှေ့တန်းတင်တဲ့ သဘောဘက် ရောက်သွားတယ်။ ဥပမာ ကျောက်စာနဲ့ပတ်သက်လို့ တတ်ချင်သလောက်တတ်၊ သူတို့ဌာနက ပေပါ မဟုတ်ရင် တရားမဝင်ဘူး။ အဲဒါကြောင့်မို့ တော်တော်များများက တွေ့ရှိချက်တွေကို မပေးဘူး။ ဘာလို့ မပေးတာလဲ အဲဒီ့စနစ်ကို ဖျက်ချင်ကြလို့။ ဒီလို မိုးကျရွှေကိုယ်တွေ စီမံအုပ်ချုပ်မှုမျိုးနဲ့ သူတို့လုပ်တာလည်း ဘာမှမရှိဘူး။ သူများလုပ်ထားတာလည်း အသိအမှတ်မပြုချင်။ အဲလိုဖြစ်နေတယ်။

တခါတလေ ရှေးဟောင်းဟာ ယူနက်စကိုရဲ့ပါးစပ်ထဲမှာ လမ်းဆုံးရတာတွေရှိတယ်။ ခုခေတ်မှာ အကုန်လုံး က ကမ္ဘာရွာကြီး ဖြစ်နေပြီလေ။ အကုန်လုံး ပညာရှင်တွေ တက္ကသိုလ်တွေ အသီးသီး ကိုယ့်ဘာကိုယ် ချိပ်ဆက်လို့ ရနေတာပဲ။ နောက်ဆုံး google ကသွားမလား၊ အခုခေတ် ကလေးတွေဆို တအားကြီး အခွင့်အလမ်းအများကြီး ကောင်းနေပြီ။ ဒါပေမဲ့ လိုအပ်တဲ့ တန်ဆာပလာတော့ ရှိတာပေါ့ဗျာ။ ဒါကတော့ ဆင်ရမှာပေါ့။ တကယ်ကြိုးစားမယ်ဆိုရင် အခုခေတ်က တအားကိုကောင်းတာ။ ဟိုတုန်းက စာအုပ် တအုပ်ရဖို့ရာ မလွယ်ဘူး။ ဒီပညာရပ်ကိုလုပ်မယ်ဆိုရင် ခုခေတ်က တအားကိုကောင်းတာ။ ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ တရားဝင်ခြင်း မ၀င်ခြင်းဆိုတဲ့ ကိစ္စတစ်ခုကတော့ အဲဒါကြီးကတော့ ရှိနေ တယ်။ ပြီးတော့ တတ်ကျွမ်းသူတွေကို နေရာမပေးဘူး။

ပြီးတော့ သူတို့က စာတမ်းဖတ်မယ်ဆိုလို့ရှိရင် ဌာနတွင်းစာတမ်းဖတ်မှာလောက်ဘဲ လုပ်ချင်တာ။ အပြင်က လူတွေ သိပ်မခေါ်ချင်ဘူး။ အကြောင်းပြတာတော့ ဘတ်ဂျက်အခက်အခဲရှိလို့ဘဲ။ စာတမ်းဖတ်ပွဲလုပ်မယ် ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဒီဟာကို ၀ါသနာအရလေ့လာနေတဲ့သူတွေလည်း ရှိတယ်။ နောက်တစ်ခါ ဒီ ဘာသာရပ်ပေါ်မှာ တစိုက်မတ်မတ် လုပ်နေတဲ့သူတွရှိတယ်လေ။ ဒီလူတွေ ပါစေချင်တယ်။

 မောင်လူရေး


မယ်နုအုတ်ကျောင်း ဓာတ်ပုံများ






ဟန်လင်း ရှေးဟောင်းမြေ မြင်ကွင်း


0