ငြိမ်းချမ်းအေး - တမော့မော့ ဝေလေလေ ဒို့တတွေ



ငြိမ်းချမ်းအေး - တမော့မော့ ဝေလေလေ ဒို့တတွေ
၁၉ သြဂုတ် ၂၀၁၄
အိုင်တီ နည်းပညာခေတ် လူသားတွေဟာ အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာတွေကို ပုံစံအမျိုးမျိုး နဲ့ အသုံးပြု၊ အသုံးချ ကြတယ်။  အပျော်တမ်း၊ အပန်းဖြေ၊ လူမှုဆက်သွယ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ အနုသုခုမ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ဝါသနာပါရာ အသီးသီး၊ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ နိစ္စဓူဝ အလုပ်တခုလိုကို သုံးလာကြတယ်။  ဒီ့အတွက် အကောင်း၊ အဆိုး၊ အားသာချက်၊ အားနည်ချက် မျက်နှာစာ နှစ်ဖက် ရှိပါတယ်။  လူမှုကွန်ရက် စာမျက်နှာ များ ပေါ်ကနေ ယူတတ်ရင် အတွေးသစ် အမြင်သစ်တွေ ရတယ်၊ တပြိုင်နက် သံဝေဂ ယူစရာတွေ တွေ့ရတယ်၊ သင်ခန်းစား ယူစရာ တွေ ရှိတယ်။  ဒီအထဲမှာ နိုင်ငံရေး ကဏ္ဍ တခု လည်း ထင်ထင်ရှားရှား ပါ ပါတယ်။

အခု လက်ရှိ စစ်တပိုင်း အစိုးရခေတ် မှာ အနောက်အုပ်စု နဲ့ ဆက်ဆံရေး ချောမွေ့စေဖို့၊ စစ်အုပ်စု နဲ့ အပေါင်းအပါ ခရိုနီ တသိုက် စီးပွား လုပ်ငန်း အဆင်ပြေစေဖို့ရာ ပြုပြင်ပြောင်းလဲရေး အထွေထွေ ဖြေလျော့မှု လစ်ဘရယ်လိုင်ဇေးရှင်း လုပ်ငန်းစဉ်တွေ လုပ်ပြရတယ်။  ဒါကြောင့် စာနယ်ဇင်း လွတ်လပ်ခွင့် နဲ့ လူတဦးချင်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ဟာ အထိုက်အလျောက် လူစဉ်မီလာတယ်။  အကျိုးဆက် အနေနဲ့ နိုင်ငံရေး တက်ကြွ စိတ်ဝင်းစား သူများဟာ ကွန်ရက်စာမျက်နှာများကိုသုံး အာဘော်တွေ၊ သတင်းတွေ လှုံ့ဆော်မှု တွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါ်ထင်ထင် ပြုလုပ်လာနိုင်ကြတယ်။  လူသာမန် အများလည်း တိုင်းပြည်ရေးရာ သတင်းတွေ၊ အမြင်တွေ ကို ပုဂ္ဂလိက အွန်လိုင်း မီဒီယာ စာမျက်နှာများမှာ ပွင့်ပွင့်လင်းလင်း ရေးသား ပြောဆို ဖြန့်ချိ လာကြတယ်။

ဒါပေမယ့် ဒီ ဖြစ်စဉ် ဟာ တလမ်းသွား မဟုတ်ပါ၊ နှစ်လမ်းသွားပါ။  စစ်အုပ်စု ဘက်ကလည်း အလားတူပဲ ကွန်ရက်စာမျက်နှာ အွန်လိုင်း ကို ပြန် အသုံးချ တာပါပဲ။  စစ်အာဏာရှင် စနစ် တိုင်းပြည်မှာ သက်ဆိုးရှည် ရခြင်း အကြောင်းအရင်းခံများထဲက တခုဟာ စစ်အုပ်စု ဟာ အစဉ်အဆက် စိတ်ဓာတ် စစ်ဆင်ရေး နဲ့ ဝါဒဖြန့်ချိရေး ကို ပိုင်နိုင် ကျွမ်းကျင် အောင်မြင်အောင် လုပ်ခဲ့နိုင်ခြင်းကြောင့်ပါ။  ဥပမာ - ပါပီမ နဲ့ ကြီးလာတဲ့ ၁၉၉၀ မျိုးဆက် ဟာ ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီး ကျောင်းသားများ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့ရခြင်း ရဲ့ သမိုင်း ခန့်ထည်မှု မျိုးကို နားဝင်၊ နားလည်ပေးနိုင်ဖို့ ခက်ခဲတာမျိုးဟာ မျက်မှောက်ခေတ်မှာ အများအပြား ဝမ်းနည်းဖွယ် မြင်တွေ့နေရတယ်။

