ငြိမ်းချမ်းအေး - ခင်ဗျားတို့ပြောတဲ့ ဘာသာရေး ကျဆုံးပါစေ

ငြိမ်းချမ်းအေး - ခင်ဗျားတို့ပြောတဲ့ ဘာသာရေး ကျဆုံးပါစေ
(မိုးမခ) အောက်တိုဘာ ၀၄၊ ၂၀၁၅

ရန်ကုန်မြို့သုဝဏ္ဏအားကစားရုံ ၁ မှာ အောက်တိုဘာလ ၄ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ မျိုးစောင့်ဥပဒေ အောင် ပွဲ ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ဆရာတော်များ၊ မယ်သီလရှင်များနဲ့ ထောက်ခံသူ လူထုပရိသတ် အများအပြား တက်ရောက်ခဲ့ပါတယ်။

သြဝါဒ မြွက်ကြားသူ ဆရာတော်တပါးဖြစ်သူ သီတဂူဘုန်းတော်ကြီးက မိန့်ပါတယ်။  အောင်ပွဲ သိပ်မခံပါနဲ့ဦးတဲ့ မာန်နတ်တွေ ရှိသေးတယ်တဲ့၊ အတိတ်စိမ်းတွေ ပေးပါတယ်။

ဆရာတော်က ဆက်မိန့်ပါတယ်။  အီရန်၊ ပါကစ္စတန်၊ မလေးရှား ဥပမာတွေ ပြုပါတယ်။  အားကျတဲ့သဘောပေါ့။  နိုင်ငံတော် ဘာသာဖြစ်ရမယ့်သဘောလည်း ဆိုပါတယ်။  အရင်တုန်းကဖြစ်ခဲ့တာ အခုမပြဋ္ဌာန်းနိုင် မတည်ရှိတော့ စိတ်တော် မကောင်း ရှာဘူး သဘောလည်း ရှိပါတယ်။  ဘုန်းကြီးအုပ်စုက တိုင်းပြည်မှာ လွှမ်းမိုးချုပ်ကိုင်အုပ်ချုပ်လိုတဲ့သဘောတွေကို ထင်ထင် ရှားရှား ပြသခဲ့ပါတယ်။

အလွန်အကျွံလုပ်ချင်တဲ့ ကိုယ့်လူတွေလည်း သတိလေးနဲ့ ပညာရှိနည်းနဲ့လုပ်ပါ သြဝါဒပေးပါတယ်။ Over Speed မဖြစ်ပါစေ နဲ့တဲ့။ ဒါတွေက ပထမအဆင့်ပဲရှိသေးတယ်။ နောင် နိုင်ငံတော်ဘာသာ၊ ဘုန်းကြီးတိုင်းပြည် ဒါတွေကျန်သေးတယ်။  အနှစ် ချုပ် သတင်းစကားက ဒါပဲဆိုနိုင်ပါတယ်..။

ဘာသာရေးချည်း မလုပ်နဲ့၊ နိုင်ငံရေး၊ လူမှုရေးလည်းပါရမယ်တဲ့ ဆရာတော်က ဆက်ဟောခဲ့ပါတယ်။  ဓမ္မရန်ကွန်မြူနစ် နှိမ်နင်းရေးကို ဥပမာပေးပါတယ်။  ဗုဒ္ဓဘာသာဒီမိုကရက်တစ်ပါတီ ထူထောင်ဖို့တွေ သွယ်ဝိုက်မိန့်ပါတယ်။  လူမှုတရားမျှတမှု အတွက် ဖော်ဆောင်ပါပေါ့။ Social Justice တကယ်ဖော်ဆောင်ချင်ရင် ဘယ်သူ့ကို အရင်တိုက်ရမလဲဆိုတဲ့ လူထုရန်သူ စစ်စစ်ကိုတော့ ချမပြသွားပါဘူး။  မိတ်ဆွေဖြစ်နေလို့များလား?? မေးခွန်းထုတ်စရာ ရှိပါတယ်။

