မောင်လွင်မွန် (ကသာ) - အထီးကျန်ကန္တာရမှ ဘယာနက သံယောဇဉ်



မောင်လွင်မွန် (ကသာ) - အထီးကျန်ကန္တာရမှ ဘယာနက သံယောဇဉ်
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၈

၁၉၉၉ခုနှစ်။ အင်းစိန်ထောင်။ သုံးတိုက်မှာ ကျနော်ရှိခိုက် အခြားတိုက်မှ ပြစ်ဒဏ်နှင့် ဘုန်းကြီးတစ်ပါးနှင့် လူငယ်တစ်ယောက် တိုက်ပိတ်ခံရန် သုံးတိုက်သို့ ရောက်လာကြောင်း ကြားရပြီး ကျနော် တို့ တိုက်နေအကျဉ်းသားများ အားလုံး စိတ်ပူပန်စွာဖြင့် ကိုယ့်တိုက်သို့ တိုက်ပိတ်ခံအဖြစ် ရောက်လာသော ဘုန်းကြီးနှင့်လူငယ်ထံ စားစရာများ တိတ် တဆိတ်ပို့ပေးဖို့ စီစဉ် လုပ်ဆောင်ခဲ့ ကြပါသည်၊ စိုးရိမ်စိတ်ကိုယ်စီဖြင့် ကျနော်တို့တတွေ ကြိုးစားပို့ခဲ့ကြရာ နောက် သုံးလေးရက် ကြာသောအခါ ပြစ်ဒဏ် တိုက်ခန်းသို့ စားစရာအတော်များများ ရောက်သွားသဖြင့် စာနာစိတ်ဖြင့် အလိုက် သင့် မသိကျိုးကျင်ပြုနေသော တာဝန်ကျ ထောင်ဝန်ထမ်းကပင် ထပ်မပို့တော့ဖို့ တားရသည့်အဖြစ် ရောက်သွားသည်၊

ဒီတုန်းက ဘုန်းကြီးမှာ ဒိုက်ဉီးမှ ဉီးဇဝနဟု သိရပြီး လူငယ်ကလေးမှာ အန်အယ်လ်ဒီလူငယ် ကိုစိုးသန်းဟု သိရသည်၊ သို့သော် မမြင်ဖူးခဲ့။ မတွေ့ ဖူးခဲ့ပေ၊ နောင်တွင် ကျနော် သာယာဝတီထောင်ကို ရောက်ရှိသွားပြီး ယင်းထောင်မှာ ရောက်နှင့်နေသော အင်းစိန်မှပြောင်းလာသည့် ကိုစိုးသန်းကို ပြန်တွေ့ရသည်၊ ကိုစိုးသန်းက ကျနော်တို့ ကူညီခဲ့သည်ကို ကျေးဇူးစကားဆိုရင်း ဉီးဇဝနမှာ စိုးမိုးသူ(ဒိုက်ဉီး)အမည်ဖြင့် ကဗျာရေးပြီး ယခုအခါ တောင်ငူထောင်တွင် ရှိကြောင်း သူ့ထံမှသိခဲ့ရသည်၊ ကိုယ်ကအရင် လွတ်ပြီး ပြင်ပတွင်ရှိစဉ် ဉီးဇဝနလွတ်လာခြင်းကို မသိလိုက်သဖြင့် လူချင်းတွေ့ခွင့်မကြုံခဲ့ပေ၊

နောင်တော့ ဒိုက်ဉီးသား ဒေါက်တာနေဝင်း ၏ဇနီး။ ဖြိုးဖြိုးအောင်(ဗကသ)၏အမေ။ မသန္တာ နှင့် စကားစပ်မိရာ ဉီးဇဝနမှာ ဒိုက်ဉီးမြို့၏ ၈၈အရေးအခင်းကတည်းက တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး ယခုအခါ ထောင်ကလွတ်ပြီးနောက် နယ်စပ်သို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ကြားသိရပါသည်၊

