ဂျူနီယာဝင်း - လူတွေဖန်တီးခဲ့တဲ့ အနုပညာပစ္စည်းများ သို့မဟုတ် Folk Art

ဂျူနီယာဝင်း - လူတွေဖန်တီးခဲ့တဲ့ အနုပညာပစ္စည်းများ သို့မဟုတ် Folk Art
(အတွေးအမြင် အမှတ် ၃၀၇ ဖေဖော်ဝါရီ ၂၀၁၈) မိုးမခ၊ ဖေဖော်ဝါရီ ၃၊ ၂၀၁၈


Folk Art ဆိုတာဘာလဲ။ အဲသည်အဓိပယ်ကို ရှင်းလင်းဖို့ ၁၉၉၁ ခုနှစ် မေလ ထုတ် American Weekly Newsletter မှာ ဒေးဗစ် အမ် မက်စ်ဖီးလ် (David M.Maxfield) က မေးခွန်းထုတ်ပြထားပါတယ်။

ဆောင်းပါးရေးသူကတော့ သင်က အဲသည်အရာတွေကို တွေ့လိုက်ရင် အဲဒါဘာကိုခေါ်တာလဲ ဆိုတဲ့ အဖြေ ကိုသိလာမှာ ဖြစ်ပါတယ်တဲ့။ ဆိုလိုတာက Folk Art ဆိုတာ ဘာ ? ဆိုတာကို တိုက်ရိုက်အဓိပယ်တွေ လျောက်ဖွင့်နေမယ့်အစား Folk Art တွေကို သွားကြည့်ပြီး ဘာလဲဆိုတာ ကိုယ့်ဘာသာ အဖြေရှာလိုက်ပါ လို့ပြောတာပါ။ သည်တော့ Folk Art တွေကို သွားကြည့်လိုက်တော့ ဘာတွေ တွေ့သလဲတဲ့။ ဟုတ်ပါတယ် Folk Art ဆိုတာ “လူတွေလုပ်ထားခဲ့တဲ့ ပစ္စည်းတွေပါ။ လူတွေက ဖန်တီးထားခဲ့တဲ့အရာတွေပါ။ ဒါတွေဟာ လူတွေအတွက် ဖြစ်ပါတယ်“ ဆိုတဲ့ ဒီမိုကရေစီဆိုတာဘာလဲလို့ အဓိပယ်ဖွင့်တဲ့စာကြောင်းတွေလို အဓိပ္ပါယ်တွေ တန်းစီ ထွက်လာပါတယ်။ (Of the people, by the people, for the people.)

Folk Art ဆိုတဲ့အတွက် Folk Artist - Folk Art ကိုဖန်တီးသူ ဆိုတာ ရှိလာတယ်။ သူ့ရဲ့ကိုယ်ပိုင် အမြင်တွေနဲ့ သူ့ရဲ့ ကိုယ်ပိုင်စကြ၀ဌာနဲ့ သူ့ကိုယ်ပိုင်ဖန်တီးထားတဲ့ ကမ္ဘာဖြစ်ပါတယ်။ သည်တော့ သစ်သားတွေကို ထွင်းထုတဲ့သူကပြောတယ် - “ကျွန်တော့်အလုပ်က စိတ်ကူးနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်“ တဲ့။ သူက ဒါကို အနုပညာလို့ ဆိုလိုက်ရင် သူလုပ်ထားတာတွေအားလုံးကို Fork Art တွေလို့ခေါ်ရမှာပေါ့။

