မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ - ၁၉၈၀) - အပိုင်း (၆၆)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ - ၁၉၈၀) - အပိုင်း (၆၆)
(မိုးမခ) ဧပြီ ၁၃၊ ၂၀၁၈

● တပ်မဟာ ၇၆၈ နှင့် ရှမ်းတိုင်းသားလက်နက်ကိုင်များ
CPB တပ်မဟာ ၇၆၈ သည် CPB ပါတီဗဟိုမှ တိုက်ရိုက်ကိုင်တွယ်သည့် သီးခြားတပ်မဟာ ၁ ခုဖြစ်သည်။ မည်သည့် စစ်ဒေသတွင်မှ ပါဝင်ခြင်းမရှိပေ။ တပ်မဟာ ၇၆၈ သည် အရှေ့မြောက်စစ်ဒေသနှင့် ၈၁၅ စစ်ဒေသကြားရှိ မိုင်းယန်းမြို့ နယ်အား အခြေပြုလှုပ်ရှားသည့် တပ်မဟာဖြစ်သည်။ ၇၆၈ တပ်မဟာသည် မူလက ရှမ်းအမျိုးသားတပ်မတော်အမည်ဖြင့် သီးခြားရပ်တည်ခဲ့သော ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်ပြီး ၁၉၇၆ ခုနှစ်၈ လပိုင်း (သြဂုတ်လ) တွင် CPB ၏ ပြည်သူ့တပ်မတော် တပ်ဖွဲ့တခုအဖြစ်ပြောင်းလဲ ဖွဲ့စည်းရပ်တည်ခဲ့ခြင်းဖြစ်သည်။

၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် မိုင်းတုံမြို့နယ်၊ နမ့်ကျွတ်ချောင်းဘေး ရှမ်းပြည်နယ်တောတွင်းတနေရာ၌ ကျိုင်းတုံစော်ဘွား၏ဦးလေးတော်စပ်သူ စဝ်နွဲ့ဦးစီးသည့် ရှမ်းလူငယ် ၃၁ ဦးသည် သစ္စာရေသောက်၍ နွမ်စစ်ဟန် (ရဲရင့်သော လူငယ်စစ်သည်တော်) ဟုခေါ်သည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို စတင်ဖွဲ့စည်းပြီး ပြည်မအစိုးရကို စတင်ပုန် ကန်ခဲ့သည်။ အဆိုပါ နွမ်စစ်ဟန်အဖွဲ့မှအစပြု၍ ရှမ်းပြည်နယ်အနှံ့တွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက် လာခဲ့သည်။

အလားတူပင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံဒေသတွင် ရှမ်းအမျိုးသားတပ်မတော် (Tai National Army - TNA) အား ၁၉၆၀ ခုနှစ် မေလ ၁၁ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။ ခေါင်းဆောင်သူမှာ ဦးကုန္တရအမည်ရှိ ရှမ်းဘုန်းတော် ကြီးတပါးဖြစ်ပြီး လူဝတ်လဲပြီးနောက် စဝ်ငါးခမ်းဟု ခေါ်ဝေါ်ကြပါသည်။ စဝ်ငါးခမ်း ခေါ် စိုင်းခမ်းအောင် ခေါ် ဦးကုန္တရသည် ကျိုင်းတုံမြို့နယ် နောင်ဖါအုပ်စု ဝမ်ကန်နားပူလွယ်ရွာဇာတိဖြစ်သည်ဟု ဆိုပါသည်။

