ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုသစ် (သီတဂူ) - ဆင်းရဲမွဲတေမှုနဲ့ အမျိုးဘာသာ သာသနာ

နေ့စဉ်ဝင်ငွေအတွက် မကွေးတိုင်း၊ မင်းလှမြို့နယ်ထဲက ရေနံလက်လုပ်တွင်းတခုမှ ရေနံထုတ်ယူနေပုံ (Photo Credit : mypiczmania.blogspot.com)
 
ကိုသစ် (သီတဂူ) - ဆင်းရဲမွဲတေမှုနဲ့ အမျိုးဘာသာ သာသနာ
(မိုးမခ) မတ် ၁၇၊ ၂၀၁၆

ကျနော်တို့ ရပ်ဝန်းတွင် လောလောဆယ် လူပြောအများဆုံး စကားလုံးတွေထဲက ပို၍အသုံးများသော စကားလုံး များကို ပြောပါဆိုလျှင် ဆင်းရဲမွဲတေမှုနဲ့ အမျိုးဘာသာ သာသနာဟူသော စကားလုံးများပင်ဖြစ်ပါလိမ့်မည်။ ဆင်းရဲမွဲတေမှုနဲ့ အမျိုးဘာသာ သာသနာက ဆက်စပ်မှုတွေ အများကြီးရှိပါသည်။

နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး၏ အဆင့်အတန်းကိုသတ်မှတ်သည့် ပေတံများတွင် စီးပွါးရေးပေတံသည်လည်း အဓိကအခန်း ကဏ္ဍက ပါဝင်နေကြောင်းကို အားလုံးသိပြီးဖြစ်သည်။ စီးပွါးရေးတောင့်တင်းခိုင်မာမှုသည် လူသားအားလုံးရဲ့အဓိကလိုအပ်ချက်ဖြစ်ကြောင်းကို ဘယ်သူမှ ငြင်းပယ်၍ရမည်မဟုတ်ပေ။ အထူးသဖြင့် ရုပ်ဝတ္ထုပစ္စည်းများ အလျှံပယ်ပေါများသည့် ယနေ့ခေတ်တွင် ငွေးကြေးပြည့်စုံတောင်းတင်းဖို့လိုအပ်သည်မှာ ဘယ်လိုမှငြင်းမရသောအချက်ပင်ဖြစ်သည်။ ဘယ်လူမျိုး ပဲဖြစ်ဖြစ် ငွေကြေးချို့တဲ့မှုကို ဂုဏ်ယူဝင့်ကြွားနေသူဆိုတာ ဒီလောကကြီးမှာ ရှိမည်မထင်။ မပြည့်စုံ မကုံလုံမှုသည် ဂုဏ်ယူဝင့်ကြွားရမည့်အရာမျိုးလည်း မဟုတ်ရပါလေ။ ဖြူဖြူမည်းမည်း ကမ္ဘာပေါ်ကလူသားတို့ နေ့စဉ်ရှင်သန်ရုန်းကန်လှုပ်ရှားနေ ကြသည်မှာလည်း ဘ၀မှာ အတတ်နိုင်ဆုံး ပြီးပြည့်စုံဖို့အတွက်ပင်ဖြစ်သည်။ စုတ်စုတ်ပြတ်ပြတ်နဲ့ ဆင်းရဲမွဲတေနေမှုကို ဘယ်လို လူမျိုးက တခုတ်တရတောင့်တနေဦးမှာတဲ့လဲ။ သေချာပါတယ်။ လောကကြီးမှာ ဆင်းရဲမွဲတေမှုကို လိုချင်တောင့် တ နေတဲ့သူတွေ တစ်ယောက်မှမရှိဘူးဆိုတာ။ လူတိုင်းက ချမ်းသာချင်ကြတာ သဘာဝကျပါတယ်။

ဘာသာတရားကို ယုံကြည်သက်ဝင်သူတွေပဲဖြစ်ဖြစ်၊ ဘာသာတရားတည်ရှိမှုကို မယုံကြည်သူတွေပဲဖြစ်ဖြစ် လူသားအများစု လိုချင်မျှော်လင့်တောင့်တနေသည်မှာ ပျော်ရွှင်မှု၊ သက်သောင့်သက်သာရှိမှုပင်ဖြစ်သည်။

