ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။
သော်တာသစ် - အမျိုးသမီးများအပေါ် ပြုမူသည့် အကြမ်းဖက်မှုဟူသမျှ ဂုဏ်သိက္ခာမရှိ
(မိုးမခ မဂ္ဂဇင်း ဇန်နဝါရီလထုတ်ပါ ဆောင်းပါး)
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆

ရဟီးမား (အမည်လွှဲ) လူ့လောကသို့ စတင်ချဉ်းနင်းဝင်ရောက်လာစဉ်ကတည်းက ဖခင်ဖြစ်သူသည် သမီးထက် ဆယ်နှစ်ကြီး သော သူ့အကိုတ၀မ်းကွဲနှင့် လက်ဆက်ရန် သဘောတူထားခဲ့ပြီးဖြစ်သည်။  သူ အသက် (၁၃) နှစ် ရောက်တော့ အဖေက အကိုနှင့်သူ လက်ထပ်ရန်မလိုတော့၊ သူ့ခင်ပွန်းလောင်းမှာ အခြားတယောက်ဖြစ်ကြောင်း ရဟီးမားကို ပြောလာပြန်သည်။  သို့ပေမယ့် လက်ထပ်သည့်ညမတိုင်ခင်အထိ ခင်ပွန်းဖြစ်လာမည့်သူမှာ မည်သူမည်ဝါ ဖြစ်ကြောင်း ရဟီးမား မသိခဲ့ရပေ။  အကျဉ်းရုံးကျင်းပသည့် မင်္ဂလာပွဲပြီးသည့်နောက် ခန်းဝင်အိပ်ခန်းဝယ် ခင်ပွန်းဖြစ်သူ၏ ရုပ်သွင်ကို မှန်းဆရင်း ရဟီးမား တယောက် စိတ်လှုပ်ရှားခဲ့ရသည်။  အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည့် အခန်းအတွင်းသို့ အခန်းတံခါးဆွဲဖွင့်လိုက်သည့်အသံသည် မိုးခြိမ်းသံလို အရာရာကို အလန့်တကြား ဖြစ်စေသည်။  အသံလာရာဆီသို့ မော့ ကြည့်လိုက်တော့ တွေ့လိုက်ရသည့်မြင်ကွင်းက ရဟီးမားကို ပို၍ ခြောက်ခြားစေပါသည်။  သူ့အဖေထက်ပင် အသက်ကြီးသည့် အမျိုးသားကြီးက သူ၏ ခင်ပွန်းတဲ့လား၊ သူ့ကို အကြွေးနှင့် သည်ပုဂ္ဂိုလ်ကြီးထံတွင် ရောင်းချခဲ့သည်တဲ့လား၊ ထိုအချိန်တွင် ရဟီးမားအသက်မှာ ဆယ့်သုံးနှစ်စွန်းစွန်းလေးပဲ ရှိသေးသည်။  ထိုအမျိုးသားကြီးနှင့် ကလေးသုံးယောက်မွေးဖွားပြီးသည့်နောက်တွင်မူ ရဟီးမားကို စာရိတ္တဖောက်ပြန်သည့် အမျိုးသမီးအဖြစ် သတ်မှတ်ကြေညာခံခဲ့ရသည်။

