မောင်စွမ်းရည် - ရွှေမန်းသား စာရေးဆရာကြီး မြမျိုးလွင်



မောင်စွမ်းရည် - ရွှေမန်းသား စာရေးဆရာကြီး မြမျိုးလွင်
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၇


မန္တလေးမှာ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းက စာဆိုတော်နေ့တိုင်း စာတမ်းဖတ်ပွဲနဲ့ သက်ကြီးစာဆိုများ ကန်တော့ပွဲလုပ် ခဲ့တဲ့ အစဉ်အလာတစ်ခု ၁၉၆ဝ-၇ဝ ပြည့်နှစ်များအတွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ စစ်အစိုးရက အဖွဲ့အစည်းတွေ တခုမှ မရှိရ၊ စုဝေးတာတွေ မလုပ်ရဆိုပြီး အမိန့်ပေး တားမြစ်လိုက်လို့ ရပ်သွားခဲ့ရတာကို ဝမ်းနည်းစွာမှတ်တမ်းတင် လိုက်ပါတယ်။

သက်ကြီးစာဆိုကန်တော့ခံဆရာကြီးများထဲမှာ ကျောက်ဝန်ဦးမြ၊ စစ်ကိုင်းဦးဖိုးသင်း၊ ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီးမြမျိုး လွင်အစရှိတဲ့ ပုဂ္ဂိုလ်ကြီးများပါဝင်ပါတယ်။ ဖတ်ခဲ့စတဲ့ စာတမ်း တွေကတော့ ဝတ္ထု၊ ကဗျာ၊ သမိုင်းစသဖြင့် စုံပါတယ်။ ဒီနေ့ခေတ် တက္ကသိုလ်တွေက မဟာဝိဇ္ဇာတန်းနဲ့ ပါရဂူကျမ်းတွေ ပြုစုကြရမှာ ကိုးကားရည်ညွှန်းရာကြရတဲ့ စာတမ်းတွေဖြစ်နေပါပြီ။ စာတမ်းတွေ က စာပေအကြောင်းသက်သက် ဖြစ်တဲ့အပြင် မျက်မှောက်ခေတ်အကြောင်း မပါရှိတဲ့အတွက် စစ်အစိုးရကို ထိခိုက်စရာအကြောင်း တွေ ဘာမှမပါရှိနိုင်ပါဘူး။ ''စစ်သားစာပေ''ဆိုပြီးတော့လည်း လွမ်း လောက်စရာမရှိလေတော့ သူတို့ကို လွမ်းတာ၊ မွှန်းတာတွေလည်း မပါဘူးပေါ့။

အဲဒီလိုစာတမ်းတွေရေးသားတင်သွင်းကြရာမှာ အစောပိုင်းက စာတမ်းတစ်ခုအကြောင်းကို သတိရမိလို့ ဒီဆောင်းပါးကို ရေးပါ တယ်။ စာတမ်းက ''လေးပဲတန်ဝတ္ထုခေတ်'' အကြောင်းဖြစ်ပါ တယ်။ (စာအုပ်စာတမ်းတွေ ကျွန်တော့်မှာ ကိုးကားစရာမပါမရှိ လို့ အတိအကျမပြောနိုင်တာကိုတော့ ခွင့်လွှတ်ပါ) လေးပဲတန် ဝတ္ထုခေတ်အကြောင်းကို ရေးသားတင်သွင်းခဲ့သူက ''မောင်စွမ်းရည်'' ဖြစ်ပါတယ်။ ခုရေးမယ့်အကြောင်းက မောင်စွမ်းရည် အကြောင်းမဟုတ်ပါ။ ကိုလိုနီခေတ်နှောင်းပိုင်းမှာ အထူးကျော်ကြားခဲ့တဲ့ ဝတ္ထုရေးဆရာကြီးတစ်ယောက်အကြောင်းကို ရေးမှာ ဖြစ်ပါတယ်။ ဆရာကြီးရဲ့အမည်က မြမျိုးလွင်တဲ့။ မြမျိုးလွင်က ''လေးပဲတန်ဝတ္ထုခေတ်ရဲ့ ဘုရင်''လို့ ကျော်ကြားခဲ့သူပါ။ သူနဲ့ခေတ်ပြိုင် လေးပဲတန်ရေးခဲ့သူတွေထဲမှာ နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ ကြီး ''သုခ'' လည်း ပါဝင်ခဲ့ပါတယ်။ စွန့်စားခန်းဝတ္ထုတွေကို ဘာသာပြန်လေ့ရှိတဲ့ ဒဂုန်ရွှေမျှားလည်း ပါဝင်ခဲ့ပါတယ်။ ဆရာကြီး မြမျိုးလွင်ကတော့ ထိပ်ဆုံးကပါ။

