ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လှကျော်ဇော - မေ့ကျန်ခဲ့သူများ

ဖေဖေ ကျန်းကျန်းမာမာကာလများမှာ အခုလိုမေးမြန်းပြီး အချက်အလက်များကို စုဆောင်းခဲ့ရပါတယ်။
လှကျော်ဇော - မေ့ကျန်ခဲ့သူများ
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆
 
ဖေဖေက သူ့ရဲ့ကိုယ်ရေး အတ္ထုပ္ပတ္တိရေးတော့ အသက် ၈၀ ကျော်ပါပြီ။ အရင်က ရေးသားထားတဲ့ ဆောင်းပါးတွေ၊ ကိုယ် တွေ့အတွေ့အကြုံ အကြောင်းအရာတွေ၊ နေ့စဉ်မှတ်တမ်းတွေ အတော်များများရှိနေလို့ အသင့်အတင့် ပြည့်စုံအောင် ရေး နိုင်တာဖြစ်ပါတယ်။ တခါတလေ သူက စာရေးနေရင်း တချို့အဖြစ်အပျက်တွေကို အတိအကျ မမှတ်မိဖြစ်တတ်ပါတယ်။ ဒီလိုအခါမျိုးမှာ “သူရှိတုန်းက ရေးဖြစ်ရင် သိပ်ကောင်းမှာပဲ” လို့ ညည်းတွားတတ်ပါတယ်။ ၁၉၉၉ ခုနှစ်က ကွယ်လွန်သွားတဲ့ မေမေ့ကို ရည်ညွှန်းပြောဆိုတာပါ။ မေမေက မှတ်ဉာဏ်အလွန်ကောင်းပြီး ဖေဖေသွားလေရာနောက် တကောက်ကောက် ပါသူလည်း ဖြစ်လေတော့ အကြောင်းအရာတော်တော်များများကို မှတ်မိတတ်ပါတယ်။ ဒါကြောင့် ဖေဖေက မေမေ့ကို တသ မိတာပါ။

ဖေဖေ့စာအုပ်ထွက်လာတော့ ဖတ်ရတဲ့သူ တော်တော်များများက ဖေဖေပါးစပ်နဲ့ပြောပြဖူးတဲ့ အကြောင်းအရာ တော်တော်များ များကို ပါမလာလို့ဆိုပြီး မေးကြမြန်းကြပါတယ်။ ကျွန်မကိုလည်း ဖေဖေ့စာအုပ်ထဲက မေ့ကျန်ခဲ့တဲ့ အကြောင်းအရာတွေကို ဆက်ရေးခိုင်း ပါတယ်။ ဒါကြောင့် ကျွန်မ အခု အသက် ၉၀ ပြည့်တော့မယ် ဖေဖေ့ကို ဟိုကိစ္စလေးမေးလိုက်၊ ဟိုလူ ဒီလူ အကြောင်း ပြောခိုင်းလိုက်နဲ့ သူပြောပြသမျှတွေကို ပြန်ဖောက်သည်ချလိုက်ရပါတယ်။

ဖေဖေက သူ့ကို မျိုးချစ်ပြည်ချစ်စိတ်သွင်းပေးတဲ့ အဓိကပုဂ္ဂိုလ်ဟာစာရေးဆရာကြီး ‘မဟာဆွေ- ဖြစ်တယ်လို့ ဆိုပါတယ်။ သူ ရန်ကုန် ဆရာဖြစ်သင်တန်းတက်နေတုန်းမှာ စာကြည့်တိုက်များက စာအုပ်များ အမြဲမပြတ် ငှားဖတ်ရာမှာ သူအစွဲလမ်း ဆုံးစာအုပ်များဟာ ဆရာကြီးမဟာဆွေရဲ့စာအုပ်များဖြစ်တယ်လို့ ဆိုပါတယ်။ ဆရာကြီးရဲ့ စာအုပ်တွေဟာ သူ့ဘဝရှေ့ခရီး အတွက် အလွန်ကောင်းမွန်တဲ့ အုတ်မြစ်တွေကို ချပေးခဲ့တယ်တဲ့။ တိုင်းချစ်ပြည်ချစ်စိတ် ခိုင်ခိုင်မာမာဝင်အောင် အကျင့် စာရိတ္တ ကောင်းမွန်အောင် ကျန်းမာရေးလိုက်စားချင်လာအောင် စတဲ့ အလွန်ကောင်းမွန်တဲ့ စိတ်ဓာတ်တွေကို သွင်းပေး ခဲ့တယ်လို့ ဆိုပါတယ်။