နိုင်ငံရေးယုံကြည်ချက်ရော။ အနုပညာဝါသနာပါ တူသော ဉီးဇဝနကို တွေ့ခွင့်မရလိုက်ခြင်းကို အတော်စိတ်မကောင်းဖြစ်ခဲ့မိသည်၊ ထိုနောက် အနုပညာနယ်တွင် ကျင်လည်ရင်း အွန်လိုင်းသတင်းပေါ်တယ်လ်တစ်ခုတွင် တာဝန်ခံအယ်ဒီတာအဖြစ် အလုပ်လုပ်ရာမှ ပြည်ပရောက်နိုင်ငံရေး အကျဉ်းသားဟောင်းများကို ချိတ်ဆက်ခွင့်ရရှိခဲ့ရာ ၂၀၁၅နှစ်ဉီးမှာ အမေရိကန်နိုင်ငံ ရောက် ဉီးဇဝနနှင့် ပြန်လည် ဆက်သွယ်မိပြီး နှစ်ဉီးနှစ်ဖက် ဝမ်းသာရသည်၊

၂၀၁၅မေလတွင် အမေရိကန်နိုင်ငံတွင် ပညာတော်သင်ဆုရပြီး ပညာသင်ကြားနေသော က္မန်တော့်သမီး၏ ဘွဲ့ယူအခမ်းအနားအတွက် လာဖြစ်မည်ဖြစ်ကြောင်း ပြောပြတော့ ဉီးဇဝနက တွေ့ဖြစ် အောင်တွေ့ဖို့ ဝမ်းသာအားရ ပြောပါသည်၊ ယင်းခရီးအတွက် မိသားစုလိုက် သွားရောက်စဉ် ဟိုရောက်သည်နှင့် ဉီးဇဝနက သူသတင်းသုံးရာမြို့သို့ အရောက်လာရန် တိုက်တွန်းသည်၊ ဟောလီးဝုဒ်ရှိရာ အယ်လ်အေသို့ အရောက်တွင် ယင်းမြို့သို့ ခေတ္တ ရောက်နေသော ဉီးဇဝနနှင့် ဖုန်းအဆက်အသွယ် ရသော်လည်း အချိန်မရသဖြင့် တွေ့ဆုံခွင့်မရခဲ့ပေ၊ သို့သော် ဘော်လ်တီမိုးမြို့ရှိ ညီမောင်တို့ထံ ရောက်စဉ် ဆေးကုရန် ယင်းမြို့သို့ ရောက်လာသော ဉီးဇဝနနှင့် ပထမဆုံး လူချင်းဆုံခွင့်ရကာ မိသားစုလိုက် ဆွမ်းကပ်လှူခွင့်ရခဲ့သည်၊

ထိုနောက် ဉီးဇဝန သီတင်းသုံးရာ အော်လ်ဘာနီမြို့မှတဆင့် နိုင်ရာဂယာရေတံခွန်ရှိရာ ဘားဖလိုးမြို့သို့ အသွားတွင် ကျနော်အမ၍တွဲ ကိုစိုးမိုးအောင်နှင့်အတူ ဉီးဇဝနက လိုက်ပို့ခဲ့သည်၊ ယင်းနေ့မှ နောက်နှစ်ရက်။ မြန်မာပြည်အပြန် လေဆိပ်အထိ ကျနော်တို့ မိသားစုနှင့် မခွဲမခွာ အတူရှိခနခဲ့သည်၊

