မောင်စွမ်းရည် - ''ကဗျာဆရာကတော်ကြီး ဆေးရုံတက်ခြင်း''

ကထိန်သင်္ကန်းကြိုတင်လှူဒါန်းသော ဦးစွမ်းရည်+ဒေါ်ခင်နွဲ့ကြည် မိသားစု (Photo -  သုံးပါးကျောင်းဖေ့စ်ဘွတ်)


မောင်စွမ်းရည် - ''ကဗျာဆရာကတော်ကြီး ဆေးရုံတက်ခြင်း''
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၇

ကျွန်တော်တို့ငယ်ရွယ်စဉ်အခါက ''ကတော်ဆယ် ပါး''ဆိုလား ကြားဖူးပါတယ်။ အစိုးရအရာရှိကြီးများရဲ့ ဇနီးကို ''မင်းကတော်'' တဲ့။ လူဖြူအင်္ဂလိပ်တို့ရဲ့ဇနီးကို ''ဗိုလ်ကတော်''တဲ့။ ကျွန်တော်တို့ ရွာမှာ အစိုးရမင်းမှု ထမ်းဆိုလို့ ''ပြာတာ''လို့ခေါ်ခဲ့ ''မင်းစေ''ခေါ် ''ရုံးလုလင်''ပဲ ရှိခဲ့ဖူးပါတယ်။ အဲဒီမင်းလုလင်ကိုပဲ ကျွန်တော် တို့ အရပ်မှာ ''မင်းဒလင်''လို့ခေါ်ပါသေးတယ်။

ပြာတာတော်မင်းဆိုတာဟာ ရုံးတော်ကို ဝင်ရေး ထွက်ရေးကိစ္စနဲ့ အရာရှိမင်းများကို တွေ့ခွင့်ရရေးကိစ္စ တို့မှာ စွမ်းဆောင်နိုင်သူဖြစ်လို့ တောသူတောင်သား တွေရဲ့ အထင်ကြီးလေးစားမှုကို ခံရပါတယ်။ ပြာတာ တော်မင်းကို လာဘ်ပေးလာဘ်ယူလုပ်ဖို့ကိစ္စများကို တော့ သူ့ဇနီးကတစ်ဆင့် ဆောင်ရွက်ကြရပါတယ်။ အနည်းဆုံးကတော့ ငှက်ပျောတခိုင်၊ ယုန်တထုပ်၊ ကြက်ဥတခြင်းစသည် ဖြစ်တတ်ပါတယ်။ ပြာတာတော် မင်းရဲ့ဇနီးကိုလည်း ''ပြာတာကတော်'' လို့ ခေါ်ကြရ သဗျ။ ရွာကသင်္ကြန်သံချပ်ထဲမှာတောင် ''ပြာတာကတော်ကြီးအိပ်လို့ပျော်၊ ဖင်ပေါ်ခေါင်းပေါ်'' စသဖြင့် ထည့်သွင်း သံချပ်ထိုးရာမှာတောင် ပါဖူးသေးသဗျ။ ကိုလိုနီခေတ်သမိုင်းဝင် အရေးပါသူ ''မင်းကတော်'' တဦးပေပ့ါခင်ဗျာ။ ဒါ့ကြောင့် ''ကဗျာဆရာကတော်''လို့ သုံးနှုန်းမိတာကို မျက်နှာသာပေးလို့ ရွှေရေးပန်း ကန်တက်ရာကျတယ်လို့ဖြင့် မပြောတန်ရာပါဘူးခင်ဗျာ။

တစ်ခေတ်ပြီး တခေတ် ''ကတော်'' တွေကလည်း တိုးတိုးလာပုံ ရပါတယ်။ သမ္မတကတော်၊ ဝန်ကြီး ကတော်၊ ဒုဝန်ကြီးကတော် စသဖြင့်ပေါ့။ မဆလခေတ် တုန်းကဆိုရင်တော့ ဥက္ကဋ္ဌကတော်တွေ မှ အများကြီး။ ပါတီဥက္ကဋ္ဌကတော်၊ ကောင်စီဥက္ကဋ္ဌကတော်၊ မြို့နယ်ကတော်၊ ရပ်ကွက်ကတော်တွေကလည်း အဆင့်ဆင့်။ ဒီတော့လည်း ကဗျာဆရာကတော်ဆိုတာ ခေါ်ခွင့်ရှိရမှာပါ့။ ဖြတ်တောက်ပြီး ''ဆရာကတော်'' လို့ခေါ်ချင်ခေါ်ပါလေ။ ဆိုက္ကားဆရာတောင်ရှိ သေးတာကပဲ။ ဒီလောက် တောင် ကိုယ့်ဇနီး ဆေးရုံတက်တာကိုများ ရေးကြီးခွင်ကျယ်လုပ်နေရသလားလို့ မေးစရာရှိပါတယ်။ 

