ဌေးမင်းခိုင် ● ဇူတိုးပီးယားပုံပြင်


ဌေးမင်းခိုင် ● ဇူတိုးပီးယားပုံပြင်
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၁၈

ကျနော် ကာတွန်းရုပ်ရှင်တွေကို အရမ်းကြိုက်တယ်။ ဘာလို့လဲဆိုတော့ ကာတွန်းရုပ်ရှင်တွေက limit အားလုံးကို ကျော်လို့ရ တယ်။ အချိန် limit ၊ နေရာ limit ၊ ကာလဒေသအကန့်အသတ်တွေကို ကျော်လို့ရတယ်။ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ ဇာတ်အိမ်တည်လို့ရတယ်။ ဖြစ်နိုင်ခြင်း၊ မဖြစ်နိုင်ခြင်းအကန့်အသတ်ကိုလည်း ကျော်လို့ရတယ်။ ကာတွန်းရုပ်ရှင်မှာ မဖြစ်နိုင် ဘူးဆိုတာ မရှိဘူး။ တခွန်းတည်းပြောရရင်ဗျာ .. ကိုယ်ပြချင်တဲ့အပြကို စိတ်ကြိုက်ပြလို့ရတယ်။ ဒီတော့ အပြကောင်းရင် ကောင်းသလောက်၊ အပြရဲရင် ရဲသလောက် ရင်ထဲ ရောက်တယ်။

အခုနှစ်ပိုင်းအတွင်း ကြည့်မိတဲ့ ကာတွန်းကားတွေထဲမှာ ရင်ထဲအရောက်ဆုံး ကားကတော့ Zootopia ပဲ။ ဘယ်လောက်တောင် ကြိုက်လဲဆို ကျနော်သာ လုပ်နိုင်စွမ်းရှိရင် ကလေးတွေကို မဖြစ်မနေ ကြည့်ခိုင်းမယ်လို့ တွေးမိတဲ့အထိပဲ။

ကလေးတယောက်အတွက်တော့ Zootopia ဇာတ်ကားဟာ မဖြစ်နိုင်တာကို ကြိုးစားတဲ့ ယုန်မလေးတယောက် အဲလေ ... ယုန်မလေးတကောင်ရဲ့ ဇွဲသတ္တိပုံပြင်ပေါ့။

ရင့်ကျက်လာတဲ့ လူကြီးတယောက်အတွက်တော့ Zootopia ဇာတ်ကားဟာ ညီညွတ်ခြင်းတရား၊ ငြိမ်းချမ်းရေးတရားကို ဟောတဲ့ ပုံပြင်ပဲ။

စရိုက်မတူတဲ့ တိရိစ္ဆာန်တွေ စုနေတာကို ပြတဲ့ ပုံပြင် ... ။

ယဉ်ကျေးမှုခြင်းမတူတဲ့ သူတွေ စုနေတဲ့ ယဉ်ကျေးမှုပေါင်းစုံဓလေ့ (Multi-Culturalism) ကို ပြတဲ့ ပုံပြင် ... ။

အားကြီးသူကလည်း အားနည်းသူကို အနိုင်ကျင့်လို့မရ။ အားလုံးဟာ ညီညွတ်စွာ ... မျှတစွာ ... ငြိမ်းချမ်းစွာ ... ။

မြင်တတ်မယ်ဆိုရင် အများကြီးမြင်လို့ရတဲ့ ပုံပြင် ... ။

ဒါကြောင့် အဲ့ဒီကားလေးကို ကျနော် အရမ်းကြိုက်တယ်။

ဒါပေမဲ့ တရုတ်စစ်တပ်ရဲ့ အာဘော်သတင်းစာ Liberation Army Daily က ဒါ အနောက်ရဲ့ဝါဒဖြန့်မှုပဲ၊ သတိထားကြလို့ ဝေဖန်တော့ ဖျတ်ခနဲ ပြုံးမိသွားတယ်။

သူတို့အမြင်မှာတော့ ဇူတိုးပီးယားဟာ အရင်းရှင်စနစ်ကောင်းကြောင်းကို သွယ်ဝိုက်ဝါဒဖြန့်တဲ့ကား၊ အချိုသတ်တဲ့ ကား၊ စိတ်ကူးယဉ်ဆန်တဲ့ကား ... ။

သူတို့အမြင်မှာ လွတ်လပ်မျှတတဲ့ ဇူတိုးပီးယားဟာ မဖြစ်နိုင်တဲ့ကား ... ။

ဘာလို့ပါလဲ ... ။
××××× ×××××

အာဏာရှင်လူတန်းစားတွေဟာ တန်းတူညီမျှတို့၊ လွတ်လပ်မျှတဆိုတဲ့ စကားလုံးတွေကို အော်ဂလီဆန်ကြတယ်။

