စိန်ဝင်း (MJI) ● အင်းဒင်ရယ် မင်းကြောင့်

စိန်ဝင်း (MJI) ● အင်းဒင်ရယ် မင်းကြောင့်
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂ဝ၁၈

ရိုက်တာရဲ့ အင်းဒင်လူသတ်မှု သတင်းထွက်တော့ သတင်းသမားတွေအကြား ငြင်းစရာပွက်ကုန်တယ်။ ဒီတစ်ခေါက်မှာ တစ်ခြားအသိုင်းအဝိုင်းက ဝင်ပြောတာ၊ ဆွမ်းကြီးဝိုင်းလောင်းတာ အတော်နည်းတယ်လို့ ထင်တယ်။

သတင်းသမားတွေကြားတော့ အချက်အလက်ပေါ် အခြေပြုဆွေးနွေးတာကနေ မီးတွေမြင့်လာပြီး သတင်းလိုက်တဲ့သတင်း သမားတွေ၊ သတင်းရင်းမြစ်တွေကို သစ္စာဖောက်ကောင်တွေ ရှင်းပစ်လို့ ပြောသူပြော၊ အဲဒီလိုပြောသူတွေကို တန်ပြန်ပြီး ကြေးအိုးပွဲသေး ငတုံးကောင်တွေလို့ ပြောသူပြောနဲ့ မြိုင်လှတယ်။

(၁) အဓိက နှစ်ဘက်ငြင်းမှုမှာ အမှန်တရားဦးစားပေးသူနဲ့ national interest နိုင်ငံတော်အကျိုးစီးပွားဦးစားပေးလိုင်းက ကွဲသွားကြတယ်။

တကယ်တော့ ဒီလိုငြင်းခုံကြမှုက မဆန်းလှပါဘူး။ စနိုးဒန်းအမှု အမေရိကန်ထောက်လှမ်းရေးရဲ့ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ လျို့ဝှက်ဖိုင်တွေ ဖော်ထုတ်လိုက်တော့ အမေရိကန်မှာ အရပ်ရပ်အလွှာလွှာမှာ ငြင်းကြခုံကြတာ၊ လွှတ်တော်အမတ်တစ်ချို့ဆို အဲဒီကောင်ကို အစိမ်းလိုက် ဝါးစားပစ်မယ် (ဒါကတော့ ကိုယ်ထွင်ပြောတာ အင်္ဂလိပ်လိုမှာ အစိမ်းလိုက်စားမယ်ဆိုတဲ့စကားက အစားအသောက်မှာပဲရှိမှာပါ)။ အဲဒီကောင် အခုချက်ခြင်းရအောင်ဖမ်းပါ။ အမေရိကန်ကိုလွှဲပေးပါပေါ့။ စီအိုင်အေတွေလည်း လိုက်ဖမ်းရတာပေါ့။ သို့ပေမယ့်လည်း သိတဲ့အတိုင်း လွတ်သွားပါတယ်။ စနိုးဒန်းတင်မကဘူး၊ ဒါမျိုးဆို အင်မတန်သဘော ခွေတဲ့ မီဒီယာတွေလည်း ကိုကိုစနိုးဒန်း၊ ညီလေးစနိုးဒန်းရေဆိုပြီး လိုက်ရှာဆက်သွယ်ပြီး သတင်းယူကြ သတင်းထုတ်ပြန်ကြ တယ်မဟုတ်လား။ အဲဒီမှာ ဇကောလောက်မှစောက်မနက်တဲ့ မီဒီယာတွေ တရားစွဲကွာဆိုပြီးဖြစ်တာပေါ့။ ဒါ ကြီးကျယ် မြင့်မြတ်လှတဲ့ အမေရိကန်ကို စောက်ထိုးကျသွားစေတဲ့လုပ်ရပ်၊ ရန်သူ ရုရှားတို့ တရုတ်တို့ကို ပျော်အောင်လုပ်တဲ့ လုပ်ရပ်။ ကြည့်ပါလား ခွေးမသား ပူတင် ရယ်နေပြီစသဖြင့်ပေါ့လေ။ နောက်ဆုံး တရားရုံးတင်တော့ တရားသူကြီးက မင်းတို့ ခေါင်း အေးအေးထားကြပါကွာ၊ ဒါဟာ လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်ပဲ။ ငါတို့ အမေရိကန်ပြည်ထောင်စုကြီးက ဒီလိုနဲ့တည်ဆောက်ခဲ့တာမဟုတ်လားဆိုပြီး ပတ်တောပိတ်လိုက်မှ ပုခုံးတွန့် ဘောင်းဘီဆွဲတင်ပြီး ရပ်သွားကြတာ။