မျက်မှောက်ခေတ် အခြေအနေကို ကြည့်ပါဦး။ ခေတ်ကိုက ပိုက်ဆံမရှိရင် ကိုယ်ဖြစ်ချင်တာ ဘာတစ်ခုမှ ဖြစ်လို့မရတဲ့ခေတ်။ ကိုယ့်မိတ်ဆွေတစ်ယောက်ပြောတာလေး မှတ်မိပါသေးသည်။ "ကိုယ့်လူရေ..အခု ခေတ်ကြီးက ပိုက်ဆံရှိမှ။ ပိုက်ဆံမရှိရင် လေတောင်ကျယ်ကျယ်လည်လို့မရတဲ့ ခေတ်ဖြစ်နေပြီတဲ့။" ငွေကြေးက ဒုတိယဘုရားသခင်တဲ့။ ငွေကြေးက အရာရာကို ဖန်တီးနိုင်စွမ်းရှိတယ်တဲ့။ ယနေ့မျက်မှောက်ခေတ်သည် ငွေကို လမ်းခင်းရသော ခေတ်ဖြစ်သည်။ ပညာတတ်ကြီးဖြစ် ချင်သလား။ ငွေရှိမှ ဖြစ်တာ။ ပညာရေးမှာ ကိုယ်ဘယ်လောက်ငွေကြေးရင်းနှီးမြှုပ်နှံနိုင်သလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ ပညာတတ်တွေဖြစ်ကြတာ။ ကိုယ်ရဲ့ဥာဏ်ရည်ရည်သွေးက နောက်ကကပ်လိုက်ရတာ။ ကိုယ်က ဘယ်ကိုသွားချင်တာလဲ။  ဟားဗတ် တက္ကသိုလ်ကို သွားချင်တာလား။ အောက်စဖို့ဒ်လား။ ကိန်းဘရစ်ကိုလား။ ယေးကိုလား။ ဒါမှမဟုတ် စတန့်ဖို့ဒ် တက္ကသိုလ်ကြီးကို တက်ချင်တာလား။ ကိုယ့်မှာရှိတဲ့ ငွေကြေးအပေါ် မူတည်ပြီးတော့ ရွေးကြရတာ။ ကိုယ့်တတ်နိုင်တဲ့ ငွေကြေးပေါ်မူတည်ပြီးတော့ ပညာတတ်တွေ ဖြစ်ကြရတာမဟုတ်လား။ စကောလားရှစ် ဆိုတာက ကျောင်းသားတိုင်းရနေတဲ့ ဘုံဆွမ်းမှမဟုတ်တာ။ ကိုယ်ကဘာဖြစ်ချင်တာလဲ။ ကိုယ်က ဆရာဝန်ကြီးဖြစ်ချင်တာလား။ ပိုက်ဆံရှိမှတဲ့။ အဆင့်မြင့်အင်ဂျင် နီယာကြီးဖြစ်ချင်တာလား၊ ရှေ့နေကြီးလား။ ပါမောက္ခချုပ်ကြီးလား။ ပိုက်ဆံရှိမှ ဖြစ်တာ။ ပိုက်ဆံမရှိတဲ့ သားသမီးတွေ အဖို့မှာတော့ ကမ္ဘာ့အဆင့်မီ ပညာတတ်ကြီးဖြစ်ဖို့ဆိုတာ အိပ်မက်တောင် မက်ခွင့်မရှိတဲ့အရာလိုမျိုးကြီး။ ခေတ်ကြီးက မပြည့်စုံသူတွေ အတွက် သူစိမ်းဆန်လွန်းလှတယ်။ ဒါက ပညာရေးဘက်ကပေါ့။

စီးပွါးရေးမှာ ငွေကြေးအရင်းအနှီးဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အထူးပြောစရာမလိုဘူးထင်ပါ တယ်။ ကိုယ်က ဘယ်လိုစီးပွါးရေးမျိုးကို ပုံဖော်ချင်တာလဲ။ ကိုယ့်ရဲ့အားနဲ့ ကိုယ်လုပ်ချင်တဲ့အလုပ်တွေကို တိုးချဲ့ကြရတာတဲ့။ ကိုယ်ရင်းနှီး သလောက် အကျိုးအမြတ် ပြန်ရဖို့ဆိုတာ ပုံသေတွက်လို့ မရတာမှန်ပေမယ့် ကိုယ့်ရဲ့ရင်းနှီးမြှပ်နှံနိုင်မှုအားကလည်း ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို အားတက်စေတာ အမှန်ပါပဲ။ အရင်းအနှီး မတတ်နိုင်တဲ့သူတွေကတော့ ထုံးစံအတိုင်းပေါ့။

