မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - (၁၉၇၅ - ၁၉၈ဝ) - အပိုင်း (၆၇)


မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - (၁၉၇၅ - ၁၉၈ဝ) - အပိုင်း (၆၇)
(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၈

● မူလအခြေခံဒေသများ
ဖေါ်ပြခဲ့ပြီးသော အရှေ့မြောက်စစ်ဒေသအပါ နယ်စပ်မှအခြေခံဒေသအများစုမှ ၁၉၆၈ ခုနှစ် နောက်ပိုင်းမှ ပေါ်ထွက်လာ ခဲ့သည်။ ၁၉၄၈ ခုနှစ် CPB လက်နက်ကိုတိုက်ပွဲ စကထဲက ပြည်မတွင် အခြေခံစခန်းများစွာရှိခဲ့သော်လည်း ၁၉၇၇ ခုနှစ် နှစ်ကာလများတွင် ပဲခူးရိုးမတိုင်း၊ မြစ်ဝကျွန်းပေါ်တိုင်း၊ မသုံးလုံးဒေသ (မြင်းခြံ၊ မန္တလေး၊ မိတ္ထီလာ) နှင့်မြစ်ဖျားတိုင်းတို့ ကျဆုံးခဲ့ပြီဖြစ်သည်။ သို့သော် ရှမ်းပြည်အလယ်ပိုင်း၊ အနောက်မြောက်တိုင်း၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဆိုသည့် အခြေ ခံဒေသဟောင်း ၄ ခုကတော့ ကျန်နေသေးသည်။

● ၁ဝ၈ စစ်ဒေသနှင့် အထက်ဗမာပြည်ဗဟိုဌာနခွဲ
၁ဝ၈ စစ်ဒေသဟု ၁၉၇၇ ခုနှစ်ပိုင်းက အမည်ပေးထားပြီးသော စစ်ဒေသမှာ ရှမ်းပြည်အလယ်ပိုင်း ဗထူး၊ ရပ်စောက်မြို့၏ မြောက်ဖက်ရှိ ကျောက်ဂူ၊ နောင်ဝိုး၊ နောင်လုံဒေသဖြစ်သည်။ ထိုရှမ်းပြည်အလယ်ပိုင်းဒေသသို့ ၁၉၅၂ ခုနှစ် CPB မှ ပြည် သူ့တပ်မတော်ဖွဲ့စည်းနောက် ပြည်သူ့တပ်မတော် တပ်မကြီး ၂ မှ တပ်ဖွဲ့များစတင် ဝင်ရောက်လှုပ်ရှားခဲ့သည့်ဒေသဖြစ်သည်။ သို့သော် ၁၉၅၅ ခုနှစ်နောက်ပိုင်းမှစ၍ အင်အားများလျော့ကျလာခဲ့သည်။ ရှမ်းပြည်အလယ်ပိုင်းတွင်သာမက မသုံးလုံး ဒေသနှင့် ပျဉ်းမနားခရိုင်စသည့်ဒေသများတွင်ပါ အင်အားများယုတ်လျော့ကျဆင်းလာခဲ့သည်။

သို့နှင့် ၁၉၆၄ ခုနှစ် ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရရှမ်းပြည်နယ်၊ မသုံးလုံးဒေသအပါ အထက်ဗမာပြည်ဗဟိုဌာနခွဲအဖြစ်ဖွဲ့စည်းပြီး တာဝန်ခံအဖြစ် သခင်တင်ထွန်းကို တာဝန်ပေးခဲ့သည်။ ၁၉၆၆/၆၇ ခုနှစ် ခန့်တွင် သခင်တင်ထွန်းသည် ရှမ်းပြည်နယ်သို့ ရောက်ရှိခဲ့ပြီး ဗဟိုခွဲတာဝန်ခံအဖြစ်နှင့်ကျောက်ဂူဒေသအား အခြေပြု လှုပ်ရှားခဲ့သည်။ သူ၏လက်အောက်၌ ဗိုလ်ပုက အင်းလေးဒေသကို အခြေပြု၍ ရှမ်းပြည်တောင်ပိုင်းခရိုင်အား၎င်း၊ ဗိုလ်စိုးမောင်က ကျောက်ဂူတဝိုက်ကိုအခြေပြု၍ ရှမ်းပြည်အလယ်ခရိုင်အား၎င်း၊ ဗိုလ်ကျင်မောင် ခေါ် ရဲဘော်ထွန်းက ရှမ်းပြည်မြောက်ပိုင်းခရိုင်အား၎င်း အသီးသီးတာဝန် ယူခဲ့ကြသည်။