ချစ်လို့၊ မုန်းလို့ အစွန်းတဖက်တော့ မရောက်စေနဲ့ပေါ့ နိဂုံးချုပ် ပျားရည်နဲ့ဝမ်းချခဲ့ပါသေးတယ်။  မပြောတာတွေ ပြောတယ် မလုပ်ဖို့၊ ပြောတာတွေကို ပြောတဲ့အတိုင်းရေးဖို့ ဆိုပါတယ်။  အဆုံးမှာတော့ ငြိမ်းချမ်းရေးစကားတွေ ဆိုခဲ့ပါတယ်။  သာဓုပါ ဘုရား..။
----

ကျနော်က ဒီအကြောင်းအရာ အခု သီတဂူဆရာတော်မိန့်သမျှ အားလုံး  ၂၀၁၃ အင်းစိန်၊ ရွာမ မျိုးစောင့်စကတည်းက အ ကုန် ပြန်လည်ဆွေးနွေးပြီးပြီ..။ ဆောင်းပါးဟောင်းတွေ စိတ်ဝင်စား ပြန်လည်ဝေဖန်သုံးသပ်လိုသူများ အချိန်ပေး ဖတ်ကြည့် နိုင်ပါတယ်။

အရင်ဆိုခဲ့သလိုပါပဲ..

တချို့ဆိုကြသလို အမျိုးသားရေးပြင်းထန်တဲ့ ကိုယ်တော်တွေချည်းမဟုတ်ဘူး၊ သြဇာရှိ လူကြည်ညိုများသူ ဆရာတော်ကြီး တွေကိုယ်တိုင်  “နိုင်ငံတော်ကိုဗဟိုပြု ဘာသာရေးအတွက် အသုံးချလိုတယ်” ဆိုတဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ထောက်ပြ ချက်ကို  အခု လူအများ ပိုမိုရှင်းရှင်းလင်း မြင်သိနိုင်ကြပြီ ထင်ပါတယ်။

လိုချင်တာ ဒီမိုကရေစီမဟုတ်ဘူး၊ အားကျတာ ဒီမိုကရေစီမဟုတ်ဘူး။  အီရန်ကို အားကျနေကြတာပါ။  မလေးရှားဒီမိုကရေစီ၊ စင်ကာပူရဲ့ လူစဉ်မမီတဲ့လွတ်လပ်မှု ဒါတွေကို ဇောင်းပေးသွပ်သွင်းနေတဲ့ မီးကျိုးမောင်းပျက် ဈေးပေါင်ကျ မြန်မာ့နည်း မြန်မာ့ဟန် မျိုးစောင့် မ-ဘ-သ သြဝါဒအောက်က ဒီမိုကရေစီ၊ ဒီလောက်ပဲလိုချင်တာပါ။

ဘုရားထီးတော်တင်လိုက်၊ ရွှေချလိုက်၊ ကျောင်းဆောက်လိုက်လုပ်ပြရင်း ဘာသာရေးကို အာဏာတည်မြဲရေးအတွက် အမြဲ ခုတုံးလုပ်နေသူတွေနဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပဲ လုပ်ချင်ကြတာပါ။ အစိုးရအလုပ်၊ စနစ်တခုက ဘာသာတခုခုကို ချီးမြှင့်ဖို့ ကာကွယ်ဖို့မဟုတ်ဘူးဆိုတဲ့ အခြေခံအချက်ကိုတောင် လက်ခံချင်စိတ်မရှိကြပါဘူး။

လူငြိုငြင်ခံ ထပ်ပြောပါမယ်..။  မလေးရှား စင်ကာပူ ဒီမိုကရေစီကို တုချင်ရင် အာဏာရှင်စနစ်သာ ကျင့်သုံးပါ။

ဒါမှမဟုတ် ဘုန်းကြီးတွေအုပ်ချုပ်ပါ။   “Theocracy” စနစ်ကျင့်သုံးပါ။  ကျနော် အသာအယာ အေးရာအေးကြောင်း ခပ်ဝေး ဝေးမှာ ပါးစပ်ပိတ် နေသွားမယ်။

