မောင်စွမ်းရည် ● သားဂျာနယ်ကျော်မိုးဟိန်း

မောင်စွမ်းရည် ● သားဂျာနယ်ကျော်မိုးဟိန်း
(မိုးမခ) ဧပြီ ၁၂၊ ၂၁ဝ၈

ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ဂျာနယ်ကျော်မမလေးတို့က မွေးတဲ့သားအငယ်ရဲ့နာမည်က မိုးဟိန်းတဲ့။ မိုးဟိန်းဆိုတဲ့ နာမည် က သူ့မိဘတွေပေးတဲ့ နာမည်ပါ။ ဂျာနယ်ကျော်မမလေးဆိုသူတာ ဗေဒင်ကိန်းခန်းတွေ ဝါသနာပါသူဖြစ်တော့ သူ့သားကို ဗေဒင်နက္ခတ်တွေနဲ့အညီ တွက်ချက်ပြီး နာမည်ပေးထားတာ ဖြစ်ပါတယ်။ သူတို့မှာ ညီအစ်ကိုနှစ်ယောက်လည်း ရှိသတဲ့။ သူ့အစ်ကိုကို ကျွန်တော်မမြင်ဘူးပါ။ ပေတယ်၊ တေတယ်ဆိုပြီး ဂျာနယ်လောကမှာ နာမည်ကြီးပါတယ်။ သူ့ရဲ့ဦးလေးအရင်း ကဲ့သို့ လေးစားချစ်ခင်သူကတော့ ဗန်းမော်တင်အောင်တဲ့။ ဒါပေမယ့် ဆရာတင်အောင်လည်း ထိန်းလို့မနိုင်ခဲ့ပါ။ ပေပေ တေတေနဲ့ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားရှာတယ်။

ညီဖြစ်သူကတော့ အစ်ကိုနဲ့ ပြောင်းပြန်ပါပဲ။ နူးညံ့သိမ်မွေ့ပြီး အသောက်အစားလည်းကင်းသူ သားလိမ္မာလေးလို့ပြောရမှာ ဖြစ်ပါတယ်။ ကျွန်တော် ရန်ကုန်ပြောင်းလာတော့ အလုပ်လုပ်ရတာက ရန်ကုန်တက္ကသိုလ်သမိုင်းဌာန အပေါ်ဆုံးထပ်၊ အရှေ့ဘက်တန်း၊ မြောက်ဘက်အစွန်ကအခန်းမှာ ဖြစ်ပါတယ်။ သူက သမိုင်းဌာနမှာ မဟာဝိဇ္ဇာတက်သလိုလို၊ နည်းပြဆရာ လုပ်နေသလိုလိုပဲ။ ကျွန်တော် အသေအချာမမေးမိ၊ မမှတ်မိတာ ခုမှနောင်တရမိပါတယ်။ သူ ကျွန်တော့်ကို မကြာခဏ လာတွေ့ပြီး စကားစမြည်ပြောလေ့ရှိပါတယ်။ သူနဲ့ကျွန်တော်နဲ့ ဘာအကြောင်းမျှ အထူးတလည် ဆက်ဆံစရာမရှိပေမယ့် ခဏခဏ လာတွေ့ပါတယ်။ သြော် သူ ငါ့ကိုခင်ရှာတယ်လို့ပဲ အောက်မေ့ပါတယ်။