Folk ကိုတိုက်ရိုက်ပြန်ရင် လူ လို့ပဲ ဆိုရမှာပေါ့။ သို့သော် people လို့မခေါ်ထားတဲ့အတွက် people လောက်တော့ မကျယ်ပြန့်ပါဘူး။ ဆောင်းပါးရေးတဲ့သူကတော့ သူ့အဓိပယ်ကို မဖွင့်ခိုင်းပါဘူး။ Folk Art တွေကို သွားကြည့်ပြီးကိုယ့်ဘာသာ ဘာဆိုတာကို သိအောင်လုပ် လို့ဆိုထားတာပါ။ သို့သော်လည်း သူ့စကားနားမထောင်ပဲနဲ့ အဓိပ္ပါယ်ဖွင့်ကြည့် ကြတာပေါ့။ art ကတော့ အခုဆောင်းပါးနဲ့ ကိုက်ညီအောင် အနုပညာလို့ပဲ ဆိုကြရအောင်။ သည်တော့ လူတွေဖန်တီးထားတဲ့ အနုပညာ လို့ပဲအကြမ်းအားဖြင့် ပြောရမယ်ထင်ပါတယ်။ သူ့ဆောင်းပါး တစ်ခုလုံးမှာတော့ Folk Art အကြောင်းတွေကို ဝေေ၀ဆာဆာ ရေးထားရုံမက Folk Art တွေကို စုဆောင်းတဲ့သူ နဲ့ Fork Art တွေကို ပုံများနဲ့ ရှင်းပြထားတာပါ။ သည်တော့ ဆောင်းပါးဆုံးသွားရင်တော့ စာဖတ်သူက သူ့ဘာသာသူ သဘောပေါက်သွားနို်င်ပါတယ်။ လူတွေ ဖန်တီးထားခဲ့တဲ့ အရာတွေအဖြစ် Folk Art တွေကို ပုံဖော်လိုက်ရင် အရာရာဟာ အဆုံးမရှိတော့ပါဘူး။ ဒါပေမယ့် Folk Art ဆိုပြီး လူဖန်တီးတဲ့ အရာတိုင်း ကို Fork Art လို့တော့ မခေါ်ပါဘူးတဲ့။

- ၁၉၆၀ခုနှစ် ပတ်ဝန်းကျင်လောက်က ပုလင်းဗူးအဖုံးခွံတွေနဲ့ တိရိစာန်ရုပ်ပုံတွေကို အမည်မသိလူတစ်ယောက်က လုပ်ခဲ့ပါတယ်တဲ့။ သူ့ကို အနုပညာသည် လို့ခေါ်ပါတယ်။ သူဟာ အမည်မသိ Folk Artist တစ်ယောက် ဖြစ်ပါတယ်တဲ့။

- ၁၉၃၀ခုနှစ်လောက်က အမေရိကန်နိုင်ငံသား တစ်ယောက်က မစ်ကီမောက်စ် ပုံကို သစ်သား၊ ငှက်မွေးတွေနဲ့ ထုလုပ်ခဲ့ပါတယ်တဲ့။ ဒါဟာ Folk Art တစ်ခုဖြစ်ပါတယ်တဲ့။

- ၁၉၇၄ခုနှစ်မှာ မီချီကန်သားတစ်ယောက်က ၇ ပေမြင့်တဲ့ အမေရိကန်သမတ ဂျယ်ရယ်ဖို့ပုံကို ထုခဲ့ပါတယ်တဲ့။ သူဟာလည်း Folk Artist ဖြစ်ပါတယ်တဲ့။

-လက်နဲ့လုပ်တဲ့ ဒုတ်ချောင်းပုံ ကြိမ်လုံးတွေ၊ အိမ်သုံးပစ္စည်းတွေ၊ တက်တူးဒီဇိုင်းတွေ၊ ငှက်ပုံဖော်ထားတဲ့ ဒလက်တွေ၊ တူရိယာတွေ၊ လေဒဟပ်တွေ၊ ဘင်ဂျိုဒီဇိုင်းတွေဟာ Folk Art တွေပဲဖြစ်ပါတယ်တဲ့။ ၁၇ရာစုတုန်းကရှိခဲ့တဲ့ သစ်သားပေါ်မှာ ထွင်းခဲ့တဲ့ ပြက္ခဒိန်ဟာလည်း Folk Art ဖြစ်ပါတယ်တဲ့။ ချီကာဂိုက လင်ကွန်းပန်းခြံက နံရံတစ်ခုပေါ် ရေးဆွဲထားတဲ့ Folk Art နံရံ တစ်ခု ရှိပါတယ်တဲ့။ သွားကြည့်လို့ရပါတယ်တဲ့။ ဘယ်တုန်းက ဘယ်သူက ဘာအတွက် ဘာကြောင့် ဘာပစ္စည်းတွေနဲ့လုပ်တယ် ဆိုတာတွေကတော့ သုတေသနလုပ်မှ ဖြစ်မှာဖြစ်ပါတယ်တဲ့။

