လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် - အပိုင်း (၆)

လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် - အပိုင်း (၆)
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၈

● အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေးသစ်
ဥက္ကဌမော်စီတုန်းက တော်လှန်ရေးတရပ်အောင်မြင်ဖို့ရာ ပြဒါးရှင်လုံး (၃) လုံး လိုတယ်။

၁။ (ပြည်သူ့အကျိုးသယ်ပိုးတဲ့) ပါတီတရပ်
၂။ (အဲဒီပါတီရဲ့ခေါင်းဆောင်မှုကိုခံယူထားတဲ့) တပ်မတော်တရပ်
၃။ (တိုးတက်တဲ့ (သို့မဟုတ်) ရည်ရွယ်ချက်တူတဲ့ အင်အားစုများရဲ့) တပ်ပေါင်းစုတရပ် ရှိရမယ်လို့ ပြောဖူးတယ်။

တပ်ပေါင်းစုလုပ်ငန်းကို အလွန်အလေးထားခဲ့ပါတယ်။ တော်လှန်ရေးအဆင့်တိုင်းမှာလည်း လက်တွေ့မြေပြင်အခြေအနေ များအရ နည်းပရိယာယ်ပေါင်းစုံမော်ကသုံးပြီး တပ်ပေါင်းစုလုပ်ငန်းကိုလုပ်ဆောင်ခဲ့ပါတယ်။ ဥပမာ - ဂျပန်ခုခံဆန့်ကျင်ရေး ကာလ (၁၉၄၂ - ၄၅) မှာ မြေရှင်တိုက်ဖျက်ရေးကိုရပ်ဆိုင်းလိုက်ပြီး။ ဂျပန်ဆန့်ကျင်သူအားလုံးကို ဂျပန်ခုခံရေးတပ်ပေါင်းစု အလံအောက် ဆွဲသွင်းခဲ့ပါတယ်။

၁၉၄၉  တရုတ်ပြည်လွတ်မြောက်ပြီးနောက်လည်း နိုင်ငံတကာအရင်းရှင်နိုင်ငံကြီးများနဲ့ ရင်ဆိုင်နိုင်ဖို့အတွက် ကိုလိုနီဘဝက လွတ်မြောက်စနိုင်ငံများနဲ့ပေါင်းပြီး ဘက်မလိုက်နိုင်ငံများဆိုတဲ့ အဖွဲ့အစည်းတရပ်နဲ့အတူ နိုင်ငံတကာဆက်ဆံရေးတွေမှာအခုအထိအသုံးတဲ့နေသေးတဲ့ ဘန်ဒေါင်းမူ (၅) ချက် ဆိုတာကို ချမှတ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်း (၁၉၆၀ ခုနှစ်များ) မှာ ဗိုလ်ကျလွှမ်းမိုးရေးဆန့်ကျင်ရေး (အမေရိကန်ရော၊ ဆိုဗီယက်ယူနီယံရော) ဆိုတဲ့အလံအောက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများကို စည်းရုံးနိုင်ဖို့ သုံးကမ္ဘာသဘောတရားဆိုတာကို တီထွင်ခဲ့ပါတယ်။

တပ်ပေါင်းစုလုပ်ငန်းဆိုတာ မိမိရည်မှန်းချက်ရောက်ဖို့အတွက် ကြိုးစားကြရာမှာ မိမိတဦးတည်းအင်အားနဲ့ မလုံလောက်တဲ့ အခါ ရည်မှန်းချက်တစုံတရာတူသူချင်း၊ ကာလတပိုင်း ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။ တူတာတွေ အတူတွဲလုပ်ကြ ပြီး၊ မတူတာတွေ ခွဲလုပ်ကြပါတယ်။ အဓိကကတော့ ပစ်မှတ်တတ်နိုင်သမျှ ကျဉ်းအောင်လုပ်တဲ့သဘော၊ အင်အားကြီးသ ထက်ကြီးအောင်လုပ်တဲ့သဘောပါပဲ။