ကျွန်တော် အခုရောက်နေတာက အမေရိကားလေ။ ယူနိုက်တက်စတိတ်အမေရိကားပါ။ ကျွန်တော်နေထိုင်တာကလည်း နယူးယောက်မြို့ကြီးလေ။ နယူးယောက်မြို့ဆိုတာကြီးက အချမ်းသာဆုံး နိုင်ငံကြီးတစ်ခုရဲ့ အကြီး ဆုံးမြို့ကြီးတွေထဲက တစ်မြို့မဟုတ်လား။ နယူးယောက်မြို့မှာ အမ်းမ်ဟတ်စ်ဆေးရုံကြီးဆိုတာ အကြီး ဆုံးပဲလေ။ ''ဘရော့ဝေး''ဆိုတဲ့ လမ်းကျယ်ကြီးတစ်ခုပေါ် မှာဟိန်းလို့။ ဘယ်နှစ်ထပ်ရယ်လို့ ကျွန်တော်သတိမထား မိဘူး။ ကျွန်တော့်ဇနီးတက်ရတဲ့ အထပ်ကတော့ ၆ ထပ်မှာ။ ၆ ထပ်ဆိုလည်း မနည်းပါ ဘူး။ ဗမာပြည်မှာ ခြောက်ထပ်ကြီးဘုရားလို့ အခေါ်ရှိသမှုတ်လား။ ဒါက နယူးယောက်မြို့က ခြောက်ထပ်ကြီးဆေးရုံဆိုပါစို့။ ကန်တော့်ပါရဲ့။ နှိုင်းယှဉ်တာရယ်မဟုတ်ပါဘူး။ ရှိတာ ပြောရတာပါ။ အဲဒီမှာ ဓာတ်လှေကားတွေ လေးငါး ခြောက်စင်း မျက်နှာချင်းဆိုင်ရှိတာဆို တော့ ကြိုက်ရာ လှေကားက တက်ပေါ့။ ခလုတ်နှိပ် ဂျိပ်ဆိုပွင့်၊ ဂျိ- ဆို တက်ကရောပဲ၊ လျှောခနဲ။

ကျွန်တော်လည်း ဒီဆေးရုံကြီးမျိုးတက်ဖူးတယ်ရှိအောင် တက်ခဲ့ပ။ ကျွန်တော်ဗမာပြည်မှာနေတုန်းက ကျောက်ကပ်ဆေးရုံတက်ဖူးတယ်။ အဲဒီမှာတုန်းက ကဗျာတစ်ပုဒ်ရေးခဲ့ဖူးတာ တချို့စာပေမိတ်ဆွေများ ဖတ်ဖူးကြမှာပေါ့။ ကျွန်တော်ဖြင့် ပြန်တွေး ကြည့်မိရင် ကြက်သီးထမိပါရဲ့။ အရှိကို အရှိအတိုင်းရေးခဲ့တာဆို တော့ ရွံစရာတွေ၊ မသဒီစရာ ထွီစရာတွေလည်း ရေးမိခဲ့ တာကိုး။ ဆေးရုံချင်းတော့လည်း မနှိုင်းယှဉ်ကောင်းဘူး ပေါ့ဗျာ။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ။ ကိုယ်တက်ဖူးတာ ကလည်း ဒီနှစ်နေရာပဲရှိတာကိုး။ ဒီနှစ်မျိုးပဲ နှိုင်းယှဉ်မိ တော့တာပေါ့။ (ဆရာဝန်နဲ့သူနာပြုတွေကတော့ ဘယ် တိုင်းပြည်မှာပဲဖြစ်ဖြစ် စေတနာအလုပ်လုပ် ကြရသူ တွေဖြစ်တဲ့အတိုင်း အတူတူပါပဲခင်ဗျ။)

ကဗျာဆရာကတော်ကြီးဟာ ခြောက်ထပ်မှာ တစ်ယောက်တည်းနေရပါတယ်။ စက်ခလုတ်တပ်ထမ်းစင်ကြီးနဲ့ မထမ်းရဘဲ လျှောခနဲ့ ငြိမ့်ခနဲ့ရောက်လာခဲ့ပါ တယ်။ ရေချိုးခန်းနဲ့၊ အိမ်သာခန်းနဲ့၊ တယ်လီဖုန်းနဲ့၊ ရုပ်မြင်သံကြားနဲ့ တစ်ခမ်းတနားပါပဲ။ ဧည့်ခန်း၊ ထမင်း စားခန်း၊ စာဖတ်ခန်းဆိုသလို နားနေခန်းမကြီးတစ်ခုလည်းရှိပါရဲ့။ လူနာက မသွားနိုင်တော့ လာသမျှဧည့်သည်များဟာ လူနာခန်းကိုချည်းလာကြပါတယ်။ တစ်ချို့ ထိုင်၊ တစ်ချို့ ရပ်ပေါ့။ လူနာမေးလာသူဧည့်သည်တွေက အချိုရည်ပုလင်းတွေ၊ မုန့်သေတ္တာတွေ၊ မုန့်ထုပ်၊ စပျစ် သီး၊ ပန်းသီး၊ လိမ္မော်သီး၊ ချယ်ရီသီးစတဲ့ အသီးအနှံတွေ ပါယူလာကြတော့ ပြတင်းပေါက်ခုံပေါ်၊ စားပွဲခံပေါ်၊ ဘီရိုပေါ်၊ ဘီရိုထဲစုံလို့ ပုံလို့။ အလှူပေးရင်တောင် ပေးနိုင်သေး။ လူနာရှင်ကတော့ ထမင်းစားဖို့အိမ်ပြန်စရာမလိုဘူး။ ကဗျာဆရာဆိုတော့ စာဖတ်၊ စာစပ်လုပ် နေရမှ။ လက်အား၊ ပါးစပ်အားမနေတတ်ဘူး။ အားနေ ရင် ဝါးနေ၊ စားနေရမှ။ အဖိုးကြီးပေမယ့် သွားအတုနဲ့ဆို တော့ ဝါးမှုမှာလည်း အဆင်ပြေနေတာကိုး။ လူနာကတော့ ပါးစပ်မှာလည်း ဒဏ်ရာရှိနေလေတော့ အတော်ကြာ အောင် ကောင်းကောင်းမဝါးနိုင်၊ မစားနိုင်ရှာသေးပဲ အရည်လောက်ပဲဆိုပါတော့။