ဆရာကြီးမြမျိုးလွင်က မန္တလေးသားပါ။ ရုပ်ရည်သွင်ပြင်ကလည်း အညာသားစစ်စစ် နမူနာပြလောက်သူပါ။ အသားညိုညို၊ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးပါပဲ။ စကားပြောတော့ အသံသေး အသံပြာပဲဖြစ်ပါတယ်။ ဒါပေမဲ့ စကားပြောအလွန်ကောင်းပြီး မန်းဟန်၊ မန်းသံနဲ့ ဖွယ်ဖွယ်ရာရာ ပြောတတ်သူဖြစ်ပါတယ်။ သူကျော်ကြားတာကလည်း သူ့ဇာတ်ကောင်တွေ မန်းဟန် မန်းဆန်ဆန်နဲ့ ဖွယ်ဖွယ်ရာရာ ပြောတတ်ကြလို့ ဖြစ်တယ်။ ဒါ့ကြောင့် လူကြိုက်များခဲ့ပြီး လေးပဲတန်ဝတ္ထုခေတ်ရဲ့ ဘုရင်ဘွဲ့ကို စာဖတ်ပရိသတ်က ချီးမြှင့်ခဲ့တာပါ။ အဲဒီဝါကျကြီးတွေ စာမျက်နှာလောက်ရှည်တယ်။ ဒါပေမဲ့ ရေးသူရော ဖတ်သူပါ။ မျက်စိလည်စေတာမျိုးမရှိပါ။

ကျွန်တော်တို့ ကန်တော့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကျွန်တော်တို့က ''သြဝါဒချီးမြှင့်ပါဦး''လို့လည်း မေတ္တာရပ်ခံပါတယ်။ အံ့သြစရာကောင်းတာက မန္တလေးသားစာရေးဆရာကြီးတစ်ဦးဖြစ်တဲ့ ဆရာကြီး ရွှေဥဒေါင်းကတော့ စကားပြောအညံ့ဆုံးစာရေးဆရာထဲမှာ ထိပ်ဆုံးကပါရှိခဲ့ပါတယ်။ အသံတိုးတိုးနဲ့ အထစ်အထစ်ပြောလေ့ ရှိလို့ နားထောင်ရတဲ့ ပရိသတ်ကတောင် အားနာယူရပါတယ်။ ဒုတိယစကားပြောညံ့သူအဖြစ် ထင်ရှားသူက ကန်တော့ခံပုဂ္ဂိုလ်ထဲကဆိုရင် ရွှေကိုင်းသား ကလောင်အမည်ခံ ဆရာတော်ဦးသောဘိတ ဖြစ်ပါတယ်။ (ဦးသောဘိတက ပရိသတ်ကိုစကားမပြောရဲလို့ ဆရာဖြစ်လက်မှတ်ရှိလျက် ဆရာမလုပ်ဘဲ ကျောက်စာဌာနဝင် လုပ်ခဲ့တာတဲ့။) ရွှေမန်းသူ လူထုဒေါ်အမာတို့၊ အမ်အေဒေါ်တို့၊ ဒေါ်မာလာတို့လည်း စကားပြောညံ့သူတွေအဖြစ် ထင်ရှားပါတယ်။ ဒီအထဲမှာ စကားပြောကောင်းသူအဖြစ် ကျော်ကြားသူက ''အောက်သားစာရေးဆရာ'' ကြီးပွားရေးဦးလှခေါ် ကျွန်တော်တို့ ရဲ့ ဦးလေးလှပဲဖြစ်ပါတယ်။ (စကားပြောညံ့လို့ ဦးလေးစိတ်ပျက်ရသူက - မောင်စွမ်းရည်) ဆရာကြီးမြမျိုးလွင်က စကားပြောကောင်း ပေမဲ့ အသံသြဇာမရှိရှာပါဘူး။ ''အသံသေးအသံကြောင်''လို့ပဲ အားနာပါးနာနဲ့ ကန်တော့ပြီး မှတ်ချက်ချလိုက်ပါတယ်။