(၂)  တစ်ချို့ကလည်း သတင်းရအောင်လုပ်တဲ့နည်းပေါ် ဝေဖန်တယ်။ သတင်းထောက်တွေဟာ ရင်းနှီးခင်မင်မှုရအောင်လုပ်ပြီး အင်ဖော်မေးရှင်းတွေ ဖော်ထုတ်သွားတယ်ပေါ့။

ဒါကို ဝေဖန်တာကတော့ မိမိလက်မခံပါလို့ပဲပြောရမယ်။ အင်ဗက်စတီဂေးတစ်ပါဆိုမှ ကျွန်တော်က ဝလုံးပါ၊ ရိုက်တာမှာ လုပ်နေတာပါ၊ အရင်ကလည်း ရောက်ဖူးပါတယ်။ အခုတော့ အင်းဒင်ရွာလူသတ်မှုအကြောင်း မိတ်ဆွေပြောပြပေးပါ၊ ဇိမ်ပြေ နားပြေနားထောင်ချင်လို့ သွားလုပ်ကြည့်ပါလား။ စရဖ စာမိသွားမှာပေါ့။ လူအုပ်နဲ့ လှည့်တွတ်လိုက်မှာပေါ့။ မတွေ့ဘူးလား၊ မြတ်ကျော်သူတို့ မိုးမြင့်တို့ ဘယ်လိုတွေပြေးခဲ့ရတယ်ဆိုတာ။ အေးအေး ညီလေးရေ အဖြေလိုချင်ရင် အချုပ်ထဲလာမေးလို့ ပြောမှာပေါ့။ ဖုံးကွယ်ထားချင်သူတွေက ဖုံးကွယ်ထားပါတယ်ဆိုမှ။

မှန်ပါတယ်။ Investigative သတင်းတွေ (အမှန်တော့ သတင်းတိုင်းက အင်ဗက်စတီဂေးတစ်တွေပါ။ လွယ်တာနဲ့ ခက်တာပဲ ကွာတယ်) အင်မတန်ခက်ခဲတဲ့သတင်းတွေဟာ အများပြည်သူအကျိုးရှိ၊ မရှိနဲ့ တိုင်းတာပြီး လျို့ဝှက်ကင်မရာသုံး၊ မသုံးက အဆုံး သတင်းတိုက်တွေမှာ လိုက်မယ့်သတင်းထောက်တွေ၊ အယ်ဒီတာတွေ၊ စီအီးအိုအေတွေ ဆွေးနွေးရတယ်။ ဖြစ်လာနိုင် ချေရှိတာတွေ ချိန်ဆရတယ်။ အန္တရာယ်ဖြစ်ချေကိုစွန့်စားမှု ဘယ်လောက်ယူမလဲချိန်ရတယ်။ အတော်များများတော့ ဒီအဆင့်မှာ ပန်လန်လက် ပက်လက်လန်ကုန်တယ်။ အင်ဗက် စတီဂေးတစ်ကောင်းရင် လူအများအကြားဆွေးနွေးဝေဖန်မှု ဘယ်လောက်အားကောင်းလဲနဲ့လည်း တိုင်းတာနိုင်လေ့ရှိတယ်။ အိန္ဒိယမှာ ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်အတွက် လက်နက်ဝယ်တာမှာ ကော်မရှင်ခရအောင် ဘုံးတဲ့သတင်းလိုက်တော့ လက်စွဲအိတ်ထဲမှာ လျို့ဝှက်ကင်မရာလေးဆင်ပြီး လက်နက်ပွဲစားယောင်ဆောင်ကာ ဖော်ထုတ်ခဲ့တယ်။ ဝက်ဝက်ကွဲ ဝေဖန်ကြ၊ ထောက်ခံကြပေါ့။