၁၉၆၈ ခုနှစ်ထဲတွင် ပျ ဉ်မနားနှင့် မသုံးလုံးဒေသမှ ခေါင်းဆောင်များလည်း မြို့ပေါ်ရှိ မြေအောက်ရဲဘော်များအကူအညီဖြင့် ရှမ်းပြည်အလယ်ပိုင်းသို့ သွားရန်စီစဉ်ခဲ့သည်။ ပျဉ်းမနားအခြေခံဒေသဟောင်းမှ ရဲဘော်ရဲထွန်း၊ ရဲဘော်မြမင်း၊ ရဲဘော်စိန် ထွေး (ကျောက်ဆည်ခရိုင်အတွင်းရေးမှူး) တို့နှင့်မြေအောက်ရဲဘော်များသည် မြေအောက်တာဝန်ခံ ကိုတင်လှ၊ ကိုလှ သောင်းတို့နှင့်အတူ မန္တလေးမှတဆင့် ရှမ်းပြည်အလယ်ပိုင်းသို့ထွက်ခွာနိုင်ခဲ့သည်။ သူတို့ထွက်ခွာပြီး နောက်တရက်တွင် ဒုတိယအသုတ်လိုက်ပါသည့် သခင်သာညှင်း (တိုင်းကော်မတီဝင်)၊ ကိုမြသန်း (မိတ္ထီလာခရိုင်အတွင်းရေးမှူး)၊ ကိုအုန်းလှ (မြင်းခြံခရိုင်အတွင်းရေးမှူး) တို့အပါ ၆ ဦးမှာမူ မန္တလေးဘူတာကြီးအနီးတွင် ဖမ်းဆီးခံလိုက်ရသည်။ နောက်ပိုင်းတွင် ကြားသိရသောသတင်းများအရ မြင်းခြံခရိုင်မှ ကိုအုန်းလှက စစ်ထောက်လှမ်းရေးနှင့် ချိတ်ဆက်သစ္စာဖေါက်ခဲ့၍ဟု ဆိုကြ သည်။ မသုံးလုံး၊ ပျဉ်းမနားအခြေခံဒေသနှင့် အင်အားများဆုံးရှုံးပြီး အမာခံခေါင်းဆောင်ကေဒါများသာ ကျန်ရစ်ပြီး ပြန်လည် စုစည်းနေချိန်တွင် အမာခံကေဒါအချို့ ထပ်မံဆုံးရှုံးခဲ့ရပြန်သည်။

ရှမ်းပြည်အလယ်ပိုင်းသို့ သခင်တင်ထွန်းနှင့်အတူ ဗိုလ်တိုက်အောင် (ဘေကျင်းပြန်) ပါ လိုက်ပါခဲ့ပြီး အထက်ဗမာပြည်ဗဟို ခွဲအား ဒုဌဝတီတဖက်ကမ်း (ရဲရွာ၏အရှေ့ဖက်) အုန်းကျော၊ ဟဲလယ်စသည့် တောင်ပေါ်ဓနုရွာ ၄ ရွာတွင် အခြေပြုခဲ့သည်။ (ထိုတောင်ထိပ်မှ ကျောက်ဆည်ကွင်းအား ကောင်းစွာမြင်တွေ့နိုင်သည်) ၁၉၆၇ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်းခရိုင်တာဝန်ခံ ဗိုလ်ပုကျဆုံးပြီး ကျန်သော ဗိုလ်ခင်ညိုနှင့် အင်အားအနဲငယ်သည် အင်းလေးဒေသမှ ဆုတ်ခွာပြီး သခင်တင်ထွန်းတို့နှင့် လာပေါင်းခဲ့ရသည်။ ဗိုလ်ပုကျဆုံးပြီး တောင်ပေါ် ၄ ရွာအားလည်း ထိုးစစ်ဝင်လာ၍ သခင်တင်ထွန်းနှင် ဗဟိုခွဲလည်း တောင်ပေါ် ၄ ရွာမှ အလယ်ပိုင်းခရိုင်အခြေစိုက်ရာ ကျောက်ဂူ၊ နောင်ဝိုး၊ နောင်လုံဒေသို့ ပြောင်းရွှေ့ခဲ့ရသည်။