နောက်တော့ သူ အင်ဒိုနီးရှားသံရုံးအလုပ် လုပ်တယ်ကြားတယ်။  ကျွန်တော်သွားလေ့ရှိတဲ့ ကဗျာဆရာ မောင်ပေါက်စည် (အင်ဒရူးမြဟန်) ခရစ်ယာန်သာသနာပိုင်ချုပ်ရုံးနဲ့နီးလို့ တခါတော့ ဝင်တွေ့ဖူးတယ်။ သူက အာဂျီလင်သွားပြီး အင်္ဂလိပ်စာသင် လာသူဆိုတော့ သံရုံးတွေမှာ အလုပ်ရလွယ်တယ်။ သူ့ရုပ်ကလည်း အင်ဒိုနီးရှားရုပ်။ သူတို့သံရုံးက စည်းကမ်းကြီးပုံရတယ်။ ဒါ့ကြောင့် တစ်ခေါက်ပဲ ဝင်တွေ့ဖူးတယ်။  ကျွန်တော်က အဲဒီတော့ သမိုင်းဌာနမှာ မဟုတ်တော့ဘူး။ သမိုင်းဌာနမှာက အခြေခံပညာအထက်တန်း ကျောင်းသုံး မြန်မာနိုင်ငံပြုစုရေးအတွက် ခေါ်လို့ ဝင်လုပ်နေတာပါ။ သမိုင်းရေးတဲ့အဖွဲ့ထဲမှာက တကသ၊ ဗကသခေါင်းဆောင်တွေထဲမှာ နာမည်အကြီးဆုံးဖြစ်ခဲ့တဲ့ ကိုဘကောင်းနှင့် ကိုဇော်ဝင်းတို့နဲ့အတူ  ကျွန်တော်က လုပ်ရတာပါ။  ကျွန်တော်ကလည်း မန်းတက္ကသိုလ် တ-က-သ အမှုဆောင်ဟောင်းတစ်ဦးပါ။ ဒါ့ကြောင်လား မသိ။ မ ဆ လ ပါတီသမိုင်း အဖွဲ့ကရော၊ တပ်မတော်ပညာရေးအဖွဲ့ကရော သမိုင်းစာအုပ်စိစစ်ရေးအဖွဲ့တွေကနေ တနေ့တခြား များလာပြီး လုပ်လို့မလွယ်လို့  ကျွန်တော် အဲဒီက ထွက်လိုက်တယ်။ မကြာခင် အခြေခံပညာဦးစီးဌာန ကျောင်းသုံး မြန်မာစာသင်ရိုး အဖွဲ့ကခေါ်လို့ ဝင်လုပ်ရတဲ့အခါ သူငယ်တန်းကနေ ဆယ်တန်းအထိ စာအုပ်တွေကို အောင်အောင်မြင်မြင် ပြုစုပြီးစီးခဲ့ပါ တယ်။ ရန်ကုန်မှာ အစိုးရ လခနဲ့မစားလောက်လို့ ဥပဒေအရ ကျူရှင်မပေးရဆိုတာကိုဖောက်ဖျက်ပြီး တယောက်စ နှစ် ယောက်စကို တိတ်တိတ်ပုန်း ကျူရှင်ပေးပါတယ်။ ကဗျာဆရာတင်မိုးနဲ့အတူပါ။

တိတ်တိတ်ပုန်းလုပ်တာမှ နည်းနည်းလေးပါ။ ဒါပေမယ့် မနာလိုသူကတိုင်လို့ တင်မိုးခင်မျာ အရေးယူခံရရှာပါတယ်။  ကျွန် တော်က လူသိနည်းလို့ လွတ်နေပါတယ်။ အလွန်ရင်းနှီးတဲ့ မိတ်ဆွေ တွေရဲ့သားသမီးတွေကိုပဲ သင်ပေးပါတယ်။ ဒီလိုသင်နေ တာကိုသိလို့ ကိုမိုးဟိန်းက သူ့သားသမီးတွေရဲ့ဝိုင်းကျူရှင်မှာ ကျွန်တော့်ကို ခေါ်ပါတယ်။ သူက တက္ကသိုလ်အသိုင်းအဝိုင်းက ဆိုတော့ တက္ကသိုလ်က ကြိတ်ဝိုင်းကျူရှင်ဆရာမိတ်ဆွေတွေ အများကြီးပါ။ ဒီကြားထဲ  ကျွန်တော့ကိုခေါ်တော့  ကျွန်တော် လည်း ခင်ရာခင်ကြောင်းနဲ့ မလွှဲသာပဲ သူ့သားသမီးတွေရဲ့ဝိုင်းမှာ ဝင်သင်ပေးရပါတယ်။ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဂျာနယ် ကျော်မမလေးတို့လို နိုင်ငံကျော်သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများရဲ့အိမ်မှာ ဝင်ထွက်သွားလာ စားသောက်နေရတာကိုလည်း ဂုဏ်ယူ ဝမ်းမြောက်နေမိပါတယ်။  ကျွန်တော့် အဖေ အမေ၊ ဦးလေးနဲ့ အဒေါ်တို့မှာ သူလိုလူကို အလွတ်ရသလောက် ဖတ်ခဲ့ဖူးတဲ့ သူတွေဖြစ်လို့ ဒီအဖြစ်ကို သူတို့သိရရင် ဘယ်လောက်ဂုဏ်ယူဝမ်းသာကြမလဲ မသိပါ။ သူတို့အားလုံးက ကွယ်လွန်ရှာကြပါပြီ။