ကျန်းမာရေးဘက်ကို ကြည့်ပါဦး။ ရောဂါဖြစ်ပြီဆိုပါတော့။ ကိုယ်က ဘယ်မှာ ကုချင်တာတဲ့လဲ။ အာရှတော်ဝင်မှာ ကုချင်လား။ SSC မှာလား။ ဒီထက် နည်းနည်းကလေး တတ်နိုင်တဲ့လူတွေကြတော့ သွားပေါ့ ဘန်ကောက်။ သွားပေါ့ စင်္ကာပူ၊ သွားပေါ့ အိန္ဒိယ။ သွားပေါ့ ဂျပန်။ သွားဦးပေါ့ အင်္ဂလန်။ သွားပေဦးတော့ အမေရိကန်။ ကိုယ်နိုင်ရင်နိုင်သလောက် ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်အသက်ကို ဆွဲဆန့်ပစ်လိုက်တာပဲမဟုတ်လား။ ဘာမှမတတ်နိုင်တဲ့သူတွေကတော့ သွားပေဦးတော့ အခမဲ့ဆေးခန်း တွေရှိရာကို။ သွားပေဦးတော့ စရိတ်မျှပေး ကျန်းမာရေးဋ္ဌာနတွေကို။ ဘာမှ ဆေးရုံဆေးခန်းမရှိတဲ့ ဝေးလံခေါင်သီတဲ့ ကျေး လက်ရွာကလေးတွေ အတွက်တော့ လမ်းထိပ်က ဆေးဆိုင်ကလေးမှာ ငန်းနီကျော်လေးသောက်လိုက်၊ မဟာဖြေဆေး လေးသောက် လိုက်နဲ့။ ကျားဘန်းပရုပ်ဆီကလေးလိမ့်လိုက်နဲ့ ကိုယ့်အသက်ကို ကိုယ်ဆွဲဆန်နေရတာ။ ပိုက်ဆံသိန်းထောင်ချီ အကုန်ခံပြီး အင်္ဂလန် အမေရိကန် ဆေးကုဖို့သွားတယ်လို့ပြောရင် သူတို့ခမျာမှာ မျက်နှာကလေးအ၀ိုင်းသားနဲ့။ ဘာရောဂါ တွေမို့ သူတို့တွေ သွားကြတာပါလိမ့်ဆိုတဲ့ အရိပ်အယောင်တွေက သူတို့မျက်နှာမှာ ဖတ်လို့ရတယ်။ ထားလိုက်ပါတော့။ ဒါက ကျန်းမာရေး ဘက်ကပေါ့။

ပိုက်ဆံရဲ့ အသုံးဝင်မှုက ပြောမဆုံးပါလေတော့။ လူမှုရေးဘက်က ကြည့်မလား။ ပိုက်ဆံရှိမှ လောက၀တ်ကျေပြွန်သ လိုမျိုးကြီး။ ပိုက်ဆံချမ်းသာရင် ချမ်းသာသလောက် သူ့ရဲ့လူမှုရေးအသိုင်းအ၀ိုင်းကြီးက ပြန့်ကား သွားတာတဲ့။ ပိုက်ဆံမရှိရင် လူရာမ၀င်ဘူးဆိုတာ လူတွေအလကား အပျော်အပျက် သဘောမျိုးနဲ့ ပြောနေတာ မဟုတ်ဘူးတဲ့ဗျာ။ ကျနော်တို့ဟာ ပိုက်ဆံမရှိရင် တကယ်ပဲ လူရာမ၀င်တော့ဘူးတဲ့လား။ ပိုက်ဆံမရှိတဲ့ ကျနော်တို့တတွေကို ဘယ်သူကမှ လူရာဝင်တဲ့စာရင်းထဲ မသွင်းကြတော့ဘူးတဲ့လား။ ခေတ်ကြီးက ရက်စက်လွန်းလှတယ်။ လူချမ်းသာဆိုတာ လောကမှာ လက်ချိုးရေလို့ ရနေတာပဲ မဟုတ်လား။ ဒါပေမယ့်လည်း ပိုက်ဆံရှိရင် ရှိသလို လူမှုရေးကလည်း ကျယ်ပြန့်သွားတယ်ဆိုတာကတော့ အမှန်ပါပဲ။ ကျနော်တို့က ဘယ်သူတွေကို ဘယ်လိုကူညီချင်တာလဲ။ ပိုက်ဆံကို တံတားခင်းပြီး သွားရတာမဟုတ်လား။ ကိုယ်က အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်စောရီဖြစ်ချင်တာလား။ သိန်းထောင်ချီပြီး လှူမှဖြစ်တာတဲ့။ အလကားနေရင်း မဏိဇောတဓရ ဦးသူရဖြစ်သွားတာမဟုတ်ဘူးတဲ့။ သိန်းရာချီထောင်ချီလှူနိုင်မှ ဖြစ်တာတဲ့။ ဘယ်နေရာမှာ ဘယ်လောက် လှူချင်တာလဲ။ ဘယ်အဖွဲ့အစည်းကို ဘယ်လောက် လှူချင်တာလဲ။ ဘုရားတည်ချင်တာလား။ ကျောင်းဆောက် ချင်တာလား။ ဘိုးဘွား ရိပ်သာ ထောင်ချင်တာလား။ အခမဲ့ဆေးခန်းလေး ဖွင့်ပေးချင်တာလား။ လူငယ်ဖွံ့ဖြိုးရေးလား။ မိဘမဲ့ဂေဟာလေး လုပ်ချင် တာလား။