အတိုချုပ်ကတော့ ကဗျာဆရာကတော်ကြီးဟာ ခမ်းနား၊ သန့်ရှင်း၊ သပ်ရပ်တဲ့အခန်းထဲမှာ စက်ယန္တရား တပ်ခုတင်ကြီးနဲ့ စက်သီးတပ်ခန်းဆီးကြိုးနဲ့။ လူနာခန်းမှာရော အိမ်သာရေချိုးခန်းမှ ရော ကိုယ်လုံးပေါ်မှန်နဲ့၊ ရေပိုက်ခေါင်းနဲ့၊ ကြွေခွက်နဲ့။ နံရံမှာ လက်ဆေးဆပ်ပြာ ခလုတ်၊ မျက်နှာသစ်ဆပ်ပြာ ခလုတ်။ ရေချိုးဆပ်ပြာ ဘာညာစုံလို့။ အိမ်သာသုံးစက္ကူ၊ လက်သုပ်စက္ကူ၊ အထူ အပါး၊ အကြီးအသေးတွေကလည်း နံရံမှာ စက်ခလုတ် တွေနဲ့ပဲ။ ဆတ်ခနဲ ဆွဲ၊ ဗျိခနဲဆုတ်၊ သုတ်ပါလေ။ ''လိုရာသုံးသက်ဝေ''ပဲ။ ဆေးပါးနဲ့ အစားအစာကလည်း နံနက်၊ နေ့လယ်၊ ညနေ၊ အချိန်မှန် အခမဲ့။ စေတနာမမဲ့။ ခွံ့ကျွေး။ အသိုက်ထဲက ငှက်ကလေးကို ငှက်မိခင် အစာ ကျွေးသလိုပါပဲ။ ဝတ္ထုရေးဆရာကြီး မောင်သာရ ကြွားသလို ကြွားရရင် အမေရိကားမှာက သူနာပြု ဆရာမတွေကလည်း ''သုံးရောင်ချယ်''လေ။ အဖြူမ၊ အမည်းမ၊ အဝါမ၊ ဆေးထိုး၊ ဆေးတိုက်သူ။ ရေချိုး အဝတ်လည်းပေးသူ။ အစာခွံ့ကျွေးသူ။ တာဝန်တစ်မျိုး စီနဲ့ ဆရာဝန်ကလည်းအမျိုးမျိုး၊ လူနာကလည်းချောလဲ တဲ့လူနာဆိုပါစို့။ 

အမှန်ကတော့ မချော်ဘဲလဲတာ။ လက် မောင်းရိုးကျိုးတယ်။ အောက်မျက်ခမ်းရိုးနဲ့အောက်နှုတ် ခမ်းရိုးလည်းကြေတယ်။ ဒါကြောင့် စစချင်းသွား ဆရာဝန်ရော၊ မျက်စိဆရာဝန်ရော လာ ကြည့်ကြတယ်။ ဆီးချိုနည်းနည်း၊ နှလုံးရောဂါနည်းနည်း ရှိထားတယ်ဆို လို့ ဆီးဆရာဝန်ရော၊ နှလုံးဆရာဝန်ရော အထူးကု ဆရာဝန်တွေလည်း လာကြပြန်ရော။ ဗမာပြည်ပြောရရင် ''ဇဗယ်ရှယ်'' တွေချည်းပဲ။ အထူးကုပါရဂူတွေ ချည်းပဲ။ ကုလားမလေး (လိုချင်ရှာတဲ့ ယိုဟင်ဂျာ မဟုတ်) ပြောသလိုပြောရရင် ''အကန်းဂျား'' တွေ ချည်းပဲ။

 ဆေးဝါးကလည်း အပြည့်အစုံပဲ။ “တဝက်မျှပေး တစိတ်မျှပေးတွေ” မဟုတ်ဘူး။ အနာမရင်းအောင်၊ မနာအောင်စားဆေး၊ ထိုးဆေးတွေအပြင် ဆေးရုံမလာခင်ကရှိနှင့်တဲ့ ရောဂါတွေအတွက် ပေးထားတဲ့ ဆေးမျိုးစုံကိုလည်း ဆေးရုံကပဲ အပြည့်အစုံ ဆက်ပေးပါ တယ်။ အားလုံးအခမဲ့ချည်းပါပဲ။ ဘာကိစ္စအတွက်မှ မပေးရပါဘူး။ ဗမာပြည်ကျောက်ကပ်ဆေးရုံက အလုပ် သမားတွေလို ဆီးသွားတကျပ်၊ ဝမ်းသွားတကျပ်။ အိုးထိုးတကျပ်၊ အိုးနှုတ်တကျပ်ဆိုတာမျိုးတွေလည်း မပေးရပါဘူး။ သြော်..ဗမာပြည်က အောက်ခြေဆေးရုံ အလုပ်သမားတွေခမျာ မလောက်ငှရှာကြလို့ ဆိုပြီးတော့လည်း စာနာထောက်ထားပြီးပေးရတာပါ့လေ။