လူငယ် စာရေးဆရာတွေထဲမှာ မောင်စွမ်းရည်က ဆရာကြီးမြမျိုးလွင်နဲ့ အရင်းနှီးဆုံးပါ။ မောင်သာနိုး၊ မောင်မိုးသူ၊ တင်မိုးတို့က ရန်ကုန် ဆင်းကုန်ကြတာကိုး။ ကြည်အောင်က ဝရန်းပြေးဖြစ်နေတာ ၁ဝ နှစ်လောက်ကြာပါတယ်။ စာတမ်းဖတ်ပွဲတွေမှာ တစ်ခါမှ မပါခဲ့ပါ ဘူး။ ကျွန်တော်နဲ့ ဆရာကြီးမြမျိုးလွင်နဲ့ အထူးရင်းနှီးခဲ့ရတာက မန္တလေးစာတမ်းဖတ်ပွဲတွေ ပြုလုပ်တဲ့ ၁ဝ နှစ်လောက်ကာလမှာ ကျွန်တော်တို့အုပ်စုထဲက ကျွန်တော်တယောက်ပဲ (ကျောက်ဖြူ မနမ်းဝံ့လို့ အောက်ပြည်ကို မလှမ်းဝံ့ခဲ့တာဖြစဝ်ပါတယ်) ဒါကြောင့် လေးပဲတန်ဝတ္ထုခေတ်စာတမ်းရေးဖို့တာဝန်ကို ဦးလေးလူထုဦးလှ (အထက်ဗမာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌကြီး)က မောင်စွမ်းရည်ကို တာဝန်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် မောင်စွမ်းရည်က ဆရာကြီးမြမျိုးလွင်နဲ့ ရက်အတော်ကြာ သွားရောက်တွေ့ဆုံပြီး ''ဗျူး''ခဲ့ရပါတယ်။ စာတမ်းကတော့ ပုံနှိပ်စာမူရှိပြီးဖြစ်လို့ ပြန်လည် ဖောက်သယ်ချရင် အချိန်ဖြုန်း၊ စာမျက်နှာဖြုန်းရာ ကျပါလိမ့်မယ်။ ခုဖောက်သယ်ချချင်တာက ဆရာကြီးပြောခဲ့တဲ့ စကားတွေထဲက မှတ်စရာ သားစရာလေးတွေအကြောင်းဖြစ်ပါတယ်။ ဆရာကြီးက ''သင်ခန်းစာယူကြဖို့'' လို့ဆိုပြီး ပြောကြားခဲ့တာပါ။

ဆရာကြီးမြမျိုးလွင်က ''အမောင်တို့ စာရေးကြတဲ့အခါ ဝတ္ထုရေးတာပဲဆိုပြီး ကိုယ်သေချာမသိတာတွေကို မရေးမိကြပါစေနဲ့။ ကိုယ်သေချာသိတာကိုပဲ ရေးကြပါ''တဲ့။ ဆရာကြီးပေးတဲ့ ပထမသင်ခန်းစာက ''ကိုယ်တွေ့''တဲ့။ ဆရာကြီးရေးခဲ့တဲ့ ဝတ္ထုတွေထဲမှာ ဦးဆုံးကျော်ကြားသွားတဲ့ဝတ္ထုက ''သော်ကမယ်'' ဆိုတဲ့ ဝတ္ထုလေး ပါတဲ့။ အဲဒီသော်ကမယ်ဝတ္ထုမှာ သော်ကပန်းအကြောင်းကို တခမ်းတနားဖွဲ့နွဲ့တင်ပြခဲ့တာ စာမျက်နှာ ၁ဝ မျက်နှာလောက်မက ရှိခဲ့ပါတယ်တဲ့။ ''သော်ကပန်းကို မင်းတို့မြင်ဖူးကြရဲ့လား''ဆိုပြီး သူ ကိုယ်တိုင်ရေးသားဖွဲ့နွဲ့ခဲ့တဲ့ သော်ကပန်းအချီးကို ပြန်လည်တင်ပြပါတယ်။ ပွင့်ဖတ်၊ ပွင့်ချပ်က ဘယ်လို၊ ရိုးတံလေးက ဘယ်နှယ်။ ရနံ့ကလည်းလေယူသင်းပြီး ပျားပိတုန်းတွေတဝဲဝဲနဲ့ပေါ့။ အဲဒီဝတ္ထု က ဆရာကြီးအဖွဲ့အနွဲ့ကောင်းလို့ အထူးကျော်ကြားသွားပြီး ရောင်းမလောက်ဖြစ်ခဲ့ရပါတယ်။