မော်ခေတ်နောက် တရုတ်ပြည်က အဆက်ဆက်သောခေါင်းဆောင်တွေဟာ ဒီလိုဘဲ ဖွံ့ဖြိုးဆဲနိုင်ငံများကိုတပ်ပေါင်းစုဖွဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီးပေါ်ပေါက်ခဲ့တဲ့ (အမေရိကန်နဲ့ ဥရောပနိုင်ငံများ အသာစီးရထားတဲ့) နိုင်ငံတကာနိုင်ငံရေးစည်းစနစ် တွေ၊ ဘဏ္ဍာရေးစည်းစနစ်တွေကို ပိုမိုမျှတလာဖို့ကြိုးစားခဲ့ပါတယ်။

၁၉၉၁ ခုနှစ် စစ်အေးခေတ်အပြီး (ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးနောက်) တရုတ်က လေသံပြောင်းလာပါတယ်။

အရင်းရှင်စနစ်ကို တိုက်ဖျက်ပြီး၊ ဆိုရှယ်လစ်စနစ်နဲ့ အစားထိုးရေးဆိုတဲ့ရည်မှန်းချက်ကိုလျှောက်လှမ်းရာမှာ ဆိုဗီယက်ရဲ့ နည်းသဏ္ဍန်များနဲ့ မိမိတို့ရဲ့လမ်းနဲ့ မတူဘူး။ အရင်းရှင်စနစ်အတွင်းက မိမိတို့အတွက်အသုံးတည့်မယ့်နည်းစနစ်များကို ရယူမှာလို့ ပြောလာပါတယ်။ (တိန့်ရှောင်ဖင်ချမှတ်ထားတဲ့အခြေခံမူ (၄) ချက်အောက်မှာလို့လည်း ထည့်ပြောထားပါတယ်။)

ဒါ့အပြင် ၂၀၁၇ ဒီဇင်ဘာ (၁) ရက်နေ့ကကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကနိုင်ငံရေးပါတီများ အ စည်းအဝေးဖွင့်ပွဲမှာ သမတရှီကျင့်ဖင်က မိမိတို့တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုပုံစံကို မျှဝေပေးချင်ကြောင်း၊ ဒါပေမဲ့ ဘယ် တော့မှ မိမိတို့ပုံစံကို တခြားနိုင်ငံသို့တင်ပို့မှာမဟုတ်ကြောင်း၊ ထို့အတူ မိမိတို့အနေနဲ့လည်း တခြားနိုင်ငံရဲ့အောင်မြင်မှုများ၊ အတွေ့အကြုံများကို လေ့လာသင်ယူမှာဖြစ်ပေမယ့် ဒီအတိုင်းကူးချတာ ဘယ်တော့မှလုပ်မှာမဟုတ်ပဲ၊ မိမိတို့နိုင်ငံအခြေ အနေနဲ့ ညှိယူမှာဖြစ်ကြောင်းလို့လည်း ပြောသွားခဲ့ပါတယ်။

တကယ်လည်း ၁၉၇၈ ခုနှစ်၊ တိန့်ရှောင်ဖင်တက်လာပြီးကတည်းက တံခါးဖွင့် ပြုပြင်ပြောင်းလဲရေးပေါ်လစီအောက်မှာ အရင်းရှင်စနစ်နဲ့ အတော်သင့်မြတ်နေပါပြီ။ အရင်းရှင်စနစ်ရဲ့ဂလိုဘယ်လာဇေးရှင်းလှိုင်းကိုစီးပြီး တရုတ်ပြည်ရဲ့စီးပွားရေးကို အတော်တိုးမြှင့်လာနေရုံမျှမက၊ တရုတ်စီးပွားရေးဟာ ကမ္ဘာအရင်းရှင်စနစ်နဲ့ (အထူးသဖြင့် အမေရိကန်စီးပွားရေးနဲ့) အ တော်ကို ဆက်စပ်မိသွားပါပြီ။ တရုတ်က အရင်းရှင်စနစ်အတွင်းက ယန္တရားများ (ဥပမာ-ဈေးကွက်စီးပွားရေးစနစ်) ကို အသုံးချ၊ စီးပွားရသလောက်ရှာပြီး ရရှိသမျှ အကျိုးကျေးဇူးတွေကို သင့်တော်မျှတစွာမျှဝေပေးတဲ့စနစ် (ဆိုရှယ်လစ်စနစ်) ကိုကျင့်သုံးပါတယ်။ (ဒါကို တရုတ်များက တရုတ်ထူးခြားချက်များနဲ့ ကိုက်ညီတဲ့ ဆိုရှယ်လစ်စနစ်လို့ အမည်ပေးထားပါ တယ်။) နောက်ဆုံး ၂၁ ရာစုအဝင်မှာတော့ တရုတ်က ကမ္ဘာဒုတိယအင်အားအကြီးဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိလာပါတော့ တယ်။(၂၀၁၈ မှာ တရုတ်ပြည်ရဲ့ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီကျင့်သုံးလာတာ အနှစ် (၄၀) ပြည့်မှာပါ)