အမေရိကားမှာ လူမျိုးမရွေး၊ ကျားမ မရွေး၊ ဘာသာမရွေး၊ နိုင်ငံသား၊ နိုင်ငံခြားသားမရွေး အသက် ၆၅ နှစ်ကျော် သက်ကြီး ရွယ်အိုတွေကို ''စီနီယာစီကီဇင်'' လို့ခေါ်ပြီး အလုပ်လက်မဲ့၊ ဆွေမဲ့မျိုးမဲ့၊ ထောက်ပံ့သူ မဲ့လို့ဆိုပြီး စားဒုက္ခ၊ ဖျားဒုက္ခ၊ သွားဒုက္ခ မဖြစ်စေရပါ ဘူး။ ထောက်ပံ့ကူညီပါတယ်။ နိုင်ငံသားနဲ့  ဧည့်နိုင်သား ရော ၆၅ နှစ်ကျော်ရင် ကတ်ပြားသုံးမျိုးပေးပြီး ထောက် ပံ့ပါတယ်။ (၁) အစားအစာကတ်၊ (၂) ဆေးကုဆေးဝယ် ကတ်၊ (၃) ငွေသုံးငွေထုတ် တဲ့ လူမှုဖူလုံရေးကတ်တဲ့။ ကွယ်လွန်သူကဗျာဆရာကြီးဦးတင်မိုးက ကျွန်တော် အမေရိကားကို ရောက်လျှင်ရောက်ချင်း သူ့အိတ်ကပ် ထဲက ကတ်ပြားသုံးခုကို ထုတ်ပြတယ်။ ''သူငယ်ချင်းရေ ... စားဝတ်နေရေး၊ ကျန်းမာရေးအတွက်မပူနဲ့။ မင်း ၆၅ နှစ်ကျော်ပြီမဟုတ်လား''လို့မေးပြီး ''ကတ်သုံးပါး'' အကြောင်းကို ရှင်းပြပါတယ်။ ကပ်ကြီးသုံးပါး ကင်းဝေး စေတဲ့ ''ကတ်သုံးပါး''ပေါ့။ နေတာထိုင်တာ အခြေကျ တော့ ကျောင်းသားတစ်ယောက်ကိုခေါ်ပြီး ကျွန်တော့် အတွက် အဲဒီကတ်သုံးပါးရရှိရေး ဆောင်ရွက်ပေးပါ တယ်။

ကျွန်တော့်ဇနီးဆေးရုံတက်တော့ အဲဒီကတ်သုံးခု ထဲက ဆေးကုဆေးဝယ်ခွင့် ''မယ်ဒီကိတ်''ကတ်ပြားကို အသုံးပြုရပါတယ်။ ကျွန်တော့်ဇနီး လဲကျတာက ကျွန်တော်တို့နေတဲ့ တိုက်တန့်လျားကြီးကအထွက်မှာပဲ လဲတာ။ လူ ၁ဝ ယောက်လောက်ချက်ချင်းဝိုင်းလာပြီး လဲသူကိုထူ၊ ကုလားထိုင်ယူထိုင်ခိုင်း၊ အရေးပေါ်အီမာ ဂျင်စီ ဆေးရုံကားခေါ်သူက ခေါ်ပေး လုပ်ကြပါတယ်။ ဘယ်သူက ခေါ်လိုက်မှန်းတောင် မသိဘူး။ ကျွန်တော်က စိတ်ကူးတုန်းရှိသေး အရေးပေါ်ကားက အပြေးခေါ်စရာမလိုဘဲ ရောက်လာပြီ။ သူနာပြုလူငယ်တွေက လူနာ ထမ်းစင်လိုဟာမျိုးတစ်ခုနဲ့ ကိုယ့်ရှေ့ရောက်လာတာပါ။ ဗမာ့ထုံးစံအတိုင်း ထမ်းစင်လို့ခေါ်ရပေမဲ့ မထမ်းရပါ ဘူး။ စက်တပ် အိပ်စင်လေးပါ။ အနှိမ့်အမြှင့်စက်ခလုတ် တွေပါတယ်။ အပင့်အချ။ အကွေးအဆန့်စက်ခလုတ် တွေလည်းပါတယ်။ ဝဲယာအကာတွေကလည်း လွယ် လွယ်နဲ့ အတင်အချလုပ်လို့ရတယ်။ အိပ်စင်လေးမှာ ဘီး တွေလည်းတပ်ထားတယ်။ အလွယ်တကူတွန်းသွားပြီး ကားပေါ်ကို အတင်အချလုပ်နိုင်တဲ့ စက်ခလုတ်တွေပါရှိ တယ်။ အိပ်စင်ကို ကားပေါ်မေးတင်ပြီးတွန်းလိုက်ရုံပဲ။ ကျွန်တော်နဲ့အဖော်တစ်ယောက်ကို ကားပေါ်တက်ခိုင်း ပြီး ကားတံခါးပိတ်တယ်။ ဆေးရုံကို အမြန်မောင်းသွား ပါတယ်။ ကားပေါ်မှာလည်း ဆရာဝန် (သူနာပြု)လေး က စက်ကိရိယာမျိုးစုံနဲ့ စမ်းသပ်မှုမျိုးစုံလုပ်ပြီး ကွန်ပျူ တာပေါ်မှာ မှတ်တမ်းတင်၊ ဆေးရုံကို ကြိုတင်ပို့ထား လိုက်ပါတယ်။ အရေးပေါ်ကားက အရေးပေါ်ဥသြဆွဲ ပြီး အမြန်မောင်းတော့ ဆေးရုံကိုအမြန်ရောက်ပါတယ်။ သိပ်မဝေးလှတဲ့ ဆေးရုံကြီးရဲ့ နောက်ဖေးဘက်ကနေ ဓာတ်မှန်ဌာနကိုတန်းဝင်တော့ ဆေးရုံအလုပ်သမားတွေ က လူနာထက် လူနာရှင်ကို အာရုံစိုက်ပြီး ကျွန်တော်ပုဆိုးဝတ်လာတာကို 'စကတ်ထဘီကြီးဝတ်လာတဲ့ လူနာရှင်'လို့ သတင်းပေးရင်း တပြုံးပြုံးနဲ့ ဆီးကြိုကြပါတယ်။

