လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် - အပိုင်း (၁)

လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် - အပိုင်း (၁)
(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၇

အချိန်ကာလ
(၂၁) ရာစုအတွက်ပြင်ဆင်ခြင်း


ပီကင်းမှာ ၂၀၁၇ အောက်တိုဘာ ၁၈ ရက်နေ့မှာစတင်ပြီး တပတ်ကြာကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့(၁၉) ကြိမ် မြောက် ကွန်ဂရက်ကို တရုတ်အစိုးရအနေနဲ့အ လွန်အလေးထားပြင်ဆင်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ သက် တမ်းတလျှောက် ၉၆ နှစ်အတွင်း တတ်နိုင်သမျှ ၅ နှစ်တကြိမ် ပုံမှန်ကျင်းပနေကျဖြစ်ပါတယ်။ ဒီကွန်ဂရက်ကနေ ပြီးခဲ့တဲ့ (၅) နှစ်အတွင်းကဦးဆောင်ခဲ့တဲ့ခေါင်းဆောင်များရဲ့လုပ်ဆောင်ချက်တွေကို ပြန်လည်တင်ပြသုံးသပ်တာတွေ နောင် (၅) နှစ်အတွင်းပါတီကိုဦးဆောင်သွားမယ့် ခေါင်းဆောင်တွေကိုရွေးချယ်ပြီး နောင်လုပ်မဲ့လုပ်ငန်းတွေပေါ်လစီတွေကို ညှိနှိုင်းဆွေးနွေး တာတွေ စတာတွေ လုပ်ဆောင်ကြပါတယ်။ လုပ်ဆောင်နေကြပါ။

ဒါပေမယ့် ဒီနှစ်မှာတော့ ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာပါ အလွန်စိတ်ဝင်စားတာတွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။ အ ကြောင်းတွေရှိပါတယ်။

၁။ ပြည်တွင်းအကြောင်းများ
၁၉၇၈ ခုနှစ်က စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီကြောင့် ဆင်းရဲတွင်းက လူပေါင်းသန်း (၇၀၀) ကို ကယ် တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကျန်နေသေးတဲ့ (သန်း ၂၀) ကို၂၀၂၀ မှာ အကုန်ဆင်းရဲတွင်းကလွတ်မြောက်စေရမယ်လို့ အစိုးရက ကတိပေးပြီးသားပါ။ ဒီတော့ တရုတ်ပြည်သူအများစုဟာ အခြေခံလူနေမှုအဆင့်အတန်း (စားစရာ၊ ၀တ်စရာ၊ နေစရာ) ပြည့် စုံပြီလို့ပြောနိုင်ပြီး သူတို့ရဲ့လိုအင်ဆန္ဒတွေဟာ ပိုမြင့်မားလာနေပါတယ်။ (ဥပမာ-ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ဖြေ ဖျော်ရေး စတာတွေအပြင် လေထုသန့်ရှင်းစေချင်တာ၊ ၀င်ငွေကွာဟမှုတွေကို မကျေမနပ်ဖြစ်လာတာ)။ တခွန်းတည်းပြောရင် တော့ မညီမမျှဖြစ်မှုများကို ဖြေရှင်းပေးစေချင်နေပါတယ်။

ဒါ့အပြင် စီးပွားရေးပုံစံတွေပြောင်းရာမှာလည်း လမ်းညွှန်ချက်အသစ်တွေ ရှိဖို့လိုလာပါတယ်။ ၂၀၁၂ မှာကျင်းပတဲ့ (၁၈) ကြိမ်မြောက် ကွန်ဂရက်အပြီးသတ်နေ့က ပါတီအထွေထွေအတွင်းရေးမှူးအသစ်စက်စက် ရှီကျင့်ဖင် ကတိစကားတွေဘယ် လောက်အကောင်အထည်ပေါ်လာပြီလဲဆိုတာ သိချင်နေကြပါတယ်။ ဥပမာ- အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း များ စတာ စတာတွေကြောင့် ပြည်တွင်းစိတ်ဝင်စားမှုမြင့်နေပါတယ်။

၂။ နိုင်ငံတကာအကြောင်းအရာများ
ဒီကွန်ဂရက်ကို နိုင်ငံတကာက ပိုမိုစိတ်ဝင်စားသလို၊ ရှီကျင့်ဖင်တင်သွင်းတဲ့ အစီရင်ခံစာမှာလည်း ခါတိုင်းကွန်ဂရက်အစီရင်ခံစာများနဲ့မတူပဲ၊ နိုင်ငံတကာပြဿနာများကို ပြည်တွင်းပြဿနာများနဲ့ တန်းတူထားဆွေးနွေးသွားရုံမက ဖြေရှင်းနည်းတွေ ပါ ထည့်သွင်းပြောသွားတာတွေ့ရပါတယ်။ ထူးခြားပါတယ်။

