ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခိုင်ကြည်သစ် - စစ်နှင့် စီးပွားရေး


ခိုင်ကြည်သစ် - စစ်နှင့် စီးပွားရေး
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၆


(၁)

ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းက စစ်နှင့် ငြိမ်းချမ်းရေး (War and Peace) ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဆရာမြသန်းတင့်က ဘာ သာပြန်ဆိုပြီး ထုတ်ဝေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း စစ်ပွဲတွေချုပ်ငြိမ်းပြီး စစ်မှန်တဲ့၊ ထာဝရတည် တန့်တဲ့ငြိမ်းချမ်းရေးကို တည် ဆောက်နိုင်ဖို့ အစိုးရသစ်က ဦးစီးဆောင်ရွက်နေပါတယ်။

ဒီနေရာမှာစဉ်းစားမိတာက အမှန်တကယ် စစ်ပွဲတွေကနေ အကျိုးအမြတ်ရရှိနေသူတွေ အကြောင်းပါ။ စစ်ပွဲကိုယ်၌က အကျိုးစီးပွား (interest) အတွက် ဖြစ်ပွားနေတာဖြစ်ပြီး တချိန်တည်းမှာ စစ်ပွဲကြောင့် အကျိုးအမြတ် (Profit) ရရှိနေသူတွေလည်း အမြောက်အမြားရှိနိုင်ပါတယ်။ တခါတရံ အဲဒီစစ်ပွဲကနေ အကျိုးအမြတ်ရရှိနေသူတွေဟာ စစ်ပွဲတွေကို ဖန်တီးလေ့ရှိကြပါတယ်။ ငြိမ်းချမ်းရေး ဆိုတာ လူသားတိုင်းတောင့်တနေတဲ့အရာဖြစ်ပေမယ့် စစ်ပွဲရှိကနေ အကျိုးရှိနေသူတွေကတော့ ငြိမ်း ချမ်းရေးကို အမှန်တကယ် မြတ်နိုးတန်ဖိုးမထားနိုင်သလို စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုလည်း လိုလား ကြမှာမဟုတ်ပါဘူး။ သူတို့ဟာ စစ်ပွဲတွေအရှည်သဖြင့်တည်တန့်နေအောင် နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်ကြမှာပဲဖြစ်ပါတယ်။

(၂)

သိပ္ပံနဲ့နည်းပညာဆိုင်ရာ ပြောင်းလဲတိုးတက်မှုတွေက ရေတိုမှာ စီးပွားရေးဖွံ့ဖြိုးမှုကို အပေါင်း လက္ခဏာဆောင်ပေမယ့် ရေရှည်မှာ အနှုတ်လက္ခဏာ ဆောင်လာစေတတ်ပါသည်။ ၁၈ ရာစုမှာ အင်္ဂလန်မှာစတင်ခဲ့တဲ့ စက်မှုတော်လှန်ရေးဟာ ထုတ်လုပ်မှုကို အလျှင်အမြန် တိုးတက်စေပါတယ်။ အကျိုးဆက်အနေနဲ့ အရင်းရှင်စနစ် ထင်ထင်ရှားရှား ပေါ်ပေါက်လာပါတယ်။ ၂၀ ရာစုအစမှာ အမေရိ ကန်ရဲ့စက်မှုလုပ်ငန်းမှာ အကြီးအကျယ်ပြောင်းလဲစေတဲ့ နည်းပညာတခုပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ ထုတ်ကုန်ကို အစကနေ အဆုံးအထိ လိုင်းတခုတည်းကနေ အဆင့်ဆင့်ထုတ်လုပ်သွား တဲ့ (Assembly Line) ဆိုတဲ့ နည်းပညာပဲဖြစ်ပါတယ်။ ၁၉၃၁ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဖို့ဒ် (Ford) ကုမ္ပဏီက Ford Model T မော်တော်ကားတစီးကို ၉၃ မိနစ်အတွင်း ထုတ်လုပ်ပြခြင်းအားဖြင့် ဒီနည်း ပညာကိုထုတ်ဖော်ပြသခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီနည်းပညာကို Fordism လို့ ခေါ်ဆိုလာကြ ပါတယ်။ ဖို့ဒ်မော်တော်ကားတွေနည်းတူ အခြားသောထုတ်ကုန်တွေရဲ့ထုတ်လုပ်မှုဟာလည်း အလွန် လျှင်မြန်တဲ့အရှိန်နဲ့ မြင့်မားလာပါတယ်။ ထုတ်လုပ်မှုမြင့်မားလာခြင်းရဲ့ နောက်ကွယ်မှာ ကပ်ပါလာတဲ့ ပြဿနာကတော့ မြင့်မားလာတဲ့ထုတ်လုပ်မှုကို အမီလိုက်မယ့်ဝယ်လိုအား မရှိခြင်းဖြစ်ပါတယ်။ ကုန် ပစ္စည်းတွေထုတ်လုပ်နေပေမယ့် ဝယ်မယ့် သူမရှိတဲ့အခါ စီးပွားရေးအရ နစ်နာလာပါတော့တယ်။