ဘယ်လူမှုအကျိုးပြုလုပ်ငန်းကိုပဲလုပ်လုပ် ကိုယ်ပိုင်ငွေကြေးမရှိဘူးဆိုရင်တောင် လှူတဲ့အလှူရှင်တွေရဲ့ ငွေ ကြေးအပေါ်မှာ မူတည်ပြီးတော့ ကိုယ်လုပ်နေတဲ့၊ ကိုယ်လုပ်ချင်တဲ့လုပ်ငန်းတွေကို တိုးချဲ့ကြရတာတဲ့လေ။ ဒါက လူမှုရေးဘက်ပေါ့။ မလှူ နိုင်တဲ့သူက သူဋ္ဌေးဘွဲ့တွေ ဘာတွေ အိပ်မက်မက်မနေနဲ့၊ အိပ်ရေးပျက်တယ်။ ခေတ်တဲ့လေ။

ပညာနဲ့ ဥစ္စာဆိုတာ အပြန်အလှန် ကျေးဇူးပြုနေတယ်ဆိုတာတော့ ရှင်းပါတယ်။ ပညာမရှိရင် ဥစ္စာမရှိနိုင်သလို ဥစ္စာမရှိပြန်ရင် လည်း ပညာရှိဖြစ်ဖို့က ထင်သလောက် မလွယ်ကူလှဘူးရယ်။ လောကမှာ ပညာသိပ်မရှိပေမယ့် ငွေကြေးပြည့်စုံသူတွေရှိသလို ငွေကြေးပြည့်စုံပေမယ့် ပညာမပြည့်စုံသူတွေလည်း ရှိတတ်ပါတယ်။ ဘီဂိတ်ကို ကျောင်းမပြီးလို့ဆိုပြီး အထင်သေးလို့မရသလို အေဘရာဟင်လင်ကွန်းကိုလည်း ဆင်းရဲသားဆိုပြီး နှိမ့်ချထားလို့ မရဘူးဆိုတာ လူတိုင်းသိတာပေါ့။  သို့သော် ဘီဂိတ်က ဘီဂိတ်၊ လင်ကွန်းက လင်ကွန်းရယ်။  အထူးသဖြင့် ဒီနေ့ခေတ်ကြီးက ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် ဒုတိယဘုရားသခင်က အရာရာကို ဖန်ဆင်းနေတဲ့ခေတ်ကြီး။

မိမိသည် ရုပ်ဝါဒီသမားတစ်ဦးမဟုတ်သလို ဒုတိယဘုရားသခင်ကို ဖူးဖူးမှုတ်ထားသည့် လူစားမျိုးလည်း မဟုတ်ရပါ။  ကျ နော်တို့လူမျိုးတွေထဲမှာ ဟားဗတ်ထွက်ကြီးတွေ အများကြီးရှိစေချင်ပါသည်။ အောက်စဖို့ဒ်ထွက်ကြီးတွေ အများကြီး ရှိနေစေချင်သည်။ ကိုလံဘီယာ၊ ယေးတက္ကသိုလ်ကျောင်းဆင်းကြီးတွေ တပုံကြီး ပေါ်ထွက် လာစေချင်တာပေါ့။ ကောင်းပြီ။ ဒီတက္ကသိုလ်ကြီးတွေမှာ ပညာမသင်နိုင်လို့ ကျနော်တို့ လူမျိုးတွေဟာ လူညံ့လူဖျင်းတွေဟု တစ်စုံတစ်ယောက်က ပြောဆို လာမယ်ရင်တော့ ကျနော်ကိုယ်တိုင် ခါးခါးသီးသီး ငြင်းဆန်ရပါလိမ့်မည်။ ပြင်းပြင်းထန်ထန် ကန့်ကွက်ရပါလိမ့်မည်။ ကျနော်ဆိုလိုသည်မှာ သည်လို တက္ကသိုလ် ကြီးတွေမှာ ပညာတွေ သင်ယူနိုင်လျှင် အတိုင်းထက်အလွန်ကောင်းသည်။ မသင်နိုင်လို့လည်း ကျနော်တို့ လူမျိုးကို လူဖျင်းလူညံ့တွေဟု ပြော၍မရ။ ကျနော်တို့ တိုင်းပြည်မှာ တိပိဋကဓရဆရာတော်တွေ အများအပြား ရှိပါသည်။ အဘယ်မှာလျှင် ကျနော်တို့လူမျိုး ညံ့မည်နည်း။ ကျနော်တို့မှာ ဦးသန့် ရှိသည်။ ကျနော်တို့မှာ ဒေါ်အောင်ဆန်းစုကြည်ရှိသည်။ အဘယ်မှာလျှင် ကျနော်တို့လူမျိုး ညံ့မည်နည်း။

စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် အရေးပေါင်းများစွာတို့တွင် ကျနော်တို့လူမျိုးများ ထိပ်တန်း ရှေ့တန်းရောက်နိုင်လျှင် အတိုင်းထက်အလွန် ကောင်းပါသည်။ မရောက်လို့လည်း ကျနော်တို့ကို အနုံညာတ တွေဟု လုံးဝပြောလို့မရ။ ဟားဗတ် ကျောင်းထွက်မှ၊ ပညာတွေ မိုးပျံအောင် တတ်မှ၊ ဘီလ်ဂိတ်လိုချမ်းသာမှ ဘ၀ဆိုသည်မှာ အဓိပ္ပါယ်ရှိသည် မဟုတ်။ ဘယ်လိုနေရာမျိုးမှာပဲနေနေ အဓိပ္ပါယ်ရှိအောင်နေရင် ကိုယ့်ဘ၀ဟာ အဓိပ္ပါယ်ရှိတာပဲမဟုတ်လား။

ဆင်းရဲမွဲတေမှုနဲ့ အမျိုးဘာသာ သာသနာအရေး ဆက်စပ်နေမှုကို အကြိမ်ကြိမ် စဉ်းစားနေမိသည်။ ဒီနှစ်ခုက ဘယ်လိုများ ဆက်စပ်နေပါလိမ့်။ ဖေ့စ်ဘွတ်ကြီးပေါ်လာတာ ကျနော်တို့အတွက် အများကြီး ကံကောင်းပါသည်။ ကျနော်တို့ အမျိုးတွေ အမျိုးဘာသာ သာသနာကို ဘယ်လောက်ချစ်တယ် ဘယ်လိုချစ်တယ်ဆိုတာကို ကွင်း ကွင်းကွက်ကွက်ကြီး သိလိုက်ရ သောကြောင့်ပင်ဖြစ်သည်။  "အမျိုးမထိနဲ့ မီးပွင့်သွားမယ်"။ "အမျိုးအတွက်ဆို သေရဲတယ်"၊ "အမျိုးအတွက် ကိုယ့်အရိုးကို စည်းရိုးထိုးလို့ ကာသင့်လျှင်ကာမည်"ဟူသော ကြွေးကြော် သံများကို ဖေ့စ်ဘွက်ပေါ်တွင် မြိုင်မြိုင်ဆိုင်ဆိုင် ဝေေ၀ဆာဆာ တွေ့မြင်နေကြပြီးဖြစ်သည်။ သည်လို ကြွေးကြော်နေရင်းပဲ မန္တလေးမြို့ကြီး သေဆုံးသွားခဲ့သည်။ ရခိုင်ပြည်ကြီး အသားပိုမည်းသွားသည်။ တောင်တန်းဒေသတွေမှာ စကားပိုဝဲသွားသည်။

ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာကို ကာကွယ်တာကို မကောင်းဘူး၊ မကြိုက်ဘူးပြောလျှင် ထိုသူ ဘာသာ သာသနာကွယ် ကြောင်းအလုပ်ကို ဘာမှသိပ်ထွေထွေထူးထူး လုပ်စရာမလိုတော့။ အလိုလို ဘာသာဖျက် သာသနာဖျက်စာရင်း ၀င်ပြီးဖြစ်သည်။  ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာကို ကာကွယ်တာ မွန်မြတ်ပါသည်။ ကောင်းပါသည်။ သို့သော် မည်သို့ မည်ပုံ ကာကွယ်မည်နည်း။