၂၀၀၈ မှာစတင်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးကပ် တော်တော်နဲ့နလံမထူဖြစ်လာတာ၊ သမရိုးကျမဟုတ်တဲ့ ခြိမ်းချောက်မှုတွေပေါ်လာ တာ၊ ဂလိုဘယ်လာဇေးရှင်းကြောင့် သိပွံနည်းပညာတွေ တိုးတက်လာတာကြောင့် ကမ္ဘာကြီး ပိုမိုကျဉ်းမြောင်းလာပြီး ကမ္ဘာ့ ရွာဖြစ်သွားတာ၊ စတာ စတာတွေကြောင့် ကမ္ဘာလူသားတရပ်လုံးရဲ့ကံကြမ္မာဟာ တဆက်တစပ်တည်းဖြစ်သွားပါတော့ တယ်။ ဒီမှာတင် တရုတ်ရဲ့ လူသားအားလုံးအတွက် သဟဇာတမျှတတဲ့အဖွဲ့အစည်း (Harmonous society)တည်ဆောက် ရေး (အရင်သမတ-ဟူချင်တောင်း-သုံးခဲ့တဲ့စကားလုံး) တို့၊ အခုသမတရှီသုံးနေတဲ့ ကံတူအကျိုးပေးအဖွဲ့အစည်းတို့၊ အနာဂါတ်ကိုမျှဝေထားတဲ့အဖွဲ့အစည်းတို့)၊ (A community of shared destiny or shared future) ဆိုတဲ့ ဝေါဟာရသစ်တွေ ပေါ်ပေါက်လာပါတော့တယ်။(ဒါ့အပြင် နိုင်ငံတကာဆက်ဆံရေးများမှာလည်း လုပ်ဖော်ကိုင်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက် မှု (Partnership) လို့ သုံးပါတယ်။ အနောက်နိုင်ငံများက သုံးလေ့သုံးထရှိ မဟာမိတ်ဖွဲ့မှု (Alignment) နဲ့မတူဘူးတဲ့။)

အဲဒါတွေနဲ့ တဆက်တစပ်တည်းရှိတဲ့ အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေးသစ်ဆိုတဲ့ တရုတ်ရဲ့နိုင်ငံခြားရေးမူဝါဒသစ် တရပ်ပေါ်လာပါတယ်။ ဒီမူဝါဒကို လက်တွေ့ဖော်ဆောင်တဲ့ဖြစ်ရပ်တခုကြည့်ရအောင်ပါ။

၂၀၁၇ နိုဝင်ဘာ ၈ - ၁၀ ရက်အတွင်း တရုတ်ပြည်ကိုလာရောက်ခဲ့တဲ့ အမေရိကန်သမတ ဒေါ်နယ်လ်ထရန့်ရဲ့ခရီးစဉ်မှာ တွေ့လိုက်ရတဲ့ တရုတ်- အမေရိကန်ဆက်ဆံရေးမှာ အမေရိကန်ဘက်က ဘာမှအပြောင်းအလဲကြီးကြီးမားမား မရှိလိုက်တာ တွေ့ရပါတယ်။

