ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဂျော်ဒီး - ဖွပ်အမတ်မင်းရဲ့ ငိုချင်း


ဂျော်ဒီး - ဖွပ်အမတ်မင်းရဲ့ ငိုချင်း 
(မိုးမခ) မတ် ၉၊ ၂၀၁၆
(ကမ်းဝေးကြိုးကြာ ၀က်ဆိုက်ကနေ တဆင့်ကူးယူပါတယ်)

လွှတ်တော်အမတ်မင်း ဦးဂဠုန်ခွာဏာတယောက် အတော် စိတ်ကသိကအောင့် ဖြစ်နေရသည်။
လွှတ်တော်သာ တက်နေရသည်။ လွှတ်တော်အမတ်ဘ၀ကို စိတ်နာစပြု နေလေပြီ။ တကယ်ဆို ကိုယ့်ဘာသာ ကဗျာဆရာ ဘ၀နဲ့ ကိုယ်ယုံကြည်ရာ စာပေလောကထဲတွင်သာ မွေ့လျော်နေ သင့်တာလို့ အကြိမ်ကြိမ် နောင်တတွေ ရင်မှာပိုက်နေရသည်။

တကယ်တော့သူသည် ကဗျာကိုချစ်သော.ကဗျာဆရာ.စစ်စစ်။ စာပေကိုချစ်သော စာရေးဆရာ ရင့်မကြီးတယောက်မို့  ကဗျာဆရာ စာရေးဆရာ ဂဠုန်ခွာဏာ ဘ၀ကိုသာ  အလွန်လွမ်းဆွတ် တသစိတ်တွေ တဖွားဖွားပေါ်နေလေသည်။

သူ့ကလောင်နံမည်ကိုက သူအလွန်ကြည်ညိုလေးစားသော ကဗျာဆရာကြီး စာရေးဆရာကြီး ဒဂုန်တာရာကိုဂုဏ်ပြုအတုယူကာ မှည့်ခေါ်ထားခြင်းဖြစ်လေသည်။ ဆရာကြီးဒဂုန်တာရာကဲ့သို့ စာပေနယ်တွင်သာ စိုက်လိုက်မတ်တပ် ရပ်တည်လိုလှသော်လည်း လူပေါင်းမှားကာ လွှတ်တော် အမတ်ဘ၀ရောက်ခဲ့ရသည်။

စိတ်ထဲတွင် သူ့ကိုချောက်ချသော စာပေနယ်မှ ရေးဘော်ရေးဘက် ကဗျာဆရာ စာရေးဆရာ ကာတွန်းဆရာများကိုသာ မေတ္တာ နာနာပို့မိလေသည်။ အထူးသဖြင့် အလွန် အရစ်ရှည်သော မိုးမခမှာ သရော်စာလိုလို တွေ့လေရာစာတွေရေးနေသူ  ကာတွန်း ဆရာမကြီးဂျော်ဒီး နဲ့ ကမ်းဝေးကြိုးကြာမှ ကဗျာဆရာကြီး ခင်လွန်းတို့ကို ပိုစိတ်နာလေသည် ။

ဖြစ်ပုံသနစ်စုံကား ။ ဇန်န၀ါရီလထုတ်မိုးမခမဂ္ဂဇင်းမှာ ဖော်ပြထားသော  ဆရာမကြီး ဂျော်ဒီး၏ “အမျိုးများ ရင်ကြားစေ့ရေးအတွက် မိုးမခရွာ သမတမှူးချုပ်မကြီး” ဆိုသော သရော်စာ ကို ဖတ်အပြီးတွင် သူတို့ ကဗျာဆရာလောကတွင် ဆွေးနွေးစရာ ခေါင်းစဉ်တခု တိုးလာလေသည်။

“ဟုတ် ဒယ် ၊ ကဗျာဆရာဆိုတာ တိုင်းပြည်တပြည်ရဲ့အဘိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲကွ  ဂေ့ ဂစ်”