''တကယ်တော့ အဲဒီပန်းကို မမြင်ဘူးဘဲ ကျုပ်ကရေးခဲ့တာဗျ။ အတန်ကြာမှ ဘုန်းကြီးကျောင်းတစ်ကျောင်းကိုသွားရင်း သော်ကပန်းဆိုတာကို မြင်ဖူးခဲ့ပါတယ်။ သော်ကပန်းဆိုတာ မြင်ဖူးသူ တွေသိကြပါလိမ့်မယ်။ ''ပန်းသော်က၊ ဒေါန၊ ဇီဇဝါ'' စသဖြင့် ရှေး စာတွေထဲမှာလည်း ကြားဖူးတော့ အထင်ကြီးမိတာပေါ့။ ကန်တော့ပါရဲ့။ ရှေးစာဆိုတွေကလည်း သော်ကပန်းကို ကျုပ်လို မမြင်ဘူးဘဲ ရေးဖွဲ့ခဲ့ကြသလား မသိဘူး။ အဲဒီပန်းက မွှေးလည်း မမွှေးဘူး၊ လှလည်း မလှပါဘူး။ နီတိတိ အချောင်းလေးပါပဲ။ ကျုပ်ဖြင့် တွေးမိတိုင်း ရှက်မိပါတယ်။ ခုတော့ မောင်တို့လူငယ်တွေ သင်ခန်းစာ ယူကြရအောင် ကိုယ့်အရှက်ထုပ်ကို ဖြည်ပြလိုက်ရတာပါ။ ကျုပ်ထက်ဆိုးတဲ့ လူလည်း ရှိသေးသဗျ။ သူကတော့ အောက်သားစာရေးဆရာပါ။ မေမြို့ကို အင်္ဂလိပ်လူဖြူဗိုလ်တွေ အပန်းဖြေမြို့အဖြစ် အသုံးပြုလာတော့ ထင်ရှားလာတဲ့ကာလပေါ့။ သူ့ဝတ္ထုရဲ့ ''လပ်ဖ်ဆင်း'' ခေါ် ချစ်ခန်းကြိုက်ခန်းကို သူက မေမြို့တင်ပေးလိုက်တယ်။ မောင်တို့ စထရောဘယ်ရီပင်ကို မြင်ဖူးကြ ရဲ့လားမသိ။ ခရမ်းချဉ်ပင်လောက်ပဲ ရှိတာပါ။ အပင်ရော၊ အသီး ရော ခရမ်းချဉ်ပင်နဲ့ ဆင်တူတယ်။ အဲဒီစာရေးဆရာက သူ့ဇာတ်လိုက်နဲ့ ဇာတ်လိုက်မင်းသမီးကို စထရောဘယ်ရီပင်အောက်က ခုံတန်းလေးပေါ်မှာ ထိုင်ခိုင်းပြီး ရည်းစားစကား ပြောခိုင်းလိုက်ပါ တယ်။ သူက ကံကောင်းတယ်။ အဲဒီအခါက စထရောဘယ်ရီပင် ကို မြင်ဖူးတဲ့လူက ရှားတော့ သူ့အမှားကို သိပ်ပြီးလူမသိလိုက်ကြဘူး။ အဲဒါပါပဲ မောင်တို့ ... စာရေးရင် ကိုယ်မသိတာတွေကို မရေးကြပါနဲ့။ ကိုယ်သိတာကိုပဲ ရေးပါ။ ဝတ္ထုမှာ သဘာဝကျဖို့၊ အရေးကြီး ပါတယ်။ သဘာဝကျဖို့ရာက သဘာဝအတိုင်းမြင်ရ၊ ကြားရတာတွေကို ရေးရပါတယ်။ ဝတ္ထုဆိုတာ စိတ်ကူးယဉ်ပြီး ရေးတာဆိုပြီး သဘာဝမဟုတ်တာတွေ ရေးရင်အမှားအယွင်းတွေဖြစ်ပြီး ကိုယ့်စာပေသမိုင်းမှာ အမည်းကွက် ကျန်ရစ်ပါလိမ့်မယ်'' ... တဲ့။ အဲဒီအတွေ့အကြုံ ဥပမာပေးတာ တကယ်ပဲမှတ်သားထိုက်လှပါတယ်။