ပါကစ္စတန်နိုင်ငံ၏ ရိုးရာအစဉ်အလာအရ “ဂုဏ်သိက္ခာအတွက် သေပွဲဝင်ခြင်း” ဟူသော ခေါင်းစဉ်အောက်တွင် ရဟီးမားကဲ့ သို့သော အမျိုးသမီးငယ်ပေါင်းများစွာကို ရှင်လျက်နှင့်သေအောင် လူ့အသိုင်းအ၀ိုင်းကနေ ဖယ်ကြဉ်ကာ စိတ်ပိုင်းဆိုင်ရာနှင့် ဂုဏ်သရေကိုချိုးနှိမ်ခြင်းဖြင့်လည်းကောင်း၊ လူအများရှေ့တွင် အသက်သေသည်အထိ ထုနှက်ရိုက်မောင်းကာ အပြစ်ပေး ခြင်း ဖြင့်လည်းကောင်း အဖိနှိပ်ခံရလျက်ရှိသည်။  အမျိုးသမီးများသာမကဘဲ အမျိုးသားများကိုပါ စာရိတ္တဖောက်ပြန်သူအဖြစ် စွပ်စွဲကာ အဆိုပါ “ဂုဏ်သိက္ခာအတွက် သေပွဲဝင်ခြင်း” အတွက် စတေးမှုများ ရှိသော်လည်း အမျိုးသမီးများအပေါ် သတ်မှတ် ပြဋ္ဌာန်းချက်က ပို၍များပြားပါသည်။

အမျိုးသမီးတဦးသည် မိမိနှင့်မျိုးနွယ်တူမဟုတ်သော အမျိုးသားကို လက်ထပ်ခြင်း၊ သူစိမ်းအမျိုးသားတဦးနှင့် စကားပြော ဆိုခြင်း၊ သူစိမ်းအမျိုးသားတဦးက ထိုအမျိုးသမီးရှိရာသို့ မည်သည့်အကြောင်းကိစ္စဖြင့်ဖြစ်စေ အလည်လာတတ်ခြင်း၊ အမျိုးသမီးက ပြတင်းတံခါးဘေးတွင် မကြာခဏရပ်ကာ အိမ်ပြင်သို့ကြည့်တတ်ခြင်း၊ ပွဲလမ်းသဘင်မရှိပါဘဲနှင့် အမွှေးနံ့သာ လိမ်းခြယ်ခြင်း၊ ခင်ပွန်းသည်မရှိခိုက်တွင် သစ်လွင်သပ်ရပ်စွာ ဖီးလိမ်းဝတ်စားဆင်ယင်ခြင်း အစရှိသော အကြောင်းပြ ချက်များဖြင့် အဆိုပါအမျိုးသမီးကို စာရိတ္တဖောက်ပြားသူအဖြစ် စွဲချက်တင်လိုက တင်ခွင့်ရှိအောင် ရိုးရာအစဉ်အလာက ခွင့်ပြုထားသည်။  ထိုနည်းတူ ခင်ပွန်းသည်ဖြစ်သူက နောက်အိမ်ထောင်ပြုလိုပါက သူ၏လက်ရှိဇနီးကို စာရိတ္တဖောက်ပြားသူ အဖြစ် သမုတ်ကာ သေစားသေဒဏ်အပြစ်ပေးလိုကလည်း ပေးနိုင်သေးသည်။ ထို့အတွက် ကျန် မိဘမောင်ဘွားနှင့် ရပ်ရွာက ကြားဝင်စွက်ဖက်ပိုင်ခွင့်မရှိပေ။

အဆိုပါဖြစ်ရပ်ကဲ့သို့ ရိုးရာအစဉ်အလာ သတ်မှတ်ချက်များကို ကိုင်စွဲ၍လည်းကောင်း၊ လူမျိုးတမျိုးနှင့်တမျိုး၏ ဂုဏ်သရေကို ချိုးနှိမ်ရန်အတွက်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာ အင်အားချင်းမမျှတမှုအပေါ် အခွင့်ကောင်းယူ၍ လည်းကောင်း ကမ္ဘာနှင့် အ၀ှမ်း အမျိုးသမီးများမှာ အကြမ်းဖက်ခံရမှုကို နေ့စဉ်နှင့်အမျှ နည်းမျိုးစုံဖြင့် တွေ့ကြုံခံစား နေရပါသည်။  ပဋိပက္ခနှင့် စစ်မက်ဖြစ်ပွားရာနေရာများတွင် လူမျိုးတမျိုးနှင့် တမျိုး (သို့မဟုတ်) မျိုးနွယ်စု တစုနှင့်တစု၏ ဂုဏ်သရေညှိုးနွမ်းနိမ့်ကျစေရန် ရည်ရွယ်ချက်ဖြင့် စနစ်တကျကြံစည်ပြုလုပ်သော အဓမ္မ လိင်အကြမ်းဖက်မှုများတွင် အမျိုးသမီးများမှာ တန်ဆာခံဖြစ် ခဲ့ရသည်။