ယခု လူချင်းဝေးသွားသည်မှာ နှစ်နှစ်ခွဲခန့်ရှိပြီ၊ သို့သော် နှလုံးသားချင်းနီးပြီး ယုံကြည်ချက်နှင့် မျော်လင့်ချက် က ထပ်တူကျနေသည့်အတွက် လူချင်းနီးကပ်စွာ ရှိသလို ခံစားခွင့်ရခဲ့သည်၊ ဉီးဇဝနက အွန်လိုင်းမှာ ခံစားချက်တွေ ယုံကြည်ချက် တွေ စဉ်ဆက်မပြတ်ရေးရင်း တာဝန်ကျေသလို စာအုပ်များလည်း တစ်အုပ်ပြီးတစ်အုပ် ထွက်နေသည်၊ ယခု နောက်ဆုံး ထုတ်ဝေရန် စီစဉ်သော 'ဘယာနက အနုပညာနှင့် ကန္တာရမှတ်စုများ' စာအုပ်တွင် က္မန်တော့်ကို အမှာစာရေးပေးပါရန် ကဗျာဆရာ နွေလယ်နေ မှတဆင့် တောင်းဆိုလာရာ လက်ခံခဲ့ပြီး စာမူကိုလည်း ဖတ်ပြီးဖြစ်သော် လည်း အချိန်မပေးနိုင်ဖြစ်ကာ မရေးဖြစ်ပဲ နောက်ထပ် တစ်လခန့် ထပ်ကြာနေပါသည်၊ ဘာပဲဖြစ်ဖြစ် ဆရာနွေလယ်နေ က နှစ်ကြိမ်ဖုန်းဆက်ပြီး နိုးဆော်ပြီးဖြစ်သလို စာရေးသူ ဆရာတော်ကလည်း အမှာစာကို မြန်မြန်ရချင်မှာ သေချာနေတော့ အချိန်လုပြီး ဖြစ်အောင်ရေးမည်ဟု ဆုံးဖြတ်ချက်ဖြင့် စိတ်ထဲရှိသမျှကို သွန်ချကြည့်နေခြင်း ဖြစ်ပါသည်။

ဆရာတော့်စာအုပ်တွင် ဆရာတော်အား အပူဇော်ခံ ဆရာတော်တစ်ပါးအဖြစ်မှ အနှိပ်စက်ခံ အကျဉ်းသားအဖြစ် ရုတ်ချည်း ပြောင်းလဲသွားစေသော အေးစက်ကြမ်းတမ်းသည့် စစ်ကြောရေးကာလ ဆိုက်ဘေးရီးယားဆောင်းလို ရက်စက် တင်းမာမှုများ။ တစ်သက်တစ်ကျွန်းအကျဉ်းသားအဖြစ် ကျခံရပြီး ထောင်တွင်း အတွေ့အကြုံဖြစ်သော အင်းစိန်။ သာယာဝတီ။ တောင်ငူထောင်များတွင် နေထိုင်ဖြတ်သန်းခဲ့ရသည့် ငရဲခန်းနွေကာလများ။ ငရဲနွေကို ကြံ့ကြံ့ခံ အံတုဖော်များ ၏ အပြန်အလှန် ဖျန်းပက်ရာ မေတ္တာမိုးစက်များ စသည်ဖြင့် လူမမြင်သူမမြင် သီးခြားကမ္ဘာတစ်ခုမှ ထူးခြားသောဘဝများ၏ အပူအအေး ကံကြမ္မာ ဉတုရာသီများအကြောင်း ခံစားဝေမှု ရရှိနိုင်မည် ဖြစ်ပါသည်၊

တကယ်တော့ ထောင်တွင်းဘဝမှာ ခါးသည်းသောနေ့ရက်များဖြင့် ဖွဲ့စည်းထားပြီး အထီးကျန် အမှောင်တိုက် အတွင်း မျော်လင့်ချက်မဲ့ နေထိုင်ရသော အလင်းရောင်မဲ့ကာလများဖြစ်သည်၊ သို့သော် ထိုအမှောင်ကာလများအတွင်း လျှပ်စီးပြက်သလို။ ပိုးစုန်းကြူးအရောင်ဖြင့် အမှောင်ကို အံတုသလိုစသည်ဖြင့် တင်စားရဖွယ်ဖြစ်သော ပြုံးရပျော်ရသော နေ့ရက်တချို့ ရှိခဲ့ကြပါသည်၊ ပုထုဇဉ်တို့သဘာဝ အမှောင်ထဲက အလင်းကွက်တချို့ကို ရင်ထဲစွဲမှတ်မိနေသည့်အတိုင်း ဆရာတော်စာထဲတွင် သံချောင်းခေါက်သံ။ သော့ပိတ်သံ၊ ကောင်းပါသည်ခင်ဗျားအော်သံ။ သက်ပြင်းချသံတို့ လွှမ်းမိုးသည့် သာမန် ထူးမခြားနား စာမဖွဲ့လောက်သည့် ငြီးငွေ့ဖွယ် နေ့စဉ်ရက်များကို ချန်လှပ်ပြီး ထူးခြားသော ကျေနပ် နှစ်သိမ့်ဖွယ် နေ့ရက်များကိုသာ မှတ်မှတ်ရရ ဖွဲ့ဆိုထားသည်ကို ဖတ်ရ၍ရပါသည်၊ သည်လိုဘဝများကို နှစ်ရှည်လများ ဖြတ်လာသူချင်းက ထိုသို့ ဖွဲ့ဆိုထားမှုကို အရှိကိုအရှိအတိုင်း ခံစား နားလည်နိုင်သော်လည်း ထောင်ဆိုလျင် လေသံ တောင် မကြားလိုသဖြင့် ခေတ်ဆိုးကြီးများ၏ ဖိနှိပ်မှု ထောင်ကြီးထဲတွင် အလိုက်သင့် ကျည်ကွယ်မျက်ကွယ် နေထိုင်ခဲ့ကြ သူများက 'ထောင်ဆိုတာက တို့ထင်သလောက်လည်း မဆိုးလှပါလား' ဟု ထင်သွားမည်ကိုပင် တွေးတောစိုးရိမ်မိပါသည်။