(၃) နောက်တစ်ခုက ရိုက်တာရဲ့ အင်းဒင်ရွာလူသတ်မှုကိစ္စအထူးသတင်းမှာ
ပဋိပက္ခဆိုင်ရာ စာနယ်ဇင်းပညာ အသုံးအနှုံးနဲ့ပတ်သက်တာကနေစပြီး သတင်းရင်းမြစ်တွေ အမည်ဖော်ပြထားတာ၊ သတင်းထုတ်တဲ့အချိန်ပေါ့လေ ဆွေးနွေးငြင်းခုံကြတယ်။

သတင်းစာသင်တန်းတွေမှာ ထွက်ပြီးသားသတင်းတွေကို Analysis လုပ်လေ့ရှိကြတယ်။ ဆရာအများစုကတော့ သတင်း ကား စင်တင်တယ်လို့ အပြောင်သုံးတတ်ကြတယ်။ ဘယ်သတင်းမှ ရစရာမရှိဘူး။ တစ်ယောက်တစ်မျိုးဝေဖန်ကြတာ။ သင် တန်းတွေမှာ ဆရာတွေအတန်တန်မှာလေ့ရှိတဲ့စကားတစ်ခုက ဒီမှာဆွေးနွေးတာတွေကို အပြင်ကိုမယူဖို့၊ ပညာရပ်ဆိုင်ရာချဉ်းကပ်မှုသာဖြစ်ကြောင်း၊ ဟိုသတင်းတိုက် ဒီသတင်းတိုက် ကျောင်းတော်က ရန်စတွေမပါဖို့။ အဲဒီတော့ ဒါမျိုးဆွေးနွေးမယ်ဆို အသေအချာခွဲခြမ်းစိတ်ဖြာပြောဖို့လိုမယ်။

(၄) တစ်ချို့ကလည်း အဖြူကောင်တွေ ယုတ်မာတယ်ဆိုတာပေါ့။
အဖြူလည်း လူပဲ သမီးရယ်လို့ ပြန်ပြောရမယ်ထင်တယ်။ အဖြူလည်း အရေပြားဖြူလို့သာပါပဲ။ သူလိုကိုယ်လိုပါပဲ။ အဲဒီတော့ ဘယ်အကောင် ဘယ်အချိုးချိုးလဲက ပိုနီးစပ်ပါတယ်။

(၅) သတင်းတိုက်တွေရပ်တည်မှု
မီဒီယာမှာတိုက် အလိုက် Perspectives တွေရှိတယ်။ သတင်းရှု့ဒေါင့်က အဲသလိုကနေ ကွဲတယ်။ အဲဒါကို ကြိုက်၏ မကြိုက်၏ပဲပြောလို့ရတယ်။ မှန်၏ မမှန်၏ပြောလို့မရဘူး။ မှန်၏ မမှန်၏က အချက်အလက်ပေါ်မူတည်တာကိုး။