သည်တော့ Folk Art ဆိုတာ ဒါကို ကြည့်တဲ့သူရဲ့ မျက်စိထဲမှာ အလှအပတစ်ခုလို ခံစားမိနိုင်ပါတယ်။ တချို့သော သူတွေကတော့ ၁၈၇၅ ခုနှစ်လောက်ကတည်းက Folk Art ဆိုတာ အမေရိကမှာ ရှိနေခဲ့တာဖြစ်ပြီး သိပ်ကို လေးစားမြတ်နိုးဖွယ်ဖြစ်ပါတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် Folk Art ပရိသတ်တွေကလည်း အဲဒီကတည်းက ရှိနေကြပြီး ယနေ့ခေတ်အခေါ် fan(ပရိသတ်) တွေကနေ ဆုတွေဘာတွေတောင် ပေးခဲ့ကြတယ်လို့ဆိုပါတယ်။ သူတို့ကပြောတာတော့ Folk Artist တွေဟာ သင်ကြားပေးသူ လေ့ကျင့်ပေးသူ ဆရာသမားမရှိပဲ သူ့ဘာသာသူ ကိုယ်ပိုင်စတိုင်နဲ့တီထွင်ဆန်းသစ်ကြသူတွေ၊ အနုပညာသမိုင်းတစ်ခုကို ရေးခဲ့ကြတဲ့သူတွေလို့ သတ်မှတ်ခြင်းခံ ကြရသူတွေ ဖြစ်ကြပါတယ်တဲ့။ အမေရိကမှာ Folk Artist တွေ အယောက် ၇၀ လောက်ရှိပါတယ်။ ဒါ့အပြင် ရှေးခေတ်က Folk Artist တွေကို လေးစားပြီး သူတို့အနုပညာကို စိတ်ဝင်တစားရှိတဲ့သူတွေထဲမှာ နံမယ်ကျော် ပန်းချီဆရာ ပီကာဆို ပါပါတယ်။ သူက အာဖရိက ကရိုးရာရုပ်တုတွေနဲ့ မျက်နှာဖုံးတွေကို အထူး လေ့လာခဲ့သူ ဖြစ်ပါတယ်။


သို့ပေမယ့် တချို့သော သူတွေကတော့ အဲသည်လိုဖန်တီးမူတွေကို ရှာဖွေစုဆောင်း ကြသူတွေကို သူတို့မှာ ထူးခြားတဲ့ အတွေးတွေရှိပြီး တန်ဖိုးထားတတ်တဲ့ အသိတွေရှိကြတယ်လို့ သတ်မှတ်ကြပါတယ်။ အဲသည်ထဲမှာ တစ်ယောက်ကတော့ ဟားဘတ် ၀ိတ်ဒ် ဟန်ဖီးလ် ဂျူနီယာ (Herbert Waide Hemphill Jr) ဖြစ်ပါတယ်။ သူစုဆောင်းထားတဲ့ Folk Art တွေကို ၀ါရှင်တန်က အမေရိကန်အနုပညာဆိုင်ရာ စမစ်ဆိုနီယမ် အမျိုးသားပြတိုက် (Smithsonian Institution’s National Museum) မှာ ပြခန်းတောင် ဖွင့်လှစ်ပြသခဲ့တယ် ဆိုပဲ။ ၁၉၇၆ခုနှစ်ကတည်းက သူ့ဆီက စုဆောင်းထားတာတွေကို ပြတိုက်က ရယူလာခဲ့တာ ၄၂၇ခုလောက်ရှိပါပြီ။ ပြတိုက်မှာ ပြသဖို့ဆိုရင် အဲသည်လောက် အရေအတွက်ကတော့ အနည်းဆုံးရှိရမှာ ဖြစ်ပါတယ်။ (ဆောင်းပါးရဲ့ခုနှစ် ၁၉၉၁ အရ သူ့ရဲ့ ပြခန်းကို အဲသည်ခုနှစ်မှာ ဖွင့်လစ်ပြသခဲ့တယ်လို့ ခန့်မှန်းပါတယ်။)

သူ ၁၉၅၀ခုနှစ်ကနေ ၁၉၆၀ခုနှစ်ကြား စုဆောင်းလာခဲ့တဲ့ ပစ္စည်းတွေက ဘာတွေများလဲလို့ ကြည့်လိုက်တော့ လေတိုက်ရင် လည်တဲ့ အရုပ်ကလေးတွေ၊ ပင်အပ်လေးတွေနဲ့ လုပ်ထားတဲ့ အဆင်တန်ဆာတွေ၊ ပန်းချီကားတွေ၊ ဒုတ်ကောက်တွေ၊ လေဒဟပ်လေးတွေ၊ စီးကရက်ဘူးခွံတွေနဲ့ လုပ်ထားတဲ့ ပုံစံမျိုးစုံပစ္စည်းတွေ စသဖြင့်စသဖြင့် ဖြစ်ပါတယ်။ ဒါတွေက Folk Art တွေပါပဲ။ ဆိုလိုတာက ဘယ်သူမှန်းမသိ၊ အမည်မသိတဲ့ သူတွေက သူတို့စိတ်တိုင်းကျ ဖန်တီးထားခဲ့တဲ့ အနုပညာပစ္စည်းတွေဖြစ်တယ်။ သူတို့ဟာ အမည်မသိ Folk Artist တွေဖြစ်တယ်။