မည်သို့ဆိုစေ အာဏာရှင်စနစ်ကြီးအောက်တွင် ဖိနှိပ်မှု ယန္တယားအဖြစ် ပါဝင်ကပြသူတို့က ရက်စက်ကြမ်းကြုတ် ခဲ့မှုများမှာ သမိုင်းမှန်ကူကွက်များဖြစ်သလို ယင်းဖိနှိပ်မှုကို အလူးအလဲခံရင်း အရှုံးမပေးစတမ်း။ ဒူးမထောက်စတမ်း လက်တွဲပြီး အဖိနှိပ်ခံတို့က ငရဲခန်းထဲ ပျော်ပွဲဖွဲ့ကာ အံတုခဲ့ကြပုံများကလည်း အရောင်ကွဲမှန်ကူကွက်များအဖြစ် သမိုင်းကို ပုံဖော်နေကြသည်သာ ဖြစ်ပါသည်၊

ဆရာတော်၏စာအုပ်တွင် အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရသည်အထိ မှတ်တမ်းရေးဖွဲ့ပုံမှာ အတော်လေး ပြည့်စုံပြီး ဖြစ်ရပ်မှန် အထုပ္ပတ္တိအဖြစ် ဖတ်ရှုခွင့်ရပါသည်၊

သာယာဝတီထောင်ရောက်ပြီးနောက်ပိုင်းတစ်နေရာတွင် ဆရာတော် "နောက်ဆောင်းပါးများ အားလုံးစုပေါင်း အဖြစ်အပျက်ထက် သာယာဝတီထောင်တွင် ကြုံဆုံခဲ့ရသော တစ်ဉီးချင်းစီ၏ အဖြစ်အပျက်များကို ပုံဖော်ရေးမည်ဟု စိတ်ကူးထားမိပါသည်" ဟုဆိုထားပြီး ယင်းမှစပြီး သာယာဝတီထောင်ထဲတွင် တွေ့ဆုံခဲ့ရသူများနှင့် ပတ်သက်ပြီး ရေးဖွဲ့ဖူးခဲ့သည့်စာများကို အလိုက်သင့် အစီအရီ ထည့်သွင်းထားသည် တွေ့ရပါသည်၊ ယင်းသို့ ထည့်သွင်းခြင်းမှာ ကန္တာရမှတ်စုများအဖြစ် ပုံပေါ်ပါသော်လည်း ပထမရေးဖွဲ့မှုပုံစံအတိုင်း မှတ်တမ်းတင် ရေးဖွဲ့သွားပြီး မူလရေးဖွဲ့မှုများထဲမှ လိုအပ်သလို ချုံ့íချဲ့í ထည့်သွင်းပေါင်းစပ်နိုင်ပါလျင် ပိုမိုလှပ ပြည့်စုံသော သမိုင်းမှတ်တမ်း ဖြစ်နိုင်မည်ဟု ယူဆမိပါသည်၊

