မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ - အပိုင်း (၄၁)

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ - အပိုင်း (၄၁)
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၇


● ဆောင်းမနက်ခင်း
ကောက်ကွတ်စခန်း အလံတိုင် မလှမ်းမကမ်းတွင် မီးပုံလေးတခု မနက်ပိုင်းနှင့် ညပိုင်းတွင် ရှိနေလေ့ရှိသည်။  ချမ်းအေးသော ဆောင်းရာသီဖြစ်၍ သူသူငါငါ အလုပ်ခဏနားသည်နှင့် မီးဖိုဘေးသို့ ပြေးကပ်လေ့ရှိကြသည်။ အလုပ်မအားတောင်မှ မီးဖိုလေးဘေး ခဏပြေး၍ အနွေးဓါတ်ယူ၍ လုပ်စရာရှိတာ ဆက်လုပ်ကြတတ်သည်။  အဆိုပါမီးပုံလေးဘေးတွင် မိမိလည်း မီးလှုံလေ့ရှိသည်။

ကောက်ကွတ်၏နံနက်ခင်းသည် မြူနှင်းဖြူများဖြင့် ပြည့်နှက်နေသည်။ ပတ်ဝန်းကျင်တခုလုံးဆွတ်ဆွတ်ဖြူသည်။  အအေး ဓါတ်ကလည်း စိမ့်၍နေသည်။  အေးစက်သောလေပြေများကလည်း မကြာခဏဝှေ့ယမ်းတတ်ပြီး အအေးဓါတ်ကို ပိုစေသည်။  မြူ နှင်းငွေ့ငွေ့ကြားတွင် ခမောက်ကိုဆောင်း တောင်း ၂ လုံးကို တံပိုးနှင့် ထမ်းပြီး ခပ်သွက်လျှောက်သွားနေသည့် ကျန်းမာ သန်စွမ်းသည့် ရှမ်းလုံမငယ်များကိုလည်း ကင်းတဲရှေ့က လမ်းမပေါ်တွင်တွေ့ရသည်။  ဈေးနေ့မို့ မန်ရှိုးဈေးသို့သွားပုံရသည်။  သူမတို့ပခုံးသားထက်မှ တောင်နှစ်လုံးသည်လည်း အိပဲ့ အိပဲ့နှင့် သူမတို့နှင့် အတူပါသွားသည်။  ကင်းတဲမှ ကင်းရဲဘော် သည်လည်း မိမိကဲ့သို့ပင် ရှမ်းလုံမငယ်တို့ထံ မျက်စေ့ရောက်နေပုံရသည်။  သို့သော် မကြာမီပင် မြူနှင်းဖြူများကြားတွင် သူမတို့ တိုးဝင်ပျောက်ကွယ်သွားကြသည်။

လေ့ကျင့်ရေးကွင်းဆီမှ စစ်မိန့်ပေးသံများက မြူနှင်းများကို ထိုးဖေါက်ပျံ့လွင့်လာသည်။  သင်တန်းသား ၃ဝဝ ကျော်မို့ တခါတရံ အသံကဟိန်းထွက်လာသည်။ ဝါးရုံပင်ထက်က ငှက်များလန့်၍ ထပျံသည်ကို တွေ့ရသည်။  ကောက်ကွတ် သင်တန်းကျောင်းသည်၏ မနက်ခင်းသည် အသက်ဝင်နေသည်။  စစ်လေ့ကျင့်ခန်းဆင်းနေကြသူများလည်းရှိ ၊ ရိက္ခာရုံတွင် ချွေးတလုံးလုံးနှင့်ချက်ပြု တ်နေသူများလည်းရှိ၊ ဆေးခန်းတွင် အဖျားအနာကုသသူများလည်းရှိ၊ ကင်းစောင့်သူ လုံခြုံရေးယူ သူလည်းရှိ၊ ထောက်ပံ့ရေးကိစ္စများကိုဆောင်ရွက်နေသူများလည်းရှိ၊ သင်တန်းကျောင်းနှင့်ပတ်သက်၍ အစည်းအဝေးထိုင် သူများလည်းရှိ အားလုံးကိုယ်စီ သူတာဝန်နှင့် သူလှုပ်ရှားနေကြသည်။  KIA သင်တန်းသားက ၃၅ဝ ကျော် မိမိအင်အားက ၁ဝဝ နီးပါးခန့်ဆိုတော့ လူ ၄ဝဝ ကျော်ခန့်နှင့် ကောက်ကွတ်သည် သက်ဝင်လှုပ်ရှားနေပေသည်။