ထိုနည်းတူ အိန္ဒိယနိုင်ငံကဲ့သို့ လူမှုအဆင့် သတ်မှတ်ချက်များသော နိုင်ငံမျိုးတွင် ဇာတ်မြင့်ကလာသော အမျိုးသားတဦးက ဇာတ်နိမ့်အမျိုးသမီးအပေါ်ပြုမူသော လိင်အကြမ်းဖက်မျိုးကို ဇာတ်နိမ့်သူဘက်က အပြစ်တင်စွဲချက်တင်ခြင်းမျိုးကို ရိုးရာ အစဉ်အလာအရ ကန့်သတ်ထားသည်။  ထို့ကြောင့် အမျိုးသမီးများမှာ ကျား၊ မ ကွဲပြားမှုနှင့် ရိုးရာအစဉ်အလာ၏ သတ်မှတ် ချက်အရ လူမှုအဆင့်အတန်း မတူညီမှု အစရှိသော ကွာခြားမှုအလွှာမျိုးစုံအောက်တွင် ၎င်းတို့ခံစားရသော ဝေဒနာကို ပြောပြနိုင်စွမ်းမရှိရလောက်အောင် မလူးသာမလွန့်သာ အခြေအနေအောက်သို့ ကျရောက်နေပါသည်။

အမျိုးသမီးများကို စိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာ (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အနာတရဖြစ်စေနိုင်ခြင်း၊ အရှက်ရ နာကျင်ခံစားစေနိုင်ခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်၍ သိမ်းသွင်းခြင်းနှင့် အမျိုးသမီးတို့၏ အခွင့်အရေးကို ပိတ်ပင်တားဆီး ဖယ်ရှားခြင်း အစရှိသောအပြုအမူများအားလုံးကို အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းဟု ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ကြေညာစာတမ်းတွင် အဓိပ္ပာယ်ဖွင့်ဆို ထားပါ သည်။  မိမိပုဂ္ဂလအရေးအပြင် အိမ်တွင်းရေးကိစ္စများ၊ ရပ်ရွာကိစ္စများတွင် အမျိုးသားများနည်းတူ အမျိုးသမီးများကို ပါဝင် ပြောဆိုခွင့်မပေးခြင်း၊ ဆုံးဖြတ်ခွင့်မပေးခြင်း၊ လိင်ကွဲပြားမှုအပေါ် မူတည်၍ အမျိုးသမီးတို့၏ စွမ်းဆောင်ရည်ကို အသိအမှတ် မပြု လျစ်လျူရှုခြင်း၊ ထွက်ပေါက်မပေး အဖြည့်ခံဘ၀အဖြစ်သာ တည်ရှိစေခြင်းသည် အမျိုးသမီးတို့အပေါ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းပင်ဖြစ်သည်။

လိင်အကြမ်းဖက်မှုဟုဆိုရာတွင် သားမယားအဖြစ်အဓမ္မပြုကျင့်ခြင်း၊ လိင်ဆက်ဆံရန်ဖြားယောင်းသွေးဆောင်ခြင်း၊ လိင်ပိုင်း ဆိုင်ရာ နှောက်ယှက်ပြောဆိုပြုမူခြင်း၊ ကလေးသူငယ်များကို လိင်အကြမ်းဖက်ခြင်း၊ အရွယ်မရောက်သေးသော ကလေးငယ်များကို လက်ထပ်ထိမ်းမြားစေခြင်း အပါအ၀င် အတင်းအကြပ်လက်ထပ်ထိမ်းမြားစေမှု စသော အမှုများအားလုံး အကျုံးဝင်ပါသည်။  ဇနီးမယားကို ရိုက်နှက်ခြင်း ကဲ့သို့သော အိမ်တွင်းအကြမ်းဖက်မှုနှင့် ဓလေ့ထုံးတမ်းစဉ်လာအတိုင်း အမျိုးသမီးအင်္ဂါကို ပျက်စီးအောင် လုပ်ဆောင်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာနာကျင်အောင် အကြမ်းဖက်ခြင်းဟု ဆိုနိုင်ပါသည်။

ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့၏ ၂၀၁၅ ခုနှစ် ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံများရှိ အမျိုးသမီး သုံးယောက်တွင် တယောက်မှာ များသောအားဖြင့် ၎င်းတို့အိမ်ထောင်ဖက်၏ ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံစားနေရသည်ဟု သိရသည်။  ဆယ်ကျော်သက် အမျိုးသမီးငယ် သုံးဦးလျှင် တဦး၏ ပထမဆုံးအကြိမ် လိင်ဆက်ဆံမှုမှာ အတင်းအကြပ်တောင်းဆိုမှုကြောင့်ဟု ဆိုသည်။  အမျိုးသမီးများ အသက် ၁၅ နှစ်အရွယ်ကတည်းကပင် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရမှုကို နည်းမျိုးစုံဖြင့် ကြုံတွေ့နေရပါသည်။  ထို့ပြင် အဆိုပါ စစ်တမ်းအရ အမျိုးသမီးပေါင်း ၂.၆ ဘီလီယံမှာ စစ်တပ်၏လိင်အကြမ်းဖက်မှုကို တရားဥပဒေအရ အရေးယူခြင်းမပြုသော နိုင်ငံများတွင် နေထိုင်နေရသည်။  လိင်အမြတ်အထုတ်ခံနေရသော လူဦးရေပေါင်း ၄.၅ သန်းရှိရာ ၎င်းတို့အနက် ၉၈% မှာ အမျိုးသမီးများ ဖြစ်သည်။  အာဖရိကနှင့် အရှေ့အလယ်ပိုင်း ၂၉ နိုင်ငံတွင် နေထိုင်သော အမျိုးသမီးများမှာ ၎င်းတို့၏ လိင်အင်္ဂါကို ယိုယွင်းအောင်တစိတ်တပိုင်း ဖြတ်တောက်ခြင်းကို အလေ့အထတခုအနေဖြင့် လက်ခံနေရဆဲဖြစ်သည်။  ၎င်းအပြင် နိုင်ငံပေါင်း သုံးပုံ နှစ်ပုံတွင် ဥပဒေကို ချိုးဖောက်၍ အိမ်တွင်းအကြမ်းဖက်မှုကို ကျူးလွန်နေကြသည်ဟု သိရသည်။

အမျိုးသမီးတို့အပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ နှောက်ယှက်မှုကို ဥပဒေအရ မည်သို့ ကာကွယ်ပေးထားစေကာမူ “ရိုးရာအစဉ်အလာတို့၏ ပြဋ္ဌာန်းမှု” ကို မကျော်လွန်နိုင်သေးသရွေ့ လိင်အကြမ်းဖက်မှုများ သိသိသာသာမလျော့ကျနိုင်ပါ။  ဥပဒေအရ အပြစ်ပေးခြင်းသည် အပြစ်လုပ်သူကို ထိုက်တန်သောဒဏ်ခတ်ခြင်းမျှသာ ဖြစ်သည်။  နောက်နောင် ကျူးလွန်နိုင်ရန်အခြေအနေရှိသော အလားအလာများကို ဟန့်တန်းနိုင်ရေးအတွက်မူ ဖိုဝါဒကြီးစိုးသော အစဉ်အလာ၏ ပြဋ္ဌာန်းမှုတို့ကို လျှော့ချနိုင်မှသာ အောင်မြင်ပါလိမ့်မည်။  ထိုအထဲတွင်