စတင်ဖွဲ့စည်းစဉ်က ဥက္ကဌ အဖြစ် စဝ်ငါးခမ်း၊ ဒုဥက္ကဌ ၁ အဖြစ် ဆရာဦးဘသိန်း (ကျိုင်းတုံစော်ဘွား ငွေတိုက်မှူး)၊ ဒုဥက္ကဌ ၂ အဖြစ် စဝ်ခေးဆေတို့က ဦးဆောင်ပြီးသက်ဆိုင်ရာတပ်ဖွဲ့အသီးသီးကို ခေါင်းဆောက်ကြသူ အဖွဲ့ဝင် ၅၀ ခန့်ပါဝင်သည်။အဆိုပါအဖွဲ့ဝင်များသည်ယခင်ကျိုင်းတုံစော်ဘွား လက်အောက်ခံနယ်များဖြစ်သော မိုင်းဆင့်၊ မိုင်းယန်း၊ မိုင်းမ-မိုင်းလား၊ မိုင်းငင်း၊ မိုင်းဆိမ်၊ ပျက်ကန့်၊ မိုင်းယောင်း စသည့်နယ်အသီးသီးမှ စော်ဘွားအနွယ်များ၊ ယခင်စော်ဘွားအုပ်ချုပ်ရေး၊ ကာကွယ်ရေးပိုင်းတွင် ပါဝင်ခဲ့ကြသူများဖြစ်သည်။ အဆိုပါအဖွဲ့ဝင်များတွင် မိုင်းယန်းတပ်ဖွဲ့မှ ခေါင်းဆောင်များအဖြစ် စဝ် ခွန်ရှဲန်ဝမ်း၊ စဝ်ခွန်မြင့်၊ စဝ်လောဝ်ခမ်း (စိုင်းနွံပန်း)၊ စဝ်ကန်ခမ်းတို့ပါဝင်ပြီး မိုင်းမ-မိုင်းလားတပ်ဖွဲ့မှ စဝ်ခွန်အွန်ကျန် ပါဝင် သည်။

အစောပိုင်းတွင်း စဝ်ငါးခမ်းအဖွဲ့သည် နွမ်စစ်ဟန်နှင့် တဖွဲ့တည်းဖြစ်သော်လည်း ၁၉၆၄ ဇွန်လခန့်မှစ၍ စဝ်ဟန်စစ်တိုင်း အမည်ဖြင့် သီးခြားလှုပ်ရှားသည်ဟု အချို့မှတ်တမ်းများတွင် ဖေါ်ပြသည်။ အချို့မှတ်တမ်းများအရ ၁၉၆၄ ခုနှစ်တွင် စဝ်ငါး ခမ်းအဖွဲ့မှ စဝ်ခွန်မြင့်အားကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့စေလွှတ်ပြီး စဝ်ဆေဝိုင်ခေါင်းဆောင်သည့် SSA (ရှမ်းပြည်တပ်မတော်) တွင် ပူးပေါင်းပါဝင်ခဲ့သည်ဟု ဆိုသည်။ ၁၉၆၅ ခုနှစ်တွင် စဝ်ခွန်မြင့်သည် ချင်းမိုင်ရုံးမှပြန်လာပြီး စဝ်လောင်ခမ်း ခေါ်စိုင်းနွံပန်းကို အစားထိုးတာဝန်ပေးအပ်ခဲ့သည်ဟု ဆိုသည်။ စဝ်ငါးခမ်းတပ်ဖွဲ့တွင် မိုင်းဆိန်တပ်၊ ပျက်ကန့် တပ်၊ မိုင်းငင်းတပ်၊ မိုင်းယန်းတပ်၊ မိုင်းမတပ်များပါဝင်ပြီး ကျိုင်းတုံ၊ မိုင်းပိန်း၊ မိုင်းငင်း၊ မိုင်းယန်း၊ မိုင်းမ၊ မိုင်းယောင်းစသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများတွင် လှုပ်ရှားခဲ့သည်။

သို့သော် ၁၉၆၅ ခုနှစ် မတ်လတွင် အသက် ၃၇ နှစ်သာရှိသေးသည့်စဝ်ငါးခမ်းသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် ဟွေခိုက် အုပ်စု နမ့်မော်ခေါင်ရွာတွင် လုပ်ကြံခံခဲ့ရသည်။ စဝ်ငါးခမ်းလုပ်ကြံခံရပြီးနောက်တွင် ကျိုင်းတုံတပ်များကို အောက်ပါအတိုင်းဖွဲ့စည်းခဲ့သေးသည်ဟု ဆိုသည်။

၁။ တပ်မဟာ ၁ စဝ်အွန်ကျန်ဦးစီး မိုင်းမ၊ မိုင်းလား၊ စမ်တောက်ဒေသ။
၂။ တပ်မဟာ ၂ စိုင်းနော်မိန်းဦးစီး ပျက်ကန့်၊ မိုင်းပျင်းနယ်မြေ။
၃။ တပ်မဟာ ၃ နန်ရှဲန်ဝမ်၊ အွန်လာ၊ စဝ်ခွန်မြင့်ဦးစီး မိုင်းယန်းနယ်မြေ။
၎။ တပ်မဟာ ၄ စဝ်ဆေဟိုက်ဦးစီး မိုင်းယောင်းနယ်မြေ။
၅။ တပ်မဟာ ၅ မိုင်းဆတ်မြို့စားဦးစီး မိုင်းဆတ်နယ်မြေ၊
၆။ တပ်မဟာ ၆ နန်ယီခမ်း ဦးစီး ကျိုင်းတုံနယ်မြေတို့ဖြစ်သည်။

သို့သော် ၁၉၆၆ ခုနှစ်နောက်ပိုင်းတွင် ခေါင်းဆောင်ပိုင်းအားနည်းမှုနှင့်အတူ အဆိုပါတပ်ဖွဲ့အတော်များများအင်အားလျော့ကျသွားပြီး အချို့လက်နက်ချသွားသည်။ မိုင်းလား-မိုင်းမကွင်းတွင် လှုပ်ရှားနေသော တပ်မဟာ ၁ မှ စဝ်အွန်ကျန် သည် လည်း ၁၉၇၂ ခုနှစ်တွင် ကူမင်တန်နှင့်ပေါင်း၍ CIA အထောက်အပံ့ယူရန် လာအိုနယ်အတွင်းသို့ ဝင်ရောက်သွားသည်။ နောက်ပိုင်းတွင် စဝ်အွန်ကျန်းလည်း လုပ်ကြံခံခဲ့ရသည်။ အဓိကကျန်နေသည်မှာ မိုင်းယန်းဒေသတွင်လှုပ်ရှားသည့် စဝ်ခွန် မြင့်တို့ဦးစီးသည့် တပ်မဟာ ၃ ဖြစ်သည်။

● စဝ်ခွန်မြင့်နှင့် တပ်မဟာ ၇၆၈
အဖဖြစ်သူ နန်ဆမ်၊ အမိဖြစ်သူ အိကောင်ခမ်းတို့မှ စဝ်ခွန်မြင့်အား ၁၉၂၇ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင်ဖွားမြင်၍ ငယ် အမည်မှာ အိုက်ယီပေါက်ဟု ခေါ်ပါသည်။ ၁၉၆၁ ခုနှစ် ဇန္နဝါရီလ ၆ ရက်နေ့တွင် စဝ်ငါခမ်းခေါင်းဆောင်သည့် ကျိုင်းတုံ TNA သို့ ဝင်ရောက်ခဲ့သည်။ ၁၉၆၂ ခုနှစ် ဧပြီလတွင် တပ်ရင်း ၉ အမည်ဖြင့် မိုင်းယန်းဒေသတွင် ပြန်လည်လှုပ်ရှားခဲ့သည်။ ထိုအချိန်က နန်ရှဲန်ဝမ်က ဥက္ကဌ၊ စဝ်ခွန်မြင့်က စစ်ဦးစီးမှူးအဖြစ်ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ၁၉၆၂ ခုနှစ် မေလမှစ၍ လွယ်မီးတိုက်ပွဲ၊ မိုင်းလွေတိုက်ပွဲ၊ မွန်ကျန့်တိုက်ပွဲ၊ မိုင်းမတိုက်ပွဲ၊ ချင်းသနက ၄ နှင့် တိုက်ပွဲ၊ ဝမ်ကျင်းတိုက်ပွဲစသည့်တိုက်ပွဲစသည့်တိုက်ပွဲများကို ဦးစီးတိုက်ခိုက်ခဲ့သည်။ စဝ်ငါးခမ်း လုပ်ကြံခံရပြီးနောက် ၁၉၆၆ ခုနှစ်တွင် စဝ်ခွန်မြင့်တပ်ဖွဲ့များသည် ရှမ်းပြည်တပ်မတော် အရှေ့ပိုင်း (SSA-E) ၏ တပ်မဟာ ၃ အဖြစ် မိုင်းယန်း ဆီလူးနယ်မြေတွင်လှုပ်ရှားခဲ့သည်။ တပ်မဟာ ၃ ဌာနချုပ်အား နမ့်လမ်းချောင်းအနီးဝမ်ဆီမွန်းတွင် အခြေပြုခဲ့၍ မိုင်းယန်း ပတ်ခြာလည်တွင် ဖြန့်ခွဲလှုပ်ရှားခဲ့သည်။