နောက်ပြီး ပြောရရင် သတင်းမှာ သတင်းထုတ်သင့်မထုတ်သင့်ကို ဘယ်သူက ဆုံးဖြတ်မလဲပေါ့။ သတင်းသမားက ဖုံးကွယ်ထားတဲ့ အဖြစ်အပျက်အမှန်တရားတွေကို ရှာဖွေဖော်ထုတ်ချင်တယ်။ အစိုးရအာဏာပိုင်ဘက်ကတော့ ဒါဟာ တိုင်းပြည်တည်ငြိမ်မှု၊ သဟဇာတဖြစ်မှုတွေကို ထိပါးနိုင်တယ် မထုတ်သင့်ဘူးဆိုတာတွေ ဖြစ်တတ်တယ်။ အဲဒီလိုင်း ၂ ခုက ပြတ်ပြတ်သားသားရှိလှတာမဟုတ်တော့ ငြင်းရခုံရလေ့ရှိတယ်။

မြန်မာပြည်နိုင်ငံရေးအခြေအနေက ဒီမိုကရေစီစနစ်ဖော်ဆောင်လိုတဲ့ သူတွေနဲ့ စစ်အုပ်ချုပ်ရေးသမားတွေအကြားအတိုင်းအတာတစ်ခုထိ ညှိနှိုင်းဖြေရှင်းမှုရရှိသွားတယ်။ စပ်ကြားအာဏာပေါ်ပေါက်ခဲ့တယ်။ ဒါပေမယ့် တစ်ခြားသော လူမျိုးစုတွေနဲ့ ဗဟိုအစိုးရအကြားမှာ သံယံဇာတနဲ့ အာဏာခွဲဝေမှုသဘောတူညီချက်မရသေးသလို အကြမ်းဖက်ပဋိပက္ခတွေဟာ ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေနဲ့ ဖြစ်နေတယ်။ ရိုဟင်ဂျာကိစ္စကနေ ဘာသာရေးဆက်နွယ်မှုကိုအကြောင်းပြုပြီး တစ်ခြားဒေသတွေမှာပါ ပဋိပက္ခတွေပေါ်ပေါက်ခဲ့တယ်။

နိုင်ငံတကာမီဒီယာမှာ အခြေခံယူထားတာက မြန်မာပြည်ကနေ ၂ဝ၁၂ မှာ တစ်သိန်းကျော်ထွက်ပြေးရတယ်။ ၂ဝ၁၇ ခုနှစ် အောက်တိုဘာမှာတင် ၆ သိန်းကျော်ထွက်ပြေးရတယ်။ အဲဒီတော့ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်တစ်သန်းလောက်ဖြစ်သွားပြီဆိုတာဖြစ်တယ်။ ပြီးခဲ့တဲ့ ရှင်းလင်းမှုကနေ အနည်းဆုံး ၆၇ဝဝ လောက်အသတ်ခံရတယ်၊ အဲဒီထဲမှာ ကလေးပေါက်စနလေးတွေက ၁ဝ ရာခိုင်နှုန်းကျော်တယ်စသဖြင့် ဂဏန်းတွေက လွှမ်းမိုးနေတယ်။ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတယ်ပေါ့။ အဲဒါကို အချက်လက်တွေဘယ်ကကိုးကားလဲဆိုတော့ Medicine San Frontier (MSF)၊ ကုလသမဂ္ဂဒုက္ခသည်မဟာမင်းကြီးရုံး UNHCR စတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေဆီကနေ ကိုးကားတယ်။

မီဒီယာတွေက မြန်မာပြည်မှာနေတဲ့ ရိုဟင်ဂျာတစ်သန်းဝန်းကျင်ရှိတယ်လို့ကိုလက်ခံထားတာ။ ရိုဟင်ဂျာတွေ တိုင်းရင်း သားဖြစ်တာလား၊ ဆယ်စုနှစ်နဲ့ချီပြီးနေတာလား၊ ခိုးဝင်တာလား စိတ်မဝင်စားဘူး။ အခု အဲဒီကနေ ထွက်ပြေးလာ ကြရတာဆိုတာက ပကတိတရားဆိုတာမျိုးလို့ဆိုတာပဲ။