အချို့အချက်များကိုတော့ ယခုထက်ပိုပြီး ပိုမို ပြည့်စုံ ပေါ်လွင်စေချင်ပါသည်၊ ဉပမာ ဆရာတော် အပြစ်ခံရပုံမှာ မိမိတစ်ခါမှ မမြင်ဖူးသော သိလည်းမသိကျွမ်းသော ဧည့်သည်တစ်ဉီး ကျောင်းပရဝဏ်အတွင်း မိမိလုံးဝမသိပဲ လာရောက်တည်းခိုသွားခြင်းကြောင့် ဖြစ်သည်၊ ထိုသူမှာ တောခိုရာမှ ပြန်လာသော တော်လှန်ရေးသမားတစ်ဉီးဖြစ်နေခဲ့ရာ ဆရာတော်က ထိုသူကို သဘောတူလက်ခံခဲ့သည် ဟူသော သံသယဖြင့် (အမှန်တကယ်လည်း မဟုတ်ပါပဲလျက်) ရဟန်းတစ်ပါးနှင့် မလျောက်ပတ် သော အနှိပ်စက်ခံရ။ သင်္ကန်းချွတ်စော်ကားခံရ။ နောက်ဆုံး တစ်သက်တကျွန်းအထိ မတရားအပြစ်ဒဏ်ပေးခံရခြင်း ဖြစ်ပါသည်၊ ယခုစာအုပ်တွင် ယင်းအချက်ကို ပေါ်လွင်အောင် ဖော်ပြထားခြင်းမရှိဟု ထင်ပါသည်၊

ယင်းသို့ အပြစ်ဒဏ်ပေးနိုင်ရန် ထောက်လှမ်းရေးတို့က ဇာတ်လမ်းထွင်ပြီး ပင်မတရားခံနှင့် သူတို့ဆွဲထည့်လိုသူတို့ကို ရင်းနှီးသိကျွမ်းပြီး ဆက်သွယ်အလုပ်လုပ်ကြဟန် တမင်ဖန်တီးလုပ်ကြံ ထွက်ဆိုတတ်ပါသည်၊ ယခုဖြစ်ရပ်တွင် လည်း တရားရုံး တွင် ထောက်လှမ်းရေးတို့ ထွက်ဆိုပုံမှာ မိမိဖြစ်ရပ်နှင့် တခြားစီဖြစ်နေကြောင်းကို 'တရားရုံးကို တင်ပြနေသော ဇာတ်လမ်းများကို တစ်ယောက်ယောက်က ကြားသိလိုက်ရလ္ခင် တကယ့်စနစ်တကျ စီစဉ်ပြီး ဆောင်ရွက်ခဲ့သော အုပ်စုကြီးတစ်ခုကို အထင်ရောက်မည် ဖြစ်သည်" ဟုသာ ဆရာတော်က သာမန်ဖော်ပြထားပါသည်၊ မည်မျှ လီဆည်ပြီး မည်သို့ လုပ်ကြံဖန်တီးထားသည်ကို အချက်အလက်နှင့်တကွ ပီပီပြင်ပြင် ဖော်ပြမှသာ သမိုင်းမှန်ကူကွက်တို့သည် လင်းလက်တောက်ပလာပြီး ဒီမိုကရေစီဆိုသည်မှာ အာဏာရှင်ပါးကွက်သားတို့က သနားသဖြင့် ပေးကမ်းခဲ့သော မသထာရေစာ အရိုးအရင်းမျိုးမဟုတ်ပဲ ဘဝများစွာဖြင့် အလူးအလဲ တိုက်ယူခဲ့ရသော လွတ်လပ်ခြင်းဆုလာဘ် အပြောင်းအလဲဖြစ်သည်ကို နောင်လာနောင်သားတို့ သိနားလည်နိုင်မည် ဖြစ်ပါသည်၊