သည်တော့ Folk Artနဲ့ ဒါတွေကို စုဆောင်းသူတွေနဲ့ ဆက်သွယ်မူဟာ ၁၉ ၃၀ နဲ့ ၁၉ ၄၀ ခုနှစ် တွေကြားကတည်းက စတင်ခဲ့ကြတယ်လို့ဆိုတယ်။ “ဟန်းဖီးလ်ဟာ ၂၀ရာစု Folk Art ကို ကြိုးစားဖော်ထုတ်ဖို့ ကြိုးစားတာမဟုတ်ပါဘူး။ သူက အရင်ကရှိခဲ့ပြီးသား အနုပညာရပ်တစ်ခုရဲ့ ဖြစ်တည်မူကို ပြသခြင်းသာ ဖြစ်ပါတယ်“ လို့ပြတိုက်ကတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ လင်ဒါ ရိုစကို ဟာတီဂန် (Lynda Roscoe Hartigan) ပြောပါတယ်။ ဟန်းဖီးလ်က ဒီ Folk Art တွေနဲ့ ပတ်သက်လို့ စကားရည်လုဖို့လည်း စိတ်ကူးမရှိပါဘူး။ စိတ်မ၀င်စားဘူး။ သူကလူတွေကြားမှာ ရှိခဲ့တဲ့ အနုပညာတည်ဆောက်မူတစ်ခုကို စုဆောင်းပြီး လူထုရှေ့ချပြခဲ့တာပါ။ ဟိုးတုန်းကလူတွေက သည်လိုပစ္စည်းလေးတွေ လုပ်ခဲ့ကြတယ် - ဒါပဲ - အဲဒါသူပြောချင်တာပါ။

ပြတိုက်ကို မဖွင့်ပြခင်မှာ တာဝန်ရှိသူဖြစ်တဲ့ ဟာတီဂန်က ပြပွဲလာကြည့်မယ့်သူတွေဟာ ၁၉ ရာစု Folk Art တွေကို ကြည့်ရင်းနဲ့ Folk Art ရိုးရာယဉ်ကျေးမူတစ်ခုကို မတွေ့မမြင်ကြပဲ တလွဲအမြင်စောင်းသွားမှာကို စိုးရိမ်လို့ ကြိုတင်သတိပေးထားပါတယ်။ သိပ်ပြီး မျော်လင့်မထားဖို့။ စိတ်ရှင်းရှင်းနဲ့ ကြည့်ကြဖို့ စသဖြင့် စသဖြင့်။ (ပစ္စည်းအစုတ်ပလုပ်တွေ ပြထားတာ လို့အထင်ခံရမှာကို စိုးရိမ်ပုံပါပဲ။)

နယူးဂျာဆီမှာ မွေးဖွားသူ ဟန်းဖီးလ်က သူငယ်စဉ်ကတည်းက ခရုခွံနဲ့လုပ်တဲ့ ပစ္စည်းလေးတွေ၊ အရောင်ချယ်ထားတဲ့ ခရုခွံလေးတွေ၊ ပို့စကပ်တွေ၊ တံဆိပ်ခေါင်းနဲ့ ပိုက်ဆံအကြွေတွေကို စုဆောင်းတာ ၀ါသနာပါခဲ့တယ်။ ဒါ့အပြင် ဖန်နဲ့လုပ်ထားတဲ့ အရုပ်လေးတွေ၊ ဖန်ထည်ပစ္စည်းတွေကိုလည်း စုဆောင်းရတာ သဘောကျတယ်။ သူကျောင်းသားဘ၀မှာ သူ့စိတ်ဝင်စားမူက အနုပညာနဲ့ စာပေဆီကို ရောက်သွားတယ်။၁၉၄၉ ခုနှစ်မှာ နယူးယောက်မှာ အခြေချတယ်။ သူပုံမှန်သွားတဲ့နေရာက ပြတိုက်တွေ ဖြစ်တယ်။ အာဖရိကတိုက်က မျက်နှာဖုံးစွပ်တွေ၊ အလှအပအဆင်တန်ဆာတွေကို စုဆောင်းတယ်။ ၁၉၅၆ခုနှစ်မှာ သူ့ငယ်စဉ်တုန်းက စိတ်ဝင်စားခဲ့တာတွေကို ပြန်သတိရပြီး သူလျောက်ရမယ့်လမ်းဟာ သည်လို ပစ္စည်းတွေကို စုဆောင်းတာပဲဆိုတာ သဘောပေါက်လာတယ်။