ဘာလို့လဲဆိုတော့ သူတို့မှာ ဘယ်သူ့ကို ဘယ်အခွင့်အရေးပဲ ပေးရမယ်၊ ဘယ်သူက ဘယ်အခွင့်အရေးပဲ ရသင့်တယ် (အဲ လိုအခွင့်အရေးမျိုးကလည်း သူတို့က ပေးမှပဲ ရမယ်) ဆိုတဲ့ အရူးစိတ်မျိုးရှိတယ်။ ကိုယ့်ကိုယ်ကို လူကမွေးတယ်မထင်ဘဲ နတ်ဘုရားတွေနဲ့ သားဖောက်ပြီး စပ်ကျလာတယ်ဆိုတဲ့ အထင်မျိုးပေါ့။

သူများကိုသာ ဟိုအခွင့်အရေးနဲ့ပဲ တန်တယ်၊ ဒီအခွင့်အရေးနဲ့ပဲ တန်တယ်လို့ မြင်ပေမယ့် သူတို့ကိုယ်တိုင်ကတော့ ရှိသမျှ အခွင့်အရေးအားလုံးနဲ့ တန်တယ်လို့ ထင်တတ်တဲ့ သောက်ရူးမျိုး ... ။

အဲလိုစိတ်အခံမျိုးရှိလို့လည်း တန်းတူညီမျှဆိုတဲ့ အခြေအနေမျိုးကို ဘယ်လိုမှ လက်မခံနိုင်တာ ... ။

ဒီ့ထက်ပိုနက်တဲ့အကြောင်းလည်း ရှိသေးတယ်။

အဲဒါကတော့ အကြောက်တရားပဲ။

သူတို့ ပြည်သူတွေ လက်ထဲက လုယူထားတဲ့ အာဏာကို ဆုံးရှုံးရမှာ ကြောက်တယ်။

အဲ့ဒီမှာတင် ပြည်သူတွေကို ကြောက်အောင်လုပ်တော့တာပဲ။

ပထမနည်းကတော့ သူတို့ကို ကြောက်အောင် လုပ်တယ်။ (ကြောက်အောင် ရက်ရက်စက်စက်ဖိနှိပ်ပစ်တယ်) ဒါပေမဲ့ အရမ်းဗီလိန်ဆန်လွန်းတော့ အဲဒီ့အစား ပိုပြီးပါးနပ်တဲ့နည်းကို သုံးလာတယ်။ အဲ့ဒါကတော့ အကြောက်တရားတခုကို ဖန်တီး ပြတာပဲ။ ပြီးတော့မှ အဲ့ဒီအကြောက်တရားကို ကာကွယ်နိုင်တာ ငါ့တို့ပဲရှိတယ်ဆိုပြီး အာဏာတည်ဆောက်တာကိုး ... ။

အဲ့ဒီနည်းက အာဏာလက်မလွတ်တဲ့အပြင် သူတို့ကို (သိစိတ်မှာဖြစ်ဖြစ်၊ မသိစိတ်မှာဖြစ်ဖြစ်) ကိုးကွယ်ရိုကျိုးစေတယ်ဆိုတဲ့ အမြတ်ကြီးကြီးပါ ရတယ်။

ဒီတော့ အာဏာရှင်မှန်သမျှဟာ အဲ့ဒီနည်းကို အရမ်းကြိုက်တယ်၊ သုံးလည်း သုံးတယ်။ ဟိုးဟိုးရှေးတုန်းစလို့ 20 ရာစုက ဟစ်တလာ၊ စတာလင်အပါအဝင်၊ 21 ရာစုက ပူတင်၊ ဒေါ်နယ်ထရန့်တို့ထိ ဒီနည်းကို သုံးပြီး အာဏာကို တည်ဆောက်တယ်၊ အာဏာကို အရယူတယ်။

မြန်မာမှာလည်း ဗိုလ်နေဝင်း သုံးတာပဲ။ သူဖန်တီးတဲ့အကြောက်တရားကတော့ ကွန်မြူနစ်အကြောက်တရားနဲ့ ဖဒရယ် အကြောက်တရား ... ။

နောက် ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့် ... ။ သူတို့ကတော့ တိုက်ရိုက်နည်းရော သွယ်ဝိုက်နည်းရော သုံးတယ်။ (မသုံးလို့လည်း မရဘူးလေ) သူတို့ဖန်တီးလိုက်တဲ့ အကြောက်တရားကတော့ အင်္ဂလိပ်မယားဒေါ်စုကြည် လက်ထဲသာ အာဏာရောက် သွားရင် တိုင်းပြည် အစိတ်အမွှာမွှာဖြစ်သွားမယ်၊ ကျွန်နိုင်ငံဖြစ်သွားမယ်ဆိုတဲ့ အကြောက်တရား ... ။ (အင်္ဂလိပ်မယား ဒေါ် စုကြည်ဆိုတဲ့အသုံးအနှုန်းက သတင်းစာမှာ တရားဝင်သုံးတဲ့အသုံး၊ ဒီ့ထက်အများကြီးပိုဆိုးတဲ့ စကားလုံးတွေတောင် ရှိ သေးတယ်)