ဆိုတော့ စစ်အုပ်စု ဟာ ဝါဒဖြန့်ချိ မှိုင်းတိုက်မှုများ ကို လက်နက်ကောင်း သဖွယ် စနစ်တကျ အသုံးပြုလေ့ရှိတယ်။  အခု စာဖတ်နေတယ် ဆိုတဲ့ တပ်ချုပ်ဟောင်းကြီးဆိုရင် စိတ်ဓာတ် စစ်ဆင်ရေး မှာ ပါရဂူ လို့တောင် လေ့လာသူ ပညာရှင်များက သုံးသပ်ကြတယ်။  သူရဲ့ အမွေကို ဆက်ခံတဲ့ သားတပည့်၊ မြေး တပည့်၊ မြစ်တပည့် တီ၊ ကျွတ်၊ တွတ်များ လက်ရှိ ဗမာ့ အွန်လိုင်းလောက မှာ ဖောခြင်းသောခြင်း တွေ့နိုင်တယ်။  အစစ်အမှန် နာမည်ခံ လူလုံးပြ သူများ၊ နာမည်ဝှက် အပုန်းအလျှိုးများ ပုံစံမျိုးစုံနဲ့ တွေ့ရတယ်။

အများ သတိထားမိတဲ့ ပုံစံ တခု ကတော့ စစ်ဘုရင် ပုံတွေ တင် စစ်အရောင်အသွေး နောက်ခံတခုခုနဲ့ စစ်အာဏာရှင် စနစ်ကောင်းကြောင်း၊ စစ်တပ် အနစ်နာခံခဲ့ကြောင်း၊ အမျိုးသားရေး အတွက် စစ်ဗိုလ်ချုပ်ကြီးများ စွမ်းဆောင်ခဲ့ကြောင်း၊ “ဒီမိုကရေစီ အရောက် ဘာသာ၊ သာသနာ အပျောက်” ပဲ စတဲ့ မဟုတ်တယုတ် အတွေးအခေါ်တွေ ကို ပေါ်တင် ပြောဆို ဝါဒဖြန့်၊ ဆက်စပ် သတင်းတွေ ဟုတ်တာကော၊ မဟုတ်တာပါ တင်ကြတာမျိုးပါ။  ဒါက လူသာမန် အများကို မသက်ရောက် သလောက်ပါပဲ။  သူတို့ ဓာတ်တူ၊ နာမ်တူချင်းများကြားသာ တွင်ကျယ်တာ များပါတယ်။

နောက်တမျိုးကတော့ လူများ သတိပြုမိနည်းပေမယ့် ပို ထိရောက် အများပေါ် လွှမ်းမိုးစေပါတယ်။  ဒါကတော့ စာအရေးအသား ကောင်းကောင်း နဲ လစ်ဘရယ် တရား များကို လိုအပ်သလို ထုတ်နှုတ် ပြောဆို ကိုးကား ဒီမိုကရေစီ အသံ ပေးရင်း နဲ့ မသိမသာ စစ်အုပ်စု သမိုင်းဆိုး နဲ့ စစ်ဝါဒ အတွေးအခေါ် အပုပ်အသိုး ကို ပုံဖျက် သနပ်ခါးလိမ်း ပတ်တီးရိုက် ရေမွှေးဆွတ်ပေးတဲ့ နည်းပါ။  သူက အန္တရာယ် ပိုကြီးပါတယ်။  ဗမာ့အွန်လိုင်းလောက က သာမန် လူပြိန်းများ အကြား မှာ အဆိုပါ စစ်လော်ဘီ ဝါဒဖြန့်ချိနေသူများကို အမှတ်မှား အဟုတ်ထင်နေကြတာတွေ အများကြီး တွေ့ရတယ်။