ရိက္ခာကိစ္စ စီမံပြီး၍ မိမိကတော့ မီးပုံလေးဘေးရောက်သည်။  ရောက်တတ်ရာရာကို ငေးမော၍ခဏမျှကြည့်နေမိသည်။  လယ်ကွင်းစိမ်းစိမ်း၊ ယူနီဖေါင်းစိမ်းစိမ်း၊ မြူ နှင်းဖြူ ဖြူ စသည့် အဖြူ နှင့်အစိမ်းတို့သာ မိမိပတ်ဝန်းကျင်တွင် လွှမ်းမိုးနေသည်။  ခဏတာငေးမောပြီး အချိန်ရခိုက် အခိုက်အတန့်လေးတွင် မီးလှုံရင်း စာဖတ်ရန် စာအုပ်ကို ဆွဲထုတ်လိုက်သည်။  စာအုပ်မှာ လီနင်ရေးသော အစိုးရနှင့်တော်လှန်ရေး ဟူ၍ဖြစ်ပါသည်။

● စစ်စည်းဟိတ်ဟန်နှင့် KIA
KIA တပ်ဖွဲ့ကား မိတို့ CPB တပ်ဖွဲ့များနှင့်မတူ ကွဲပြားမှု ရှိသည်။  မိမိတို့CPB တပ်ဖွဲ့များက တရုတ်ပုံစံ စစ်သင်တန်းများဖြင့် ဖွဲ့စည်းထားသည်။  CPBတပ်ဖွဲ့တွင် ရာထူးမရှိ၊ တာဝန်သာရှိသည်။  မည်သူမဆို ရှေ့က ရဲဘော်တပ်၍ခေါ်သည်။  စစ်ယူနီ ဖေါင်းပေါ်တွင်လည်း မည်သည့် ရာထူးတံဆိပ် အမှတ်အသားမှမရှိ။  ဦးထုပ်တွင်တပ်ထားသော ကြယ်နီသည်သာ CPB ၏ အမှတ်အသားဖြစ်သည်။  ထို့ပြင် မိမိအထက်ကေဒါအား သတိဆွဲအလေးပြု သည်ဆိုမှာ အခန်းအနားမှအပ သိပ်လုပ်လေ့ လုပ်ထ မရှိကြပေ။  တန်းတူရေးက လွှမ်းမိုးသည်။  ထို့ကြောင့် တခါတရံ စစ်တပ်နှင့်မတူဘဲ ယူနီဖေါင်းဝတ်ထားသောလူအုပ်ကြီးနှင့်တူနေတတ်သည်။  ထို့ကြောင့်လည်း CPB ၏တပ်ဖွဲ့ကို လယ်သမားတပ်ဟု ဆိုကြခြင်းဖြစ်သည်။

