အမ္ဗနဒီကျော်စွာ ● ကျွန်တော်ဖြစ်စေချင်သော ပညာရေး

အမ္ဗနဒီကျော်စွာ ● ကျွန်တော်ဖြစ်စေချင်သော ပညာရေး
(မိုးမခ) မတ်လ ၂၃၊ ၂၀၁၈

ကျွန်တော်ဖြစ်စေချင်သောပညာရေးဆိုသည်မှာ စာပေတစ်ခုတည်းကိုသာ အားပြုသင်ကြားပေးသော ပညာရေးမဟုတ်ပါ စာကိုအလွတ်ရအောင်ကျက်ပြီး အမှတ်ရအောင် ဖြေဆိုရသောပညာရေးမဟုတ်ပါ။ ကျွန်တော်ဖြစ်စေချင်သောပညာရေး သည်ကား စာဖတ်နည်း၊ စာရေးနည်း၊ တွေးခေါ်မျှော်မြင်နည်း၊ ကြံဆတီထွင်နည်း၊ မေးခွန်းထုတ်နည်း၊ ဖြန့်ကျက် ချိန်ဆနည်း၊ စုပေါင်းလုပ်ဆောင်နည်း၊ ခေါင်းဆောင်နည်းစသည်ဖြင့် ဆရာစားတစ်ကွက်မှမချန်ရဘဲ ဆရာထက် တပည့် ပိုတော် ပိုတတ် ပိုသိပိုနားလည်ကာ တစ်ဆင့်ထက် တစ်ဆင့် ဆရာကောင်းတပည့်များ ပန်းကောင်းပန်ကြရသော ပညာရေးမျိုးကိုသာ အစဉ် သဖြင့် လိုချင်တပ်မက် ချဉ်ချင်းတက်ပြီး မျှော်တလင့်လင့် စောင့်စားလျက်ရှိပါသည်။

ပညာရေးဟုဆိုလျှင် စာပေတစ်ခုတည်းဟု ကျွန်တော် မယုံကြည်ပါ၊ မသတ်မှတ်ထားပါ။ ပညာ၏အဓိပ္ပါယ်ကိုကပင် စဉ်းစားရ ခြင်း၊ ဆင်ခြင်ရခြင်း၊ မျှော်မြင်ရခြင်းတွေးခေါ်ရခြင်း၊ ကြံဆရခြင်းတီထွင်ရခြင်း၊ စူးစမ်းရခြင်း၊ လေ့လာရခြင်း၊ မှတ်သားရခြင်းသင်ယူရခြင်းလေ့ကျင့်ရခြင်းစည်ဖြင့် အပြားပြားသော အရေးကိစ္စများထဲတွင်မှ ကျက်၊ အံ၊ ရွတ် စနစ်တစ်ခုတည်းကိုသာ အဘယ်ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွင်းမှာ ကျင့်သုံးနေကြရပါသနည်း။

အရင်းစစ်လျှင် အမြစ်မြေကဆိုသလိုပင် ပညာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရခေါင်းပေါ်သို့သာ ငါးတကာတို့ ချေး ပုဇွန်ဆိတ်ခေါင်းပေါ်ကျ ဖြစ်ပါလိမ့်မည်။ ထိုအဖြစ်မျိုးကိုလည်းမည်သူမျှ လက်ညှိုးထိုးခံချင်ကြလိမ့်မည် မဟုတ်ပါ။ ဤသို့ ဆိုလျှင် ယခုပညာရေးသည် ပြည်သူလုထုကလိုချင်နေသော ပညာရေးစနစ်လားဟု မေးလျှင်လည်း မဟုတ်ပြန်ပေ။ ဒါဆို ပြည်သူလုထုက လိုလားတောင့်တနေသော ပညာရေးကို အစိုးရက မသိခြင်းပေလား။  ထို့သို့လည်း မဟုတ်နိုင်ပြန်ရာ။ နိုင်ငံ ကို အုပ်ချုပ်စီမံခန့်ခွဲနေရသောလူကြီးမင်းများသည် ပြည်သူတို့ဆန္ဒကို မသိသောလူကြီးဟူသည် မရှိတန်ရာသောကြောင့် အမှန်ပင် သိရှိပြီးဖြစ်ပေလိမ့်မည် သာမာန်သူတို့ထက် အတွေးအခေါ် အမျှော်အမြင်ကြီးမား၍သာ အလုပ်ကိစ္စ လွန်စွာများလှသောတာဝန်များကိုယူကာထမ်းဆောင်နေကြခြင်းမဟုတ်ပါလား။