ဘာကြောင့်ပါလဲ။

တရုတ်ဟာ ဒေသဆိုင်ရာအင်အားကြီးနိုင်ငံအဖြစ်ကနေ ကမ္ဘာအဆင့်အင်အားကြီးနိုင်ငံ (Global Power) အဖြစ် တက်လှမ်း လာပြီလား။

တကယ်တော့ ဒုတိယကမ္ဘာစစ်အပြီးပေါ်ပေါက်ခဲ့တဲ့ နိုင်ငံတကာဆိုင်ရာအစီအစဉ်များ (နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး စသဖြင့်) ဟာ ဖရိုဖရဲဖြစ်စပြုနေပါပြီ။ ဒီကာလတလျှောက် (အထူးသဖြင့် စစ်အေးစစ်ပွဲအပြီး) ကမ္ဘာဇာတ်ခုံပေါ်ပန်းပန်လာခဲ့ကြတဲ့နိုင်ငံများအဖြစ်ကိုကြည့်ပါ။

(က) ကမ္ဘာပြုမှု (Globalization) ကြောင့် အကျိုးအမြတ်အများဆုံးရခဲ့ကြတဲ့နိုင်ငံကြီးများက နောက်ဆုတ်ဖို့လုပ်လာကြနေ ပါပြီ။ ကမ္ဘာဇာတ်ခုံပေါ်မှာ လေဟာနယ်ပေါ်လာနေပါတယ်။ အမေရိကန်မှာ သမတထရမ့်တက်လာတာဟာ အမေရိကန် လူမျိုးများရဲ့ မိမိအိမ်မိမိပြန်ချင်တဲ့စိတ်ဓာတ်ကို ဖေါ်ညွှန်းပါတယ်။ တို့တတွေ တော်လောက်ပြီ။ တို့ကိစ္စပဲတို့လုပ်တော့မယ်ဆိုပြီး ကမ္ဘာဇာတ်ခုံပေါ်က နောက်ဆုတ်သွားတာပါ။ ထို့အတူ ဥရောပသမဂ္ဂအတွင်းကပြဿနာများကိုကြည့်ပါ။ Brexit ကို ကြည့်ပါ။

(ခ) ၂၀၀၈ ခုနှစ်ကစတင်ပေါ်ပေါက်ခဲ့တဲ့ ကမ္ဘာစီးပွားရေးအကြပ်အတည်းကို နဂိုရှိရင်းကမ္ဘာ ဘဏ္ဍာရေးစနစ်များ၊ ကုန်သွယ် ရေးစနစ်များအောက်မှာ မဖြေရှင်းနိုင်ဖြစ်လာတော့ တကိုယ်တည်းရုန်းထွက်ဖြေရှင်းကြည့်ဖို့ စဉ်းစားလာကြတာပါ။ ဖြစ်နိုင်ပါ့ မလား။

(ဂ) လက်ရှိ ကမ္ဘာကြီးကြုံတွေ့နေရတဲ့ပြဿနာများဟာ ဒီစီးပွားရေးအကြပ်အတည်းအပြင် တခြားအရေးများ (မြောက်ကိုးရီး ယား၊ ဆီးရီးယား၊ အီရန် အရှေ့အလယ်ပိုင်းကိစ္စများ၊ ရာသီဥတုပြောင်းလဲမှု၊ အစွန်းရောက်အကြမ်းဖက်ဝါဒ၊ ရွှေ့ပြောင်းဒုက္ခ သည်များ စသဖြင့်) ဟာ တနိုင်ငံတည်း ဒိုင်ခံဖြေရှင်းနိုင်တဲ့ အရေးများမဟုတ်ပါဘူး။ နိုင်ငံအားလုံး အင်တိုက်အားတိုက်လက် တွဲ စုပေါင်းဖြေရှင်းကြရမှာပါ။

(ဃ) ကမ္ဘာလုံးဆိုင်ရာအစီအစဉ်များကို ပြန်လည်ဆန်းစစ်၊ ပြုပြင်ပြောင်းလဲ၊ နည်းသစ်များဖန်တီးတီထွင်ရမယ့် အချိန်ရောက် လာနေပါတယ်။ ဒါကို ဘယ်သူတွေကဦးဆောင်မလဲ။