KIA ကား မိမိတို့တပ်နှင့် ပုံစံကွဲသည်။  စစ်စည်းဟိတ်ဟန်အပြည့်ရှိသည်။  တာဝန်အပြင် ရာထူးပါထည့်သွင်း ဖွဲ့စည်းထား သည်။  တပ်သား၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီး၊ ခွဲတပ်ကြပ်ကြီး၊ ဒုအရာခံဗိုလ်၊ အရာခံဗိုလ်၊ ဒုဗိုလ်၊ ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်စသဖြင့် တာဝန်အပြင် ရာထူးများလည်းပေးထားသည်။  ထိုရာထူးများအတွက် ယူနီဖေါင်း၏လက်မောင်းနှင့်ပုခုံးတွင် အရစ်နှင့်အပွင့်အခက်များရှိသညိ။  ဒါးနှစ်လက်နှင့်KIA တပ်တံဆိပ်လည်းရှိသည်။  တပ်ဖွဲ့စည်းပုံက အင်္ဂ လိပ် တပ်ဖွဲ့စည်းပုံကိုယူထားသည်။  ထိုစဉ်က တပ်ခွဲမှူးတွေက ဒုဗိုလ်နှင့်ဗိုလ်များဖြစ်ကြပြီး တပ်ရင်းမှူးကို ဗိုလ်ကြီးအဆင့်၊ တပ်မဟာမှူးက ဗိုလ်မှူးအဆင့် ၊ စစ်ဦးစီးချုပ် CS မှ ဗိုလ်မှူးချုပ်အဆင့်ဖြစ်သည်။

KIA ဦးထုပ်ပုံကတော့ လျှာထိုးပုံစံနှင့် တချို့ဆန်းသည်။  မြန်မာပြည်လက်နက်ကိုင်တပ်များတွင် ထိုပုံစံ စစ်ဦးထုပ်ဆောင်း သည်မှာ ထိုစဥကထဲက KIA နှင့်ပလောင်တပ်ဖွဲ့သာရှိသည်။  ထိုစဉ်ကတော့ ဦးထုပ်ပေါ်တွင် မည်သည့်တံဆိပ်မှ တပ်မ ထားပေ။  KIA တပ်ဖွဲ့တွင်း အရာရှိတယောက်ထံ သတင်းပို့လျင် ဖျောင်းကနဲ သတိဆွဲ အလေးပြုပြီး သတင်းပို့ရသည်။  ပြန်ထွက်လျင်လည်း ဖြောင်းကနဲ သတိဆွဲ အလေးပြုပြီး ပြန်ထွက်ရသည်။  ထိုစဉ် မိမိတို့တပ်ဖွဲ့တွင် KIA လောက် စစ်စည်း ဟိတ်ဟန်မများပေ။  KIA တပ်ရင်း တပ်ခွဲစခန်းရုံးများတွင် နေ့စဉ် အလံတင် အလံချ အခမ်းအနား ရှိဟုသိရ၍ မိမိအံ့သြမိ သည်။  မိမိတို့ CPB တပ်ဖွဲ့ တွင် ထိုကဲ့သို့အလေ့အထမရှိခဲ့ပေ။

● ဒူကဘာ မရန်ဘရန်တောင်
ထိုစဉ် KIA တပ်ရင်းကို ခေါင်းဆောင်လာသည်မှာ ဒူကဘာ မရန်ဘရန်တောင်ဖြစ်သည်။  ထိုစဉ်က သူသည် ဗိုလ်မှူးအဆင့် တပ်မဟာမှူး အဆင့် KIA ဗဟိုကော်မတီဝင်တယောက်ဖြစ်သည်။  CPB နှင့် ဆက်ဆံရေးပြေပြစ်မည့်သူကို တမင်ရွေးချယ်စေလွှတ်လိုက်ခြင်းဖြစ်သည်။ ထိုစဉ်ကCPB နှင့် အတိုက်အခိုက်တွေရပ်ခါစဆိုတော့ ဆက်ဆံရေး မပြေမလည်ပြန်၍ မဖြစ် ရန် KIA ခေါင်းဆောင်ပိုင်းကလည်း သတိထားကြပုံရသည်။  ဒုရင်းမှူးတာဝန်ယူလာသူကလည်း ဗိုလ်မှူးအဆင့်ရှိသူ ဒူကဘာ ဇုတ်ဒိုင်ဟု ထင်သည်။  ကောင်းစွာမမှတ်မိတော့ပေ။