ထရန့်က ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလက တရုတ်အပေါ် ဓားကြိမ်းကြိမ်းခဲ့ပေမယ့် တကယ့်လက်တွေနိုင်ငံရေးမှာတော့ နစ်ဆင်လက်ထက်ကစလို့ အမေရိကန်သမတအဆက်ဆက်ကျင့်သုံးခဲ့တဲ့ စီးပွားရေး-ကုန်သွယ်ရေးကို ဗဟိုပြုတဲ့ဆက်ဆံ ရေးကိုပဲ ဆက်လက်ကျင့်သုံးကြောင်း ပြသလိုက်ပါတယ်။

ဘယ်လိုဖြစ်သွားတာလဲ။
တရုတ်နဲ့ အမေရိကန်ဆက်ဆံရေးထူထောင်ပြီး ဖြတ်သန်းလာတဲ့ဖြစ်စဉ်များအတွင်း တည်ဆောက်လာတဲ့ အဆောက် အအုံယန္တရားများ (Institutional mechanism) တဖြည်းဖြည်း ပြည့်ဝရင့်ကျက်လာမှုကြောင့်ဖြစ်ပါတယ်။ ဥပမာအားဖြင့် အခုနောက်ဆုံးတည်ထောင်လိုက်တဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် အဆင့်မြင့်ယန္တရား ၄ ခု ...

၁။ သံခင်းတမန်ခင်းနဲ့ လုံခြုံရေးဆိုင်ရာ
၂။ စီးပွားရေးရေးဆိုင်ရာ
၃။ တရားဥပဒေစိုးမိုးရေးနဲ့ (cyber) လုံခြုံရေးဆိုင်ရာ
၎။ လူမှုရေးနဲ့ ပြည်သူလူထုအချင်းချင်းကြား ဆက်သွယ်ရေးဆိုင်ရာတို့ရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေဟာ အဆင်ပြေပြေ တိုးတက်နေပါတယ်။

ဒီလိုမျိုးစင်မြင့်တွေကို နှစ်နိုင်ငံကကောင်းကောင်းအသုံးပြုပြီး သက်ဆိုင်ရာနယ်ပယ်တွေမှာ အမြင် တွေဖလှယ်တာ၊ ပူးပေါင်းဆောင်ရွက်နိုင်မဲ့နည်းတွေရှာတာတွေ လုပ်ဆောင်ရင်း တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းတွေ၊ လုပ်နည်းလုပ်ဟန်တွေ ပေါ်ပေါက်လာပါတယ်။ ဒီလိုနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့မှုကို ရှောင်ရှားလာနိုင်ကြပါတယ်။ (မှတ်ချက်။  ။ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးများအကြား ဒီလိုစင်မြင့် (သို့မဟုတ်) ယန္တားရားပေါင်း (၂၀) ကျော်ရှိပါတယ်။)  ဒါတွေရဲ့အခြေခံပေါ်မှာ အမေရိ ကန်သမတနဲ့ တရုတ်သမတတို့ရဲ့တွေ့ဆုံပွဲဖြစ်လာတာဖြစ်တဲ့အတွက် ဒီလောက်အဆင်ပြေချောမောသွားတာဖြစ်ပါတယ်။ သမတ (၂) ဦးဟာ နှစ်နိုင်ငံဆက်ဆံရေးအခြေအနေများအပြင်၊ နှစ်နိုင်ငံလုံးက အရေးထားရတဲ့ ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသ ဆိုင်ရာပြဿနာများအပေါ် အမြင်ချင်းဖလှယ်ကြပြီး အရေးကြီးတဲ့သဘောတူညီမှုကို ရရှိခဲ့ကြပါတယ်။

ဒီလိုနည်းနဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ကောင်းမွန်တိုးတက်အောင်ထိမ်းသိမ်းထားလိုက် နိုင်ပြီး၊ အကျိုးဆက်အနေနဲ့ အာရှ-ပစိဖိတ်ဒေသတွင်းသာမက ကမ္ဘာအတွက်ပါ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ အကျိုးစီးပွား များကို တိုးမြှင့်လုပ်ဆောင်လိုက်နိုင်ပါတယ်။ နှစ်နိုင်ငံပြည်သူများအကျိုးသာမက တကမ္ဘာလုံးကပြည်သူများအတွက်ပါ အ ကျိုးရှိစေနိုင်ပါတယ်။