ထိုစဉ်က အလယ်ပိုင်းခရိုင်အား ဗိုလ်စိုးမောင်က တာဝန်ယူပြီးတပ်မှူးအဖြစ်ဗိုလ်လှမောင် ခရိုင်ကော်မတီဝင်များအဖြစ် ဦးစိုးဝင်း၊ ကိုလှထွေး၊ ဦးသောင်းတင်၊ ဗိုလ်သိန်းဖေတို့ ပါဝင်ကြသည်။ တော်လှန်သောဗမာတပ်မတော် ( တောခိုဗမာ့ တပ်မတော်) မှဗိုလ်သိန်းဖေနှင့်အဖွဲ့မှာ ကျောက်ဂူမြောက်ဖက် နောင်ချိုအနီး၌ လှုပ်ရှားနေသည်။ ရှမ်းပြည်မြောက်ပိုင်းခရိုင် (မိုးကုတ်ခရိုင်ဟုလည်း ခေါ်ကြသည်) အား ဗိုလ်ကျင်မောင်မှတာဝန်ယူပြီး ခရိုင်အတွင်းရေးမှူးဗိုလ်စိန်မောင်၊  တပ်မှူးဗိုလ် သူရ (ဘေကျင်းပြန်၊ ဗိုလ်ကျင်မောင်၏ညီ) ၊ ဖြစ်ပြီး ခရိုင်ကော်မတီဝင်များမှာ ဗိုလ်ပုမောင်၊ ဗိုလ်ကျော့ရင်တို့ဖြစ်သည်။ သို့သော် ထိုစဉ်ကာလက အထက်ဗမာပြည်ဗဟိုခွဲအနေနှင့် ဖွဲ့စည်းပုံကကြီးသော်လည်း တပ်အင်အားယုတ်ရော့နေပြီး စုစု ပေါင်း အင်အား ၁ဝဝ ကျော်ခန့်သာရှိပေသည်။

ထိုသို့သောအခြေအနေတွင် သခင်တင်ထွန်းနှင့် ဗိုလ်တိုက်အောင်တို့သည် ၆၄ ပါတီ ဗဟိုလမ်းစဉ်အတိုင်း ဘဝဟစ်တိုင်လှုပ် ရှားမှုပြုလုပ်ပြီး တပ်တည်ဆောက်ရေးပြုလုပ်သည်။ အလယ်ပိုင်းခရိုင်ရှိ တပ်အင်အားအချို့အားစုစည်း၍ အင်အား ၂ဝ ခန့် ရှိသည့် ဌာနခွဲတပ်ကိုဖွဲ့စည်းသည်။ ဌာနခွဲတပ်အား ဗိုလ်ခင်ညိုက ဦးစီးသည်။ ထိုတပ်စုဖြင့် မေမြို့မှ တောင်ပေါ် ၄ ရွာသို့ချီ တက်လာသည့် ရဲတပ်စိတ်တစိတ်ချေမှုန်းရေးတိုက်ပွဲ စတင်ဖေါ်ဆောင်သည်။ သို့သော် အစိုးရတပ်၏စစ်ဆင်ရေးများကြောင့် ၁၉၆၉ ခုနှစ် စက်တင်ဘာ ၃ဝ ရက်နေ့တွင် နောင်ဝိုးဂွင်အတွင်းရှိ တောင်သူကုန်းအမည်ရှိ ရှမ်းရွာအဝင်တွင် အလယ်ပိုင်း ခရိုင်တာဝန်ခံ ဗိုလ်စိုးမောင်ကျဆုံးသည်။