၁၃၀ဝ ပြည့် အရေးတော်ပုံအပြီး ဒဏ်ရာရတဲ့ ကျောင်းသားတွေကိုစုပြီး ဂုဏ်ပြုတဲ့ အခမ်းအနားတခုမှာ ဆရာကြီး မဟာ ဆွေကို ကိုယ်တိုင်တွေ့ဖူးသိရှိလိုက်ရပြီး အဲဒီအချိန်ကစလို့ ဆရာကြီးအိမ်ကို ဝင်ထွက်သွားလာပြီး ဆုံးမသြဝါဒများ မပြတ်ခံ ယူတယ်လို့လည်း ဆိုပါတယ်။

အဲဒီနောက် ဂျပန်ပြန် ဗိုလ်ကျော်ဇောဖြစ်လာတော့လည်း ဆရာကြီးမဟာဆွေအိမ်ကို အဆင်သင့်ရင် သင့်သလို သွားရောက် ပြီး အကြံဉာဏ်တွေ ဆုံးမစကားတွေကို နာယူခဲ့တယ်လို့ ဆိုပါတယ်။

ဆရာကြီးမဟာဆွေရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့ “မဟာဆွေရဲ့မဟာဆွေ” ဆိုတဲ့ စာအုပ်ထဲမှာလည်း ဖေဖေ့ အ ကြောင်းတွေ နည်းနည်းပါးပါး ရေးထားတာတွေ့ရပါတယ်။

ဖေဖေ စစ်တပ်က ပင်စင်ယူပြီး ကျွန်မတို့မိသားစုတွေ စမ်းချောင်းအိမ်ရောက်လာတော့ ဆရာကြီးရဲ့ ကျန်ရစ်သူ ဇနီးဒေါ် ကြည်ကြည်နဲ့ ဆရာကြီးရဲ့ သမီးကြီး ဒေါ်ခင်ဆွေဦးတို့ လာလည်ကြတဲ့အခါ ဒေါ်ကြည်ကြည်က ဖေဖေ့ကို “ကိုရွှေ” လို့ ခေါ် ပြီး၊ ဒေါ်ခင်ဆွေဦင်္းကတော့ “ကိုကိုရွှေ” လို့ ခေါ်ပါတယ်။ ဖေဖေ့ကို ဒီလိုခေါ်သူနည်းပါတယ်။ ဒါက ဖေဖေဟာ သူတို့မိသားစုနဲ့ ဗိုလ်ကျော်ဇောမဖြစ်ခင်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တယ်ဆိုတာ သိသာနိုင်ပါတယ်။

ဒါကတော့ ဖေဖေရဲ့ ဆရာရင်း ဆရာကြီးမဟာဆွေအကြောင်း သူ့စာအုပ်ထဲ ထည့်မရေးဖြစ်ခဲ့မိဖူးလို့ဆိုပြီး ပြောခဲ့တဲ့ အ ကြောင်းတွေပါ။