တကယ်တော့ ဒီမူဝါဒသစ်ဟာ တရုတ်ပြည်အနေနဲ့ အာရှနိုင်ငံတနိုင်ငံအဖြစ်ကနေ ကမ္ဘာနိုင်ငံကြီးအဖြစ်သို့ ပြောင်းလဲတဲ့ ဖြစ်စဉ်ကို ပြသလိုက်တာပါ။

တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ပြည်သူ့အကျိုးဆောင်ကြဆိုတာကို တရုတ်လူမျိုးတွေအတွက် သက်သက် သာမဟုတ်တော့ပဲ၊ လူသားအားလုံးအတွက်လှပတဲ့အနာဂါတ်ကို တည်ဆောက်ပေးဖို့ဆိုတဲ့ရည်မှန်းချက်အထိ ဆွဲတင်လိုက် တာပါပဲ။ အလွန်ရည်မှန်းချက်ကြီးပါတယ်။

ဒီအင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေးမူဟာ တရုတ်ပြည်ရဲ့ ....

၁။ ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတနိုင်ငံဖြစ်နေတာ
၂။ ဆိုရှယ်လစ်နိုင်ငံတနိုင်ငံဖြစ်နေတာ
၃။ တရုတ်ပြည်ရဲ့အစဉ်အလာရှိတဲ့ယဉ်ကျေးမှု စတဲ့အချက်တွေပေါ်မူတည်ထားတာပါ။

၁။ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံဖြစ်နေသေးတဲ့ တရုတ်ပြည်အနေနဲ့ ဘက်စုံက အသင့်အတင့်ချမ်းသာကြွယ်ဝတဲ့နိုင်ငံတနိုင်ငံ အ ဖြစ်တည်ဆောက်ဖို့ ကောင်းမွန်ခိုင်ခန့်တည်ငြိမ်တဲ့နိုင်ငံတကာပတ်ဝန်းကျင်လေထုရှိဖို့ လိုအပ်ပါတယ်။

၂။ တရုတ်ပြည်ဟာ ဆိုရှယ်လစ်နိုင်ငံဖြစ်နေတဲ့အတွက်ပြည်တွင်းမှာ တန်းတူညီမျှရေး၊ တရားမျှတရေး၊ ဘုံကြွယ်ဝချမ်းသာ ရေးနဲ့ လူမှုဘဝသဟဇာတဖြစ်ရေးတို့ကို အားမြှင့်လုပ်ဆောင်နေပြီး နိုင်ငံတကာအဝန်းအဝိုင်းမှာလည်း တရားမျှတမှုရှိရေးကို ကိုင်စွဲထားပါတယ်။

၃။ တရုတ်ရဲ့အစဉ်အလာယဉ်ကျေးမှု (Chinese civilization) ကလည်း တရုတ်တွေ-ခေတ်သစ်နိုင်ငံတကာဆက်ဆံရေး များကို ကိုင်တွယ်ဖြေနိုင်ရေးအတွက် အတော်အထောက်အကူပြုပါတယ်။ တရုတ်ရဲ့အစဉ်အလာ သံတမန်ဆက်ဆန်ရေးလမ်းညွှန်ချက်များကတော့ ...


က။ လွတ်လပ်ရမယ်
ခ။ ကမ္ဘာငြိမ်းချမ်းရေးကို ထိမ်းသိမ်းရမယ်
ဂ။ ဘုံဖွံ့ဖြိုတိုးတက်မှုကို ရှေ့ရှုရမယ်။
ဃ။ ကျန်နိုင်ငံများနဲ့ ပွင့်လင်းစွာဆက်ဆံရမယ်တို့ ဖြစ်ပါတယ်။

ဒါကို တရုတ်ပြည်သစ်ထူထောင်ခဲ့တဲ့ ၁၉၄၉ ခုနှစ်ကတည်းက ချမှတ်ခဲ့တာဖြစ်ပြီး၊ ဒီအခြေခံမူအပေါ်မှာ ကမ္ဘာအခြေအနေအပြောင်းအလဲများနဲ့အညီ တစုံတရာထိန်းညှိမှုတွေ လုပ်ထားတာပါ။