၁၉၇ဝ ခုနှစ်ထဲတွင် ဗိုလ်ကျင်မောင်သည် အရှေ့မြောက်အခြေခံဒေသသို့ရောက်ရှိ အဆက်အသွယ်ရခဲ့သည်။ ဗိုလ်ကျင် မောင်နှင့်ပါသွားသော မြောက်ပိုင်းခရိုင်တပ်ဖွဲ့များလည်း ယူနီဖေါင်းမှအစ လက်နက်ခဲယမ်းအပြည့်တပ်ဆင်လာနိုင်ခဲ့သည်။ ဗိုလ်ကျင်မောင်ခေါင်းဆောင်သော မြောက်ပိုင်းခရိုင်အဖွဲ့ နယ်စပ်မှပြန်ဆင်းလာပြီးနောက် အတွင်းရေးမှူး ဗိုလ်စိန်မောင် လက် နက်ချသွားခဲ့သည်။ ဗိုလ်ပုမောင်၊ ဗိုလ်ကျော့ရင်တို့နှင့် အင်အား ၁ဝဝ ကျော်ကျန်ရှိပြီး ရှမ်းပြည်အလယ်ပိုင်းရှိ သခင် တင်ထွန်းထံသို့ ရောက်ရှိ အဆက်အသွယ်ပြုနိုင်ခဲ့သည်။ သခင်တင်ထွန်းက ထိုတပ်ဖွဲ့များအား ပြန်လည်စုဖွဲ့ပေးပြီး မိုး ကုတ်ခရိုင်သို့ ပြန်လည်စေလွှတ်ခဲ့ပါသည်။ အဆိုပါမိုးကုတ်ခရိုင်တပ်များသည် အရှေ့မြောက်မှစေလွှတ်လိုက်သည့် ကေဒါ များဖြစ်သည့် ကိုဝင်းဆွေ (စစ်ချွမ်းလောက်ပင်း)၊ ကိုတင်မြင့်( စစ်ချွမ်းလောက်ပင်း)၊ ကိုစိုးမြင့် (ဟွာချောင်) တို့အား ဗဟိုခွဲသို့ လာရောက်ပို့ဆောင်ခြင်းဖြစ်ပြီး ပဲခူးရိုးမပါတီဗဟိုနှင့်ဆက်သွယ်ရန် ရည်ရွယ်၍ စေလွှတ်သောသူများဖြစ်သည်။

အရှေ့မြောက်နှင့်အဆက်အသွယ်ရပြီးနောက် ဗိုလ်တိုက်အောင်အားပဲခူးရိုးမနှင့်ဆက်သွယ်ရန်စေလွှတ်လိုက်သည်။ ဦးရဲ ထွန်း နှင့်ဦးမြမင်းအားအရှေ့မြောက်သို့ စေလွှတ်သည်။ တချိန်ထဲလိုလိုတွင် ပဲခူးရိုးမ ဗဟိုမှစေလွှတ်လိုက်သော စိုင်းအောင် ဝင်းမှာလည်း အထက်ဗမာပြည်ဗဟိုခွဲသို့ ရောက်ရှိနေသည်။ စိုင်းအောင်ဝင်းမှ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ အရေးအခင်း အပြီး ပဲခူးရိုးမသို့တောခိုလာသည့် ရှမ်းကျောင်းသားတယောက်ဖြစ်သည်။ သူ့အား သခင်သန်းထွန်းက ထိုင်းနယ်စပ်ရှိ ရှမ်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ နာယကဖြစ်သူ မဟာဒေဝီထံသို့ စာတစောင်နှင့်အတူ ဆက်သား အဖြစ်စေ လွှတ်လိုက်ခြင်းဖြစ်သည်။ သို့နှင့် စိုင်းအောင်ဝင်းအားလည်း ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်သွယ်၍ မဟာဒေဝီထံ သို့စေလွှတ်ခဲ့သည်။ သို့နှင့် ရှမ်းပြည်အလယ်ပိုင်းသည် ပဲခူးရိုးမနှင့် အရှေ့မြောက်ကြားတွင် အရေးပါသောဒေသတခုဖြစ် လာသည်။