တကယ်တော့ ဆရာတော်၏ ထောင်တွင်းဘဝတွင် ဝတ္ထုတို ဝတ္ထုရှည် ရေးချင်စရာ ဇာတ်ကွက်များစွာ ကျန်ရှိနေ ပါသေးသည်၊ ယခုမှတ်တမ်းသည် ယင်းတို့အပြင် ဆရာတော် အာရုံကျရာ စိတ်ကူးတိုက်ဆိုင်ရာ တချို့တချို့ဖြင့်သာ ဖွဲ့စည်းထားသည့် ဖြစ်ရပ်မှန် သမိုင်းတကွေ့မျှသာ ဖြစ်ပါသည်၊ သို့ဖြစ်ရာ ဆရာတော်၏ အနုပညာနှင့် မှတ်မိစွဲမှတ်နိုင် အားတို့ ပေါင်းစပ်ပြီး နောက်ထပ် ဘယာနကအနုပညာဖြင့် ကန္တာရမှတ်စုသစ်များကို ဆက်လက်ဖန်တီးဉီးမည်ဟု မျော်လင့်ယုံကြည်ထားပါသည်၊

ထို့ပြင် ထောင်မှထွက်္ဒပီးနောက် မူလကျောင်းတွင်ဆက်မနေသာအောင် အနှောက်အယှက် များလှသဖြင့် နယ်စပ်သို့ထွက်ခွာလာကာ ယင်းတွင် ထပ်မံကြုံတွေ္ကရသော ဒုက္ခ သုက္ခများ။ လက်တွဲဖော်များ။ ငရဲသား လက်သစ်များ အကြောင်းလည်း စာဖွဲ့စရာများစွာ ရှိမည်သေချာ ပါသည်၊ ပစ္စက္ခတွင် အမေရိကန် ပြည်ထောင်စုမှာ ဆေးကုသရန် ရောက်ရှိနေရင်း သာသနာပြုအလုပ်ရော ဒီမိုကရေစီအုတ်မြစ် ခိုင်မာရေး တိုက်ပွဲဝင်ဖော်အဖြစ်ပါ ဆက်လက်ထမ်းဆောင်ရဆဲလည်း ဖြစ်ပါသည်၊

ဆရာတော်၏ ဒီမိုကရေစီတိုက်ပွဲကာလ ခါးသည်းသော ထောင်တွင်းဘဝကို ပြန်လည်ရေးသားပြောဆိုနေမှုများ အပေါ် အချို့သူတို့က ဆရာတော်သည် အတိတ် စိတ်ဒဏ်ရာများကို မမေ့နိုင်ပဲ တဝဲလည်လည် ဖြစ်နေသယောင် အမနာပပြောဆိုမှုများ ရှိကောင်းရှိနိုင်ပါသည်၊ ထိုသို့ရှိခဲ့လျင်လည်း အံ့သြစရာတော့ မဟုတ်ပါ၊ ဘဝနှင့် ရင်းကြရသည့် တိုက်ပွဲကာလအတွင်း စွန့်ဝံ့သူတို့ စွန့်ကြချိန်မှာ ကိုယ်အတ္တလမ်းပေါ်တွင် ခြေအစုံစွဲမြဲစွာ ကျည်ကွယ်မျက်ကွယ် လျေက်လှမ်းခဲ့သူတို့က စွန့်လွှတ်မှု၏ တန်ဖိုးကို သိနားလည်ဖို့ဆိုသည်မှာ သူရုးကို စိန်အကဲဖြတ်စေသကဲ့သို့ မဆီမဆိုင် အဝေးကြီးဝေးနေ မှာသာ ဖြစ်ပါသည်၊ အများတကာ မွှေးရနံ့ ရှူရှိုက်ဖို့ ကြာပန်းကို အရဆောင်ကျဉ်းရန် ရွှံနွံကို ကြိုးစားဖြတ်ကျော်ခူး ဆွတ်ခဲ့သူတို့၏ စေတနာကို တန်ဖိုးထားလေးစားရမှန်းမသိပဲ ရွှံ့ ပေသည်ကိုသာ နှာခေါင်းရှုံ့ တတ်သူတို့မှာ အတိတ်ဆိုးရွှံ့စွန်းပေ နေသူတို့ထက် ပိုမို ရွံရှာစက်ဆုပ်ဖွယ် ဖြစ်ပါလိမ့်မည်၊