ခုရော ... ။ မထူးပါဘူး ... အကြောက်တရားကတော့ ရှိနေတာပါပဲ။ ကြောက်အောင် လုပ်နေတာပဲ .. ။ (ဘာတွေကို လုပ်နေ လဲ၊ ထူးမပြောတော့ပါ)

တခွန်းတည်းပြောရရင် ဒုတိယနည်းလမ်းကို သုံးဖို့ မင်းတို့မှာ ရန်သူရှိတယ်ကွဆိုတဲ့ အသိကို အမြဲသတိပေးနေရတယ်။

ဒီတော့အာဏာရှင်တွေက လွတ်လပ်မျှတတဲ့အခြေအနေကို ဘယ်လိုမှ လက်မခံနိုင်။

လွတ်လပ်မျှတတဲ့အခြေအနေမှာ ဘယ်အကြောက်တရားမှ မရှင်သန်နိုင်ဘူးလေ ... ။

ဇူတိုးပီးယားထဲမှာလည်း အကြောက်တရားကို ဖန်တီးတာပဲ။ အရင်က အသားစားခဲ့တဲ့ သားရဲတွေအုပ်စုနဲ့ အသီးအရွက် စားအုပ်စုတွေကြား အကြောက်တရားကို ဖန်တီးတာ ... ကံကောင်းလို့ သူတို့ဇူတိုးပီးယားအဖွဲ့အစည်းကြီး နှစ်ပိုင်းမကွဲတာ ... ။

ဒါပေမဲ့ လက်တွေ့ကမ္ဘာမှာတော့ လူ့အဖွဲ့အစည်းတွေဟာ အဲ့လောက်ကံမကောင်းပါဘူး။ တနည်းအားဖြင့် လူ့အာဏာရှင် တွေက ပိုပြီး ကောက်ကျစ်ပါးနပ်ကြတယ်။

ဒင်းတို့တွေက အကြောက်တရားဖြစ်ဖို့ အဓိက လိုအပ်ချက်တခုကို သိသွားတယ်။ အဲဒါကတော့ အသိဉာဏ်တွေ သေသွား ဖို့ပဲ။ တနည်း ... ဆင်ခြင်ဉာဏ်တွေ သေသွားဖို့ပဲ။ အကြောက်တရားဖြစ်ဖို့ အသိဉာဏ်တွေ ဆင်ခြင်ဉာဏ်တွေ သေဆုံးမှ ဖြစ်မယ်။ အပြန်အလှန်အားဖြင့်လည်း အကြောက်တရားတွေ ဖြစ်လာတဲ့အခါ ဆင်ခြင်ဉာဏ်ဟာ သေဆုံးရတာပါပဲ။

ကျနော်တို့ ဘာတွေကို ဘယ်လိုတွေးတယ် (ဘယ်လိုဆင်ခြင်တယ်)ဆိုတာကို အဓိကပုံသွင်းပေးတဲ့ အင်စတီးကျူးရှင်းကြီး နှစ်ခုရှိတယ်။ အဲဒါကတော့ ဘာသာရေးနဲ့ ပညာရေးပဲ။

အဲဒီမှာ အာဏာရှင်တွေဟာ ပညာရေးကို ဆင်ခြင်ခြင်းနဲ့ မချိတ်နိုင်အောင် လုပ်တော့တယ်။ ဥပမာ ကျနော်တို့ပညာရေးရဲ့ စာမေးပွဲစနစ်ဟာ ဆင်ခြင်ခြင်းကို လုံးဝအားမပေးပါဘူး။ သာဓကအနေနဲ့ ပြောရရင် ဆယ်တန်းလိုအဆင့်မျိုးမှာ Left Hand Rule, Right Hand Rule လို နေထွက်ရာအရပ်ကို မျက်နှာမူပါ၊ လက်နှစ်ဖက်ကို ဆန့်တန်းပါဆိုတဲ့ အရပ်မျက်နှာရှာနည်းကို ပုံနဲ့တကွ ဖြေပါလို့ မေးတာပါပဲ။

ပြီးတော့ စားမေးပွဲနဲ့ ခြောက်ပါတယ်။ စနစ်ကလည်း ဆင်ခြင်ဉာဏ်ကို သတ်ပါတယ်။ အကြောက်တရားကလည်း ဆင်ခြင် ဉာဏ်ကို သတ်ပါတယ်။ ဆင်ခြင်ဉာဏ်သေဆုံးသွားတော့ ပိုပြီးကြောက်လာပါတယ်။ အဲလိုနဲ့ပဲ သံသရာလည်ပါတော့တယ် ... ။