မြန်မာအာဏာပိုင် အထူးသဖြင့် အရင်လူဟောင်း ပေါ်လစီဟောင်းကိုင်ခဲ့တဲ့သူတွေအတွက်က ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်က လာတဲ့ ခိုးဝင်လာသူတွေ၊ ဟိုဘက်မှာနေစရာမရှိ စားစရာမရှိလို့ ဒီဘက်လာလုပ်ကိုင်စားသောက်နေတာကနေနောက်ပိုင်း နိုင်ငံရေးအရ ဝင်စွက်ချင်တယ်ဆိုတာ။ နိုင်ငံရေးပုံစံသစ်ဖြစ်လာတာကနေ အဲဒီလူတွေကို နိုင်ငံသားမပေးနဲ့ဆိုတာပါ ဖြစ်လာတယ်။

ရိုဟင်ဂျာဘက်က စောဒကတက်တာက သူတို့နေထိုင်ခဲ့တဲ့အထောက်အထားတွေကစလို့ စစ်တပ်အပါအဝင် အစိုးရဝန်ထမ်း လုပ်ခဲ့တာတွေကို ကိုးကားလို့ သူတို့ကို မတရားလုပ်တာပါလို့ဖြစ်တယ်။ ဒီလိုကနေ အရပ်သားတွေကပါ တစ်ခြားနိုင်ငံသွား နေရပြီးတာပဲဆိုတာတွေပါလာတော့ ဇာတ်လမ်းတွေက သည်းလှိုက်ရင်ဖိုတွေဖြစ်စရာတွေပေါကုန်တယ်။

ဒီမှာ ငပွကြီးဖြစ်တာက တပ်မတော်။ စစ်အုပ်ချုပ်ရေးအဆက်ဆက်ကြောင့် မြင့်မြတ်တို့ သဉ္ဇာဝင့်ကျော်တို့ရဲ့ နှစ်ကားတွဲလို ဖြစ်နေရခဲ့ရတာကနေ အခုလိုဖြစ်တော့ ဒင်းတို့ လုပ်ချလိုက်ပြန်ပြီလို့ တန်းစွပ်စွဲတာ။

မပြေးသော်လည်း ကန်ရာရှိ ကိုယ်တော်တွေကလည်းပြောလိုက်ရင် ခွဲခြားမယ်ဆိုတာချည်းဆိုတော့ ဒါပေါ်လစီပဲပေါ့။ သူ့လက်စလက်နကိုလည်း သိထားတော့ လျှော့မတွက်နဲ့မောင်ဆိုတာချည်းပဲ ဖြစ်ကုန်တယ်။

အဲဒီမှာ ရှင်းတာက ဘင်္ဂလားဒေ့ရှ်။ မြန်မာအာဏာပိုင်တွေကပြောတဲ့ တရားမဝင်သူဟုတ်လား၊ မဟုတ်လား စိတ်မဝင်စားဘူး။ မင်းလူ မင်းပြန်ခေါ်ပါပဲ။

တပ်မတော်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အောက် ဖုံးဟယ် ကာဟယ်လုပ်တော့ ဒေါ်အောင်ဆန်းစုကြည်လည်း ငရုတ်သီးနဲ့ ရောထောင်းခံရရော။

မြန်မာဘက်ကလည်း ဦးနေဝင်းလက်ထက်စလို့ မောင်းထုတ်လိုက် ပြန်ခေါ်လိုက်၊ တရားဝင်လုပ်ပေးလိုက်၊ မောင်းထုတ် လိုက်၊ ပြန်ခေါ်လိုက်လုပ်နေခဲ့တာ။ အခုလည်း ပြန်ခေါ်ပါ့မယ်လို့ ကတိပေးထားပြီးသွားပြီ။ တိုင်းပြည်တိုးတက်အောင်မလုပ်သွားနိုင်တာ ဒါနဲ့ အလုပ်ရှုတ်နေလို့လားလို့တောင် တွေးမိတယ်။

