မင်းကိုနိုင် ● ဖိနပ်အပေါင်းရဲ့ ဇာတ်ကြောင်းတွေ

မင်းကိုနိုင် ● ဖိနပ်အပေါင်းရဲ့ ဇာတ်ကြောင်းတွေ
(မိုးမခ) မတ်လ ၂၀၊ ၂၀၁၈

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

ဖိနပ်ဟောင်း မှန်သမျှဇာတ်ကြောင်းပြန်ပြစရာရှိတယ်ဟု ကျွန်တော်ကအဆိုတင်ချင်သည်။ ဖိနပ်နှင့်ပတ်သက်သည့် ဇာတ်လမ်း လူတိုင်းကိုယ်စီရှိသည်မဟုတ်ပါလား။ တစ်ယောက်က ပြောလိုက်သည်နှင့်ကိုယ့်မှာလည်းပြောစရာအသင့်ရှိပြီးသား။ အများစုမှာ လွမ်းစရာ၊ရယ်စရာ၊ ရှက်စရာ၊သံဝေဂရစရာအစုံပါပါလိမ့်မည်။ ဖိနပ်မှား၊ ဖိနပ်ပျောက်၊ ဖိနပ်ပြတ်ထိုမှစသည့်ဇာတ်လမ်းတွေများပါ သည်။

ဖိနပ်နှင့်ပတ်သက်၍ အစောဆုံးမှတ်မိကြတာချင်းလည်း တူ ကြပါလိမ့်မည်။ ဖိနပ်မမြဲသည့် အရွယ်မို့ အတုပ်အနှောင်နှင့်စီးရသည့်အတွေ့အကြုံသစ်က အဲသည်လူကလေးတွေကို အတွေးအမြင်စပေးနိုင်ပါသည်။

‘‘ဟဲ့...ကလေးက ဖိနပ်လည်း မပါဘူး။ ခုပြန်စီးစမ်း။ ဆင်ခြေပေးမနေနဲ့’’

ဒါကကလေးတိုင်းကြုံဖူး သည့်အမိန့်။ ဒါကို လိုက်နာပြီး နေရာတကာစီးပြန်တော့လည်း အဆင်မပြေသေးပါ။

‘‘ဟဲ့ ဖိနပ်ကြီးစီးပြီး ၀င်လာ ရလား၊ ခုပြန်ချွတ်’’

အိမ်ဦးခန်းမှစ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ဖိနပ်မစီးရတဲ့နေရာတွေအများသားမဟုတ်လား။ တစ်ခါတစ်ရံ ကြမ်းပူပူ၊ ဆူးထူထူတွေထဲ ဖိနပ် ချွတ်လျှောက်ခိုင်းတာလည်း ကြုံ ရမည်။ အမျိုးမျိုးပဲဟု ကလေးတွေရေရွတ်စေမည့် ထိုဖိနပ်ကပေးသည့်အသိများ။ ဒါတောင် တချို့ နေရာတွေ ဖိနပ်စီးလို့ရတယ်၊ မရဘူးငြင်းနေကြရသေး။
••👞••

ဖိနပ်အကြောင်းကို စဉ်းစား မိတာ ကျွန်တော်သိပ်အားနေတဲ့အချိန်က အတွေးဖြစ်တာလည်း ပါပါလိမ့်မည်။ နေရာကဆက်သွယ်မှုဧရိယာပြင်ပ။ နေရတာက အထီးကျန်ဆိုတော့တွေးခြင်းသာ လျှင် အလုပ်ဖြစ်တော့သည်။ ကဗျာတစ်ပုဒ်ကိုသတိရသည်။ ဘယ်သူရေးလဲ မမှတ်မိတော့ပါ။