ကျနော်တို့တတွေ ဆင်ခြင်ဉာဏ် ရှိမရှိက text ရဲ့နောက်ကို ဘယ်လောက်သွားနိုင်လဲဆိုတာလေးနဲ့ပဲ တိုင်းနိုင်ပါတယ်။

အကြောက်တရား ကင်းရမယ်ဆိုတာကို ဟ ... သားသမီးက မိဘကို မကြောက်လို့ ဖြစ်မလားတို့ .. ။
ဝါသနာပါတာလုပ် င့ါကောင်ရေဆိုတာကို ဟ ... ဝါသနာပါတိုင်း လုပ်လို့ ဖြစ်မလားကွ၊ လူသတ်တာ ဝါသနာပါနေရင် ဘယ် လိုလုပ်မလဲတို့ ... ။
လိုချင်တာ တဏှာဆိုရင် နိဗ္ဗာန်လိုချင်တာလည်း တဏှာပေါ့ ..ဟ မလိုချင်တော့ပါဘူးတို့ ... ။

အဲလိုစကားတွေကို ကြည့်ရင် text ရဲ့နောက် ဘယ်လောက်သွားနိုင်သလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။

အဲလိုနဲ့ပဲ စကားလုံးလေးတွေကို အပေါ်ယံရှပ်ယူပြီး ....
- သတ္တဝါမှန်သမျှ ရုပ်နာမ်နှစ်ပါးပါပဲ (ခန္ဓာငါးပါးပါပဲ) အားလုံးအတူတူပါပဲဆိုပြီး ငါတို့ကလွဲလို့ ကျန်တာ ဖွဲပဲလို့ တွေးတဲ့ လူ့ အဖွဲ့အစည်းဖြစ်လာတယ်။
- လင်ချစ်မယားချစ်က ပူသဟဲ့၊ မိဘမေတ္တာမှ အေးချမ်းသတဲ့ဆိုပြီး အိမ်ထောင်မပြုဘဲ ကလေးပဲ မွေးရမှာလို ဂွတီးဂွကျ လူ့အဖွဲ့အစည်းဖြစ်လာတယ်။
- အားလုံးဟာ မမြဲပါလား (အနိစ္စ) ဆိုပြီး မကောင်းတဲ့ကောင်လည်း တချိန်ချိန်တော့ (အနိစ္စသဘောနဲ့) သွားမှာပဲဆိုပြီး ထိုင် စောင့်တတ်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာတယ်။
- အားလုံးဟာ အစိုးမရပါလား (အနတ္တ) ဆိုပြီး လက်ရှိအထောက်အပံ့ကောင်းဖို့ အားမထုတ်ဘဲ လေ့လာသင်ယူမှု ပိတ်နေတဲ့ လူ့အဖွဲ့အစည်းဖြစ်လာတယ်။
- အားလုံးဟာ ဆင်းရဲခြင်း (ဒုက္ခ) ဆိုပြီး ကြုံလာတဲ့ ခေတ်ဆိုးစနစ်ဆိုးတွေကို ကျောကော့ပြီး ခံတတ်တဲ့ လူ့အဖွဲ့အ စည်းဖြစ်လာတယ်။
................
........................
.............................
အကြင်အရပ်မှာ
အကြောက်တရား မရှိရင် ဆင်ခြင်ခြင်းအသိဉာဏ် ရှိလိမ့်မယ်။
အကြင်အရပ်မှာ
အသိဉာဏ်တရား ထွန်းကားရင် တရားမျှတညီညွတ်ခြင်းတွေလည်း ထွန်းကားလိမ့်မယ်။
အကြင်အရပ်မှာ
တရားမျှတညီညွတ်ခြင်းတွေလည်း ထွန်းကားရင် ငြိမ်းချမ်းခြင်းတွေလည်း လင်းပလိမ့်မယ်။
အကြင်အရပ်မှာ
ငြိမ်းချမ်းခြင်းတွေ လင်းပနေရင် အကြောက်တရားတွေလည်း ကင်းပနေလိမ့်မယ်။
............
...................
အကြောက်တရားတွေ ကင်းပနေတဲ့ အကြင်အရပ်မှာ ....
ကလေးတွေဟာ
ခေါင်းကိုမော့လို့
တောက်​ပတဲ့ မျက်​ဝန်း​လေး​တွေနဲ့
တည်ကြည်ငြိမ်းချမ်းစွာ
ပြုံးနေပါလိမ့်မယ်။
×××××××××××
0