ထိုသို့ဆိုလျှင် သိလျက်နှင့်ပင် မျက်ကွယ်ပြုနေ ကြခြင်းလားဟုမေးလာလျှင် မျက်ကွယ်ပြုနေသူများရှိကြသကဲ့သို့ မျက်ကွယ် မပြုပါဘဲ အားကျိုးမာန်တက် အားသွန်ခွန်စိုက် ပညာရေးအတွက် ရေကုန်ရေခမ်းကျိုးပမ်းနေကြသူများလည်း ရှိပါသည် ဟု ဖြေရပါလိမ့်မည်။ သို့သော် မျက်ကွယ်ပြုထားချင်သူများက အင်အားကြီးမားကာ အင်တိုက်အားတိုက် ကြိုးပမ်းနေသူများကအင်အားနည်းနေပါကလည်းအချည်း နှီးသာဖြစ်နေပေလိမ့်မည် မဟုတ်ပါလား။ ထို့ကြောင့် နေရာမှန် လူမှန်ဖြစ်အောင် ကြိုး စားကြရမည်မှာ ကျွန်တော်တို့ ပြည်သူများ၏ စုပေါင်းအင်အားများဖြင့် တက်ညီလက်ညီ ဆောင်ရွက်ကြမှသာ မုချမလွဲမသွေ အောင်မြင်ပေလိမ့်။ ကျွန်တော်တို့ အရယူပြီး နောင်လာနောက်သား မျိုးဆက်သစ်လူငယ်များကို အမွေပေးခဲ့ရမည့် ပညာရေး စနစ်မျိုးမှာ တစ်နိုင်ငံလုံး မောင်ဖြူကလေးများဖြစ်နေ၍မရပါ။ တစ်နိုင်ငံလုံး ဦးနီ၏သားများဖြစ်နေ၍ မရပါ။ မည်သို့ရေးရမည် ဟူ၍ ဆရာများကပုံစံပေးမှ ၏/သည် မလွဲလိုက် ကျက်လိုက် ရေးလိုက် ဖြေရသော ပညာရေးမျိုးကိုသာ ဆက်လက်၍ မပေး ခဲ့မိဖို့ အရေးကြီးလှပါသည်။