ဘာသာတရားဆိုသည်မှာ ယုံကြည်မှုအပေါ်အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ငြိမ်းချမ်းသော ဘာသာတရား ပိုင်ရှင်များပီပီ ငြိမ်းချမ်းသောနည်းဖြင့် ကိုယ်လိုချင်သော ပန်းတိုင်ကိုအရောက်သွားဖို့လိုပါမည်။  စိတ်ခံစားမှုအပေါ် အခြေမခံဘဲ အရာရာကို ဥာဏ်ပညာနဲ့ယှဉ်ပြီး ပါးပါးနပ်နပ်ကလေး လုပ်စေချင်သည်။ ကိုယ်ပြုလိုက်သည့်အမူအရာ၊ အလုပ်၊ ကိုယ်ပြောလိုက်သည့်စကားများကို ကိုယ့်ဘာသာဝင်တွေကတောင် လက်မခံနိုင်ဘူးဆိုမှတော့ အဘယ်မှာလျှင် အခြား သူများကို ကိုယ့်လမ်းစဉ်ကိုလိုက်လာဖို့ မျှော်လင့်လို့ ရမည်နည်း။

ဒီနေ့ခေတ်သည် လူမျိုးတစ်မျိုးက လူမျိုးတစ်မျိုးကို၊ နိုင်ငံတစ်နိုင်ငံက နိုင်ငံတစ်နိုင်ငံကို စီးပွါးရေးဖြင့် ချယ်လှယ်သောခေတ်၊ ပညာရေးဖြင့် လွှမ်းမိုးသောခေတ်ဖြစ်သည်။ သည်လိုခေတ်မျိုးမှာ ကျနော်တို့ စီးပွါးရေးမကောင်းရင်၊ ကျနော်တို့ ပညာကောင်းကောင်းမသင်နိုင်ဘူးဆိုရင် တဖက်က ထိုးစစ်ဆင်လာမယ့် တိုက်စစ်ကို ကျနော်တို့ ဘာနဲ့ခုခံကာကွယ်ကြမည်နည်း။ ဓားဓားချင်းလား၊ တုတ်တုတ်ချင်းလား။ ဓား ဓားချင်း၊ တုတ် တုတ်ချင်းဟုဆိုသည့်တိုင် ကျနော်တို့ ဓားတွေ တုတ်တွေက သူတို့ကို တကယ်ရော ယှဉ်နိုင်ပါရဲ့လား။ ကျနော် ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်ကို အထင်သေး၍ ရေးနေခြင်း မဟုတ်။ ကျနော်ကိုယ်တိုင် ပြည်ပတိုင်းပြည် အများအပြားကို ရောက်ခဲ့ဘူးပါသည်။ အခြေအနေအားလုံးကို ကျနော်နားလည်သည်။ ကျနော်တို့ ဒီထက် အများကြီးကြိုးစားမှ ရပါမည်။ ရွှေထီးဆောင်းခဲ့ရတဲ့ခေတ်ကို စားမြုံ့ပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ဘ၀င်မြင့် စိတ်ကြီးမ၀င်သင့်တော့။ ကမ္ဘာ့ကြီးရဲ့ အခြေအနေ အမှန်ကို လက်ခံထားဖို့ လိုပါသည်။ ဘာသာတရားကို ယုံကြည်မှုဖြင့် တည်ဆောက်ထားကြောင်း ကျနော်ဆိုခဲ့ပြီ။ ကျနော်တို့ အမှန်တကယ် ဆင်းရဲပါသည်။ အခုချိန်ထိ ကျနော့်တစ်ဘ၀လုံး ဆင်းရဲတဲ့အသိုင်းအ၀ိုင်းမှာ ကြီးပြင်းခဲ့ရလို့လား မသိ။ ဆင်းရဲမွဲတေမှုက ဘာသာတရားကို ဘယ်လိုထိုးနှက်နေတယ်ဆိုတာကို ကျနော်ကောင်းကောင်းသိပါသည်။ ဆင်းရဲမွဲတေမှုနဲ့ ငါးပါးသီလကို ကျနော် ချိန်ထိုးကြည့်မိသည်။ ဗမာပြည် မြေလတ်ပိုင်း ကျေးတောလက်ရှိ ပြည်သူ ပြည်သားအများစုမှာ ဆင်းရဲကြပါသည်။ အများစုက ဗုဒ္ဓ၏အရိပ်အောက်မှာ ခိုလှုံကြသူများဖြစ် သည်။ အရွယ်ရောက်လို့ ခရီးတွေ မနားတမ်းသွားလာကြည့်လိုက်သောအခါ ဆင်းရဲသော