ဒူကဘာ ဘရန်တောင်သည် ဆက်ဆံရေးပြေပြစ်သူဖြစ်သည်။  ထောင်ထောင်လွှားလွှားမရှိပေ။  လေအေးလေးဖြင့် ဖြေးဖြေး သက်သာ စကားပြောတတ်သည်။  မိမိကဲ့သို့ CPB အောက်ခြေရဲဘော်အားလည်း ရင်းရင်းနှီးနှီးဆက်ဆံတတ်သည်။  ညနေ ပိုင်း အားလပ်ချိန် သူလမ်းလျှောက်ထွက်လာ၍ မိမိနှင့်ဆုံပါကမိမိအားခေါ်၍ လမ်းလျှောက်ရင်း စကားစမြီပြောတတ်သည်။  စခန်းမှ ကောက်ကွတ်ရွာအထိ လမ်းလျောင်ရင်း စကားပြောဖြစ်ကြသည်။ သူကအေးအေးလူလူ သက်တောင့်သက်သာ ပြောဆိုနိုင်သော်လည်း မိမိကတော့ သိပ်သက်တောင့်သက်သာမဖြစ်။  လူကြီးတယောက်နှင့်ပြော၍ အမှားပါစိုးရိမိနေမိသည်။  မိမိစကားတခွန်းကြောင့် တပ်ပေါင်းစုထိခိုက်မည်ကိုလည်း စိုးရိမ်နေရသည်။  ပို၍ မသက်သာဖြစ်သည်က အဆိုပါညနေခင်း တွင် KIA စစ်သည်များလည်း ရွာသို့ သွားလည်လေ့ရှိရာ လမ်းတွင်တွေ့ပါက ဖြောင်းကနဲ သတိဆွဲရပ်နေကြပြီး မိမိတို့လွန်မှ ဆက်လျောက်ကြလေ့ရှိသည်။  တလမ်းလုံး KIA ရဲဘော်က အသွားအလာမပြတ်လေရာ သူတို့ ရင်းမှူးအနားရောက် လာသည်နှင့် သတိဆွဲရပ်နေကြသည်ဖြစ်ရာ မိမိကားအသားမကျသေး၍ တချို့ဖြစ်၍ နေတတ်သည်။  ထိုစဉ် မိမိတို့ပါတီ၌ လည်း ပါတီကိုပါတီနှင့်တည်ဆောက် တပ်ကို တပ်နှင့်တူအောင် တည်ဆောက်ဟူသည့် သခင်ဗသိန်းတင်မိန့်ခွန့်းထွက်ေ နပေရာ စဉ်းစာဆင်ချင်ဘွယ်ရာ အကြောင်းအရာများစွာ ရနေခဲ့သည်ဟုဆိုရမည်။  ဓနရှင်စစ်တပ်နှင့် ပစ္စည်းမဲ့စစ်တပ်ကြား ကွာခြား မှု ကြားအားလည်း စဉ်းစားနေမိသည်။

● ကချင်စကား
မိမိတို့မြန်မာတို့က ကချင်ဟုခေါ်ကြသည်။  KIA ကတော့ ဝန်ပေါင်ဟုသုံးသည်။  ဗိုလ်နော်ဆိုင်းတပ်ဖွဲ့ဝင်များကတော့ ပေါင်းရောင်ဟုသုံးသည်။ ဝန်ပေါင် ခေါ် ကချင်တွင် ချို့နွယ်စု ၇ စုပါဝင်သည်။  ဂျင်းဖေါ၊ မရူခေါ်လော်ဝေါ်၊ လရှီ ခေါ် လာ ချိတ်၊ အဇီး ခေါ် ဇိုင်းဝါး၊ ရဝမ်၊ လီဆူး၊ ခနုံ တို့ဖြစ်ကြသည်။  မိမိတို့ CPB အရံဗဟိုကော်မတီဝင်လည်းဖြစ် ယခင် ဗိုလ်နော် ဆိုင်းတပ် ကချင် သနက ၁ အရာရှိတဦးဖြစ်သူ ဖရန်ဂန်ဒီးမှာ ခနုံ အမျိုးသားတဦးဟုသိရသည်။  မျိုးနွယ်စု ၇ စုတွင် ခနုံသည် လူဦးရေအနည်းဆုံးဟု ဆိုကြ သည်။  မျိုးနွယ်စု ၇ စုသည် မိမိသီးခြားဘာသာစကားများရှိကြသည်။  ဂျင်းဖေါစကားကတော့ မျိုးနွယ်စုအားလုံးအတွက် ဘုံဘာသာစကားဖြစ်သည်။ လူဦးရေအရ အများဆုံးဖြစ်သည့် ဂျင်းဖေါစကားက လွှမ်းမိုးသွားသည် လည်းဖြစ်ပုံရသည်။  မိမိတို့မြန်မာများက ကချင်စကားဟု ဆိုနေသည်မှာ ဂျင်းဖေါစကားဖြစ်ပေသည်။