မိုင်းယန်ဒေသသည် မူလက ကျိုင်းတုံစော်ဘွားအုပ်ချုပ်မှုဧရိယာတွင်းမှဖြစ်သည်။ မိုင်းယန်းအား ကျိုင်းတုံစော်ဘွားလက် အောက်ခံ ဖျား ခေါ် မြို့စား စိုင်းမုန့် အုပ်ချုပ်သည်။ မိုင်းယန်းတောင်ဖက် (မိုင်းယန်းနှင့် ကျိုင်းတုံကြား) ရှိ မိုင်းလွေနှင့်မိုင်းခတ် အား ဟိန်ခေါ် တိုက်သူကြီး (ထောင်စုသူကြီး) အုပ်ချုပ်သည်။ မိုင်းယန်း မိုင်းလွေ ဒေသသည် ရှမ်းရွာအများစုတည်ရှိပြီးရှမ်းတိုင်းရင်းသားလက်နက်ကိုင်များပုန်ကန်ကြသောအခါ မူလ ရှမ်မြို့စား၊ တိုက်သူကြီးစသည့် အုပ်ချုပ်ရေးပိုင်းမှ အနွယ်အများ အပြားပါခဲ့သည်။ စဝ်ခွန်မြင့်တပ်မှ ခေါင်းဆောင်တဦးဖြစ်သူ စိုင်းနွံပန်း၏ဖခင် ရှန်နန့်ပန်းမှာမိုင်းယန်းဒေသမှ ဟိန် ခေါ် တိုက် သူကြီးတဦးဖြစ်သည်။ ထို့ကြောင့်လည်း မိုင်းယန်း၊ ဆီလူး၊ မိုင်းလွေ၊ မိုင်းကွယ်ဒေသရှိ ရှမ်းလူထု၏ထောက်ခံမှုဖြင့် စဝ်ခွန်မြင့် တပ်ဖွဲ့ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်။

စဝ်ခွန်မြင့်တပ်ဖွဲ့သည် ၁၉၇၃ ခုနှစ် နှစ်ဆန်းတွင် ၈၁၅ စစ်ဒေသမှ ရဲဘော်ဖေသောင်း၊ ရဲဘော်စိုင်းလင်းတို့နှင့်တွေ့ဆုံ ဆွေးနွေးပြီးနောက် CPB နှင့်တပ်ပေါင်းစုဖွဲ့စည်းခဲ့ပြီး CPB ထံမှ လက်နက်ခဲယမ်းအကူအညီရယူခဲ့သည်။ CPB နှင့်ပူးပေါင်း သည့်အချိန်တွင် စဝ်ခွန်မြင့်၏တပ်မှာ အင်အား၄၀၀ ကျော် ၅၀၀ နီးပါးရှိသည်ဟု ဆိုပါသည်။ တပ်ပေါင်းစုဖွဲ့စည်းပြီးနောက်ပိုင်း CPB ၈၁၅ စစ်ဒေသ၊ အရှေ့မြောက် တပ်မဟာ ၈ တို့နှင့် ပူးတွဲစစ်ဆင်ရေးများတွင်ပါဝင်ခဲ့သည်။ (၈၁၅ စစ်ဒေသ အခန်းတွင်ဖေါ်ပြပြီး) CPB နှင့်ပူးပေါင်းပြီးနောက်ပိုင်း စဝ်ခွန်မြင့်က အဓိက ခေါင်းဆောင်ခဲ့သည်။