ငါ၏ ဖိနပ်သဲကြိုးပြတ်၍
ကုန်းတပ်နေရသောအချိန်...။

ဟိုသူဌေးကြီး ဇိမ်ခံစီးသည့်
မာစီဒီးကား ဘီးပေါက်ချိန်...။

ဒါက ထိုတစ်ကိုယ်ရေဘ၀ တွင် ဘာအလုပ်မှမရှိ အခန်းထဲနေ့စဉ်လမ်းပတ်လျှောက်ရင်း ကြာ တော့ ဖိနပ်သဲကြိုးခေါင်ကချောင် ပြီး ခဏခဏပြုတ်ထွက်လိုက်၊ ကုန်းတပ်လိုက်ရှိစဉ်ကသတိရမိ သောစာ ဖြစ်သည်။

ကြာသော်သဲကြိုးလည်းပြတ်၊ အသစ်လဲစရာလည်းမရှိသည့်အဆုံး ကြွပ်ကြွပ်အိတ်ကို သဲကြိုးလုပ် စီးခဲ့ရတာ ကျင့်သားရတော့သည်။

နောက်တော့ အိမ်ကို လိုအပ်တာမှာခွင့်ရ၊ ဖိနပ်သဲကြိုးလှမ်းမှာ၊အကြာကြီးစောင့်၊ အဆက်အ သွယ်ပြန်ရ၊ ပါဆယ်ထုပ်လက်ထဲရောက်တော့ ဖိနပ်အောက်ခံပြား က ပိန္နဲရွက်ကို ဆိတ်ဝါးထားသည့်နှယ် အခြေအနေဆိုးနေပြီ။ ရယ်ရခက်ခက်။

လေးလှမ်းတစ်ကွေ့၊ လေး ကွေ့တစ်ပတ်ခဏရပ်ပါ၊ ဖိနပ်ပါးလေး ပြတ်တော့မယ်။

-=👟=-👠-=-

ကျွန်တော်လျှောက်ခြင်းကို ရပ်လျက် ဖိနပ်ပါးကို ငုံ့ကြည့်ကာတွေးဖူးသည်။ ဖိနပ်တွေမှာ ဇာတ် လမ်းတွေရှိတယ်။ ထင်ရှားတဲ့သူ တွေရဲ့ ဖိနပ်တွေကို သတိထား ကြည့်မိလားဟု စတွေးမိသည်။

ငယ်စဉ်က စင်ဒရဲလားပုံပြင် ကိုပဲကြည့်ပါ။ မတရားနှိပ်စက်ခံနေရသူအတွက် သူ့ဖိနပ်တစ်ဖက် က ထိုဘ၀ဆိုးမှ လွတ်အောင်ကြံ ပေးခဲ့သည့် မိတ်ဆွေဖြစ်ခဲ့သည်။ အနိုင်ကျင့်သူတွေလက်ထဲက လွတ်ပြီး ရွှေမင်းသားလေးရင်ခွင် ရောက်အောင်ပို့ပေးခဲ့တာ။ ကောက်ကျစ်ကြမ်းကြုတ်သူတွေ လက်က ဖြူစင်သူတွေတစ်နေ့ လွတ်ရမယ်ဆိုတာ စင်ဒရဲလားရဲ့ ဖိနပ်တစ်ဖက်ကကလေးပုံပြင်ထဲ ပြောခဲ့တယ်မဟုတ်ပါလား။ ဇာတ် လမ်းအရမတော်တဆကျွတ်ကျန် ခဲ့တဲ့ ဖိနပ်တစ်ဖက်ပေါ့။

မတော်တဆဆိုလို့ မဟတ္တမ ဂန္ဒီရဲ့ ဖိနပ်တစ်ဖက်ကလည်းမတော်တဆကျွတ်ခဲ့တာပဲ မဟုတ် ပါလား။ ပထမတစ်ဖက်အဲဒီလို မတော်တဆကျွတ်ခဲ့လို့ပဲ ဒုတိယ တစ်ဖက်ကို ကောက်ရသူအသုံး ၀င်ချမ်းသာပါစေတော့လို့ ရည် ရွယ်ချက်ရှိရှိ ချွတ်ပစ်ပေးခဲ့တာမဟုတ်ပါလား။