ကျွန်တော်တို့ မျိုးဆက်သစ်များကိုပေးခဲ့ရမည့် ပညာရးအမွေစနစ်ကောင်းတွင် တစ်ရာခိုင်နှုန်းခန့်သာ ပညာရေးပီသသော ဖတ် မှတ် ကျက် အံရွတ် ဖြေမေ့သင်ညာရေးတစ်ခုတည်းနှင့် အဆင်မပြေနိုင်ပါ။ ပညာရေးထဲတွင် စာဖတ်ခြင်းတစ်ခုတည်း သာမဟုတ်ပါဘဲ လူ့ဘဝလူ့လောကတွင် တွေ့ဆုံကြုံကြိုက်ရမည့်အရေးအကြောင်း ပြဿနာ အထွေထွေတို့ကို ဖြေရှင်းနိုင်ရန် အမြဲတမ်းအဆင်သင့်အနေအထားဖြစ်နေစေရန် လောကဓံကိုခံနိုင်ရည်ရှိစေရန်မှန်လျှင် မှန်ကန်ကြောင်း ချီးမွမ်းထောက်ခံ ပြောဆိုဝန်ခံရဲသောသတ္တိ၊ မှားနေလျှင် မှားကြောင်းဝန်ခံရဲသောသတ္တိ၊ ထောက်ပြဝေဘန် ပြန်ပြောရဲသောသတ္တိ၊ အသိဉာဏ် ပညာပြည့်စုံသော ဗဟုသုတကြွယ်ဝသော သနားကြင်နာတတ်ကာ ကိုယ်ချင်းစာတရားရှိပြီး အခြေအနေအရပ်ရပ်တို့ကို အမှန် အမှား အတိအပခွဲခြားဆန်းစစ်တတ်သော ဇွဲလုံလဝရိယ၊ ငုပ်မိသဲတိုင် တက်နိုင် ဖျားရောက်၊ မှန်ကန်သောပန်းတိုင်များ သတ်မှတ်ထားရှိတတ်သော စိတ်ရှည်သည်းခံတတ်သော အဂတိတရားကင်းသော အသက်အရွယ်ဂုဏ်ဝါကြီးရင့်သူများကို ဖေးမကူညီတတ်သော၊ ရွယ်တူများကို လက်ရည်တပြင်တည်း ပေါင်းသင်းဆက်ဆံတတ်သော၊ ငယ်သူများကို သနားကြင်နာ လက်တွဲကာခေါ်ယူတတ်သော ဆင်ခြင်တုံတရားရှိသော၊ အမှန်တရားကို တန်ဖိုးထားတတ်သော ဂီတကိုချစ်မြတ်နိုး တတ်သော၊ သဘာဝလောကကြီးကို ထိန်းသိမ်းစောင့်ရှောက်တတ်သော သားကောင်းသမီးရတနာများကိုမွေးထုတ် ပေးနိုင် သည့် ပညာရေးစနစ်တစ်ခုကို မှန်ကန်သောနည်းလမ်းများဖြင့် ပေးအပ်ခဲ့နိုင်အောင် ကြိုးစားကြရမည်ဟု ယူဆမိပါသည်။ သို့မှသာ ကမ္ဘာ့အလယ်တွင် ခန့်ငြားဝင့်ထည်စွာ လက်မထောင်နိုင်သော ရင်ကော့နိုင်သော ဦးမော့နိုင်သော မြန်မာနိုင်ငံသား မြန်မာလူမျိုးဟေ့လို့ ငွါးငွါးစွင့်စွင့် ပွင့်လန်းသောပန်းများအဖြစ်ကို ရရှိရောက်ရှိနိုင်ကြမည့် ဂုဏ်ယူနိုင်ကြသည့် နိုင်ငံသူ နိုင်ငံ သားများဖြစ်အောင် ပြုစုစောင့်ရှောက်ပေးနိုင်သော ပညာရေးစနစ်တစ်ခုနှင့် ရင်အေးနိုင်ကြပေလိမ့်မည်မဟုတ်ပါလား။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်ခန့်ကတည်းက မြန်မာလူမျိုးတို့က ကျွန်ပညာရးဟုသတ်မှတ်ခဲ့ကြသော အင်္ဂလိပ်လူမျိုး တို့၏ မြန်မာနိုင်ငံတွင်းသင်ကြားပေးခဲ့သောပညာရေးစနစ်နှင့် ကျောင်းများတည်ဆောက်ထားပုံကိုကြည့်ပါက ထင်ရှားစွာ တွေ့မြင်နိုင်ပါသေးသည်။ အင်္ဂလိပ်လူမျိုးတို့ တည်ထောင်ခဲ့ကျောင်းများတွင် ဘုရားကျောင်းရှိသည်၊ ဘောလုံးကွင်းရှိသည်၊ ဘတ်စကစ်ဘောကွင်းရှိသည်၊ ဘောလီဘောကွင်းရှိသည်၊ တင်းနစ်ကွင်းရှိသည်၊ ဓါတုဗေဒလက်တွေ့စမ်းသပ်ခန်းများဓါတ်ခွဲခန်းများရှိသည်။ ဂီတနှင့်ပတ်သက်သောတူရိယာများအစုံအလင်နှင့် လေ့ကျင့်ခန်းများရှိသည်။ ခန်းမကျယ်ဟောခန်းများ ရှိသည်။ ကျောင်းပိုင်ဆေးခန်းများရှိသည်။ မုန့်ဈေးတန်းများရှိသည်။ ဘုရားဝတ်ပြုခန်းရှိသည်။ ကျောင်းပိုင်ပန်းဥယျာဉ်ရှိသည်။ ကျောင်းပိုင်စာကြည့်တိုက်ရှိသည် စသည်ဖြင့် အစုံအလင်ထားရှိပေးထားသော ပညာရေးစနစ်သည်ပင်လျှင် ကျွန်ပညာရေး စနစ်ဖြစ်သည်ဆိုလျှင် ယခု ကျွန်တော်တို့၏ လက်ရှိပညာရေးစနစ်သည် ကျွန်ပညာရေးစနစ်ထက် ပိုကောင်းနေပြီလားဟု မေးစရာရှိပါသည်။ ကျွန်တော်ကတော့ ရှင်းပါသည်။  ထိုကျွန်ပညာရေးစနစ်ထက် သာလွန်ကောင်းမွန်ပြီး ပိုမိုစုံလင်သည့် ဘာသာရေး လူမှုရေး စီးပွားရေး လောကနီတိ ပြည်သူ့နီတိရိုးရာအားကစားနည်းများ ပြည်ပနိုင်ငံများမှ အားကစားနည်းများ ရေကူးကန်၊ စကိတ်ကွင်း၊ ဟော်ကီကစားကွင်း၊ ရေခဲပြင်စကိတ်ကွင်း၊ တောင်တက်လေ့ကျင့်သော ကျောက်တောင်တုနံရံများ အပြင် ထိမ်းသိမ်းသင့် ထိမ်းသိမ်းအပ်သော ရိုးရာအမွေအနှစ်များအကြောင်း၊ သယံဇာတများအကြောင်း၊ သဘာဝရေမြေတော တောင် မီးတောင် ရေခဲတောင် စိမ့်စမ်းများတူးမြောင်းများချောင်းမြောင်းအင်းအိုင်များ မြစ်များပင်လယ်များအကြောင်းဂီတအနုပညာနှင့်ပတ်သက်သော တူရိယာတစ်ခုချင်းစီ၏ သမိုင်းများတီးခတ်နည်းများ စွန့်ဦးတီထွင်နည်းများအကြောင်း၊ နာမည် ကြီး သူရဲကောင်းများ၊ လူတော်အကျော်အမော်များ၊ သိပ္ပံပညာရှင်များအကြောင်း၊ နိုဘယ်ဆုရှင်များအကြောင်း၊ ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းများထဲမှ မှတ်သားသင့်သော ပုဂ္ဂိုလ်များအကြောင်း၊ သစ်ပင်ပန်းပင်များအကြောင်း၊ လူသားတို့ စောင့်ထိန်း အပ်သော ကိုယ်ကျင့်သိက္ခာတရား ရှောင်ရှားသင့်သောအကျင့်ဆိုးများအကြောင်း၊ တရားဥပဒေများအကြောင်း အခြေခံ ဥပဒေများအကြောင်း စသည်ဖြင့် လူတစ်ဦးတစ်ယောက်အတွက် ကြုံတွေ့ဖြေရှင်းရမည့်အကြောင်းခြင်းရာများကို စာသင် ခန်းထဲမှာ ပညာရည်နို့သောက်စို့ကာ သင်ယူနေရသည့်အချိန်တွင် အားလုံးကို သဘောပေါက်နားလည်အောင် ဆရာစားမ ချန်သော ဆရာကောင်းများနှင့် ပညာရေးစနစ်ကောင်းများနှင့် သင်ကြားကြရစေလိုပါသည်။

အခုအချိန်အခါတွင် ဆင်းရဲတွင်းနက်ထဲကကုန်းထနေရသော ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးတွင် မဖြစ် နိုင်သေးသည်ကိုသိပါသော်လည်း လူစုံတက်စုံ အားသွန်ခွန်စိုက် ညီညီညာညာ ကြိုးစားကာ ဒီမိုကရေစီလမ်းပေါ် ဖြောင့် ဖြောင့်မတ်မတ် လျှောက်နိုင်သောတစ်နေ့တွင်တော့ ဖြစ်ချင် လိုချင် ရချင်မိသော ထိုပညာရေး စနစ်ကောင်းကိုရရှိရန် ကြိုး စားအားထုတ်ကြမှုများထဲတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ခြင်းအမှုကိုပြုရသောသူတစ်ဦးဖြစ်ခွင့်ကို ဆုမွန်ကောင်း တောင်းမိပါတော့သည်။

 အမ္ဗနဒီကျော်စွာ


illustration : Dale Edwin Murray

Comments