မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၇)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၇)
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၈
သားချင်းတို့အကြောင်း တစေ့တစောင်း

(၁)
မော်လမြိုင်မြို့မှဒေါက်တာတင်စိုး ရန်ကုန်လာလျှင် စာပေမိတ်ဆွေများနှင့် ညစာစား စကားပြေလေ့ရှိ၍ မောင်ဆုရှင်၊ ဒေါက်တာကျော်စိန်နှင့် မောင်အောင်မွန် ၄ ယောက်ဆုံဖြစ်လိုက်၏။ ကြုံရာပြောကြရင်း သားချင်းတို့အကြောင်း အသံလွှင့်ခဲ့ သည်ကို လွမ်းနေဆဲ၊ မပျောက်ဘဲ မှတ်တမ်းကျန်သင့်ကြောင်းဆိုလာကြ၍ ထိုအသံလွှင့်အစီအစဉ် အစကအဆုံးအထိ ပြောပြလိုက်ရသည်။

ထိုစာမူများသည် မြန်မာ့အသံနှင့်မဆိုင် ကျွန်တော်သာပိုင်သည်ဟု ထောက်ပြကြသူများကား မော်လမြိုင်မြို့မိခင်နှင့်ကလေး ဆေးရုံအုပ်ကြီး ဒေါက်တာတင်စိုး၊ စာပေဗိမာ ညွှန်ကြားရေးမှူး ဦးမျုးသန့် (စာရေးဆရာ မောင်ဆုရှင်)နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကျော်စိန်တို့မို့ ရှင်းလင်းစွာ ကျွန်တော်ယုံကြည်ရပြီ။

(၂)
ထမင်းဝိုင်းလည်း အမှတ်မထင် လုပ်ငန်းခွင်ဖြစ်လာပြီ။

စာအုပ်ထုတ်ဖို့ဆိုတော့ စကားပြောနှင့်အသံလွှင့်စာမူ ဖြစ်နေ၍ ဖတ်လို့မကောင်းနိုင်ဟု ကျွန်တော်က ငြင်းရာ ဆောင်းပါးတိုလို ပြန်ရေးပါက အဆင်ပြေသွားမည်တဲ့။ အားပေးကြသည့်တိုင် ဘယ်သူရေးမှာလဲဟုမေးမိရာ ၃ ယောက်သားပြိုင်တူ မောင်အောင်မွန်စာ ကိုယ်တိုင်ရေးရမှာပေါ့ဟု ဆိုကြ၏။

ကလေးချစ်သူများသို့ တောင်ရေးနိုင်ပုံ အမှာစာရေးသူ ဒေါက်တာကျော်စိန် အားပေးပြန်သည်။

(၃)
ကလေးချစ်သူများသို့ စာအုပ်ထုတ်ပေးခဲ့သော စာပေဗိမာန်ကိုယ်စား မောင်ဆုရှင်က တိုင်းရင်းသားမျိုး (၇)မျိုးတို့၏ ၃ ပုဒ်စီ၊ စုစုပေါင်း (၂၁) ပုဒ်ဆိုရလောက်ပါပြီဟု လုပ်ငန်းပြင်ဆင်လေပြီ။ သည်လိုနှင့် အသံလွှင့်စာမူတွေထဲ ရွေးထုတ် Edit လုပ် လက်နှိပ်စက်နှင့် ရိုက်လာရာ နောက်ဆုံးပြည့်စုံသွား၍ စာမူများသွားပေး၏။ ဦးမျိုးသန့်လက်ရောက်သွားပြီ။

စာပေဗိမာန်အဖွဲ့ဝင်များအား ဝေငှရန်စီစဉ်နေကြခိုက် စာတည်းတယောက်က သာမန်စာအုပ် အဖြစ်သာထုတ်နိုင်ပုံ မှတ်ချက်ကြောင့် အထက်သို့ အဆင့်ဆင့်တင်ပြ ခွင့်ပြုချက်ယူရပြန်သည်။