ဘယ်ဂျီယံလူမျိုး ကနေဒါနိုင်ငံသား သမိုင်းနဲ့နိုင်ငံရေးသိပ္ပံပါရဂူတဦးဖြစ်သူ ဂျာ့ခ်ပါဝဲလ် (Jacques R. Pauwel) က “၂၀ ရာစုအစမှာ အမေရိကမှာ ဖြစ်ပေါ်ခဲ့တဲ့စီးပွားပျက်ကပ် (Great Depression) ဟာ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ အဲဒီစစ်ပွဲကြီးကြောင့် ရပ်တန့်ခဲ့ရတယ်ဆိုတာ ဘယ်လိုမှမငြင်းနိုင်ဘူး” လို့ အခိုင်အမာဆိုပါတယ်။ ဒုတိယကမ္ဘာစစ်မီး ဥရောပမှာ အကြီးအကျယ် လောင်ကျွမ်းနေချိန်မှာ အမေရိကန်ဟာ စစ်နဲ့ခပ်ဝေးဝေးမှာနေပါတယ်။ စစ်ဖြစ်နေတဲ့နိုင်ငံတွေအတွက် လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို အကြီးအကျယ်ထုတ်လုပ်ပြီး စစ်ဖြစ်နေတဲ့နိုင်ငံတွေကို ရောင်း ချခြင်းအားဖြင့် စီးပွားရေးကို ပြန်ပြီးဦးမော့အောင် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၃၉ မှာစတင်ပြီး ၁၉၄၅ အထိဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ်မှာ အမေရိကန်ဟာ ၁၉၄၂ ခုနှစ်ရောက်မှ ထဲထဲဝင်ဝင် ပါဝင်ခဲ့ တာဖြစ်ပါတယ်။