ကဗျာဆရာတဦးက ဟုတ်နှင့် ဒယ် …ကြားတွင် တမိုင်လောက်ခြားကာ  နောက်ဆုံး ဂေ့ ဂစ်ဟူသော လေချဉ်သံလေးနှင့် အဆုံးသတ်ကာ အဆိုပြုလေသည်။ သူ့စိတ်ထဲတွင် အမယ် ငါ့အဆိုပြုသံက.ကဗျာရွတ်နေသလိုပဲ… လို့ တွေးရင်း ကျေနပ် ကာ  နှုတ်ခမ်းမွှေးတွင် ကပ်ကျန်နေသော…ဗျစ်ရည်လေးတစက်ကို လျှာနဲ့သပ်လိုက်လေသည်။

သူတို့ ဆွေးနွေးဝိုင်းသို့ အဝေးရောက်ကဗျာဆရာကြီး “အောင်နီး”က အသံဖိုင်တခုဖြင့် ကဗျာလတ်ကြီးတပုဒ်လှမ်းပို့ကာ ၀င်ရောက်ဆွေးနွေးရွတ်ဆိုလေသည်။

“ငါတို့ ကဗျာဆရာတွေဟာ အစဉ်အဆက် တော်လှန်သောအသက်ဓာတ်နဲ့ရှင်သန်ခဲ့ကြတဲ့ နိုင်ငံပြု ပုဂ္ဂိုလ်မြတ်တွေ ။ တိုင်းပြည်မှာ အရေးကြုံလာတိုင်း ဒီမှာဟေ့ အဘိုးမှိုင်းက မဆိုင်းဘူး.။ ကလောင်လက်နက်နဲ့ ချွန်မြ တွန်ကခဲ့တယ်.ကွ.”

နားထောင်နေသော ကဗျာဆရာများကား…ဆရာကြီး “အောင်နီး” ၏ ဋ္ဌာန်ကရိုဏ်း ကျနသော  ကဗျာရွတ်သံကိုကြားပြီး ကြက်သီးမြမြ ထသူထ ။ တချို့ကဗျာဆရာများကား အသံဖိုင်ထဲမှ ကလောင်လက်နက်များ ချွန်မြစွာ တိုးထွက်လာမှာ စိုးသကဲ့သို့  ခေါင်းများကို ဟိုယိမ်း သည်ယိမ်း ရှောင်ကြတိမ်းကြသေးလေသည် ။

သို့နှင့် သူတို့ဆွေးနွေးဝိုင်းမှာ
ခေတ်ပေါ်ကဗျာ ခေတ်ပြိုင်ကဗျာ ပို့စ်မော်ဒန်ကဗျာ ( ဘာကဗျာ ညာကဗျာ)  စသည်ဖြင့် ကဗျာ့အရေးများ ကို ဆွေးနွေးကြရင်း ကဗျာဆရာ မင်းညွန့်လှိုင်က လက်သီး လက်မောင်းတန်းကာ ဟစ်ကြွေးလိုက်သည်။

“ ကျနော်တို့ သားစဉ်မြေးဆက်မှာ မြန်မာ့ကဗျာလောက  ထွန်းသစ်တောက်ပဖို့.။.မြန်မာကဗျာတွေ ကမ္ဘာနဲ့အမီရင်ဘောင်တန်းဖို့ ။ အိုဗျာ ဖြစ်နိုင်ရင် မြန်မာ့ကဗျာ.ကမ္ဘာကို လွှမ်းစေရမယ် အဟွတ် အဟက်.။
ဒီ့အတွက် ကျော် တို့ မြန်မာကဗျာဆရာတွေ အရိုးကြေကြေ အရေခမ်းခမ်း ကြိုးစားရမယ်”