၁၉၈၁ခုနှစ်မှာ ဟန်းဖီလ်းက သူ့လိုပဲ ပစ္စည်းတွေ စုဆောင်းသူမိတ်ဆွေတစ်ယောက်ကို ပြောခဲ့တာတော့ “လူတွေက ဦးထုတ်အသစ်လေးတစ်လုံး၊ အကျီအသစ်တစ်ထည် ၀ယ်ဖို့အမြဲလိုအပ်နေတာပဲ မဟုတ်လား။ ကျွန်တော်လည်း အဲသည်လို ပါပဲ။ အဲသည်စိတ်ကလေးက အသစ်အသစ်သော အရာတွေကို ရှာဖွေချင်တဲ့စိတ် ဖြစ်လာတာလို့ ထင်တာပဲ။ “ (ဒီနေရာမှာ သူဆိုလိုတဲ့ အသစ်အသစ်သောအရာတွေ ဆိုတာ ခေတ်ပေါ်ပစ္စည်းတွေ၊ ခေတ်မှီတဲ့ အရာတွေကိုပြောတာ မဟုတ်ပါဘူး။ ဟိုးရှေးတုန်းကနှစ်တွေမှာ ရှေးလူတွေ လုပ်ခဲ့ကြတဲ့ သူ မတွေ့မမြင်ဘူးသေးတဲ့ Folk Art တွေကို ဆိုလိုတာပါ။ ပစ္စည်းအဟောင်းတွေ ဆိုပေမယ့် သူ့အတွက်တော့ အသစ်အဆန်းပေါ့။)

ပြတိုက်ကိုလာကြည့်တဲ့သူတွေထဲက တစ်ယောက်ကတော့ ဟန်းဖီးလ်ကို အခုလို မေးခွန်းထုတ်တယ်။ “ဒါတွေအားလုံးက ခင်ဗျားအပိုင်လား ဒါမှမဟုတ် သူများဆီက ငှားထားတာတွေလား။“တဲ့။


ဟန်းဖီးလ် ကအမေရိကန်ပြည်ထောင်စု တခွင် သွားရောက်ကာ ဒီလိုပစ္စည်းလေးတွေ စုဆောင်းခဲ့တာပါ။ ဟာတီဂန်က “Folk Art တွေဟာ လူတွေဖန်တီးထားတာဖြစ်တယ်။ စွန့်ပစ်ခဲ့တာတွေ မဟုတ်ဘူး။ စိတ်ကူးညဏ်ကွန့်မြူးပြီး တီထွင်ကြံဆပြီး ပစ္စည်းလေးတွေလုပ်ပြီး ကျေကျေနပ်နပ်နဲ့ သည်အတိုင်း ထားခဲ့ကြတာတွေပါ။ တစ်ခုဆီမှာ အဓိပယ်တွေ ရှိနေတယ်။ သတို့ပြောချင်တဲ့စကားတွေ ကြားနိုင်တယ်။ သူတို့ဖြတ်သန်းခဲ့တဲ့ ဘ၀တွေ သမိုင်းတွေ စီးဝင်နေတယ်။ သူတို့ ပေါ်ပြူလာဖြစ်အောင် လုပ်ခဲ့တာတွေ မဟုတ်ပါဘူး၊ ကြည့်လေ သူတို့နံမယ်တွေတောင် ထိုးမသွားဘူး။“ လို့ Folk Artတွေနဲ့ ပတ်သက်လို့ သူ့အမြင်ကို ပြောခဲ့ပါတယ်။ ဥပမာ ဟန်းဖီးလ် စုဆောင်းထားတဲ့အထဲက အမည်မသိပန်းချီဆရာရဲ့ “သမင်နဲ့ကျောက်တုံးဆီက ပဲ့တင်သံ“ လို့အမည်ပေးထားတဲ့ ပန်းချီကားကို ကြည့်လိုက်ပါ။ “ပန်းချီထဲမှာ သမင်ကြီးတစ်ကောင်က ပန်းချီကားရဲ့အလယ်လောက်မှာ ရှိတယ်။ ပန်းချီကားရဲ့အစွန်မှာ မြင်း၂ကောင်ရဲ့ဦးခေါင်းကို ရေးဆွဲထားတယ်။ ကားချပ်ရေးသူက ပန်းချီကားကြည့်သူရဲ့ အာရုံကို နောက်ခံက စီးကျလာတဲ့ နှင်းတွေနဲ့ ကျောက်တုံးတွေဆီက အသံကို ကြားသွားအောင် ဆွဲယူလိုက်တယ်လို့ ဆိုချင်ပါတယ်။ အခုအဲသည်ပန်းချီကားကို ပြတိုက်မှာ ချိတ်ထားတယ်။ သည်ပန်းချီကားဟာ ရှေးလက်ရာတစ်ခုကို ပြသနေတယ်လို့ ကောက်ချက်ချချင်ပါတယ်။“