အလွန်ဆင်းရဲသော ထို့ထက်ပို၍ဆင်းရဲသော ကျေးရွာပေါင်းများစွာတည်ရှိနေတာကို ကျနော်မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။ ဆိုလိုသည်မှာ ကျနော်တို့အများစုက ဆင်းရဲကြပါသည်။ ငွေကြေးမပြည့်စုံသည့်၊ ဆင်းရဲမွဲတေလှသည့် ကျနော်တို့ ဘာသာဝင်များအနေဖြင့် ငါးပါးသီလကို ဘယ်လောက်ထိ လက်တွေ့ကျင့်သုံးနိုင်ပါသလဲ။ မုသာဝါဒနှင့် ကာမေသုမိစ္ဆာစာရတို့ ဟော့ဟော့ရမ်းရမ်းသိပ်မရှိလှသော်လည်း ပါဏာတိပါတ၊ သုရာမေရယ တို့မှာ အဖြစ်များပါသည်။ အဒိန္နာဒါကကား နောက်မှကပ်ပါလာတတ်သည်။ လူတိုင်းကို ဆိုလိုသည်မဟုတ်။ အများစုကို ဆိုလိုခြင်းဖြစ်သည်။ ပါဏာတိပါတသိက္ခာပုဒ်ကို စောင့်ထိန်းရမည်ကို သူတို့အားလုံးသိပါသည်။ သို့သော် ထိုသူ့အသက်သတ်ခြင်းဖြင့်ပင် မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေကြရသူတွေ အများကြီးရှိနေ သည်။ တိရစ္ဆာန်ကလေးများကို ဗရမ်းပတာသတ်ဖြတ် နေကြသည်။ တိရိစ္ဆာန်ကလေးများအတွက် ဘာအကာ အကွယ်မှ မရှိ။ ကျနော်တို့တိုင်းပြည်တွင် တိရိစ္ဆာန်ကလေးများကိုအကာအကွယ်ပေးသည့် ဥပဒေများ လိုအပ် နေပြီဖြစ်သည်။ သူငယ်ချင်းများကို သည်အကြောင်းပြောပြတော့ ကိုယ့်လူရေ.. တိရစ္ဆာန်မပြောနဲ့။ လူတွေတောင် ဥပဒေ အကာအကွယ်မရသေးဘူးဟ ဟု သူကမှတ်ချက်ပြုပါသည်။  ဗြဟ္မစိုရ်ထွန်းကား ပါသည်ဆိုသောတိုင်းပြည်တစ်ခုတွင် မေတ္တာအကြင်နာကင်းမဲ့သော လုပ်ရပ်များ များစွာရှိနေတာက သိပ် သဘာဝမကျလှ။ စဉ်းစားကြည့်မိသည်။ အခြေခံလူတန်း စားအားလုံးမှုာ ထိုက်သင့်သည့် ၀င်ငွေ အသက်မွေးဝမ်း ကြောင်း အလုပ်အကိုင်များရှိလျှင် အခြေခံငါးပါးသီလကိုတော့ သည်ထက်ပိုထိန်းသိမ်းနိုင်လိမ့်မည်ဟု ထင် သည်။ တစ်ချို့အပြစ်များမှာ မကျူးလွန်သင့်ဘဲ လွန်ကျူးနေကြရခြင်းဖြစ်သည်ကို သတိပြုမိကြလိမ့်မည်ဟု ထင်ပါသည်။ ကျနော်ကိုယ်တိုင် ချမ်းသာသောတိုင်းပြည်တစ်ခုတွင် အနေကြာလာသောအခါ ငွေကြေးပြည့်စုံမှု က ငါးပါးသီလကို ဘယ်လောက်အထောက်အမဖြစ်စေသလဲဆိုတာကို တွေ့မြင်နေရသည်။ ချမ်းသာသော တိုင်းပြည်များတွင် ပြည်သူအများစုမှာ အခြေခံသီလလုံခြုံနေတာကို တွေ့မြင်နေရသည်။ ကိုယ့်မိသားစု ကြက်သားစားရ ဖို့အရေး အိမ်မှာကြက်မွေးထားသူတွေမရှိ။ ငါးဟင်းစားချင်လို့ ငါးပက်စရာမလို။  ဒါဆို လူချမ်းသာတွေအားလုံးက သူတော် ကောင်းတွေချည်းပဲလားဟု မေးစရာရှိသည်။ သည်လိုလည်း မဟုတ်ရ ပါလေ။ ပြည်သူအများစု၏ ပျမ်းပျှနှုန်းကို ဆိုလိုခြင်းဖြစ်သည်။