သူတို့ အဓိက မှိုင်းတိုက် လမ်းကြောင်းတာကတော့ လက်ရှိ စစ်လွှတ်တော် နိုင်ငံရေး လမ်းကြောင်းရဲ့ သိမ်မွေ့ညင်သာ မှန်ကန်မှု၊ စစ်တပ် ရဲ့ အခန်းကဏ္ဍ ကြီးပုံတွေပါပဲ။  ဒါပေမယ့် သူတို့က လိမ္မာပါးနပ် ပညာသားပါပါ နဲ့ သကြားအုပ်ပြီး စစ်ဝါဒ အပင်းကို ကျွေးတော့ သာမန် ယောင်ဝါးဝါး များကြားမှာ ရေပန်းစားတယ်။  အထူးသဖြင့် စနစ်တကျ ဖျက်ဆီးထားတဲ့ ကိုယ်ပိုင် တွေးခေါ် မြော်မြင် အကြောင်းရှာမှု မပါ နို့ပိန်ပျင်းတွဲ ပညာရေး စနစ်ဆိုးဒဏ်ခံ လူငယ်ကလေးများ ကြား ထင်ယောင်မှားမှုတွေ ဖြစ်ကုန်တယ်။

ဒီထဲမှာ ပို သိမ်မွေ့ ဒါ က စစ်အုပ်စု ဒူးမနာသား “တတိယအင်အားစု” သမား များပါ။  ဗမာပြည်မှာ စစ်အာဏာရှင် စနစ်ဆိုး ရာစု နှစ်ဝက် အမြစ်တွယ် ရှင်သန်မှု ပြဿနာ၊ တိုင်းရင်းသား လူမျိုးစုများကြား ခွင့်တူညီမျှမှု ကင်းမဲ့ မှု ပြဿနာ စတဲ့ နိုင်ငံရေး ရေသောက်မြစ် ရောဂါကြီးကို သာမန် နိုင်ငံရေး အယူအဆ ဝိဝါဒ ကွဲမှုပုံစံ၊ ပုဂ္ဂိုလ်ရေး၊ ပါတီ အုပ်စု နိုင်ငံရေး အာဏာလုမှု ပုံစံ ပုံဖော်ကာ စစ်အုပ်စုဘက်လည်း မလိုက်၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုဘက်လည်း မလိုက်ဘူး ကြွေးကြော်ကာ စစ်အာဏာရှင် “ကြီးတော် ရဲ့ နွား” ကို အကျိုးစီးပွား၊ လုပ်ပိုင်ခွင့်၊ နေရာ၊ ကျော်ကြားမှု “အခယူ” ကျောင်းပေးနေသူများ ဟာ တတိယအုပ်စု သမားများပါပဲ။  သူတို့ဟာ ပညာရပ်ဆိုင်ရာ စကားလုံး အသစ်အဆန်းများ ဝေဝေဆာဆာ နဲ့ လေတိုက်အားကလည်း ကောင်းတယ်၊ ကျိုးကြောင်း ဆက်စပ် ယုတ္တိ ချပြမှုတွေလည်း ပါတော့ လူအများကို အဟုတ်ထင်စေတယ်။

သူတို့ပါးစပ်က ထွက်နေကျ စကားတွေကတော့  အနာဂတ် နိုင်ငံရေး လမ်းကြောင်းမှာ စစ်တပ်က မဖြစ်မနေ နေရယူ ပါမှ ဖြစ်မယ်၊ “ချိန်ခွင်လျှာ မျှခြေ” ရှိရမယ် (အစကတည်းက စစ်ဖွဲ့စည်းပုံ နဲ့  ချိန်ခွင်လျှာ တဖက်စောင်းနင်း ထားတာကို ထည့်မပြော)၊ “ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ”ပဲ လုပ်ပါ၊ မဟုတ်ရင် ဗိုလ်အောင်ဒင် ပြန်လာလို့ ပို ဒုက္ခရောက်ကုန်ပါမယ်ဆိုပြီး နောက်ပြန်လှည့် အကြောက်တရား နဲ့ ခြောက်မယ်၊ စစ်ဖိနပ် တဖက်တည်း အောက်မှာ နေရတာ၊ တခါထောင်း ပဲ ခံရတော့တာက စုံလုံးကန်၊ နှစ်ခါ၊ သုံးခါ၊ အခါခါ ထောင်းခံခဲ့ရတာနဲ့စာရင် အများကြီး သက်သာပါတယ် စတဲ့ စတဲ့ အရှုံးပေးရေး၊ ပေါင်းစားရေး၊ “မနိုင်ဘူး မဟုတ်လား၊ ပေါင်းလိုက်” ဒါမှ လက်တွေ့ကျ အကျိုးကျေးဇူးတခုခု ရမယ် ဆိုတဲ့ အပေါ်ယံ သဘော သကာရည်လောင်း ချိုမြိန်အောင် စနစ်တကျ စီမံ ပုံဖျက်ဖန်တီးထားတဲ့ စစ်အာဏာရှင် ဆေးခါးကြီးကို လူအများ မျက်နှာမပျက်၊ နှာခေါင်းမရှုံ့ မျိုချနိုင်အောင် လော်ဘီ လုပ်ပေးနေတဲ့ စကား တွေပါ။