တရုတ်အနေနဲ့ ဒေသတွင်းပြဿနာများသာမက ကမ္ဘာပြဿနာများမှာပါ ပိုမိုပါဝင်ပတ်သက်လာချင်နေတာ၊ သင့်တော်တဲ့တာဝန်တွေထမ်းဆောင်ချင်လာတာတွေကို ပြသလာနေတာဖြစ်ပြီး၊ နိုင်ငံတကာစည်းစနစ်များကိုလည်း ပိုမိုတရားမျှတဖို့၊ ပိုမိုကျိုးကြောင်းဆီလျှော်လာဖို့ ကြိုးစားလာတဲ့ဖြစ်စဉ်ပါပဲ။

ဒီလိုပြောင်းလဲလာတဲ့ဖြစ်စဉ်အတွင်း၊ တရုတ်အနေနဲ့ နိုင်ငံတကာပြသာနာများကိုဖြေရှင်းတဲ့နည်းနာသစ်များ ရှာကြံလာ ရုံမျှမက တကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ် (Global Governance) တည်ဆောက်ရေးလုပ်ငန်းတွေမှာပါ ပါဝင်လုပ်ဆောင်လာပါတယ်။

တရုတ်အနေနဲ့ အားလုံးပူးပေါင်းဆောင်ရွက်မှုနဲ့ မျှတစွာ အကျိုးအမြတ်ရရှိနိုင်တဲ့ (All-win) နိုင်ငံတကာဆက်ဆံရေးနည်းသစ်တရပ်တည်ထောင်ရေးကို ပြောဆိုအားပေးလာပါတယ်။ အပြန်အလှန်ဆွေးနွေး-အပြန်အလှန်ပူးပေါင်းဆောင်ရွက် လုပ် ဆောင်ခြင်းဖြင့်ရရှိလာတဲ့အကျိုးကျေးဇူးတွေကို တရားမျှတစွာမျှဝေဖို့ လုပ်ဆောင်လာတာပါ။ ဒါ့ကြောင့်ပဲ ရှီက သူ့မိန့်ခွန်းရဲ့ နိဂုံးပိုင်းမှာ ဒီလိုပြောခဲ့ပါတယ်။

ကမ္ဘာကြီးရဲ့အနာဂါတ်ဟာ နိုင်ငံအားလုံးက ပြည်သူလူထုလက်ထဲမှာပါ။ သူတို့တတွေရဲ့ရွေးချယ်မှုတွေက လူသားသမိုင်းရဲ့အနာဂါတ်ကိုပြဌာန်းပါလိမ့်မယ်။ ကျွန်တော်တို့တရုတ်များကတော့ လူသားများအတွက် အနာဂါတ်တွေမျှဝေထားတဲ့ လူ့ အဖွဲ့အစည်းတည်ဆောက်ဖို့နဲ့ အားလုံးအတွက် သာယာလှပတဲ့နေ့များဖန်တီးဖို့အတွက် ကျန်ကမ္ဘာသူ ကမ္ဘာသားအားလုံး နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အဆင်သင့်ပါပဲ .... တဲ့။

ဒါကြောင့်ပဲ တရုတ်က တကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှုတည်ဆောက်ရေးဆိုတာကို ပြောလာနေတာပါ။ ဒါတွေကတော့-ရှီ ကျင့်ဖင်အတွေးအခေါ်များထဲက အစိတ်အပိုင်းတရပ်ဖြစ်တဲ့ အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေးသစ်ဆိုတာနဲ့ ပတ် သက်လို့ လေ့လာရရှိသမျှကို မျှဝေလိုက်တာပါ။

အပိုင်း (၇) မှာ တကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုတည်ဆောက်ရေးအကြောင်း ဆက်တင်ပြပါ့မယ်။

လှကျော်ဇော
၂၉၊ ၁၂၊ ၂၀၁၇

0