နောက်တယောက် သူပြောပြဖို့မေ့နေသူတဦးကတော့ လက်သီးပုန်းသခင်ဘတင်လို့ လူသိများတဲ့ ဗိုလ်ကြီးဘတင်ပါ။ ဗိုလ် ကြီးဘတင်ဟာ ဖေဖေ ဂျပန်ခေတ် ၁၉၄၃-၄၄ ခုနှစ်က ပဲခူးစံပြကျောင်းမှာ ကျောင်းအုပ်လုပ်စဉ်က စတင်သိရှိခဲ့တာပါ။ အဲဒီတုန်းက ဗိုလ်ကြီးဘတင်က သခင်ဗတင်ဆိုပြီး တို့ဗမာအစည်းအရုံးရဲ့ နာမည်ကြီး သခင်တဉီးအဖြစ် ကျော်ကြားပြီးသူပါ။ ဒါကြောင့် ဗိုလ်ကြီးဘတင်မျက်စိထဲမှာ ဂျပန်ပြန်ဆိုပြီး နာမည်ကြီးလာနေတဲ့ ဖေဖေတို့ကို ဂျပန်စိတ်ဝင်နေတယ်ဆိုပြီး ကြည့် မရ ဖြစ်နေဟန်ရှိပါတယ်။ ဖေဖေက အသက်အရွယ်ကလည်း ၂၅-၂၆ လောက်ပဲရှိသေးတော့ မလောက်လေး မလောက် စားလေးတွေလို့ သဘောထားပြီး စံပြကျောင်းကချထားတဲ့ ကျောင်းစည်းကမ်းတွေကို အမျိုးမျိုးချိုးဖောက်ပြီး အရွဲ့တိုက် တတ်သတဲ့။

ဖေဖေတို့က ကျောင်းသားတွေ ည အပြင်မထွက်ရ၊ ညနောက်ဆုံးအချိန် ဘယ်အချိန်မှာ ဘားတိုက်တွေမှာ ရှိရမယ်လို့ စည်းကမ်းသတ်မှတ်ထားပေမယ့် ဗိုလ်ကြီးဘတင်က ညအပြင် ထွက်လည်တတ်ပြီး၊ ညအချိန်မတော်မှ ပြန်လာတတ်ပါသတဲ့။ ဖေဖေက ညကင်းတွေ လှည့်စစ်ချိန်မှာ သူပြန်လာတာနဲ့တိုးရင် ဖေဖေက မမြင်ချင်ယောင်ဆောင်ပေမယ့် သူက ဖေဖေမသိ သိအောင် ချောင်းဟန့်လိုက် အသံပေးလိုက် လုပ်တတ်သတဲ့။ သူက အဲသလိုမျိုး အရွဲ့တိုက်တာပါ။

သူက ဖေဖေ့ကိုကြည့်မရပေမယ့် ဖေဖေကတော့ သခင်ခေါင်းဆောင်ဟောင်းကြီးတွေဆိုပြီး တလေးတစားဆက်ဆံ၊ ကျောင်း အုပ်ချုပ်ရေး ကော်မတီထဲမှာထည့်၊ သူ့ဆီကအကြံဉာဏ်တွေတောင်းနဲ့ ကောင်းကောင်းမွန်မွန်ဆက်ဆံတော့ နောက် ပိုင်း မှာ အတော်ရင်းနှီး ခင်မင်သွားကြပြီး ဂျပန်တော်လှန်ရေးအတွင်းမှာတော့ တိုင်း ၄ စစ်ကော်မတီအတွင်း တာဝန်တွေ ထမ်း ဆောင်ခဲ့ကြတဲ့အခါမှာတော့ အတော်သင့်မြတ်ပြေလည်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ပိုင်း လွတ်လပ်ရေးခေတ် ဖေဖေတိုင်းမှူးဖြစ်တော့ သူက စီးပွားရေးနယ်ပယ်ထဲဝင်ရောက်ပြီး အတော်အောင်မြင် ခဲ့ပါ တယ်။ အဲဒီကာလက ဖေဖေနဲ့တွေ့ချိန်မှာ “ဗိုလ်ကျော်ဇောရေ ကျုပ်တော့ ဒန်အိုးကုမ္ပဏီထောင်ထားတာ၊ ဒန်အိုးတွေ ရောင်းဖို့ ဈေးကွက်လိုတယ်။ မလေးရှားကို တိုက်ပေးဗျာ” လို့ ပြောဖူးတယ်တဲ့။