ဘင်္ဂလားဒေ့ရှ်က သူ့ဘက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းထောက်ခံမှုရတယ်။ ကုလသမဂ္ဂမှာ ပြောမလား၊ အိုအိုင်စီမှာ ပြောမလား။ အာဆီယံမှာပြောမလား။ မြန်မာတွေမှားတယ်ဆိုတာ ချည်းဖြစ်တယ်။ မင်းတို့နော်ကြည့်လုပ် စစ်ဝင်တိုက်ပြီး ရှင်းပေးရ မကောင်းဖြစ်တော့မယ်ဆိုတာ မပြောရုံတမယ်ပဲ။ R2P ဆိုတာ ခြုံပြောရင် အဲဒါပဲ။

ဒီမှာ တစ်ချို့က သတင်းတွေဒီလိုထွက်တာ နိုင်ငံအတွက် စိုးရိမ်တယ်။ R2P ဝင်အုပ်မလားပေါ့။

ကျွန်တော်အမြင်ပြောရရင် R2P ဝင်ဖို့ အဝေးကြီးပါ။ အခုဟာက တပ်ကို အကြောလျှော့နေတာပါပဲ။ အဲသလိုပြောလို့ လုံးဝမ ဖြစ်နိုင်ဘူးလားဆိုတော့ အဲသလိုလည်း မဟုတ်ဘူး။ နိုင်ငံတစ်ခုကို ဝင်တိုက်ဖို့ဆိုတာ မလွယ်တာ ဗေဒင်မေးစရာမလိုဘူး။ ကွန်ဂိုတို့ ဟေတီတို့ကြည့်ပါလား ပြောလိမ့်မယ်။ မြန်မာပြည်အနေအထားအရ တိုက်ချင်တဲ့နိုင်ငံတွေ ချိန်ဆရာတွေအများကြီး။ မြန်မာတပ်မတော်က ချိချိနဲ့နဲ့ မဟုတ်ဘူး။ စစ်ဝင်တိုက်ပြီး ဘယ်ကနေ ပိုက်ပိုက်ပြန်ရမလဲဆိုတာ နိုင်ငံ့ခေါင်းဆောင်တွေ အထူးသဖြင့် ဒီမိုကရက်တစ်နိုင်ငံတွေကခေါင်းဆောင်တွေ ပြန်တွက်ရတဲ့အလုပ်၊ မဟုတ်ရင် နိုင်တာ၊ မနိုင်တာထား၊ ကိုယ့်ကုလားထိုင်တောင် သူများဝင်ထိုင်သွားမယ်။

ဒီလိုပြောလို့ သားသားစားချင်ရာစားလို့ရပြီ၊ ချောင်းမဆိုးတော့ဘူးလို့တော့ မတုံးစေချင်ဘူး။ နိုင်ငံတစ်ခုအပေါ် ဖိအားပေးတာ ချိနဲ့အောင်လုပ်သွားတဲ့နည်းတွေ အများကြီး။ မွဲရာ သူခိုးထောင်းဖြစ်အောင်လုပ်တဲ့နည်းတွေ။ အဲဒီတော့ လူမိုက်လမ်း မရွေးဘဲ လူလိမ္မာနည်းနဲ့ နိုင်ငံတကာကိုဝင်ဆံ့အောင်လုပ်တာ အကောင်းဆုံးပဲ။

နှစ်ကူးနီးလို့ တရုတ်ကြီးကို အားကိုးလို့ရတယ်ဆိုပေမယ့် တိုင်းပြည်အတွက် အကောင်းဆုံးက အရှေ့ကော အနောက်ကော အလယ်ကော ဆက်ဆံတာ။ ဆိုးဆိုးရွားရွားဖြစ်လွန်းတဲ့ နိုင်ငံကလွဲရင်ပေါ့။ လူကြည့်တော့ ဗေလုဝလောက် အောင်လ လောက်ကို သွားစိန်ခေါ်လို့ မရတာတော့ သိပေါ့။
0