ကမ္ဘာကြီးဟာ အဲဒီလမ်းဆုံလမ်းခွကို ရောက်နေပါတယ်။

လက်ရှိကျင့်သုံးဆဲ (သို့သော် သိပ်အလုပ်မဖြစ်တော့တဲ့) ကမ္ဘာနိုင်ငံရေးစနစ်များ၊ စီးပွားရေးစနစ်များ၊ ဘဏ္ဍာရေးစနစ်များကိုဘယ်သူတွေကရေးဆွဲခဲ့သလဲ။

ဒီနေရာမှာ အတိတ်ကာလအဖြစ်အပျက်များကို ပြန်ကြည့်ရအောင်ပါ။

၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ စစ်ပွဲမှာအောင်ပွဲရနေတဲ့နိုင်ငံများစုပေါင်းပြီး အမေရိကန်မှာ ဘရင်တန်ဝုဒ် (Bretten Wood) ကွန်ဖရင့်တရပ်ခေါ်ခဲ့ပြီး စနစ်တရပ်ကို တီထွင်ခဲ့ပါတယ်။ အခြေခံအကြောင်းရင်းကတော့ ပထမကမ္ဘာစစ်အပြီးပေါ် ပေါက်လာတဲ့စီးပွားရေးပြဿနာများကိုမဖြေရှင်းနိုင်လို့ (နိုင်ငံကြီးအချို့ကပဲ အုပ်စီးထားလို့) ဒုတိယကမ္ဘာစစ်ဖြစ်လာတာလို့ နိဂုံးချုပ်ကြပြီး၊ နောင်စစ်မဖြစ်အောင် လွတ်လပ်တဲ့နိုင်ငံများအကြား ဘဏ္ဍာရေးစနစ်များထိမ်းညှိဖို့ စီမံကိန်းများချမှတ်ခဲ့ပါ တယ်။

အဲဒီကပေါ်လာတဲ့ အနိုင်နိုင်ငံငွေကြေးရံပုံငွေအဖွဲ့(I.M.F) နောက်ပိုင်းထပ်ပေါ်လာတဲ့ ကမ္ဘာ့ဘဏ်တို့၊ မာရှယ်စီမံကိန်းတို့ ဆိုတာတွေဟာ အဲဒီကာလ (စစ်အပြီး စီးပွားရေးချွတ်ခြုံကျနေမှုများ) ကို ကျော်နင်းနိုင်စေခဲ့ပါတယ်။

နိုင်ငံရေးအရလည်း ကုလသမ၈ွကိုဖွဲ့စည်းပြီး ဖွဲ့စည်းအုပ်ချုပ်ပုံကအစ ဘက်စုံတည်ဆောက်ခဲ့ပါတယ်။ ပြောစရာတွေရှိပေ မဲ့ ကမ္ဘာ့နိုင်ငံအများအပြားက သင့်တော်တယ်ဆိုပြီး လက်ခံခဲ့လို့ ဒါတွေကို တီထွင်ဖန်တီး အကောင်အထည်ဖေါ်ပေးတဲ့ အမေရိကန်ဦးဆောင်တဲ့ ဒီမိုကရေစိနိုင်ငံကြီးများဟာ ကမ္ဘာအဆင့်အင်အားကြီးနိုင်ငံများ (ခေါင်းဆောင်များ) ဖြစ်လာကြပါ တယ်။

ဒါကို Bretten Wood System လို့ ခေါ်ဆိုပါတယ်။ တကြိမ်တခါက ဒီစနစ်ဟာအလွန်အလုပ်ဖြစ်ခဲ့ပေမဲ့ (အထူးသဖြင့် စစ် အေးခေတ်အပြီးမှာ) တဖြည်းဖြည်းအင်အားကြီးလာတဲ့နိုင်ငံများ (Emergingcountries) က လက်မခံချင်တော့ပါဘူး။ တခါ စီးပွားရေးပုံစံများကလည်း အပြောင်းအလဲလုပ်ဖို့ လိုလာနေပါတယ်။ ဒါ့ကြောင့် ကမ္ဘာကြီးတည်ငြိမ်အေးချမ်းစွာ အဆက်မ ပြတ်ဆက်လက်ဖွံ့ဖြိုးတိုးတက်ဖို့ ပေါ်လစီသစ်တွေ နည်းလမ်းသစ်တွေလိုအပ်လာပါပြီ။

ဒါကို ဘယ်သူကဦးဆောင်မလဲ။ တရုတ်က ဦးဆောင်ဖို့အဆင်သင့်ဖြစ်ပြီလား။

အပိုင်း (၂) မှာ တင်ပြသွားပါ့မယ်။

လှကျော်ဇော
နိုဝင်ဘာ ၉၊ ၂၀၁၇။

ဓာတ်ပုံ - တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက်မြင်ကွင်း (AP)
0