ရည်ရွယ်ချက်ရှိရှိဆိုလို့ ဆို ဗီယက်ခေတ်က သမ္မတ ခရူးရှက်ဖ်ချွတ်လိုက်တဲ့ ဖိနပ်တစ်ဖက်ကို လည်း ကြည့်ပါ။ အလှည့်ကျ စကားပြောစင်မြင့်ရဲ့ခုံကိုဖိနပ် ကြီးနဲ့ တဗြောင်းဗြောင်းခေါက်၊ ထုရိုက်ခဲ့တာ မှတ်မိကြပါဦးမည်။ ကုလသမဂ္ဂညီလာခံစင်ပေါ်က မိန့်ခွန်းပြောရင်း ခုလိုပြုလိုက်ခြင်း အပေါ် လမ်းသရဲဆန်တဲ့ အပြုအ မူဟု စာတွေထဲဝေဖန်ခဲ့ကြတာ သတိရပါသည်။ ဒေါသဖြစ်နေ မည့် ခရူးရှက်ဖ်မျက်နှာကိုလည်း မြင်ယောင်ပါ၏။

ဒေါသဖြစ်လို့ဆိုပြန်တော့ မျက်နှာဖြူအရာရှိ ရုံးခန်းဝချွတ်ခဲ့ သည့် ဖိနပ်တွေကို မြင်ကာဒေါသ တကြီးကန်ကျောက်ခဲ့သည့် သခင်ဘသောင်းကို အမှတ်ရပြန်သည်။ ဗြိတိသျှလူမျိုးအရာရှိမင်းက သူ့ ရုံးခန်းထဲ သူကိုယ်တိုင်ကျဖိနပ်စီး ပြီး ရုံးကိုလာသည့် မြန်မာတွေကို ဖိနပ်ချွတ်စေသည့်အပေါ် အခန်းဝမှာ တန်းစီနေသည့် ဖိနပ်တွေကို ကန်ပစ်ပြီး ဖိနပ်စီးလျက် အခန်းထဲရင်ကော့ဝင်သွားသည့် သခင်ဘသောင်း။

ဖိနပ်ဟောင်းတွေရဲ့ ဇာတ် ကြောင်းအထွေထွေကို ကျွန်တော်အားတိုင်းတွေးမိစဉ် ဖိလစ်ပိုင် သမ္မတဟောင်းအာဏာရှင် မား ကို့စ်၏ ဇနီး အီမယ်ဒါ၏ ဖိနပ်အပုံကြီးကိုလည်း မြင်ယောင်မိပါ၏။

လူကဒရောသောပါး ထီးနန်းစွန့်ပြေးရပြီဆိုတော့ ကမ္ဘာကျော် တံဆိပ်ကြေးအမြင့်ဆုံးဖိနပ်တွေ ကို မသယ်အား။ စတိုးဆိုင်ကြီးဖွင့်ရောင်းရလောက်အောင် ကျန်ခဲ့ သည့် သူမဖိနပ်တွေက ဖိလစ်ပိုင်၏ သမိုင်းတွင် မှောင်ညစ်ပြီး တစ်ဖက်စောင်းနင်းဘ၀တွေ၊ အခွင့် ထူးခံများ၏ ‘ပြည်သူ့ဘဏ္ဍာ ကိုယ့်ဟာမှတ်လို့’ စိတ်ထားတွေ ကို ပြောပြခဲ့သည်မဟုတ်ပါလား။