ဆရာကြီးမြမျိုးလွင်တို့ခေတ်မှာ ''ဖြစ်ရပ်မှန်''လို့ ရေးပြီး လူစိတ်ဝင်စားအောင် ရေးလေ့ရှိပါတယ်။ ''ဘဝသရုပ်ဖော်'' ''သရုပ်မှန်ဝတ္ထု''စတဲ့ စကားတွေ မသုံးသေးပါဘူး။ ဒီစကားတွေက စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်ရောက်မှ သုံးလာခဲ့တာပါ။ အင်္ဂလိပ်စကားလုံး ''ရီယယ်လစ်ဇင်''ကို ဘာသာပြန်ပြီး သုံးစွဲလာတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဆရာဇော်ဂျီကတော့ ''ဒိဌဓမ္မလောကအဖွဲ့''လို့ ရေးလေ့ရှိပါတယ်။ စာပေဝေါဟာရပါ။ ဒါပေမဲ့ ပန်းချီမှာသုံးတဲ့အခါ ''သရုပ်မှန်ပန်းချီ''လို့သုံးတာ သတိထားမိပါတယ်။ တက္ကသိုလ် မြန်မာစာမဟာတန်း၊ ပါရဂူတန်းကျမ်းပြုပြီးသားရှိရင် ပုံနှိပ်ထုတ်ဝေ စေချင်ပါတယ်။ ဆရာလုပ်တာမဟုတ်ပါ။ ကိုယ်သုံးချင်တော့ အလွယ်တကူရအောင်လို့ ပြောမိတာပါ။ တပည့်ခံချင်တာပါ။

မန္တလေးတက္ကသိုလ် မဟာဝိဇ္ဇာကျောင်းသားကြီးတစ်ဦးက ဆရာကြီးမြမျိုးလွင်ရဲ့စာတွေကို ကျမ်းပြုဖူးတယ်လို့ ကြားဖူးသလိုရှိ ပါတယ်။ အဲဒီကျမ်းကို စာအုပ်အဖြစ် ပုံနှိပ်ဖြန့်ချိဖို့ ကောင်းပါတယ်။ အပြင်လူတွေဖတ်ရ၊ မှတ်ရတာပေါ့။ အဲသလိုဘွဲ့လွန်ကျမ်းတွေ တိမ်မြှုပ်နေတာ အများကြီးပါ။ တချို့က အထူး ကောင်းတယ်ဆိုရင် ပုံနှိပ်ဖြန့်ချိဖို့ ကောင်းတယ် ထင်ပါတယ်။ မောင်သုတရဲ့ စာဆိုတော် အတ္ထုပ္ပတ္တိကျမ်းဟာ မဟာဝိဇ္ဇာကျမ်းလို့ ကြားဖူးပါတယ်။ ကြားဖူးတဲ့စာအတိုင်းမှန်တယ်ဆိုရင် ဘယ်လောက်ကောင်းသလဲ၊ ဘယ် လောက်အသုံးဝင်သလဲဆိုတာ ညွှန်းချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ''မြမျိုးလွင်စာပေ''ဆိုတဲ့ စာမျိုး ဖတ်ချင်မိပါကြောင်း။

မောင်စွမ်းရည်
၂ဝ၁၇၊ နိုဝင်ဘာ ၃
0