(၄)
ကချင်မောင်းပုံနှင့် ၁၊ စုပေါင်းဆင်နွှဲ မနောပွဲ--၂၊ ရင်နှစ်သီးချာ ကလေးရတနာ--၃၊ ရွှေသီးသောမြေကြီး။ ကယားတွဲပလွေပုံနှင့် ၁၊ ဆုံဆည်းကြရာ ကလူပွဲမှာ--၂၊ အဖိုးမှအဖေ အဖေမှသား--၃၊ များများမွေး ၀၀စား။ ကရင်ဖားစည်ပုံနှင့်--၁၊၀တ်စားဆင်ယင် လှကရင်--၂၊ ရဲရင့်ခြင်း ခန့်ညားခြင်းနှင့်ယောက်ကျားကောင်း--၃၊တောကျွမ်းမှ တောင်ပေါ်သား။ ချင်းဘူးသီးခြောက်သံစုံနှဲပုံနှင့်--၁၊ အကပဒေသာ--၂၊ချင်းအတိတ်ချင်းနိမိတ် --၃၊ လှေကားထစ်ကာ စိုက်ပျိုးပါ။ မွန် လခြမ်းတူရိယာပုံနှင့်--၁၊ မွန်တို့အလှ ရှေးအက-၂၊မွန်လူငယ်တို့ ချစ်ကြရာဝယ်--၃၊ မွန်တို့၏ ကုန်ထုတ်လုပ်မှု။ ရခိုင်စည်ရှည်ကြီးနှင့်--၁၊ မင်္ဂလာမောင်မယ်--၂၊ ရိုးရာမပျက် ကျင်ပွဲဆက်--၃၊ အစာရှာ ရေလုပ်သား။ ရှမ်းအိုးစည်ပုံနှင့်--၁၊ တူပျော်ပျော် သင်္ကြန်ပွဲတော်--၂၊ ရှမ်းအဖုံဖုံ အစားအစုံစုံ--၃၊ ရှမ်းမိုးရှမ်းမြေ ရှမ်းစိုက်ခင်း-- ဟူ၍ (၂၁) ပုဒ်ပြည့်သွား၏။

(၅)
မျက်နှာဖုံးကို ပန်းချီ တဂိုးမျိုးက သရုပ်ဖော်သည်။

ပြည်ထောင်စု အကပဒေသာ စာအုပ်ရေးသားပြုစုသူ ယဉ်ကျေးမှုဗိမာန် ပြတိုက်မှူး၊ ဦးမင်းနိုင်က အသံလွှင့်စဉ်ကပင် စိတ်ဝင်စားသူမို့ အမှာစာရေးသားသည့် မောင်အောင်မွန်၏ သားချင်းတို့အကြောင်း တစေ့တစောင်း စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်အဖြစ် ၁၉၈၅ ခုတွင် ပထမအကြိမ် ထွက်ခဲ့၏။ ရောင်းဈေး တအုပ် ၃ ကျပ်၊ ၅၀ ပြားနှင့် အုပ်ရည် ၂၃၀၀၀ (နှစ်သောင်းသုံးထောင်) ထုတ်ခဲ့ကြောင်း မှတ်တမ်းသာရှိ စာပေဗိမာန်စာကြည့်တိုက်မှာ တအုပ်မှမရှိဟု သိရသည်။

(၆)
မြန်မာပြည်မှ ကျွန်တော်ကိုယ်လွတ်ထွက်ခဲ့ရ၍ အဘယ်မှာလျှင်ပါလာနိုင်မည်နည်း။

သို့သော် ကျွန်တော်တို့ မိသားစု ၄ ယောက် ၃ နိုင်ငံတွင် ၆ နှစ်ကြာ ကွဲနေရာက ပြန်ဆုံကြသောအခါ သားချင်းတို့အကြောင်း တစေ့တစောင်း စာအုပ်ပါလာပြီမို့ သာဓုခေါ်ပေးသည့်နတ်က မစွမ်းသော မောင်အောင်မွန်ကို မပြန်ပြီ။

(၇)
တိုင်းရင်သားတို့၏ ယဉ်ကျေးမှုများကို စိတ်ဝင်စားစွာလေ့လာကာ အင်္ဂလိပ်လိုရေးသားနေသူ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့နေ မိတ်ဆွေကြီး Harry Phone Thant က ဘာသာပြန်လိုကြောင်း ပြောလာ၏။ အင်း--နတ်ရယ် မလက်စာနှင့် မောင်အောင်မွန်၏ စာအုပ်သာမက ပြည်ထောင်စု ထာဝရအေးချမ်းအောင်လည်း ဆက်လက်မပါဟုသာ ဆုတောင်းလိုက်ရကြောင်းပါ။

၂၀၁၈ ခု၊ ဖေဖေါ်ဝါရီလ(၁၄) ရက်။

Comments