ကဗျာဆရာကြီး ဆရာခင်လွန်း(သူက သခင်ကိုယ်တော်မှိုင်းထံမှ လွန်းတလုံး အမွေယူ ထားသူ) က
“ဟုတ်တယ် ။ ဒီ့အတွက် ကျနော်တို့တတ်သမျှ စွမ်းသမျှကြိုးစားခဲ့ကြတယ် ။ ကြိုးစားဆဲပေါ့ဗျာ ။ ဒါပေမဲ့ မြန်မာကဗျာဆရာတွေနဲ့ မြန်မာကဗျာတွေဘက်က မားမားမတ်မတ်
ရပ်တည်ထောက်ကန်ပေးနိုင်တဲ့ အခင်းအကျင်းတခုတော့ လိုမယ်ဗျ ။ နိုင်ငံတော်အဆင့်ပေါ့ဗျာ ။ ကဗျာဆရာတွေကို နိုင်ငံတော်က မြှောက်စားရမယ် ။ ကဗျာဆရာတွေရဲ့ အခွင့်အရေးတွေကို
ကာကွယ်ပေးနိုင်ရမယ် ။ ဒီ့အတွက် ဖြစ်နိုင်ရင် လွှတ်တော်တို့ ဘာတို့က မြန်မာကဗျာထွန်းသစ်ရှင်သန်ရေးအတွက်၊ ကဗျာဆရာတွေ ကဗျာတွေ လွတ်လွတ်လပ်လပ်ဖန်တီးနိုင်ရေးအတွက်  ဥပဒေတွေပြုပေးပြီး ကာကွယ်စောင့်ရှောက်ပေးနိုင်ရမယ် ။
ဒီတော့ တိုတိုပြောရရင် လွှတ်တော်ထဲမှာ ကဗျာရေးရာဥပဒေတွေ ပြုနိုင်ဖို့ ။ အရေးပေါ် အဆိုတွေတင်ဖို့ ကဗျာဆရာတွေ အမတ်အဖြစ်ရှိနေသင့်တယ်လို့ ကျနော်ထင်တယ်”

“ဟုတ်တယ် ။ အခု နိုင်ငံကလဲ  ပြောင်း လှည့်ချိန်  အဲလေ ပြောင်းလဲချိန် တန်တုန်း….လွှတ်တော်ထဲမှာလည်း ကိုယ့်အင်အားတွေချည်း အသာစီးရောက်ဖို့ ကြိုးစားတုန်း ကျုပ်တို့ ကဗျာဆရာတွေစာရေးဆရာတွေ လွှတ်တော်အမတ် ၀င်အရွေးခံ သင့်တယ် ။ ဒါမှ မြန်မာ့ကဗျာလောက စာပေလောကအတွက် လုပ်နိုင်ကိုင်နိုင်ရှိမယ် ”

သို့သော် ကဗျာဆရာအတော်များများသည်… လွှတ်တော်အမတ်ဝင်အရွေးခံရေးကိုကား တီကောင်ဆားနဲ့တို့သကဲ့သို့ လုပ်ချင်သူရှားပါးလှလေသည် ။ နောက်ဆုံးတွင် ဂဠုန်ခွာဏာမှာ  ကံဆိုးသူ မောင်ရှင်ဖြစ်ကာ…. ရေချခံရ… အဲလေ လွှတ်တော်ထဲ ပလုံခနဲ ကျရောက် သွားရလေသည် ။
ပြောင်းလှည့်ချိန်ပါတကား ။

လွှတ်တော်စတက်သည်နှင့် ခါတိုင်းလို ကဗျာဆရာစတိုင်. ဆံပင်မုတ်ဆိတ်ကျင်စွယ် ရှည်ချင်သလောက်ရှည်  ပွချင်သလောက်ပွနေနိုင်ခွင့်ရှိသော မဟာလွတ်လပ်ခွင့်ကြီးဆုံးရှုံးသွားလေသည်။
ထို့ပြင် အပူအအိုက်ခံကာ…ခေါင်းပေါ်တင်ထားရသော မောင့်ကျက်သရေ ခေါင်းပေါင်းကြီးကား  ကဗျာဆရာ ဂဠုန်ခွာဏာ အတွက်…နေသားမကျ တရွရွ ။ ခေါင်းပေါင်းစတထောင်ထောင်နှင့် လွှတ်တော်တက်လာသော သူ့ရုပ်ပုံလွှာကို မြင်ရတဲ့ မိတ်ဆွေ ကဗျာဆရာ တယောက်က  ကဗျာတပုဒ်နဲ့ ခပ်စပ်စပ်ကလေးလှော်တာလဲ ခံလိုက်ရသေးသည် ။