ပညာတတ်ကချင်များ ၊ ကျောင်းနေဘူးသော ကချင်များက ဗမာစကားတတ်သည်များသော်လည်း တောင်ပေါ်ရှိ ကချင်အချို့ ကား ဗမာစကား မတတ်ပေ။  ထို့အပြင် ကချင်တို့၏ကိုယ်ပိုင်လက္ခဏာကို အသိမှတ်ပြု သည့်အနေဖြင့်စိုင်းအောင်ဝင်း သင်တန်းပို့ချ သည့်နေ့တွင် ရဲဘော်ဇော်တူးက ကချင်လို ဘာသာပြန်ပေးရသည်။  သို့သော် သင်တန်းဆရာများဖြင့် အဖွဲ့များ ခွဲ ဆွေးနွေးလျင်တော့ ဘာသာပြန်မလိုအပ်တော့။  မိမိတို့ဘက်မှ သင်တန်းဆရာများအားလုံးက ကချင်ရဲဘော်များဖြစ်နေ၍ ကချင်စကားဖြင့်သာ ဆွေးနွေးကြသည်။ မနက်ပိုင်း စစ်သင်တန်းပေးရာတွင်လည်း ကချင်ဘာသာစကားဖြင့်သာ စစ်မိန့်ပေး ၍ စစ်သင်တန်းပေးကြသည်။

ကောက်ကွတ်ကျောင်းရှိ မိမိတို့ တပ်ဖွဲ့ဝင်ကများစု မှာ ဒေသခံများဖြစ်ကြပြီး ကချင်၊ ရှမ်း၊ ပလောင်၊ တရုတ် လူချို့စုံသည်။  သို့သော် ဒေသခံများအားလုံးသည် တချို့၏ဘာသာစကားကို နောက်တချို့ကလည်း တတ်ကြသည်။  ကောက်ကွတ်စခန်းတွင် ကချင်စကားပြောသူများနေ၍ အားလုံးလိုလိုကချင်စကားပြောကြသည်။  ကချင်စကား မတတ်သူက မိမိအပါအဝင် လေးငါးယောက်ခန့်သာရှိပေလိမ့်မည်။  သို့ဖြစ်ရာ ကောက်ကွတ်ကျောင်း၌ ကချင်စကားပြောသံလွှမ်းနေတော့သည်။