အရေးပေါ်လူနာဌာနမှာ လုပ်စရာရှိတာလုပ်ပြီး တော့ လူနာတွေယာယီထားတဲ့ အခန်းကိုပို့ပြီး စက်တပ် ထမ်းစင်တွေကို တန်းစီထားလိုက်ပါတယ်။ မကြာခင်လိုက်ပို့ပြီး တစ်ယောက်တစ်ခန်းစီ ထားလိုက်ပါတယ်။ နယူးယောက်မြို့၊ အမ်းမ်ဟတ်စ်ပြည်သူ့ဆေးရုံကြီးမှာ လူနာရဲ့ဒဏ်ရာဒဏ်ချက်တွေကို စစ်ဆေးကုသပြီး နှစ် ပတ်လောက်ကြာတဲ့အခါ သူနာပြုဆေးရုံကြီးတစ်ခုကို ပြောင်းရပြန်ပါတယ်။ (ရီဟက်ဘ်) လုပ်ဖို့တဲ့။ ဆေးရုံကြီးက ၆ ထပ် ၇ ထပ်မြင့်ပါတယ်။ နှစ်ဆင့်မှန်တံခါးတွေ ကို အော်တိုမတ်တစ် စက်ခလုတ်တွေကို နှိပ်ဖွင့်ပြီး ဝင်သွားရပါတယ်။ အဝင်ဝမှာ လက်မှတ်ထိုးပြီးမှ ဆက် သွားရပါတယ်။ အဲဒီနားမှာ ဖန်ရေအိုးကြီးနဲ့ တည်ထား တဲ့ သံပုရာရည်အိုးကြီးတစ်အိုးရှိတယ်။ အိုးရဲ့အောက်ခြေက ခလုတ်ကိုလှည့်ပြီး (ဘေးမှာထပ်ပုံထားတဲ့ ပလပ်စတစ်ရေခွက်တွေထဲက) တစ်ခွက်ယူ သံပုရာရေတစ် ခွက်ငှဲ့သောက်လိုက်ရပါသေးတယ်။ သောက်ပြီးရေခွက် ကို ခါးလောက်မြင့်တဲ့ ပလပ်စတစ်အမှိုက်ပုံကြီးထဲကို ပစ်ထည့်ခဲ့ပါတယ်။ ပြီးတော့ သူများအသာဖွင့်ထားတဲ့ ဓာတ်လှေကားနဲ့ ဒုတိယထပ်ကိုသွားရပါတယ်။ သန့်ရှင်း သပ်ရပ်တဲ့ အခန်းကြီးတစ်ခန်းထဲမှာ တခြားလူနာ အဖော်၊ အင်္ဂလိပ်မ အဘွားအိုတစ်ယောက်နဲ့ အတူထား ပါတယ်။ အခန်းက အကျယ်ကြီးပါ။ သန့်ရှင်းကျယ်ဝန်း ပါတယ်။ အိမ်သာ၊ ရေချိုးခန်း၊ အဝတ်ဘီရို၊ တယ်လီဖုန်း ဘီးတပ်ကုလားထိုင်၊ တုတ်ကောက်၊ ကြိုးသိုင်၊ စလွယ် အမှိုက်ပုံး၊ မှန်၊ ရေခလုတ်၊ ကြွေခွက်၊ ဆပ်ပြာ၊ စက္ကူ စသဖြင့် အစုံပါရှိပါတယ်။ သန့်ရှင်းသပ်ရပ်ပုံများတော့ မနှိုင်းကောင်း နိုင်းကောင်းဗမာပြည်က ဘုရားခန်းထက် သန့်ရှင်းသပ်ရပ်တယ်လို့ ပြောရင် လွန့်အံ့မထင်ပါ။ (ကန်တော့ပါရဲ့)