“ခေါင်းပေါင်း ခေါင်းပေါင်း ကျက်သရေရှိအောင် ပေါင်း.”.ဆိုလား ။သူ့ပုံကပဲ ကျက်သရေမရှိနေသလိုလို.။
ဆိုးတာက ရှိမဲ့စုမဲ့ လခကလည်း အဖြတ်ခံရသေးသည်။ ကဗျာဆရာပီပီ ဂဠုန်ခွာဏာ့ ခမျာ တခြားလွှတ်တော်အမတ်မင်းကြီး  အမတ်မကြီးတွေလို စိန်တိုက် ရွှေတိုက်တွေပိုင်သသော ခရိုနီဘဘ ခရိုနီမမဘ၀မျိုးလည်းမဟုတ်ချေရာ… အလွန်ပါးလျားကြပ်တည်းစွာ နေရလေသည်။

ကဗျာဆရာကတော်မဒမ်ဂဠုန်ခမျာ…
“ဟင်း လွှတ်တော်အမတ်ကတော်ဘ၀ ရောက်လို့ စိုင်ကော်ပြီမထင်ကြနဲ့တော်။ အရေးထဲ အရာပေါ်သမျှ ကျုပ်အိမ်တံခါးဝ လာအော်ခံရတာပဲ အဖတ်တင်တယ် ”ဟု ညည်းရှာသည်။
ဟုတ်သည်။ လွှတ်တော်အမတ်ကြီး ဦးဂဠုန်ခွာဏာကား သူ့မဲဆန္ဒနယ်ကို မပြန်နိုင်အား။ သူ့မဲဆန္ဒနယ်မှ ပြည်သူလူထုဆီကို ကွင်းဆင်းကာ လူထုအသံကိုနားမထောင်နိုင် အား။ နောက်တော့ သူ့မဲဆန္ဒနယ်မှ လူထုက လူထုပီသစွာ…အနှစ်နှစ်အလလ နားလည်ပေးနေ ကြအသားတကျ ထုံးစံအတိုင်း
“ငါ့အမတ် စာကျက်နေတယ်…ဘယ်ကောင်တွေလဲ မနှောက်ယှက်ကြနဲ့ ” ဆိုတဲ့ သီချင်းကိုတွင်တွင်ဆိုရင်း
ခွင့်လွှတ်စောင့်စားနေရရှာသည်။ နောက်ဆုံးတော့ သူ့မဲဆန္ဒနယ်မှ လူထုရဲ့ ပွက်လောညံနေသော ဒုက္ခတွင်းထဲက အသံတွေကို မဒမ်ဂဠုန်ကသာ ခါးစည်းပြီးနားထောင်ကာ ပုဏ္ဏားတိုင် လုပ်နေရရှာသည်။

မခံမရပ်နိုင်သည့်အဆုံးတွင်…မဒမ်ဂဠုန်လည်း ပေါက်ကွဲပြီး လွှတ်တော်အမတ်ကြီး ဦးဂဠုန်ခွာဏာထံ သ၀ဏ်လွှာပို့လိုက်သည်။

သို့
ကိုဂဠုန်
(ခေတ္တလွှတ်တော်-နေပူတော်)
 
“ရှင်တို့အမတ်တွေလဲ…အရင်ဖွတ်အမတ်တွေလိုပဲ လွှတ်တော်ထဲ သွားငိုက်နေကြ သလား ။ လူထုအသံ လွှတ်တော်အသံဆို တော့”။
ပုံ
ရန်ကုန်က မဒမ်ဂဠုန်
(ကဗျာဆရာကတော်ဆိုတော့ ကာရံကမလွတ်ဘူးပေါ့ အီကား စကားချပ်)