၁) အမျိုးသမီးအပေါ် လိင်အကြမ်းဖက်မှုပြုခြင်းဖြင့် အမျိုးသား၏ “ကျား” ဂုဏ်အင်ကို တက်စေသည် (တနည်း ယောက်ျား ပီသမှုကို ပြသရာရောက်သည်) ဟူသော အယူအဆများ၊

၂) “အရိုးကွဲအောင် ရိုက်မှ အသည်းစွဲအောင် ချစ်မည်”၊ “မယားနေစ ကြောင်သေမှ” အစရှိသော ရိုးရာစကားပုံများ၊ ပုံခိုင်းများဖြင့် အမျိုးသမီးတို့ အကြမ်းဖက်ခံရသည့် အနေအထားကို ဖြစ်သင့်သည့်သဘောသဘာဝအဖြစ် ပုံသွင်းနေမှုများ၊

၃) လိင်အကြမ်းဖက်ခံရမှုကို ဖွင့်ဟဖော်ထုတ်ခြင်းကို အရှက်ရစရာအဖြစ် ပြစ်တင်ဝေဖန်မှုများ၊

၎) စွဲချက်တင်သူကို တန်ပြန်အန္တရာယ်ပြုခြင်းများ၊

၅) ဥပဒေ၀န်ထမ်းများ၏ အဂတိလိုက်စားခြင်းနှင့် လျော့ရဲသောတရားစီရင်ရေးစနစ်သည် အမျိုးသမီးများ အကြမ်းဖက်ခံရမှု အခြေအနေများ ထင်သာမြင်သာ ပွင့်ထွက်မလာစေရန် တားဆီးသော အရာများဖြစ်သည်။

ဥပမာ - တရားဥပဒေအရ လင်မယားဖြစ်စေကာမူ အမျိုးသမီး၏ စိတ်ဆန္ဒမပါဘဲ ကာမဆက်ဆံရန်အားထုတ်ပါက လင်ယော က်ျားကို မုဒိမ်းမှုဖြင့် စွဲချက်တင်ရန် ခွင့်ပြုထားသည်။  သို့သော် ရပ်ရွာအစဉ်အလာ၏ သတ်မှတ်ချက်တွင် ခင်ပွန်းဖြစ်သူကို “ကာမပိုင်လင်” ဟု အသိအမှတ်ပြုထားခြင်း၊ ဇနီးကောင်းတဦး၏ ကျင့်ဝတ်တွင် ခင်ပွန်းဖြစ်သူ၏အလိုဆန္ဒကို ဖြည့်ဆည်း ပေးခြင်းဟူ၍ ယူဆ ထားသဖြင့် လင်ယောက်ျား၏ အလိုကို မဖြည့်ဆည်းပေးသူ မယားကိုသာ အပြစ်မြင်ခြင်း၊ ထိုသို့သော အမှုမျိုးကိုလည်း ရယ်စရာ၊ လှောင်ပြောင်စရာအဖြစ် မြင်ကြခြင်းတို့ကြောင့် အိမ်တွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်များမှာ လူမသိ သူမသိ ဖြစ်ပွားလျက်ရှိသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် အသက်အရွယ်၊ အဆင့်အတန်းမရွေး အမျိုးသမီးတိုင်း တွေ့ကြုံခံစားနေရသည့် ပြဿနာဖြစ်ပါသည်။  အသက် နှစ်နှစ်၊ သုံးနှစ်အရွယ် မိန်းကလေးမှသည် အသက် (၇၀) အရွယ် အဖွားအိုအထိ လိင်အကြမ်းဖက်မှု၏ သားကောင်ဖြစ်နေရသည်။  အဓမ္မပြုကျင့်မှုမျိုး မခံရလျှင်တောင် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသော စကားများ မိမိရှေ့တွင် ဟာသလုပ်ပြောခြင်းဖြင့်လည်းကောင်း၊ ကာယိနြေ္ဒ ပျက်ပြားစေအောင် အသံပြုနှောက်ယှက်ခြင်းဖြင့် လည်းကောင်း၊ အမျိုးသမီးတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းကို မရိုးဖြောင့်သောစိတ်ဖြင့် ထိတွေ့ရန် ကြိုးစားခြင်းဖြင့် လည်းကောင်း စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တမျိုးသို့မဟုတ် တမျိုးကို အိမ်တွင်း၊ အိမ်ပြင်ပ၊ အလုပ်ထဲ၊ ယာထဲ၊ ဘာသာရေးအရိပ်အာဝါသအောက်တွင်ပါမကျန် နေရာစုံ၌ နိစ္စဓူဝ ကြုံတွေ့နေရသည်။  မိန်းမပျိုတဦး အဓမ္မအကျင့်ခံရလျှင် မစို့မပို့သောလျော်ကြေးငွေဖြင့် အမှုပိတ်သိမ်းရန်အားထုတ်ကြသည်များလည်း ရှိတတ်သည်။  “တိုင် လို့လည်း ဘာမှ ထူးလာမှာမဟုတ်ဘူး၊ အပျိုပြန်ဖြစ်လာမှာမှ မဟုတ်တာ၊ လူသိရင် အရှက်ရတာပဲ အဖတ်တင်မယ်၊ ဒီလောက်နဲ့ ကျေနပ်ပေးပါ” ဟူသော အလားတူစကားမျိုး ပြော၍ နစ်နာသူ ကာယကံရှင်မိန်းကလေးကို နှစ်သိမ့်ရန် ကြိုးစားလေ့ရှိကြသည်။