မဆလခေတ်မှာတော့ ဗိုလ်နေဝင်းရဲ့ မကြာခဏ ဖမ်းဆီးထောင်ချခြင်းကိုခံရပြီး ကိုကိုးကျွန်းတောင် ရောက်သွားရဖူး ပါ တယ်။ သူက ကိုကိုးကျွန်းက ပြန်လွတ်လာတော့ ဒုလ္လဘရဟန်းခံပါတယ်။ သူလွတ်လာပြီကြားတော့ ဖေဖေနဲ့ မေမေတို့ သူတို့အိမ်သွားနှုတ်ဆက်ပါတယ်။ သူက ရဟန်းဝတ်နဲ့ပါ။ သူ့ကို ဖေဖေက ဝတ်ပြုကန်တော့တော့ သူက အတော်ကျေနပ်ပြီး လာသမျှလူတွေကို “ကျုပ်ကို ဗိုလ်ကျော်ဇောက ကန်တော့သွားတယ်” လို့ တနေ့လုံး ပြောနေသတဲ့လေ။ သူ့သမီး စန်းစန်း တင် (အာအက်ဖ်အေ-မှာ အလုပ်လုပ်နေတဲ့) က ပြန်ပြောပြဖူးပါတယ်။

သူ့ကို ဗိုလ်နေဝင်းက မည်းရတဲ့အကြောင်းကတော့ ဗိုလ်ဘတင်ဟာ ဗိုလ်နေဝင်းက သူ့ပြိုင်ဖက်လို့သဘောထားတဲ့ ဗိုလ် လကျာ်နဲ့ အတော်ရင်းနှီးတာကတကြောင်း၊ ဗိုလ်နေဝင်းအပေါ်လည်း အထင်မကြီး မလေးစားတာက တကြောင်းတို့ကြောင့် ဖြစ်ဟန်ရှိတယ်လို့ ဖေဖေကဆိုပါတယ်။ ဒါ့အပြင် ဗိုလ်ဘတင်ကြီးဟာ နောက်တတ်ပြောင်တတ်သူလည်း ဖြစ်တော့ အ ကြောင်းသိမိတ်ဆွေတွေရှေ့မှာ ဗိုလ်နေဝင်းဂိုက်၊ ပုံစံတွေလုပ်ပြတတ်ပြီး ပြောင်တတ် လှောင်တတ်တာတွေလည်း ရှိတယ် လို့ ဆိုပါတယ်။ ဒါတွေကို ဗိုလ်နေဝင်းက ပြန်ကြားဟန်ရှိပြီး ဒါတွေကြောင့် ဗိုလ်ဘတင်ကို မုန်းတီးဟန်ရှိတယ်လို့လည်း ဖေဖေက ပြောပြပါတယ်။

ဒါတွေကတော့ ဖေဖေဆက်ပြောပြတဲ့ သူ့စာအုပ်ထဲ ထည့်မရေးမိခဲ့တဲ့အကြောင်းအရာတချို့ပါ။

၅-၈-၂၀ဝ၉

မှတ်ချက်၊
၁။ အမှားပြင်ဆင်ချက်။ ဗိုလ်ဘတင် ကိုကိုးကျွန်းအပို့ခံရချိန်မှာ အိမ်စောင့်အစိုးရခေတ် (၁၉၅၈-၆၀) မှာဖြစ်ပါတယ်။ မဆလ ခေတ်မဟုတ်ပါ။
၂။ ကျွန်မဆက်၍ရေးခြင်သော ဖေဖေအကြောင်းများ၊ အတွဲ (၁)၊ ဖြိုးမောက်သာစာပေ၊ ဆောင်းပါးအမှတ် (၁) ကို ပြန်တင် ပါတယ်။

လှကျော်ဇော
၂၁-၂-၂၀၁၆