ကချင်စကား (ဂျင်းဖေါစကား) သည်လည်း လေယူလေသိမ်းအသံကွဲပြားမှု ရှိသည်ကိုတွေ့ရသည်။  မိမိတို့တပ်ဖွဲ့ရှိ ကချင်ရဲဘော်များ ပြောသည့်အသံမှာ ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်များပြောသည့် လေယူလေသိမ်းအတိုင်းဖြစ်သည်။  KIA တပ်ဖွဲ့အတွင်းပါဝင်လာသော ကချင်ရဲဘော်အချို့မှာဂေါင်ရီ (ဗန်းမော်အရှေ့ဖက်ခြမ်း) ခခူး (မြစ်ဖျား) ဘက်က လေသံများပါ အစုံပါဝင်သည်။  သူတို့အချင်းချင်းတော့ နားလည်ကြသည်။  ကချင်စကားဖြင့် နိုင်ငံရေးဆွေးနွေးကြသောအခါ ကချင်လို ဝေါ ဟာရသုံးနှုံ ပုံကွာခြားပြန်သည်။  မိမိတို့ဘက်က ဗိုလ်နော်ဆိုင်းတပ်ဖွဲ့ဝင်များသုံးနှုံးသည့် ဝေါဟာရအတိုင်းသုံးနှုံးသည်။  KIA ကမူကွဲသုံးနှုံးသည်။  မတူသော ကချင်နိုင်ငံရေးအုပ်စုများ၏ မတူသော သုံးနှုံးမှုဟု ဆိုရမည်။  မိမိတို့ CPB ဘက်က တော်လှန်ရေးအား "ဂွမ်လောင်" ဟုသုံးသည်။  KIA တို့က "ရွတ်မလန်" ဟုသုံးသည်။  မိမိတို့ဘက်က ဥက္ကဌအား "တင်ည အူ" ဟုသုံးသည်။  KIA က "နင်ဘော်ကဘာ" ဟုသုံးသည်။  ထိုသို့ဝေါဟာရသုံးစွဲမှုများတွင် ကွဲလွဲမှုရှိကြသော်လည်း တဖက် ပြောသည်ကို တဖက်က နားလည်ကြပါသည်။  ခုတော့ KIA သုံးစွဲသော ဝေါဟာရများက ကချင်ဝေါဟာရတွင် အသားကျ သွားပေပြီ။

မိမိအဖို့ ရောက်ခါစ ဘာသာစကားနားမလည်မှုနှင့် အတော်လည်းဒုက္ခရောက်သည်။  မိမိအထက်က ကော်မတီဝင်များက အားလုံးလိုလို ဗမာစကားတတ်ကြသည်ဖြစ်၍ အထက်နှင့်ဆက်ဆံရာတွင် ပြဿနာမရှိသော်လည်း မိမိတာဝန်ယူရသော ရိက္ခာရုံတွင် ဗမာစကားတတ်သူ တယောက်မှ မရှိ။  မတောက်တခေါက် တတ်သူများသာရှိရာ ခြေဟန်လက်ဟန်နှင့် အတော်လေး ဗျာများသည်။

သင်တန်းဆရာထဲမှ ရဲဘော်လတောင်၊ ရဲဘော်လတန်တို့က ဗမာစကားကောင်းစွာတတ်သည်။  နော်ဂျာကတော့ အကျွမ်း ကျင်ကြီးမဟုတ်။  ကင်းတပ်စုက တပ်စိတ်မှူးရဲဘော်ယောချမ်းကလည်း ဗမာစကားတတ်၍ သူတို့ကိုဘာသာပြန်ခိုင်းရ သူတို့ဆီက ကချင်စကားသင်ရသည်။  သို့သော် ဘာသာစကားသင်ကြားမှုကို မိမိစောစီးစွာမလေးနက်ခဲ့ပါ။  မည်သို့ပင်ဖြစ်စေ မိမိနားထဲတွင် ကချင်စကားသံသည် တဖြေးဖြေး နားရည်ဝလာသည်။  ထို့အတူမိမိအား ရဲဘော်အောင်ကြီး ဟုခေါ်ကြသည့် အသံလည်း နားရည်ဝလာသည်။ စခန်းရှိ မည်သူမှလည်းမသိ၊ မည်သူမှလည်းမခေါ်ကြသည့် မြို့ပေါ်တုန်းက သုံးခဲ့သော အမည်အား မေ့လျော့စပြုလာခဲ့ပြီ ဖြစ်သည်။  လူသစ် အမည်သစ်တာဝန်သစ်များနှင့် ဘဝအသစ်တခုထဲသို့တိုးဝင်၍ နေပေ ပြီ။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

0