ဘာသာတရား ကိုင်းရှိုင်းလှတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဘုရားသားတော် သံဃာများရဲ့ အခန်းကဏ္ဍဟာ အမြဲအရေးပါ အဦး အထိပ်ပြုစရာဖြစ်တာ အမှန်ပါပဲ။  ဦးထိပ်တင်လျက်ပါ။  သံဃာကို စင်ပေါ်တင် ဘုရား၊ တရားနဲ့ တဂိုဏ်းထား ကိုးကွယ် ဆည်းကပ်ထားခြင်းဟာ ဘာသာရေးနဲ့ ကျင့်ဝတ် သီလ ဆက်စပ် နာမ်ပိုင်းဆိုင်ရာ လမ်းညွှန်ဦးဆောင် အကြီးအမှူးပြုဖို့သာ ဖြစ်ပါတယ်။  ဘုရားရှင်ရဲ့ တရားဓမ္မ အစစ်အမှန်များကို မဇ္ဈိမပဋိပဒါ အစွန်းတရားနှစ်ပါးကင်းလွတ်တဲ့ အလယ် အလတ် လမ်းစဉ် သီလ၊ ပညာ သမာဓိ အကျင့်အကြံ၊ အပြောအဟော၊ အလုပ်များနဲ့ ချွန်းအုပ် လူ့အဖွဲ့အစည်းကို သင်ကြားပြသဖို့သာ ဖြစ်ရပါမယ်။  တခြား မသက်ဆိုင်တဲ့ နိုင်ငံအုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကြီးများမှာ ဝင်ရောက် လွှမ်းမိုးနေ ရာယူဖို့ မဟုတ်ပါ။  နေရာယူချင်ရင် ဘာသာရေးနိုင်ငံတော်လုပ်ပါ။  အဲဒီအခါ ကျနော်လည်း ဘာမှ စောဒကမတက်တော့ပါ ဘူး။

အခု ကျနော်ပြောနေခြင်းက ကျနော့်မျိုးဆက်အတွက် ကျနော့်ကိုယ်ကျိုးအတွက်လည်း ပါပါတယ်။

ကျနော့်သားသမီးကို အာယာတိုလာ ဒုတိယ အီရန် မ-ဘ-သ မြန်မာပြည်မှာ ဘယ်တော့မှ မကြီးစေရပါဘူး။ 


အခု သူတို့ ပထမအဆင့် အခြေတည်မိသွားပါပြီ။  ပြီးရင် ဘုန်းကြီးပါတီ၊ ဘုန်းကြီးအုပ်ချုပ်မှု ဒါတွေကို ဆက်လက်တက်လှမ်းဖို့ တဖြည်းဖြည်းသွေးတိုးစမ်းမှာပါ..။

ကျနော်ယုံကြည်တာက အဖိနှိပ်ခံနင်းပြားလူသားတွေအတွက် ဘာသာရေး..။
ကျနော်လိုချင်တာက လူမျိုးတွေ ဘာသာတွေမရှိတဲ့ တိုင်းပြည်..။
ကျနော်ကာကွယ်ချင်တာ လူသားဖြစ်တည်မှု..။
ကျနော်စောင့်ရှောက်ချင်တာက လူသားဝါဒ..။
ကျနော် တိုးပွားစေချင်တာက လွတ်လပ်မှု အတွေးအခေါ်..။
ကျနော်စည်ပင်ချင်တာက ဉာဏ်ပညာ၊ ချစ်ခြင်းတရား၊ လူသားဆန်မှုများများ..။
ခင်ဗျားတို့ပြောတဲ့ ဘာသာရေးကျဆုံးပါစေ..။
ဘုရားတွေပြောတဲ့ ဘာသာရေး ထာဝရ ရှင်သန်ပါစေ..။
ကျနော်တို့ အများကြီး အော်ဟစ်ရပါဦးမယ်..။

ငြိမ်းချမ်းအေး
အောက်တိုဘာ ၀၄၊ ၂၀၁၅
(ပြန်လည်ဝေဖန်ရန် - nyeinchanaye81@gmail.com)