ဒါဖြင့် ဘရာဇီးသမ္မတဟောင်း ‘လူလာဒါဆေးလ်ဗား’ ကလေးဘ၀ကလုခဲ့တဲ့ ဖိနပ်က ကော။ သမ္မတလောင်းငယ်စဉ် ဖိနပ်တိုက်သမားဘ၀က အလုအ ယက် တောင်းယူတိုက်ပေးခဲ့ရ သည့် ရှူးဖိနပ်တွေကလည်း တစ်စုံတစ်ရာပြောပြနိုင်မှာသေချာပါ သည်။ ဘောလုံးထူးချွန်နိုင်ငံဖြစ်ရုံ မက ငယ်စဉ်က ဖိနပ်တိုက်သမား တစ်ယောက်ကို သမ္မတမြှောက် တင်ဝံ့သည်အထိ ရဲရင့်ရင့်ကျက်ခဲ့ သည့် ဘရာဇီးပြည်သူတို့အ ကြောင်း ထိုဖိနပ်များကို မေးနိုင် ပါလိမ့်မည်။
-=-=👢-=-👠=-👞=-

ဖိနပ်တွေက ဇာတ်လမ်းအ ပြင် တခြားမပြောနိုင်ဘူးလား၊ မေးစရာရှိသည်။ သိပ်ပြောနိုင်တာပေါ့။ လူတစ်မျိုး (သို့မဟုတ်) လူ့ အဖွဲ့အစည်းတစ်ခုခု၏ အယူအဆကိုလည်း ပြောပြနိုင်သည်။ ကြည့်ပါ။

ယောက်ျားဖိနပ်၊ မိန်းမနား ကပ်တဲ့။ ဒါက ဘာကိုဆိုလိုပါသ လဲ။ လူ့အသုံးအဆောင်နှင့် အ ဆင်တန်ဆာကို လူတွေက ဤသို့ တွဲစပ်တန်ဖိုးသတ်မှတ်ခဲ့ကြောင်း သက်သေခံနေတာဖြစ်သည်။ သဘောတူ၊ မတူဆိုတာကတော့ ကိုယ်စီတစ်ဦးချင်းကိစ္စ။ သဘော တူသူတွေများစွာရှိခဲ့တယ်ဆိုတာ က အယူအဆဖြစ်ပါမည်။

ဒါတင်လားဆိုတော့မကပါ။ ဖိနပ်တွေက လူ့အတွေးအခေါ် တွေထဲအရေးပါနေဆဲ။ ပြဿနာ တစ်ခုအပေါ် ဖြေရှင်းမှုအမှားတွေ အတွက် ခိုင်းနှိုင်းပုံက ‘ဖိနပ်နဲ့ ခြေ ထောက်မတော်တဲ့ကိစ္စ၊ ဖိနပ်မ ပြင်ဘူး၊ ဖနှောင့်ပဲလှီးမယ်ဆိုတဲ့ အတွေးအခေါ်တွေ’တဲ့။

နိုင်ငံနေရာတော့ အတိအကျမပြောလိုတော့ပါ။ ဖွံ့ဖြိုးမှုအနည်း ဆုံးဒေသတစ်ခုတွင် ဖြစ်ပါသည်။ အနီးဆုံး တောမြို့မှာ ပွဲတော်တစ် ခုဖြစ်တော့ ရွာကလူတွေပွဲလာ ကြတာ အားလုံးခြေဗလာ။ ဒီလိုဆို ၍ ဖိနပ်မပါဟု မထင်စေလိုပါ။ ဖိနပ်က လက်ကောက်ဝတ်တွေ မှာ။ ခြေညှပ်ဖိနပ်ကိုယ်စီဘယ် ညာစွပ်လျက်။ ဘာလုပ်တာလဲ ဆိုတော့ ဖိနပ်စီးလေ့စီးထမရှိလို့ မစီးတာတဲ့။ ဒါဖြင့် ဘာလို့ယူလာ သေးလဲဆိုတော့ ဖိနပ်တောင် မ၀ယ်နိုင်ဘူးထင်မှာစိုးလို့တဲ့။ ဒီဇာတ် ကြောင်းကလည်း ဖိနပ်အပေါင်းကပေးတဲ့ အတွေးရနိုင်ပါလိမ့်မည်။