အမတ်ကြီး ဦးဂဠုန်ခွာဏာမှာ သူ့ချစ်ဇနီး မယ်မင်းကြီးမထံမှ သ၀ဏ်လွှာကိုဖတ်ပြီး မဒမ်ဂဠုန်အတော်တိုးတက်လာပြီဟု  အကျေနပ်ကြီး ကျေနပ်နေမိသော်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိလေသည်။ ဟိုတလောက… သူတို့ပါတီအမတ်မင်းများခမျာ လူထုကရွေးကောက်လိုက်တဲ့ အမတ်များပီပီ  လူထုအသံစစ်စစ်များကို လွှတ်တော်ထဲအရောက်ပို့လိုက်မိလေရာ မတန်မရာ လွှတ်တော်ထဲ လာထိုင်နေကြသော လောက်ကောင်တို့က မစင်တွင်းထဲ တုတ်ခနောင်းပစ်ချခံလိုက်ရ၍ တလှုပ်လှုပ်ရွပိုးထိုးသွားသော. .လောက်ကောင်များပမာ သူတို့မတရားယူထားသော အကျိုးများ ကိုထိသဖြင့် မချိအောင်နာကြသဖြင့် ၀ုန်းခနဲထကာ  အထိနာကန့်ကွက်ကြကုန်ရှာသေးသည်။

အမတ်မင်း ဦးဂဠုန်ခွာဏာ စိတ်အနာဆုံးကား လူထုအသံစစ်ပါလျှက် လျစ်လျူရှုကာ.“လောက်” မျက်နှာတရွာ မှတ်ထင်  အချစ်ဓာတ်ရစ်ပတ်မိချင် နေသူများကိုပင်။ တကယ်ဆို “လောက်” ဆိုတာ.“လောက်” နေရာမှာပဲ ထားသင့်သည်မဟုတ်လား ။ အခုတော့ “လောက်များရင်ကြားစေ့ရေး” အတွက် “မျက်နှာသာပေး လောက်ရေး ပန်းကန်တက်နေသည်” ကိုတော့…မဟန့်တား ။ အားအားရှိ ဆန်ရင်းသာ နာနာဖွပ်ခံ နေရသည်။

မဒမ်ဂဠုန်သာမက…သူ့ကို အဆင်းဘီးတပ် လွှတ်တော်လက်အပ်လိုက်သည့် စာပေ ရောင်းရင်းများကလည်း တညံညံ။ သူတို့ကတော့ စာပေကဗျာသမားများပီပီ အလင်္ကာတန်ဆာ  နိမိတ်ပုံတွေနဲ့ နှက်ကြသည်။
“ဟာ ဒီကဗျာဆရာ လွှတ်တော်အမတ်ဖြစ်ပြီး ကောင်းကောင်းဖောက်ပြန်သွားပြီ။ အယ်နီညို ဖြစ်သွားပြီ ”

အမတ်မင်း ဦးဂဠုန်ကား…ကဗျာဆရာဂဠုန်ခွာဏာ ဘ၀တုန်းကလို… အိုင်ချင်းတွေ  တိုင်ချင်းတွေ အဲချင်းတွေ…ဧချင်းတွေ မသီကြွေးနိုင်။ ကဗျာရေးတဲ့ ဇာတ်မင်းသားလေးသိန်းဇော်လို ငိုချင်းသာချ လိုက်ချင်တော့သည်။

ပြောလိုရာပြောကြပေတော့ ။ အခု လောလောဆည် အရေးကြီးနေသည်က  ဗြိတိသျှဘာသာစာမေးပွဲအတွက်  တိုဖယ်တွေ  ရှည်ဖယ်တွေ ဖြေရဦးမည်။ စာတွေကျက်ရ ။ သင်တန်းတွေ တက်ရဦးမည်။ မတော် ဆန်ရင်းနာနာဖွပ်ရုံမက အဖျားကို လက်ရင်းလုပ် တတ်သော ။ ကိုယ့်ပေါင်ကို လှန်ထောင်းရုံမက ကိုယ့်ခြေသလုံးကိုယ်ပြန်ဖက်ကိုက်တတ် သော ဟို…အဘိုးကြီးက “ဘဲဥတောင်မကွဲဘူး” လို့ .လူကြားထဲဖွင့်ချရင် ခက်ရချည့်။