ကိုမိုးဟိန်းရဲ့ကလေးတွေကို စာသင်ပြီးမကြာမီ  ကျွန်တော်ပြည်ပကို ထွက်ခဲ့ပါတယ်။ နယ်သာလန်နိုင်ငံ၊ ဘယ်လဂျီယံနိုင်ငံ တွေကတဆင့် အမေရိကားကိုရောက်ခဲ့ပါတယ်။ သူငယ်ချင်း စောလူခေါ် စောထွန်းကတဆင့် အမေရိကားကိုရောက်ခဲ့ပါတယ်။ အမေရိကားကိုရောက်ခဲ့ပါတယ်။ သူငယ်ချင်း စောလူခေါ် စောထွန်းက မန်းတက္ကသိုလ်မှာ ကျောင်းနေဖက်ပါ။ သူက မြောက် အီလာနွိုက်တက္ကသိုလ်မှာ တနှစ် ဖဲလိုရှစ်အဖြစ် ထောက်ပံ့ကြေး စကောလားရှစ်ရခဲ့ပါတယ်။ အိုင်အိုဝါ တက္ကသိုလ်စာရေးသားမှုအစီအစဉ်ကိုလည်း  ၃လသွားခဲ့ရပါတယ်။ အဲဒါပြီးတော့ ဟိုလိုလို ဒီလိုလိုပါပဲ။ ဆန်ဖရန်ဆစ္စကိုမှာ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့ရဲ့မြေး မောင်ရစ် ရှိပါတယ်။ မိုးမခအင်တာနက်စာစောင်ထုတ်တဲ့ မောင်ရစ်ပေါ့။ ဆန်ဖရန်မှာ စာပေဟောပွဲ နှစ်စဉ်လုပ်တော့ တင်မိုးနဲ့ ကျွန်တော်တို့ အနည်းဆုံးတခေါက်တော့ဆုံဖြစ်ပါတယ်။

တစ်နှစ်မှာတော့ ပြည်ပြေးအကျော်အမော်တစ်ဦး တိုးလာပါတယ်။ ဆန်ဖရန်မှာ သူ့သမီးရှိလို့  ကျွန်တော်တို့နဲ့ပါ ဆုံဖြစ်ပါ တယ်။ တကိုယ်တော် ဆန္ဒပြပွဲလုပ်လို့ထောင်ကျခဲ့တဲ့ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခဆလိုင်းထွန်းသန်းပါ။ တင်မိုးရယ်၊ ဆလိုင်းထွန်းသန်းရယ်၊ မောင်စွမ်းရည်ရယ်၊ သုံးယောက်လုံးက တောသားတွေဆိုတော့ တောကြောင်း၊ တောင်ကြောင်း၊ စိုက်ပျိုးရေးစီမံကိန်းတွေအကြောင်း ပြောလို့မကုန်။ အဲဒိတုန်းမှာ သားဂျာနယ်ကျော်တယောက် အိုင်အိုဝါတက္ကသိုလ်မှာ၊ စာရေးသားမှုအပိုင်းမှာ ပါဝင်လာခဲ့တယ်လို့ ကြားလိုက်ရပါတယ်။  ကျွန်တော်က ဖုန်းဆက်ခေါ်တယ်။ သူတို့အစီအစဉ်က ကြားဖောက်ပြီး လေ့လာရေးတွေ၊ အလည်အပတ်တွေ ကိုယ်ပိုင်အစီအစဉ်နဲ့လျှောက်သွားနေလဲ ခွင့်ပြုတယ်လို့ပြောပြပြီး မောင်စွမ်းရည်တို့နဲ့ စာပေဟောပြောပွဲသွားမယ် ပြောပါရပါလိမ့်မယ်ပေါ့။ တကယ်လည်းရလို့ ကိုမိုးဟိန်းတယောက် ဆန် ဖရန်ဆစ္စကိုကို ရောက်လာပါတယ်။