၁၉၇ဝ ခုနှစ်ထဲတွင် အထက်ဗမာပြည်ဌာနခွဲတပ်အား ပြန်လည်ဖွဲ့စည်းသည်။ နိုင်ငံရေးမှူးအဖြစ် ဦးလှမောင် (မေးကောက်) ၊ တပ်မှူးဗိုလ်ခင်ညို၊ ဒုတပ်မှူးကိုဝင်းဆွေ (စစ်ချွမ်းလောက်ပင်း) တို့ဖြင့် ဖွဲ့စည်းသည်။ တပ်အင်အားကတော့ တပ်စု တစု သာရှိသည်။ သို့သော် ဖွဲ့စည်းပြီးမကြာမီ ခလရ ၉၄ မှ ကွန်မန်ဒိုတပ်စုအား ချေမှုန်းရေးတိုက်ပွဲတပွဲ တိုက်နိုင်ခဲ့သည်။ ဒဏ်ရာဖြင့်သုံ့ပမ်း ၄ ဦးခန့် ဖမ်းမိပြီး ပြန်လွှတ်လိုက်သည်။ CPB ဘက်မှ ၁ ယောက်ကျဆုံးသည်။ ထို့နောက် ကျောက်ဂူ၊ အင်တောကြား ယာဉ်တန်းအား လမ်းဖြတ်တိုက်ပွဲတခု တိုက်သည်။

ထို့နောက် အစိုးရတပ်များ၏ ထိုးစစ်ဝင်လာတော့သည်။ ဤထိုးစစ်သည် အထက်ဗမာပြည်ဌာနခွဲတပ်၏လှုပ်ရှားမှုသက် သက်ကြောင့်သာ မဟုတ်ပေ။ အရှေ့မြောက်နှင့် ပဲခူးရိုးမကြားတွင် ရှမ်းပြည်အလယ်ပိုင်းသည် အချက်အခြာကျလာသဖြင့် သခင်တင်ထွန်းကိုဦးတည်သည့် စစ်ဆင်ရေးကို ထိုစဉ်အရှေ့ပိုင်းတိုင်း တိုင်းမှူးဗိုလ်မှူးကြီးသန်းတင်ကိုယ်တိုင်ဦးစီး စစ်ဆင် ရေးပြု လုပ်လာတော့သည်။

ထိုးစစ်ဝင်လာသည့်အခါ အိမ်ထောင်သည်အများစုအား စုဖွဲ့ထားသည့် ဌာနခွဲရုံးအဖွဲ့မှာ အတန်ငယ်လေးလံနေသည် ဟုဆိုရမည်။ ကျောက်ဂူ အနီးတောင်သူကုန်းတွင် စခန်းချရာမှ ကျောက်ဂူအနောက်ဖက် ညောင်ပင်ကောက်တွင် စခန်းချ သည်။ ထိုစဉ်က ဌာနခွဲတပ်တွင် အင်အား ၄ဝ ခန့်၊ ရုံးအဖွဲ့တွင်အင်အား ၂ဝ ခန့်ရှိသည်။ သခင်တင်ထွန်း၏ဇနီး ဒေါ်တင် မလေးနှင့် သမီး ၃ ယောက်၊ အခြားအမျိုးသမီးရဲဘော် ၅ ယောက်ခန့် ပါဝင်သည်။