ပန်းချီကားကို ၁၈၅၀ခုနှစ်နောက်ပို်င်းလောက်က လို့ မှန်းဆပြီး ရော့ကာဖယ်လာ ဖုဒ်အာ့ စင်တာ (Rockerfeller Fork Art Centre) အတွက် ပြတိုက်တင်ဖို့ ပို့ခဲ့သောလည်း အဲသည်ပန်းချီကားဟာ မှန်းထားတဲ့ ခုနှစ်ကို အကြောင်းပြပြီး အပယ်ခံခဲ့ရဘူးတယ်။ ဒါပေမယ့် ဟန်းဖီးလ်က တော့ ခုနှစ်တွေကို ဂရုမစိုက်ပါဘူး။ ဟာတီဂန်က ပြောရာမှာ “ဟန်းဖီးလ်က ဒီပန်းချီကားကို နှစ်သက်တယ်။ ပန်းချီကားရဲ့ ရှူပ်ထွေးတဲ့ ရေးဆွဲမူနဲ့ စုတ်ချက်တွေဟာ သူ့ရင်ကိုလာထိတယ်။ သူ့စိတ်ထဲမှာ အဲသည်ခုနှစ် ကာလလောက်က ဖြစ်မယ်လို့ ယူဆတယ်။ အဲဒါပါပဲ။“ အဲသည် စင်တာက ယနေ့လက်ရှိ (၁၉၉၁ခုနှစ် ဖြစ်ပါလိမ့်မည်) ဒါရိုက်တာ တစ်ဦးကတော့ အဲသည်ကားချပ်ကို အသိအမှတ်ပြုထားပါတယ်။ သူကတော့ “လွတ်သွားတဲ့ငါးတစ်ကောင်“ လို့အမည်ပေးခဲ့ပါတယ်။ အဲသည် “ငါးတစ်ကောင်“ က ပြတိုက်တွေမှာ ဟန်းဖီးလ်ရဲ့ ရတနာတစ်ပါးလို တန်ဖိုးထား ပြသခြင်းခံခဲ့ရပါတယ်။ Fork Art တွေကို ပညာတတ်တွေ၊ ပစ္စည်းစုဆောင်းသူတွေနဲ့ လူထုကြား ဆက်သွယ်မူတစ်ခုအဖြစ် ဖြစ်လာဖို့ကို ပြတိုက်တာဝန်ခံ ဟာတီဂန်က မျော်လင့်ထားပါတယ်။

ပြတိုက်ကို တာဝန်ခံပြသသူတွေက လာကြည့်တဲ့ ပရိသတ်တွေ၊ ၀ါသနာပါသူတွေဟာ စိတ်ဝင်တစားနဲ့ ဆွေးနွေးလာမယ်၊ တစ်ယောက်အမြင်ချင်း ဖလှယ်မယ်။ သည်လိုနဲ့ Fork Art ဆိုတဲ့ ခေါင်းစဉ်ဟာ ပြတိုက်အတွက် သင့်တော်တဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံလာမယ် ဆိုပြီး ယူဆထားပါတယ်။

ပြတိုက်မှာ တင်ထားတဲ့ပန်းချီကားတစ်ခုဆိုရင် ရောင်စုံခဲတံနဲ့ စာရွက်ပေါ် ရေးဆွဲထားတာပါ။ လူ၂ယောက်ပုံ (ထုံးထားတဲ့ ဆံတုံးကို ကြည့်ပြီး အမျိုးသမီး၂ယောက်လို့ ယူဆပါတယ်။) က တစ်ယောက်နဲ့ တစ်ယောက် ကျောခိုင်းပြီး လက်ဟန်ခြေဟန်ပြနေပုံပါ။ သူတို့ရှေ့မှာ အမြှီးရှည်ရှည်နဲ့ ကြောင်ကလေးတစ်ကောင်ကလည်း သူတို့လို လိုက်လုပ်နေပါတယ်။ ရေးဆွဲမူဒီဇိုင်းနဲ့ ပုံပန်းသဏာန်ကိုကြည့်ပြီး ၁၉၄၀ ခုနှစ်လို့ တပ်ထားပါတယ်။ အဲသည်ပန်းချီကားကို အခုပဲ (၁၉၉၁ခုနှစ်ကို ဆိုလိုပုံရပါတယ်) စမစ်သိုနီယမ် ပြတိုက်ကို လာလှူသွားတာပါ။

လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ ဟာတီဂန်နဲ့ သူမရဲ့အဖွဲ့သားတွေဟာ ဟန်းဖီးလ်ရဲ့ စုဆောင်းထားသမျှ တွေကို ဂရုတစိုက် လေ့လာစောင့်ကြည့်ခဲ့ကြတယ်။ ဒီပစ္စည်းတွေတစ်ခုချင်းကို ကြည့်ပြီး ဒါကတော့ ဘာနဲ့လုပ်ထားတယ်၊ အသုံးပြုထားတဲ့ ပစ္စည်းတွေက ဘာတွေလဲ၊ ဒါကို ဘယ်ကရနိုင်သလဲ၊ ဘယ်တုန်းက အရာတွေဖြစ်နိုင်တယ်၊ ဘယ်လိုလူတန်းစားတွေက လုပ်ခဲ့တာ ဖြစ်မလဲ၊ သူတို့က ဘယ်လိုအကြောင်းပြချက်တွေနဲ့လုပ်ခဲ့တာလဲ၊ ဥပမာ- သံဗူးလေးတွေနဲ့လုပ်တဲ့ အရုပ်ကလေးတစ်ရုပ်ကို ၀တ်ဆင်ပေးထားတဲ့အကျီလေးတွေ၊ ထုထွင်းထားတဲ့ မျက်နှာအမူအယာ၊ ဆောင်းထားတဲ့ ဦးထုပ်၊ ကိုင်ထားတဲ့ ဘင်ဂျိုလို အတီးအမှူတ်လေးတွေ၊ သူ့ရဲ့ဆံပင်ပုံစံ အစရှိသဖြင့်ကို သုတေသနလုပ် လေ့လာကြပါတယ်။ ဒီလိုလေ့လာဆန်းသစ်ပြီးမှ သည် Folk Art ဟာ ဘယ်နှစ်ခုနှစ်လောက်က ဖြစ်နိုင်တယ် ဆိုပြီး အဖြေထုတ်ကြရပါတယ်။

အမည်မသိတွေအပြင် တချို့သော အမည်သိပညာရှင် တွေရဲ့လက်ရာတွေလည်း ပါပါတယ်။ ဥပမာ ၁၉၇၀ခုနှစ်လောက်က စတီဗင် အက်ရှ်ဘီ (Steven Ashbly) လုပ်ခဲ့တဲ့ သစ်သားပေါ်မှာ ဆေးရောင်စုံ ရေးဆွဲထားတဲ့ ပန်းချီလက်ရာမျိုးဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်းနဲ့ ကိုယ်ခန္တာကို ရေပေါ်ထိုးတဲ့ ကရိယာနဲ့ သစ်သားပေါ် လုပ်ထားတာလို့မှန်းဆရပါတယ်။ အမျိုးသမီးလေးက ဦးထုတ်နီလေးဆောင်းထားတယ်။ အ၀တ်အစားက အဖြူရည်ရောင် မပေါ့်တပေါ် အောက်ခံ သစ်သားခြစ်ရာများနဲ့ ကိုယ်လုံးကို ပုံဖော်ထားတာပါ။ ဓါးသွားတွေ၊ ရေပေါ်ထိုးတာတွေ၊ အ၀တ်စ၊ နိုင်လွန်အစနဲ့ သစ်သားအစင်းရာတွေနဲ့ “ခေါင်းငြိမ့်နေတဲ့ အမျိုးသမီးလေး“ (Nodding Woman) လို့အမည်ပေးထားပါသတဲ့။