ထိုအရေးကိစ္စမျိုးတွင် ကြားဝင်စေ့စပ်ပေးသူကပင် ကယ်တင်ရှင်ယောင်ယောင် ဖြစ်သွားတတ်သေးသည်။  ထို့ပြင် အမှုရင်ဆိုင်ချိန်ကြာမြင့်ခြင်းနှင့် တရားစီရင်ရေးစနစ်ယိုယွင်းနေမှုတို့ကလည်း အပြုကျင့်ခံရသူ အမျိုးသမီးများကို တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းနိုင်မည့်နည်းလမ်းကို အားမပေးသကဲ့သို့ရှိသည်။  ထို့ပြင် ကျူးလွန်သူဘက်က သက်သေလိုက်မည့်သူများကိုပါ ခြိမ်းခြောက်သည့်နည်းလမ်းများသုံး၍ နှုတ်ပိတ်ရန် အားထုတ်မှုများလည်း ရှိနေတတ်သည်။  သည်အထဲတွင် မသန်စွမ်းအမျိုးသမီးများ၊ လူမျိုးစုငယ်မှ အမျိုးသမီးများနှင့် နွမ်းပါးသူ အမျိုးသမီးများသည် တရားဥပဒေ၏ မျက်ကွယ်ပြုခြင်းအများဆုံးခံရလေ့ရှိသည်။

စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို တရားဥပဒေအရ ထိရောက်စွာအရေးယူနိုင်လျှင်တောင် ပြဿနာ ၏ တစိတ်တပိုင်းကိုသာ ဖြေရှင်းနိုင်ပါလိမ့်မည်။  သို့သော် လူသူမသိဘဲ ဖြစ်ပွားနေသော အကြမ်းဖက်မှုအများစုမှာ အကြမ်းဖက်ခံရသူကိုယ်တိုင်ကရော၊ အကြမ်းဖက်သူကပါ ထိုအခြင်းအရာကို “အကြမ်းဖက်မှု” ဟု သတိမမူမိဘဲ ကျူးလွန်နေမိတတ်သည်။  ၎င်းအပြင် ရိုးရာအစဉ်အလာအရ “ဖိုဝါဒ” ကြီးစိုးမှုကို ပစားပေးထားလျှင်လည်း အောက်ခြေတွင် ငုပ်လျှိုးနေသော ပြစ်မှုများ တရားခွင်သို့ ရောက်လာလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရန် လူထုကို အသိပညာပေးရန်လိုအပ်ပါသည်။  ကျောင်းနေကလေးအရွယ် ကတည်းက လိင်အသိပညာပေးခြင်း၊ မျိုးပွားကျန်းမာရေးအသိပညာပေးခြင်းနှင့်အတူ ချစ်သူနှင့်ချိန်းဆိုတွေ့ဆုံရာတွင် ဖြစ်ပွားနိုင်သည့် အကြမ်းဖက်မှုများ (Adolescent Dating Violence) အကြောင်းနှင့် ၎င်းတို့ကို ရှောင်ရှားနိုင်ရန်နည်းလမ်းများ၊ နောက်ဆက်တွဲ ပြဿနာများအကြောင်း အသိပညာပေးသင့်ပါသည်။

ရှောင်ရှားရန် နည်းလမ်းဟုဆိုရာတွင် အခြေခံကိုယ်ခံပညာ သင်ကြားပေးခြင်းနှင့် အကြမ်းဖက်မှုကြုံတွေ့ရန် အခြေအနေကျ ရောက်နေစဉ်၌ အဆင့်လိုက် ဆောင်ရွက်ရန် နည်းလမ်းများကို သင်ကြားပေးခြင်းလည်း ပါဝင်ပါသည်။

ဒုတိယအဆင့်အနေဖြင့် အသိပညာပေး လုပ်ငန်းများ ရပ်ရွာအတွင်း ဆောင်ရွက်ရာတွင် အရွယ်ရောက် အမျိုးသမီးများ တင်မကဘဲ ကလေးငယ်တို့၏ မိဘများ၊ ရပ်ရွာလူကြီးများနှင့် အမျိုးသားထုကိုပါ ဖိတ်ခေါ်ရန်လိုအပ်ပါသည်။

တတိယအဆင့်အနေဖြင့် အကြမ်းဖက်ခံရခြင်းကြောင့် စိတ်ဒဏ်ရာအနာတရဖြစ်သူများအတွက် နှစ်သိမ့်ဆွေးနွေးအကြံပြုခြင်းနှင့် ၎င်းတို့ဘ၀ ပြန်လည်ထူထောင်နိုင်ရေး အကူအညီများ ပံ့ပိုးရန်လိုအပ်ပါသည်။

သို့မဟုတ်ပါက မိမိကိုယ်ကိုယ်သေကြောင်းကြံစည်ခြင်းနှင့် လူတောမတိုးဝံ့တော့ခြင်း အစရှိသော စိန်ခေါ်မှုများကို အရှုံးပေးလက်မြှောက်ကာ တွန့်ဆုတ်သွားခြင်းသည် သည်ဖြစ်ရပ်သည် ဖြစ်သင့်ဖြစ်ထိုက်သော ဖြစ်ရိုးဖြစ်စဉ်တခုဟူသော ရိုးရာအမြင်ကို ပိုမိုခိုင်မာစေသကဲ့သို့ ကျူးလွန်သူကိုလည်း ၎င်းတို့၏ “ကျား” ဂုဏ်အင်ကို ထောက်ခံသည့်သဘော သက် ရောက်စေပါသည်။

အမှန်တကယ်မှာ အကျူးလွန်ခံရသူသည် ဂုဏ်သိက္ခာပျက်ယွင်းရသူမဟုတ်၊ ကျူးလွန်သူသာလျှင် လူမဆန်ခြင်း၊ လူသား ချင်း စာနာညှာတာမှု ကင်းမဲ့ခြင်းသာလျှင်ဖြစ်သည်။

သော်တာသစ်
(မိုးမခ မဂ္ဂဇင်း၊ အတွဲ-၃၊ အမှတ်-၁၊ ဇန်နဝါရီ၊ ၂၀၁၆)