အစိုးရတပ်ကလည်း ရပခတိုင်းမှူးကိုယ်တိုင်ဦးစီး၍ ကျောက်ဂူတဝိုက်မှ CPB စခန်းသို့ရောက်ဖူးသူ ရွာသားများကို ဖမ်းခေါ် ၍ လမ်းပြခိုင်းသည်။ လမ်းပြက လမ်းမှားသည်ဆိုကာ တောတွင်း၌ သေချာစွာလမ်းမပြ၍ CPB စခန်းအား ရှာမတွေ့ဘဲဖြစ် နေခဲ့သည်။ ဤသို့ဖြစ်နေစဉ် CPB စခန်းမှ ဝါးထွက်ခုတ်သော မောင်သိန်းခေါ် ရဲဘော်တယောက်အား ရေဆင်းခပ်သော အစိုးရတပ်မှ တပ်ဖွဲ့ဝင်များက ဖမ်းမိသည်။ အဖမ်းခံရသော ရဲဘော်မောင်သိန်းက သူ့အားဖမ်းမိချိန်တွင် "ရန်သူ ရန်သူ" ဟု အော်ဟစ်သတိပေးသည်ကစ၍ တိုက်ပွဲဖြစ်ပြီး အထက်ဗမာပြည်ဗဟိုဌာနခွဲ အတိုက်ခံရသည်။

ထိုတိုက်ပွဲတွင် CPB ဘက်မှ နိုင်ငံရေးမှူး မေးကောက်လှမောင်၊ ဦးပန်းရ (ဘေကျင်းပြန်)၊ ကိုတင်လှ (မြေအောက်တာဝန်ခံ) အပါ ၆ ဦးခန့်ကျဆုံးသည်။ အစိုးရတပ်မှ ၃ ဦး ကျဆုံးသည်။ ထိုတိုက်ပွဲတွင် အထက်ဗမာပြည်ဗဟိုခွဲအဖွဲ့အခွဲများ တပ်ဖွဲ့ ကွဲသွားသည်။ သခင်တင်ထွန်းနှင့် ရုံးအဖွဲ့က သီးခြားထိုးဖေါက်ထွက်သွားသည်။ ရွာငံနှင့်ဗထူးကြား ဇော်ဂျီ ချောင်းဘေးတွင် သခင်တင်ထွန်းနှင့်အဖွဲ့ ထပ်မံအတိုက်ခံရရာ အလယ်ပိုင်းခရိုင်မှ ဌာနခွဲသို့ပို့ထားသော အိမ်ထောင်သည်ရဲမေ ၃ ဦးနှင့် ကလေး ၅ ဦး ထပ်မံကျဆုံးသည်။ သို့နှင့် ဇော်ဂျီမြစ်အားဖြတ်၍ ကျောက်ဂူနယ်တွင်း ပြန်အဝင်တွင်ထပ်မံအတိုက်ခံရရာ သခင်တင်ထွန်း၊ ဇနီးဖြစ်သူ ဒေါ်တင်မာလေး၊ ကိုစိန်ထွေး (ယခင် ကျောက်ဆည်ခရိုင်အတွင်းရေးမှူး) အပါ ၆ ဦးထပ်မံကျဆုံး သည်။ ဘေကျင်းပြန် ဦးတင်မြင့်နှင့် ၅ ယောက်ခန့်က သီးခြားကွဲထွက်၍လွတ်မြောက်သည်။ မကြည်မြင့်ဆိုသည့် ဟွာချောင် ရဲဘော်မတဦးလည်းတယောက်တည်းလွတ်မြောက်သည်။ သခင်တင်ထွန်းသမီး မဝါဝါနှင့် ကလေးငယ်နှစ်ဦးကတော့ ပဲခူးရိုးမဗဟိုမှလွှတ်သည့် ဆက်သားရဲဘော် တဦးနှင့်အတူ လွတ်မြောက်သွားသည်။