ဒီတတိယ လမ်း ကို တချို့က တကယ့်ကို ကိုယ်ကျိုးမပါ လက်တွေ့ အလုပ်ဖြစ်မယ် ယုံကြည် လို့ လမ်းကြောင်းသူများလည်း ရှိနိုင်ပါတယ်။  ဘာကြောင့်ပဲ လမ်းကြောင်း ကြောင်း ဒီလမ်း ဟာ ပြည်သူလူထုအများစု ကြား လူမှုတရားမျှတမှုရှိရှိ၊ လူမှု စီးပွား ခွင့်တူညီမျှ ရကာ ပြည်သူ့ဒီမိုကရေစီ အပြီးသတ် အောင်မြင် တည်ဆောက်နိုင်တဲ့ လမ်းတော့ မဟုတ်တာ မြေကြီး လက်ခတ်မလွဲ ဧကန် ပါပဲ။  ဒီ့အတွက် အကြောင်းပြချက် တွေ၊ ပညာစကားတွေ၊ ဥပမာ တွေ ရှည်ရှည်ဝေးဝေး ကိုးကား ရှာ ပေးစရာမလိုပါ။

စစ်အုပ်စု နဲ့ အပေါင်းအပါ တသိုက်တော့ “မနာ”၊ အများပြည်သူ လယ်သမား၊ ယာသမား၊ အလုပ်သမားများ မြေမဲ့၊ လယ်မဲ့၊ ယာမဲ့၊ အားကိုးရာ မဲ့၊ အရာရာမဲ့ ကာ လိုတမျိုး မလိုတမျိုး ဥပဒေကို အသုံးချ ရန်သူမျိုးငါးပါးဝင် မင်း နဲ့ သူခိုးဓါးပြ ဟာ စစ်ခရိုနီ အဖြစ် ပူးပေါင်း ကာ နှိပ်စက်ခြင်းဒဏ်ခံ၊ လူအများ “မသာ” ဖြစ်နေတဲ့ လက်ရှိ မျက်မြင် “စစ်ခရိုနီ အရင်းရှင်” စနစ် ပြောင်း ခေတ်ကြီးက သက်သေပါပဲ။

ကျောမွဲပြည်သူ နင်းပြားများ “နင်းခံ” နေရဆဲ မျက်မှောက် ဒီမိုကရေစီ နဲ့ ကားပါမစ် အခွင့်အရေး “ပေါက္ခရ ဝဿမိုး” ရွာနေတဲ့ ကလိယုဂ်ခေတ်ပျက်ကြီးက အထင်ရှားပါပဲ။  အခု အွန်လိုင်း ပုံနှိပ် မီဒီယာ နှစ်မျိုးလုံးမှာ ဆိုခဲ့တဲ့ မသိမသာ ဆေးသကြား စစ်ချိုချဉ်ခွံ့သမားများ၊ တတိယလမ်း ဆရာများ ရဲ့ အာဘော် လမ်းကြောင်းမှုများ တင်းကျမ်းပြည့် လူထုကို လမ်းလွဲ၊ လမ်းမှားကို ဦးဆောင်နေတယ်။

ခေတ်သစ် လူမှုကွန်ရက်စာမျက်နှာများ မှာ နောက်တမျိုး လော်ဘီ နေသူများကတော့ စစ်တပိုင်းအစိုးရ နဲ့ စစ်လွှတ်တော် ရဲ့ ထိပ်ပိုင်း ပုဂ္ဂိုလ်တချို့ပါ။  အခု ပြန်ကြားရေး ဝန်ကြီး အဖြစ် ရာထူး တက်သွားတဲ့ စစ်ဗိုလ်ဟောင်း ဒုဝန်ကြီး ဘဝ တုန်းက နာမည် အမှန် နဲ့ အွန်လိုင်း စရောက်လာတယ်။  သူ့ကို အရင်တုန်းက နာမည်ဝှက်နဲ့ ဝါဒဖြန့်ချိရေး ကို စနစ်တကျ လုပ်ခဲ့တယ်လို့လည်း ယိုးစွပ်ကြတယ်။  အခု လတ်တလော အင်တာဗျူးတခုမှာ သူဟာ တာဝန်ပေးရင် အကုန် ကျေအောင် လုပ်ပါတယ်လို့လည်း ဝန်ခံထားတယ်။