အစားအစာတွေကလည်း အာဟာရဖြစ်စေမယ့် နို့၊ ကြက်ဥ၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ဂျုံ စတဲ့ အစား အစာမျိုးတွေကို နေ့စဉ်သုံးကြိမ်ကျွေးရပါတယ်။ အပူ အအေးသောက်စရာတွေလည်းပေးပါတယ်။ ခက်တာက လူနာဗမာမက ပေါင်မုန့်တို့၊ နွားနို့တို့၊ ထောပတ်ဒိန်ချဉ် ဒိန်ခဲတို့ကို သိပ်မကြိုက်တဲ့ကိစ္စပါပဲ။ ဒါကြောင့် အိမ်ကနေ ချက်ပြုတ်ကြော်လှော်ပြီး ငပိကြော်၊ ငပိတ်သုပ်၊ ချဉ်ပေါင်ကြော်၊ ကြက်ဟင်းခါးသီးဟင်းတွေနဲ့ လယ်တော ယာတော ထမင်းထုပ်ပို့သလို ပို့ရပါတယ်။ အတူနေ ဗိုလ်ဖြူမကြီးကတော့ ဗမာဟင်းနံ့ကို မခံနိုင်ရှာဘူးတဲ့။ ကိုယ့်ဓလေ့နဲ့ကိုယ်ဆိုပေမဲ့ ငပိနံကတော့ ဗမာကလွဲပြီး (ထိုင်းရောပေါ့လေ) ဘယ်လူမျိုးမှခံနိုင်မှာမဟုတ်ပါဘူး။ လူနာအမျိုးသမီးကြီးက နယူးယောက်မြို့ပဋ္ဌာန်းဝတ် အသင်းရဲ့ ခေါင်းဆောင်တစ်ဦးဆိုတော့ သူ့အပေါင်း အသင်းတွေကလည်း သင့်နိုးရာ ဟင်းမျိုးစုံနဲ့ ''စားမြိန် ထုပ်''ပို့ကြရှာပါတယ်။ အမ်းမ်ဟစ် ဆေးရုံကြီးမှာတုန်း ကဆိုရင် ညအိပ်လူနာစောင့်လိုအပ်တော့ သူတို့တတွေ အလှည့်က ညအိပ်ညနေစောင့်ပြီးပြုစုပေးကြရှာပါ တယ်။ နောက်ပြောင်းတဲ့ ဆေးရုံမှာတော့ ညအိပ်ညနေ စောင့်စရာမလိုတော့တဲ့အခါ ညဦးပိုင်း ၈ နာရီ ၉ နာရီ အထိ နေပေးကြပါတယ်။ လူနာကလည်း စကားမပြော ရရင် ရောဂါတိုးတတ်တဲ့လူနာမျိုးပါ။ အိမ်ကလူ ဆေးရုံတက်တုန်းက ဒီလောက်စားစရာတွေ ပေါ်ခြင်းသော ခြင်းမဖြစ်ပါဘူး။ ရောက်တာသိပ်မကြာသေးလို့လားမသိဘူး။ ဘာပဲဖြစ်ဖြစ် ကဗျာဆရာကတော်ကြီးကို နေ့ည စောင့်ရှောက်ကြ၊ စားမြိန်ထုပ်ပို့ကြတာကျေးဇူးမမေ့ပါ ဘူး။ သူတို့တတွေ ကျန်းမာပါစေ၊ ဆေးရုံမတက်ကြရပါ စေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။ (သူတို့ဆေးရုံမတက်ကြရတော့ သူတို့ကို ကျေးဇူးမဆပ်ချင်လို့ မဟုတ်ပါဘူး)

ဆေးရုံတက်ရတာ တစ်လလောက်ကြာတော့ ဆေး ရုံက ဆင်းခွင့်ပေးလိုက်ပါပြီ။ အရိုးကျိုးတာလုံးဝဆက်ဖို့ တော့ စောသေးတာပေါ့။ ဒါပေမဲ့ အနာသက်သာသွား ပါပြီ။ နာတာကို ညှာတာပြီး လက်မလှုပ်ချင်၊ ခြေမလှုပ် ချင်ဖြစ်ပြီး ခြေလက်တွေ မသန်မစွမ်းဖြစ်သွားတတ် သတဲ့။ ဗမာပြော ပြောရလျှင် အကြောတွေဆိုင်းကုန်ပြီး အကြောသေတယ် ဆိုတာမျိုးဖြစ်သွားတတ်တယ်လို့ ဆိုတာနဲ့တူပါရဲ့။ ဒါကြောင့် အိမ်အထိလိုက်ပြီး ဆက်လက် ကုသပေးနေပါသေးတယ်။ ပထမနေ့မှာ ကျန်းမာရေး အထွေထွေစစ်ဆေးသူ ဆရာဝန်လာတယ်။ နောက် တစ်နေ့ကျတော့ ခြေလက်လှုပ်ရှား၊ ကာယလေ့ကျင့်ခန်း လုပ်ပေးတဲ့ သူနာပြုတစ်ဦးလာပြီး ခြေလက်တွေလှုပ် ရှားခိုင်း၊ တွဲဖက်ပြီး လမ်းလျှောက်ခိုင်းတာမျိုးလို နှိပ်ပေးတာမျိုးလုပ်ပေးပါတယ်။ နောက်တစ်ဦးကတော့ ရေချိုး သန့်ရှင်းလုပ်ပေးဖို့ သူနာပြုပါ။ အိမ်ထိအောင်လိုက် ကုသပေးတယ်ဆိုတာ ကြားတောင်မကြားခဲ့ပါဘူး။ အမေရိကားရောက်မှ ကြားဖူးကြုံဖူးတော့တာပါ။