၁၉၇၆ ခုနှစ်တွင် စဝ်ခွန်မြင့်တပ်ဖွဲ့သည် CPB ၏ ပြည်သူ့တပ်မတော်အဖြစ် အပြည့်အဝကူးပြောင်းခဲ့သည်။ တလျောက်လုံး ၈၁၅ စစ်ဒေသနှင့်တွဲလာခဲ့သော်လည်း ၈၁၅ စစ်ဒေသ၌ စဝ်ခွန်မြင့်တပ်အားဖြည့်ဆည်းပေးရန် ကေဒါမလုံလောက်ဟူသော အကြောင်းအချက်အောက်တွင် CPB ဗဟိုမှ ပါတီကေဒါများစေလွှတ်ပြီး ဗဟိုမှတိုက်ရိုက်ချုပ်ကိုင်သည့် ဒေသနှင့် တပ်ဖွဲ့အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

စဝ်ခွန်မြင့်တပ်ဖွဲ့လှုပ်ရှားရာ မိုင်းယန်းဒေသအား ကျိုင်းတုံမြောက်ပိုင်းခရိုင်အဖြစ်ဖွဲ့စည်းခဲ့သည်။ ခရိုင်အတွင်းရေးမှူးအဖြစ် ရဲဘော်ချိန်ချင့်ရုံ (စစ်ချွမ်းရဲဘော်ဟောင်း)၊ ခရိုင်မှူးအဖြစ် စဝ်ခွန်မြင့်က ဆောင်ရွက်သည်။ တပ်ဖွဲ့အားလည်း တပ်မဟာ ၇၆၈ အဖြစ်ပြောင်းလဲဖွဲ့စည်းသည်။ နိုင်ငံရေးမှူးအဖြစ် ရဲဘော်သာနု (စစ်ချွမ်းရဲဘော်ဟောင်း)၊ တပ်မဟာမှူးအဖြစ် စိုင်းနွံ ပန်းတို့က ဆောင်ရွက်သည်။ CPB မှစေလွှတ်သည့် ပါတီကေဒါများက တပ်မဟာ၊ တပ်ရင်းများတွင် နိုင်ငံရေးမှူးတာဝန်များ ကို ထမ်းဆောင်ကြသည်။ တပ်ရင်း ၃၊ ရင်း ၆၊ ရင်း ၉ ဟူ၍ တပ်ရင်း ၃ ရင်းဖွဲ့စည်းခဲ့သည်။ တပ်မဟာ ၇၆၈ ဖွဲ့စည်းစဉ်က အင်အား ၁၅၀၀ အထိရှိခဲ့သည်။ တပ်မဟာ ၇၆၈ ဌာနချုပ်အား ဆီလူး၌အခြေစိုက်ပြီး မိုင်းယန်း၊ မိုင်းလွေ၊ မိုင်းကွယ်၊ မိုင်းယန်းနှင့် ဆီလူးကြားရှိ ဝမ်ခါး၊ ဝမ်ဆန်တဝိုက်တွင် တပ်ရင်းများအား ဖြန့်ခွဲလှုပ်ရှားခဲ့သည်။

သို့နှင့် မူလက ကျိုင်းတုံဒေသတွင်ပေါ်ပေါက်လာသည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ တပ်မဟာတခုသည် ၁၉၇၃ ခုနှစ်မှစ၍ CPBနှင့် တပ်ပေါင်းစုဖွဲ့၍ ပူးတွဲလှုပ်ရှားရာမှ ၁၉၇၆ ခုနှစ်တွင် CPB ဗဟိုမှချုပ်ကိုင်သည့် တပ်မဟာတခုနှင့် ခရိုင်တခုအဖြစ်ပေါ်ထွက်လာခဲ့ပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

ဓာတ်ပုံ - ဝဲ မှယာ စဝ်ငါးခမ်း၊ စဝ်ခွန်မြင့်၊ စိုင်းနွံပန်း၊ ခွန်ဆာ
0