နောက် သမ္မတရုံးက ပုဂ္ဂိုလ်ဆိုသူ ပေါ်လာတယ်။  အခုနောက်ဆုံး မီဒီယာတွေကို စကားလုံး အသစ်အဆန်းတွေ နဲ့ ငါ့စကားနွားရ ပြောတတ်သူ ဗိုလ်ဟောင်း အမတ် တက်လာတယ်။  ကြမ်းပိုး (ဂျပိုး) ကို လိပ်ဖြစ်အောင် ပြောတယ် ဆိုတာ လူ့ အရည်အချင်း မဟုတ် အကြီးအစား  လိမ်လည်တတ်သူ သာ ဖြစ်တယ်။

သူတို့အားလုံး ဖာတယ်၊ ထေးတယ်၊ ချုပ်တယ်၊ ပြုတ်တယ်၊ ကြော်တယ်၊ ညှော်တယ်၊ လှော်တယ်၊  ဆော်တယ်။  မသိမသာ၊ သိသိသာသာ နည်းနာ နှစ်ခုလုံး သုံးတယ်။  တရားဝင် စာနယ်ဇင်းတွေမှာပါ သူတို့ အာဘော် ဆောင်းပါးတွေ ရေးတယ်။

သူတို့ သုံးတဲ့ ပရိယာယ် တခုကတော့ လူထု ဆက်ဆံရေး ပုံရိပ် ကောင်းအောင် ကြိုးစား မြှင့်တင် ထားတာပါ။  သဘောထားကြီးတယ်၊ အဝေဖန်ခံတယ်၊ ဒီမိုကရေစီ ကို လိုလားတယ်၊ လစ်ဘရယ် သမားကြီးပါပဲ ဆိုတာ ပုံဖော်ပြချင်တော့ သူတို့တွေဟာ အများစု အဆဲခံတယ်၊ လွတ်လပ်ခွင့် ပေးတယ်။

တာဝန်ကြီးကြီး ယူထားသူများ ခေတ်နည်းပညာ အကူအညီ ယူ လူထု နဲ့ တိုက်ရိုက် ဆက်ဆံတာ မကောင်းဘူးလား ဆိုရင် ကောင်းပါတယ်၊ လက်ခံပါတယ်။  ဒါပေမယ့် သူတို့ ဒါတွေ လုပ်နေခြင်းရဲ့ နောက်ကွယ်က အရင်းခံ “လော်ဘီအမှု” ကိုတော့ လူအများ သိနားလည် မြင်တတ်ရပါမယ်။

သူတို့ အဓိက အသံတူ၊ ပုံစံတူ လမ်းကြောင်းကြတာကတော့ တပ်မတော်ကြီး ရဲ့ အနာဂတ် နိုင်ငံရေး အာဏာ၊ စစ်အုပ်စု၊ ဦးပိုင် နဲ့ အပေါင်းအပါ သူကြွယ်ကြီးများရဲ့ အကျိုးစီးပွား အခန်းကဏ္ဍ၊ တည်မြဲပြီး ဥစ္စာ ဓန တွေ အတွက်၊ အတိတ် ရာဇဝတ်မှု ကျူးလွန်ခဲ့မှုတွေ အတွက် နောက်ကြောင်းပြန် အရေးအယူ မခံရရေး၊ တိုင်းရင်းသား ပြဿနာ က “သင်းတို့ လက်နက်မချလို့ ကွ” စတဲ့ စစ်ဝါဒ အခြေခံ သဘော၊ ဒါတွေပါပဲ။

ဒီလို လူထု ဒီမိုကရေစီ အတွက် အန်ချင်ဖွယ် အတွေးအခေါ် စကား၊ တရားတွေကို အနေအစား အထိုက်အသင့် ချောင်နေတဲ့ လူလတ်တန်းစား နဲ့ ခေတ်အဆက်ဆက် လူ့အဖွဲ့အစည်းရဲ့ ဆီဦးထောပတ် ကိုသာ မျိုဆို့ နေခွင့်ရတဲ့ အထက်တန်းလွှာ လူ့မလိုင်များ ကြီးစိုးရာ ဗမာ့ အွန်လိုင်းလောက က ပျော်ပျော်ပါးပါး အားပေးကြတယ်။  ထောက်ခံသူတွေ ရှိကြတယ်။