သူတို့ တန်ဖိုးမထားသော အတိတ်ဖြတ်သန်းမှုများကို မမေ့မပျောက်နိုင်မှုမှာ အမှန်တရား ရှာဖွေ မှတ်တမ်းတင်လိုသူတို့အတွက် အဖိုးအနဂဏ္ဍ ထိုက်တန်သော မှတ်တမ်းဝင် နှလုံးသားများ ဖြစ်နေကြောင်း သူတို့ တန်ဖိုး ထား နားလည်နိုင်လိမ့်မည် မဟုတ်ပေ၊ ဒီမိုကရေစီဆိုသော လွတ်လပ်ခြင်း။ မှန်ကန်ခြင်း။ ညီမျှခြင်း မုတ်ဉီးမှာ တည်ဆောက်ခဲ့။ တည်ဆောက်ဆဲ။ တည်ဆောက် ရဉီးမည်သာဖြစ်ပြီး အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လူမမြင်သူမမြင် ပေးဆပ်ပါဝင်ခဲ့သူတို့ဖြင့် ဖွဲ့စည်းထားပါသည်။

 သို့သော် ရုပ်လုံးပေါ်လာသောအခါ ရွှေကြာပင်တံဆိပ် အုတ်အရောရော ကျောက်အရောရော နေရာယူခဲ့သူတွေလည်း များစွာ ပါဝင်လာ ပါသည်၊ အဖိနှိပ်ခံများနှင့် ဖိနှိပ်ခဲ့သူတချို့တို့ပါ ပါဝင်ပေါင်းစည်းတည်ဆောက်နေရသော ကာလမျိုးတွင် "ရင်ကြားစေ့ခေါင်းစဉ်" အောက်တွင် "အတိတ်ကို အတိတ်မှာပဲ ထားခဲ့ကြပါစို့" ဟု ပါဝင်အနစ်နာခံသူတို့ကိုယ်တိုင်က အချင်းချင်း ထိန်းသိမ်းပြောဆိုသည့် အသံကို အခွင့်အရေးယူကာ ရွှံ့ပေစဉ်ကမပါဝင်ခဲ့ပဲ ပန်းဆက်တော့မှ ရှေ့ဆုံးကပါဝင်လိုသူတို့ကပါ ရောယောင်ကာ 'အရင်တုန်းက ဖြစ်ခဲ့တာတွေ ပြောမနေပါနဲ့တော့' ဟု သံကောင်းဝင်ဟစ်သည်ကိုလည်း ရွှံ့ပေလက်စ မခြောက်နိုင်သေးသူတို့ အောင့်သက်သက် ခံနေရတတ်သည်လည်း အကြိမ်ကြိမ် ဖြစ်ပါသည်၊

ယင်းသို့သောကာလတွင် အတိတ်ဆိုးဟူသည် လက်စားချေဖို့မဟုတ်။ အမုန်းပွားဖို့မဟုတ်၊ သို့သော် မှားခဲ့သူတို့ရော ခံရသူတို့ပါ သင်ခန်းစာရယူပြီး နောင်လာနောင်သားတို့ထံ လက်ဆင့်ကမ်းပေးဖို့ သမိုင်းမှန်ကတော့ ရှိနေဖို့လိုကြောင်း အခိုင်အမာ ပြောရပါလိမ့်မည်၊ ထိုသို့ ပြောနိုင်အားအတွက် ယခုစာအုပ်သည် ထိုသို့ပြောလိုသူများ ဖက်မှ အခိုင်အမာ ရပ်တည်ပေးမည့် အင်အားတစ်ရပ်အဖြစ် ပေါ်ထွက်လာခြင်းဖြစ်ပါကြောင်း ခံစားယုံကြည်သည့် အတိုင်း လှိုက်လှိုက်လှဲလှဲ တန်ဖိုးထား လက်ကမ်း လျက် ခရီးဉီးကြို ပြုလိုက်ရပါသည်။

 မောင်လွင်မွန် (ကသာ)
0