ကဲ ခုထိရေးလာတာ လက်ရေးနဲ့ စာမျက်နှာ ၇ ပြည့် တော့မယ် ဆေးရုံတက်ရတာ ဇိမ်ကျတယ်လို့ ကြွားချင် တာမဟုတ်ပါဘူး။ တကယ်ရေးချင်တဲ့အကြောင်းက ဗိုလ်ချုပ်ကတော်နဲ့ ကဗျာဆရာကတော်နှိုင်းယှဉ်ကြည့်မိတဲ့ အကြောင်းပါ။ ဗမာပြည်မှာတုန်းကတော့ ဆေးရုံတက်ရတုန်းကတော့ မျက်နှာငယ်ခဲ့ရတာကိုး။ စားပွဲမှာ ဓာတ်ဘူးပြိုင်ကြ၊ ဟောလစ်ဘူးပြိုင်ကြနဲ့။ ဆေးရုံအဆင့်အတန်းချင်းကလည်း မနှိုင်းကောင်းလို့ သိပ်မပြောချင် တော့ပါဘူး။ အထူးခန်းကို အထူးကုတို့ဆိုတာတွေကလည်း ရှိခဲ့တာကိုး။ အမေရိကားမှာတော့ မျက်စိကြီး နားကြီးတွေ့ဖူးကြုံဖူးသူတွေ အပြောအရဆိုရင် ဘယ်ကွန်မြူနစ်နိုင်ငံ၊ ဘယ်ဆိုရှယ်လစ်နိုင်ငံမှ အမေရိကန် ဆေးရုံတွေမှာလို အခွင့်အရေးတန်းတူ မရှိဘူးတဲ့။ ''လူတန်းစား'' ပြဿနာတို့ ရှေ့တန်းတင်ကြတဲ့ ဆိုရှယ်လစ် နိုင်ငံတွေမှာ အလုပ်သမားလူတန်းစားတွေဟာ ပါတီဥက္ကဋ္ဌကြီးတွေလောက် အခွင့်အရေးခံစားမှု မရကြဘူး တဲ့။ မြန်မာဆိုရှယ်လစ်လမ်းစဉ် ရောဂါထတုန်းကလို ဖြစ်မှာပေါ့။ ပါတီတွေက စစ်တပ်ပါတီတွေပဲလေ။ ခေတ်ရေစီးကြောင်းလိုက်ပြီး ကွန်မြူနစ် ဆိုရှယ်လစ်နာမည်ခံ လိုက်ကြတာဆိုတော့ စစ်တပ်တွေက လက်ဝဲဂိုဏ်း နာမည်ပျက်အောင် လုပ်နေသလိုပါပဲတဲ့။ ကြားရတာတွေကတော့ ပြောင်းပြန်ပဲ။

ခုအထိတွေ့ရကြုံရတာ အမေရိကားဆိုတဲ့ အရင်းရှင်နိုင်ငံမှာ ကျုပ်တို့လို ဧည့်နိုင်ငံသားတွေကို နှိမ့်ချခွဲခြားတာတွေ (ထင်သာမြင်သာအောင်) မကြုံဖူးသေးတာ ကတော့ အမှန်ပါပဲ။ ကျွန်တော့်ကို ရင်းနှီးတဲ့ ဆိုရှယ်လစ်ပြန်မိတ်ဆွေတစ်ဦးက ပြောဖူးတယ်။ ''ဆရာရေ ဆရာ့အနေနဲ့ ဆရာတို့ယုံကြည်တဲ့ ဆိုရှယ်လစ်နိုင်ငံကို မပြေးမိတာ ကံကောင်းတာပေါ့”တဲ့။  ဆိုရှယ်လစ်နိုင်ငံမှာ ဗိုလ်ချုပ်ကျော်ဇောတို့လို ထိပ်တန်းပုဂ္ဂိုလ်မျိုးတောင် ထမင်းတစ်လုပ် လှလှပပစားရဖို့ ဆိုတာ မလွယ်ဘူးတဲ့။ အလုပ်သမားဝါဒအရ လုပ်အားတန်ဖိုးချစ်မြတ်နိုးကြပါ ဆိုပြီး အစိုးရက အချောင်ခိုင်းတာမျိုးတွေလည်း ရှိရဲ့တဲ့။ ကဲ...ကဲ..ထားပါတော့ သူများနိုင်ငံအကြောင်း။