ဟာတီဂန်က ပြောရာမှာ “အဲဒီလက်ရာကို လူတချို့က သဘောမကျကြဘူး။ အဲဒါကို ကြည့်ပြီး - ဒါအမှိုက်ပဲ - လို့ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အဲသည်လိုအရာကို ပြသသူတွေက တန်ဖိုးထားကြတယ် ဆိုတော့ ပြီးတာပါပဲ။ တချို့သော ကိုယ့်ဘာသာကိုယ် တီထွင်ကြံဆသူတွေက တဆင့်တဖန်ပြန်သုံးလို့ရတဲ့ ပစ္စည်းလေးတွေ လုပ်ကြပြီး ဖန်တီးယူတတ်ကြသူတွေဟာလည်း တချိန်ကျရင် Fork Art တွေအဖြစ် တန်ဖိုးထားစရာတွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူပြောမလဲ။” (ဥပမာ - မြန်မာပြည်မှာလည်း လက်မူပညာသည်တွေက သုံးပြီးသား ပစ္စည်းတွေဖြစ်တဲ့ သံဗူးတွေ၊ ကျွတ်ကျွတ်အိတ်တွေ၊ ပိုက်တံလေးတွေ၊ တူကလေးတွေ၊ ဗူးခွံတွေနဲ့ တချို့တွေ အလှအပပစ္စည်းတွေ လုပ်ကြတယ်လေ။ ပိုက်ဆံအိတ်ကလေးတွေ၊ အရုပ်တွေ၊ ဂျိတ်တွေ၊ ကလစ်လေးတွေ၊ လက်ကိုင်အိတ်တွေ၊ လက်စွပ်လက်ကောက်ဆွဲကြိုး၊ နားကပ်တွေ၊ ကြယ်သီးလေးတွေ လှလှပပ နဲ့ ထွက်လာတဲ့ လက်မူထည် ပစ္စည်းတွေဟာလည်း Folk Art တွေပါပဲ။)

ဟန်းဖီးလ် ဟာ ၁၉၂၉ ခုနှစ်မှာ မွေးဖွားခဲ့ကာ အသက်၆၉ နှစ်အရွယ်မှာ နလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ “ဟန်းဖီးလ်ကြောင့်သာလျှင် Fork Art တွေဆိုတာ ဘာလဲဆိုတဲ့သဘောတရားကို လူတွေသိလာတာဖြစ်ပါတယ်။ အမေရိကသားတွေအတွက် သူ့ကို အကြီးအကျယ် ဂုဏ်ပြုလောက်ပါတယ်“ လို့ နယူးယောက်စီးတီးက American Fork Art ပြတိုက်က ဒါရိုက်တာ ဂဲရက် စီဝါကင် ကပြောပါတယ်။


သူကို ၃၆၀ဒီဂရီအမြင်ပိုင်ရှင် လို့ အမည်ပေးကြတယ်။ သူက သူ့ပတ်ပတ်လည်က ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တွေ၊ လမ်းဘေးဈေးတွေကို သွားတယ်။ ထူးဆန်းတဲ့ အသွင်အပြင်နဲ့ အရာဝတ္တုတွေကို ရှာဖွေတယ်။ သာမန်မဟုတ်တဲ့ လက်လုပ်ပစ္စည်းလေးတွေကို ဂရုတစိုက်လေ့လာတယ်။ အဲသည်လို ပစ္စည်းလေးတွေ ၀ယ်ယူစုဆောင်းထားတာ အရေအတွက် ၃၀၀၀ တောင် ရှိလာပြီးတဲ့နောက် ပြတိုက်တွေနဲ့ ဆက်သွယ်ပြသဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် Fork Artပြတိုက်ရဲ့ မှတ်ချက်ကို ကိုးကားရရင် “သူဟာ ကော်မတီထဲက တက်ကြွတဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ ပြတိုက်ကို ရောက်လာတဲ့ Folk Art တွေကိုလည်း ဂရုတစိုက် ကြိုဆိုတယ်။ ပြီးတော့ သူ့ဆီက အမြဲကြားရလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ်။ သူ့ရှေ့ရောက်လာတဲ့၊ သူ့ကို လာပြတဲ့ Fork Art တွေကို တွေ့တိုင်း သူက - ကျွန်တော့်အိမ်မှာ အဲသည်လိုပစ္စည်းလေးရှိတယ်ဗျ၊ ကျွန်တော်ယူလာပြဦးမယ် - တဲ့။“

ဂျူနီယာဝင်း
(၁၉၉၁ ခုနှစ် မေလ ထုတ် American Weekly Newsletter မှ ဒေးဗစ် အမ် မက်စ်ဖီးလ် (David M.Maxfield) ၏ The Unexpected is Found in an Intrepid folk Art Collection ကို မှီငြမ်းဘာသာပြန်ဆိုကာ Robert Smith Herbert ၏ Waide Hemphill Jr., Folk Art Collector, Dies at 69 (May 13, 1998) နှင့် Steve Ashby ၏ Renwick Gallery, နှင့် Wiki Folk Art မှ အချက်အလက်များကို စုပေါင်းရေးသားခဲ့တာ ဖြစ်ပါသည်။)


0