သခင်တင်ထွန်း၏ဇနီးဖြစ်သူ ဒေါ်တင်မလေးသည် ဖြူဖြူခန့်ခန့် ချောချော အမျိုးသမီးကြီးတဦးဖြစ်သည်။ သူမသည် သူမ၏ လင်သားနောက်တွင် မိသားစုနှင့် အဆင်းရဲအပင်ပမ်းခံပြီး အပြုံးမပျက်လိုက်ပါခဲ့သော အမျိုးသမီးကြီးတဦးလည်းဖြစ်သည်။ တောထဲတောင်ထဲထမင်းနပ်မှန်အောင် မစားရသည့်ကာလတွင်လည်း အရီမောမပျက် လောကဓံကိုအံတု၍ ကြံ့ကြံ့ခံခဲ့သူ လည်း ဖြစ်သည်။ ထိုအချိန်ကာလများတွင် ရဲဘော်များကို အရွှမ်းဖေါက်၍သူမကပြောတတ်သည်။ "အရင်က အန်တီတို့က ဂျစ်ကားလောက်စီးနိုင်တာလေ။ မင်းတို့အန်ကယ်က ဆလွန်ကားလေးစီးနိုင်တာ။ ဒါနဲ့ မင်းတို့အန်ကယ်နဲ့ ယူလိုက်ရင် ပိုမြင် မြင့် စီးရမယ်လို့ မှန်းထားခဲ့တာ။ ခုတော့ လှည်းတောင်မစီးနိုင်ပါဘူးကွယ်" ဟု ဟာသနှောတတ်သည်။ မြို့ပေါ်တွင် မပူပင် မကြောင့်ကျ နေခဲ့ရသည့်ဘဝမှလာခဲ့သော်လည်း ထိုးစစ်ကာလများတွင် ထမင်းက ပုံစံခွက်နှင့် စားရသည့်ကာလများ၊ ထိုး စစ်ကာလများ၌ မီးခိုးတိတ်ရသဖြင့် ရိက္ခာခြောက်ကို ရေနှင့်မြောချရသည့်ကာလများတွင် အပြုံးမပျက်လင်သား နောက်တွင် ဖဝါးထပ်ချပ်မကွာလိုက်ပါခဲ့သူ ဖြစ်သည်။ နောက်ဆုံးထိုးစစ်ကာလက စက်တင်ဘာလတွင်း သည်းကြီးမဲကြီးရွာနေသောမိုးရေစက်များအောက်၌ တောကြီးမျက်မဲထဲတွင် အစိုးရတပ်များ ထပ်ချပ်မကွာလိုက်နေသည့်ကြား အံကြိတ်ရုန်းကန်သွားခဲ့သူဖြစ်သည်။ လင်သားနှင့်အတူနောက်ဆုံးထွက်သက်ထိ ဘဝကိုရင်ဆိုင်သွားသူ အာဂအမျိုးသမီးကြီးဟုဆိုရပါမည်။

သခင်တင်ထွန်း၏သမီးဖြစ်သူ မဝါဝါကတော့ ဗဟိုဆက်သားဦးဒေါင်း၏ ကျွမ်းကျင်စွာလမ်းကြောင်းရှာနိုင်မှုကြောင့် အငယ် နှစ်ယောက်နှင့်အတူ လွတ်မြောက်သွားခဲ့သည်။ အငယ်နှစ်ယောက်အား မုံရွာက အမျိုးအိမ်ရှေ့တွင် စာတစောင်နှင့်အတူ ထားခဲ့ပြီး သူမကတော့ ဗဟိုဆက်သားနှင့်အတူ ပဲခူးရိုးမပါတီဗဟိုသို့ ရောက်ရှိသွားခဲ့သည်။ ပဲခူးရိုးမ တိုက်တိုင်းအောင် တပ်ဖွဲ့တွင် တက်ကြွစွာပါဝင်ခဲ့သေးသည်။ သို့သော် နောက်ပိုင်း၌ ဥက္ကဌသခင်ဇင်တို့မကျဆုံးမီတွင် CPB ဗဟိုကော်မတီဝင် တဦးဖြစ်သူ ဦးထွန်းစိန် ခေါ်ဘာကယ်နှင့်အတူ အလင်းဝင်ခဲ့သည်။ သူမ၏ခံနိုင်ရည်များ ကုန်ဆုံးသွားပုံရသည်။

သို့နှင့် သခင်တင်ထွန်းကျဆုံးပြီးနောက် CPB အထက်ဗမာပြည်ဗဟိုဌာနခွဲအဆုံးသတ်သွားခဲ့သည်။ သို့သော် CPB ၏အခြေခံ ဒေသကတော့ အဆုံးသတ်မသွားချေ။ ၁ဝ၈ စစ်ဒေသဟု ပြန်လည်ပေါ်ထွန်းခဲ့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး
0