ခေတ်ကိုက ကိုယ်ကျင့်တရားကောင်းချင်တယ်ဆိုရင်တောင် ပိုက်ဆံရှိမှတဲ့လေ။  လူဆင်းရဲတွေအားလုံးက ကိုယ်ကျင့်တရားပျက်ပြားနေကြသူတွေဟုလည်း အထင်မရောက်စေလို။ ဘာသာရေး၊ လူမှုရေးနှင့် ရိပ်သာ အများစုတွင် ရှိနေတတ်ကြ သည့်သူများမှာ ငွေကြေးအထိုက်အလျောက် ပြည့်စုံသူတွေများပါသည်။ သည် လောက်ဆိုလျှင် ငွေကြေးပြည့်စုံမှုက ဘ၀ရဲ့အခြေခံသီလကို ဘယ်အတိုင်းအတာထိ အထောက်အကူဖြစ်စေ တယ်ဆိုတာကို သိမြင်နိုင်ပါသည်။ ဆင်းရဲမွဲတေမှုက လူမှုဘ၀ကို ဘယ်လိုခြိမ်းခြောက်နေသည်ဆိုတာကို တီးမိခေါက်မိရှိလိမ့်မည်ဟု ထင်ပါသည်။

ကျနော်တို့တိုင်းပြည် ကျနော်တို့လူမျိုး စီးပွါးရေးကောင်းသည့်စနစ်ကို မတည်ဆောက်နိုင်လျှင် ကျနော်တို့ ဆက်ပြီး ဆင်းရဲကြရပါလိမ့်မည်။ ကျနော်တို့အများစု ဆင်းရဲလျှင် ကျနော်တို့ ကိုးကွယ်သော ဘာသာတရား လည်း ပို၍တောက်ပ နိုင်လိမ့်မည်မဟုတ်ပါ။ ကျနော်တို့ တိုင်းပြည် ကျနော်တို့လူမျိုးတွေ ပညာမတတ်လျှင် ကျနော် တို့ကို ပညာတတ်သည့်နိုင်ငံ ပညာတတတ်သည့်လူမျိုးတွေက လွှမ်းမိုးလာပါလိမ့်မည်။ စနစ်ကောင်းများ၊ ခေါင်းဆောင်ကောင်းများ အလွန်လိုအပ် နေပါသည်။ ဒါကြောင့် ကောင်းမွန်သည့် ပညာရေးစနစ်၊ စီးပွါးရေးစနစ်၊ ကျန်းမာရေးစနစ်တွေ နလန်ပြန်ထူနိုင်ဖို့ စနစ် ကောင်းတွေရှိဖို့နဲ့ ခေါင်းဆောင်ကောင်းတွေရှိဖို့ ကျနော်တို့ အားလုံး ကြိုးစားကြရပါမည်။ ကိုယ်မစွမ်းနိုင်ဘူးဆိုလျှင်လည်း တိုင်းပြည်နဲ့ လူမျိုးရဲ့ မျက်နှာကို ထောက်ထားပြီး စွမ်းနိုင်သူတွေ၊ ဦးဆောင်နိုင်သူတွေကို နေရာပေးဖို့ လိုပါသည်။

ဆင်းရဲမွဲတေမှုဟုဆိုရာ၌ ပစ္စည်းဥစ္စာ ဆင်းရဲမွဲတေမှုနှင့် ကိုယ်ကျင့်တရားမွဲတေမှုဟူ၍ နှစ်ပိုင်းရှိသည်ဟု ဆိုပါသည်။  အူမမတောင့်လည်း သီလစောင့်လို့ရသည်ဟု ဆိုသည့်တိုင် သည်နှစ်မျိုးလုံးချို့တဲ့မှုက ကျနော်တို့ လူမျိုး၊ ကျနော်တို့ ဘာသာ၊ သာသနာရဲ့ တောက်ပတဲ့ ပုံရိပ်တွေကို မှုန်ဝါးသွားစေတာတော့ အမှန်ပါပဲလေ။

ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်ယုံကြည်ရာကို ရေးခြစ်လိုက်မိခြင်းဖြစ်ပါသည်။ ကျနော့်ကို "လူက ဘာမှအဖြစ်မရှိဘဲ ဂိုက်ပေး ကြမ်းနေသေးတယ်"ဟု စွပ်စွဲနှိပ်ကွပ်ချင်တယ်ဆိုရင်ဖြင့် ယခုအချိန်အခါသည် အကောင်းဆုံးအချိန်ပင် ဖြစ်ပါသည်။

ကိုသစ် (သီတဂူ)
၃၊၁၃၊၂၀၁၆