ကိုမိုးဟိန်းကို မောင်ရစ်က ဟိုပို့ သည်ပို့လည်း ပို့ပါတယ်။ ကိုမိုးဟိန်းကို ဟောပြောခိုင်းတော့  ပြည်ပြေးတင်မိုး၊ မောင်စွမ်းရည် တို့နဲ့ ဟောပြောတာ သတင်းထဲပါရင်  အပြန်ကျတော့ ပြဿနာဖြစ်မှာစိုးလို့တဲ့ ငြင်းရှာတယ်။  ကျွန်တော်က ကြောသလားလို့ အညှာကိုင်လိုက်တယ်။

ဂျာနယ်ကျော်သားက ကြောက်တယ်ဆို ရာဇဝင်ရိုင်းတော့မပေါ့။ ပြောမယ်ဗျာဆိုပြီး ပြောတော့တာပဲ။  ကျွန်တော်တို့မှာ ဧည့်သည်က ၄ ယောက်ဖြစ်နေတော့ မောင်ရစ်တို့အိမ်မှာ လူမဆန့်ဘူး။ ဆရာအောင်ဗလ ဇနီးမောင်နှံလည်း ပါသေးတာကိုး။ ဒါ့ကြောင့်  ကျွန်တော်တို့ကို မောင်ရစ်က တက္ကသိုလ်က အခန်းတခန်းဆီကို ပို့ပါတယ်။ မိသားစု ခုတင်ကြီးလိုဟာမျိုးမှာ လူ ၄ ယောက် ပြားအိပ်ကြပါတယ်။ ညကျတော့ တင်မိုးက အိပ်မပျော်မချင်း ဆေးလိပ်သောက်တော့ ဆောင်းတွင်းရဲ့ အလုံ ခန်းမှာ မီးခိုးတွေ ပိတ်လှောင်နေပါတော့တယ်။ တင်မိုးကလွဲပြီး ဘယ်သူမှမနေနိုင်ဘူး။ အစောဆုံး ထပြေးသူက ကိုမိုးဟိန်းပါ။ ခုတင်ကြီးနဲ့ဝေးရာ ကြမ်းပြင်ပေါ်မှာ စောင်လေးတထည်ခင်းပြီး သွားကွေးနေရရှာပါတယ်။ နောက်တနေ့ကျတော့ ကိုမိုးဟိန်း တန်းပြန်သွားရှာတယ်။ သားဂျာနယ်ကျော်ဗျ စစ်အစိုးရကိုကြောက်လို့ စာပေမဟောပြောရဲဘူးဆိုရင် ရာဇဝင်ရိုင်းတော့ မပေါ့ဆိုတဲ့  ကိုမိုးဟိန်းဟာ ဆေးလိပ်တော့ ကြောက်တတ်လိုက်တာ နောက်လှည့်မကြည့်တော့ဘဲ ပြေးတော့တာပဲ။

ကိုမိုးဟိန်း ဗမာပြည်ပြန်သွားတော့ သူရေးတဲ့ကဗျာလေး၊ စာလေးတွေ  ကျွန်တော်တို့ဆီ လူကြုံတိုင်း ပို့ပေးရှာပါတယ်။ ဗမာ ပြည်မယ် စစ်အစိုးရကလည်း သူ့ကိုဘာမှ အရေးမယူပါဘူး။  ခေါ်ပြီး မေးတာမျိုးတောင် မလုပ်ပါဘူး။ ဒါပေမယ့် မရဏမင်းက ဘာ့ကြောင့်ရယ်မသိ။ ရိုးသား အေးဆေးပြီး ကျန်းမာရေးလိုက်စားတဲ့ ကိုမိုးဟိန်းကို အရေးယူလိုက်ပါတယ်။ ကိုမိုးဟိန်း ဆုံးတယ်လို့ ကြားရတော့ အံသြရတယ်။ အမှည့်တဝင်းဝင်း အကင်းတဖြုတ်ဖြုတ်ဆိုသလိုပါပဲလား။ မကြာခင် တင်မိုးလည်း ဆုံးပါတယ်။ အိပ်ဖော် အိပ်ဖက် ဟောဖော်ဟောဖက်တွေထဲက ဆရာဆလိုင်းထွန်းသန်းနဲ့ မောင်စွမ်းရည်တို့ကတော့ သက်ရှည်ကျန်းမာ ပျော်ရွှင်စွာပဲရှိကြပါတယ်။

သဗ္ဗေသတ္တာ ကမ္မသကာ
မောင်စွမ်းရည်
ဖေဖော်ဝါရီ ၂၁ ၊ ၂ဝဝ၁၈
0