“ အော် လွှတ်တော်ဆိုတာ  ဥပဒေပြုရာအရပ်မဟုတ်ချေတကား ။ စာသင်ကျောင်းကိုး” လို့
ဆင်ကိုစမ်းကြည့်မိသော မျက်မမြင်ပုဏ္ဏားလို ကောက်ချက် ချ လိုက်ရကောင်းမလား ။ ထူးအိမ်သင်ရဲ့  “စာအံသံတွေ ကြားချင်ပါတယ်  ကွက်လပ်ဖြည့် လိုက်တော့ကွယ် ” ဆိုတဲ့ သီချင်းလေးပဲ အော်ဆိုလိုက်ရကောင်းမလား …။

ထားပါတော့လေ ။ အရေးကြီးတာက မဒမ်ဂဠုန်ထံစာတစောင် အမြန်ပို့ပြီး အကြောင်းပြန်ရမည်။ သို့နှင့် ...

ရန်ကုန်က မဒမ်ဂဠုန် သို့ ...

ကိုယ်တို့မှာ အရင်ကာလဖွတ်အမတ်တွေဘ၀လို မငိုက်ရပေါင်ကွာ။
အပြောအဆိုအနေအထိုင် အရာရာသတိလက်ကိုင်ထားရုံမက ဥက္ကဋ္ဌနဲ့အပေါင်းပါများရဲ့အဆူ အငေါက် အကြိမ်းအထုလေးတွေ က အချိန်မရွေး စုကျလာနိုင်တာမို့ ကိုယ့်အတွက်  မေတ္တာသုတ်ကလေးတော့ နေ့စဉ် သက်စေ့ ရွတ်ပေးပါ။
ဒါတောင်…ဟို ၉၀ ကာလအမတ်များဘ၀လို အဖမ်းအဆီးအချုပ်အနှောင်တွေမရှိလောက်လေဘူးလို့ တော့ စိတ်ဒုန်းဒုန်း ချ မနေပါနဲ့ နှမတော်။ ဥဒေါင်းမင်းပရိတ်တော်ကိုတော့… အလွတ်မရသေးတောင် ပရိတ်စာအုပ် ကလေးတော့ အသင့်ဆောင်ထားပါဦးကွယ် ။
ခုတော့  နွေကာလကျောင်းပိတ် တိုင်မှာချိတ်ထားတဲ့ သားဂဠုန်ရဲ့ လွယ်အိတ်ထဲက အင်္ဂလိပ်စာ မီးနင်းပဒေသာဘုတ်အုပ် ကလေး ကြုံရာလူကြုံနဲ့ အမြန်ပေးလိုက်စေလိုပါတယ်.။
ဘာ လွှတ်တော်တက်တာ စာကျက်နေရတယ်လားလို့ အသံမာမာနဲ့တအား မအော်လိုက်ပါနဲ့ ချစ်သောမဒမ်၊ ဒါကိုက  ပို့စ်မော်ဒန်လွှတ်တော်ပါ။  သင်ခန်းစာများစွာနဲ့ ပိနေတဲ့ မင်းရဲ့ မောင်တော်ဟာ ဆန်ရင်းနာနာဖွပ်ခံရလို့ ညက်ညက်ကြေနေရှာတဲ့ “ပ” သတ်နဲ့ ဖွပ်ခံနေရတဲ့ ဖွပ်အမတ် ကလေးပါကွာ ။

ပုံ
ဖွပ်
အမတ်မင်းဦးဂဠုန်(အငြိမ်းစား ကဗျာဆရာ)
(ခေတ္တ လွှတ်တော် နေပူတော်)

http://kamwayjoejar.com/?p=51129