လူအများက ပြန်လည် ဝေဖန်နေကြတာ အများကြီးပါပဲ ဆိုနိုင်သော်လည်း အဓိက ကတော့ အနှစ်သာရ ပြည့်ဝ ဝါဒ အယူအဆရေးရာ ခိုင်ခိုင်မာမာနဲ့ စစ်အာဏာရှင် သရုပ်ကို ခွာချ သုံးသပ် ဝေဖန်တာ နည်းတယ်။  တနေ့ တနေ့ သူတို့ ပေါက်တတ်ကရ ရေးတာ၊ သားတာ ဖာသည်လုပ်တာတွေ ကို မနေနိုင် မထိုင်နိုင် သွားဖတ်၊ သွားမော့ ပြီးရင် ပုံရိပ်ဖမ်း ဓာတ်ပုံ ပြု၊ သောက်တင်းချ၊ ဆဲ ဒီ အဆင့်ထက် မပိုကြတာက အများစုပါ။

ကျနော်တို့ လူအများ ဟာ လက်ရှိ နိုင်ငံရေး မှာ ဟေးလားဝါးလား ဝေလေလေ က အများစု ဝမ်းနည်းဖွယ် ဖြစ်တယ်။  ဒီအထဲမှာ စင်မြင့် နိုင်ငံရေး ပျော်မွေ့နေတဲ့ နိုင်ငံရေး သမား ဆိုသူတွေလည်း ပါတယ်။  စစ်အုပ်စု က ဒီမိုကရေစီ ညှော်နံ့ လေးပြရုံနဲ့ ဟပ်တပ်စွဲ ငါးမျှားချိတ် ဟပ်မိနေသူတွေ များတယ်။  ထောင်ချောက်တဲ တွန်းမချ ခင်ကတည်း က ဟပ်ထိုးလဲချင်နေသူများက များနေသလို ဖြစ်နေတယ်။

နိဂုံးချုပ်ရရင် စစ်အာဏာရှင်စနစ် ကို အမေရိကန်နဲ့ပေါင်း လစ်ဘရယ် တရား ဒီမိုကရေစီ သကာရည် ကျဲကျဲလောင်းရင်း ပုံဖျက် ခွံ့ကျွေး အွန်လိုင်း၊ ပြင်ပ လော်ဘီ လုပ်လိုက်၊ အစွန်းရောက် အမျိုးသားရေး လမ်းကြောင်း ပုံဖော်လိုက်၊ ဟို ဘုရား ဒီရွေ့ ဒီ ဘုရား ဟိုပင့်၊ ရွှေ ချ၊ ထီးတော်တင်၊ ဟို ခေါင်းလောင်း ဒီ ခေါင်းလောင်းရှာ ဘာသာ သာသနာ စောင့်ရှောက်သူကြီးများ အဖြစ် အရေခြုံလိုက်နဲ့ စစ်အုပ်စုရဲ့ ရာသက်ပန် စစ်အာဏာရှင်စနစ် တည်မြဲရေး ကြံဆောင်နေတဲ့ လက်ရှိ စစ်လွှတ်တော် နိုင်ငံရေး ဟာ ခရီးအတော် ရောက်ခဲ့လို့လာပါပြီ။

ကျနော်တို့ တတွေ ကတော့ စစ်လော်ဘီများ တနေ့တမျိုး မရိုးရအောင် ကပြ အသုံးတော်ခံ တင်ဆက်နေတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်များ ကို နတ်ကရာ ကျီးမော့  “တမော့မော့ ဝေလေလေ ဒို့တတွေ” ဖြစ်နေဆဲပါ။  ဒါမျိုးနဲ့တော့ ဗမာပြည်ရဲ့ ရှစ်ဆယ် ရာခိုင်နှုန်း လူထု ဆင်းရဲသား ကောင်းစားရေး “လူထုဒီမိုကရေစီ” တိုင်းပြည် အနာဂတ် မှာ ထွန်းကားလာမှာ မဟုတ်ကြောင်း ဆွေးနွေး တင်ပြလိုက်ရကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
သြဂုတ် ၁၄၊ ၂၀၁၄
(ဆောင်းပါး ပါ အာဘော် ကို ဝေဖန်ရန် nyeinchanaye81@gmail.com ထံ စာရေး ဆက်သွယ်နိုင်သည်။)

The Ladies News Weekly Journal, Vol. (2), No. (26), 15-Aug-14 (Friday) ထုတ်တွင် ပုံနှိပ် ဖော်ပြခဲ့ပြီး ဖြစ်သည်။  မိုးမခ တွင် အွန်လိုင်း ထပ်မံ ပုံနှိပ်သည်။