ကိုယ့်နိုင်ငံအကြောင်း လိုရင်းကိုပဲ ဆက်ပြောပါ တော့မယ်။ ဆိုကြပါစို့ဗျာ နေပြည်တော်ဆိုတဲ့ ဗိုလ်ချုပ် မြို့တော်ကိုပဲကြည့်ကြရအောင်။ အကြီးဆုံးအကောင်း ဆုံးဆိုတဲ့အိမ်မှာ အငြိမ်းစားအရွယ်လွန် ဗိုလ်ချုပ်မှူးကြီး က မီးဖိုး၊ ရေဖိုး၊ အိမ်လခမပေးရဘဲ အခမဲ့တက်နေပြီး တိုင်းပြည်အတွက် ဘာမှမလုပ်ဘဲ အမြင့်ဆုံးရာထူးနဲ့ အမြင့်ဆုံးလစာယူထားသတဲ့လေ။ သူ့ကုသိုလ်နဲ့သူလို့ပဲ။ ပြောပြော၊ သူ့အကုသိုလ်နဲ့သူလို့ပဲပြောပြော စစ်တပ်ရှု ဒေါင့်ကကြည့်တောင်မှ ကြည့်လို့မတင့်တယ်ပါဘူး။ ''လွန်လွန်းသနော် သန်းနေပြည်တော်''လို့ ဆိုလိုက်ချင်တော့ တာပါပဲ။ ကဲ..ကဲ၊ ဘာပဲဖြစ်ဖြစ် အဲဒီ ''ရွှေကိုယ်တော်ကြီးရဲ့ ကတော်ချုပ်ကြီးဟာ မတော်တဆ ချော်လဲဒူးကွဲ ပြီဆိုပါတော့ (ဖွဟဲ့လဲပါစေ ဖယ်ပါစေ) သူတို့တတ်နိုင်လှရင် စင်ကာပူဆေးရုံ၊ သို့မဟုတ် ဘန်ကောက်ဆေးရုံ ကို အထူးလေယာဉ်နဲ့ဖြစ်ဖြစ်၊ စစ်တပ်သုံးလေယာဉ်နဲ့ပဲဖြစ်ဖြစ် သွားတာပဲ တတ်နိုင်မှာပေါ့။ ကမ္ဘာ့အကောင်းဆုံးဆေးရုံကြီးတွေရှိရာ အမေရိကားကို ချက်ချင်းလာရောက်ဖို့ရော၊ ဖြည်းဖြည်းလာရောက်ဖို့ရော စွမ်းဆောင် နိုင်ကြရှာမှာမဟုတ်ပေဘူး။

ဟော ... တင်မိုးတို့၊ အောင်ဝေးတို့၊ မောင်စွမ်းရည်တို့ ပြည်ပြေးကဗျာဆရာတွေဆိုပါစို့ဗျာ အဲ...သူတို့ရဲ့ သားသမီးတို့များ တစ်ခုခုဖြစ်ရင် အရေးပေါ်ဆေးရုံကားကို ရောက်ရာနေရာက ဖုန်းဆက်ခေါ်၊ ဆေးရုံပေါ်ပို့ လိုက်ရုံပါပဲ။ ကျွန်တော်ရှည်ရှည်ဝေးဝေး လက်ရေး စာမျက်နှာနဲ့ ၁ဝ မျက်နှာလောက်ပြောလာခဲ့ရာမှာ တကယ်ပြောရင်တော့ တစ်ကြောင်းနှစ်ကြောင်နဲ့ပဲ ပြောလို့ရပါရဲ့။

ဗိုလ်ချုပ်မှူးကြိး ဘယ်လောက်ကြီးကြီး နယူးယောက်က ဗမာလူမျိုး ၊ ကဗျာတပ်မှူးကြီးလို သူ့ဇနီးကို နယူးယောက် ဆေးရုံကြီးပေါ် ချက်ချင်း တက်နိုင်ရဲ့လားလို့ ''ရက်စ်'' အော်''နိုး'' ပဲဖြေပါဗျာ။ ကိုယ်တိုင်အစွမ်းပြဖို့တော့ဖြင့် ချော်မလဲလိုက်ပါလေနဲ့ ။ ဒါပါပဲ ခင်ဗျာ။

မယ်မင်းကြီးမ ဗိုလ်ချုပ်ကတော်၊ ဘာကတော် ညာကတော်ကြီးများ အန္တရာယ်ကင်းဘေးရှင်းကြပါစေ။ အဝေရာဟောန္တုပါခင်ဗျာ။

အဆစ်ကလေး ထဲ့လိုက်ပါစေဦး။ ကျုပ်တို့ အိမ်တွေကိုဖျက်ခဲ့တဲ့ဗိုလ်ခင်ညွန့်ရဲ့ ကတော်ကြီးဆိုရင် ဝန်ကြီးချုပ်ကတော်တောင် ဖြစ်ခဲ့ဖူးတာပဲ။ တစ်စုံတစ်ခုဖြစ်လို့ အမေရိကားကို လာချင်ရင်ဖြင့် ကြိုဆိုလျက်ပါ လို့။ ကိုယ့်ကားမရှိပေမဲ့ အင်မာဂျင်စီဆေးရုံကားနဲ့လာကြို မှာပေါ့။ ကျန်းမာပါစေ။

မောင်စွမ်းရည်

ပြည်ပြေးကဗျာဆရာ
ခေတ္တ နယူးယောက်
၂ဝ၁၇ စက်တင်ဘာ ၂၂
0