တကယ်တော့ ဖိနပ်တွေအ ကြောင်းက ပြောစရာကုန်မည်မ ဟုတ်။ ကျွန်တော်တို့ငယ်စဉ် ရွှံ့ စေးမြေမှာ ဖိနပ်ကပ်ခွာမရ၊ သဲ ကြိုးခေါင်က ဖောင်းခနဲ မကြာ ခဏပြုတ်ထွက်လိုက်၊ တံတွေး စွတ်ပြီး လက်မနှင့်ပြန်ဖိသွင်း လိုက်၊ တော်ကြာ ဖောင်းခနဲပြန် ပြုတ်ထွက်လိုက်၊ ကြက်ပေါင်စေး ဖိနပ် (ခေါ်) ရော်ဘာညှပ်ဖိနပ်တွေ ပေးသည့် ဒုက္ခကို မျိုးဆက်သစ် တွေအား ပြောပြတော့ သူတို့က သနားရယ်ရယ်ကြပြီး အတော် ဆင်းရဲခဲ့ကြတာပဲတဲ့။ ရှားပါးတဲ့ ခေတ်သမိုင်းကို ဖိနပ်ဟောင်းတွေ က ပြောပြနေတာ သူတို့သိပ်ကြား ဖူးဟန်မတူပါ။ ပိန်းတန်းဖိနပ် (သားရေ)ဖိနပ်ဆိုလျှင် သဲကြိုးပြုတ်၍ သံမှိုရိုက်ရ၊ ရော်ဘာညှပ်ဖိနပ်တွေက ဈေးထဲမှာ သဲကြိုးဆိုဒ်စုံဝယ်လဲရ။ ဖိနပ်ပြင်ဆိုင်တွေ လမ်းထောင့်ဈေးကွေ့တွေမှာ တွေ့နိုင်သည့်ခေတ်အကြောင်း နှောင်းလူတို့မသိသလို ဖိနပ်ပြတ်သည့် မိန်းကလေးကို အကူအညီပေးရင်းစခဲ့သည့် ဇာတ်လမ်းမျိုး ခုခေတ်မရှိသလောက်ရှားပါတော့သည်။

ဖြတ်သန်းရသည့်ခေတ်အ လျောက် အတွေးအမြင်မတူလျှင် သာရှိပါလိမ့်မည်။ ဖိနပ်တွေက တော့ လူတွေကို စကားပြောနေ မည်မှာ ကျွန်တော်ယုံသည်။ မိတ် ဆွေတို့ထဲမှလည်း ‘ဖိနပ်အပေါင်း ရဲ့ ဇာတ်ကြောင်းတွေ’ကို နား ထောင်ချင်သေးသည်။ အချိန်ကို ငဲ့၍ ယခုကျွန်တော့်ကိုယ်တွေ့ ဖိနပ်တစ်ရန်အကြောင်းပြောပြရင်း စကားစသတ်ပါမည်။
..
“ အမှန်တရားနှင့် အမှားတစ်ရန် “
အလှူပွဲခင်းမှာ
ဖိနပ်ချင်းမှားလို့
သူတစ်ပါးဖိနပ်
ခပ်ကျပ်ကျပ်နဲ့ ခရီးဆက်ခဲ့
နောက်တစ်ပွဲလည်း
ဒီအမှားတစ်ရန်ပဲ၊
ထပ်ပျောက်လို့လိုက်အရှာ
‘‘ဒီဖိနပ်လား၊ ဒါလား’’
မေးတဲ့အခါ...
ဒီပွဲမှာ စီးခဲ့တဲ့
ဖိနပ်မှန်နေတော့
‘‘ဟုတ်တယ် မှန်တယ်’’လို့
ဖြေခဲ့ရ
သြော်...
မူလအစစ်ပြန်မတွေ့သမျှ
အမှားတစ်ရန်ဟာ အမှန်တရားဖြစ်နေဦးမှာပ။။
.
-#မင်းကိုနိုင်
(7day Daily သတင်းစာပါ အတွေးအမြင်ဆောင်းပါး)
0