အဲဒီစစ်ကြီးပြီးဆုံးသွားချိန်မှာတော့ အမေရိကန်က စီးပွားရေးလုပ်ငန်းကြီးတွေဟာ စစ်ပွဲကနေ ပိုက်ဆံအများကြီးရှာလို့ရတယ်ဆိုတာကို ကောင်းကောင်းသိသွားကြပါပြီ။ အဲဒီလို ငွေရှာရလွယ်တဲ့ စီး ပွားရေးအခွင့်အလမ်းတွေကို ဆက်လက်ထိန်းသိမ်းဖို့အတွက် တိုက်ရမယ့် ရန်သူကို လိုက်ရှာရပါတော့ တယ်။ စစ်အတွင်းမှာ ကမ္ဘာ့ချဉ်ဖတ်ဖြစ်ခဲ့တဲ့ ဂျာမနီနဲ့ဂျပန်တို့ကလည်း ခေါင်းမထောင်နိုင်တဲ့ အခြေ အနေမို့ ရန်သူတော်လို့မရတော့ပါဘူး။ အဲဒီအခါ စစ်အတွင်း မဟာမိတ်ဖြစ်ခဲ့တဲ့ ဆိုဗီယက်ပြည်ထောင် စုကို ကွန်မြူနစ်စနစ်ကျင့်သုံးတယ်ဆိုတဲ့ ဝါဒရေးရာအကြောင်းပြပြီး အမေရိကန်ကိုခြိမ်းခြောက်မယ့်သူ (Bogeymen) အဖြစ်ပုံဖော်ပြောင်းလဲခဲ့ပြီး စစ်အေးတိုက်ပွဲ (Cold War) ကိုစတင်ခဲ့တယ်လို့ ဂျာ့ခ် ပါဝဲလ်က သုံးသပ်ပါတယ်။ စစ်အေးတိုက်ပွဲဟာ လက်နက်အပြိုင်အဆိုင်တပ်ဆင်ခြင်းအားဖြင့် စီးပွား ရေးဖွံ့ဖြိုးမှုကို ထိန်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Free World လို့ခေါ်တဲ့ ကွန်မြူနစ်မဟုတ်တဲ့နိုင်ငံတွေထဲ က တော်တော်များများမှာ အာဏာရှင်စနစ်တွေခိုင်မာလာပြီး အဲဒီအာဏာရှင်တွေဟာ သူတို့ရဲ့ စစ် တပ်တွေကို ချဲ့ထွင်ဖို့ အမေရိကန်ရဲ့စစ်လက်နက်ပစ္စည်းတွေကို ဝယ်ယူဖြည့်တင်းခဲ့ကြပါတယ်။

အမေရိကန်ဟာ သမ္မတဂျော့ဘုရှ် (အကြီး) ဟာ စစ်အေးတိုက်ပွဲပြီးဆုံးချိန်မှာလည်း ပင်လယ် ကွေ့စစ်ပွဲ (Gulf War) ကိုဖန်တီးခဲ့ကြောင်း၊ ပြည်သူကစစ်ကို ငြီးငွေ့လာချိန်မှာ စစ်ကို ယာယီရပ်ဆိုင်း ထားခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်မှာ သူ့ရဲ့သား ဂျော့ဘုရှ် (အငယ်) သမ္မတဖြစ်လာတဲ့အခါမှာလည်း ရန်သူ ကိုရှာဖွေခဲ့ကြောင်း၊ တရုတ်နိုင်ငံကို စဉ်းစားခဲ့ပေမယ့် တရုတ်နဲ့ကုန်သွယ်ခြင်းဖြင့် အကျိုးဖြစ်ထွန်းနေ တဲ့ကုမ္ပဏီကြီးတွေရှိနေတာကြောင့် စွန့်စားရမယ့်အလုပ်ဖြစ်နေကြောင်း၊ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုဟာ စစ်ပွဲတရပ်ဖန်တီးဖို့အလွန်ကောင်းတဲ့ အကြောင်းပြချက်ဖြစ်လာကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲဆိုတဲ့ စကားလုံးနောက်ကွယ်မှာ ကြီးမားတဲ့စီးပွားရေးအကျိုးအမြတ် တွေရှိနေကြောင်း ဂျာ့ခ်ပါဝဲလ်က သုံးသပ်ပါတယ်။

စစ်ပွဲတွေဖြစ်ပွားတဲ့အခါ စစ်အသုံးစရိတ်ကြောင့် အမှန်တကယ် အကျိုးရှိသွားသူတွေကတော့ အလွန်ချမ်းသာကြွယ်ဝတဲ့ ကုမ္ပဏီကြီးတွေပဲဖြစ်ပါတယ်။ စစ်ပွဲအတွက် လိုအပ်တဲ့ပစ္စည်းတွေကို အဲဒီ ကုမ္ပဏီကြီးတွေကထုတ်လုပ်ပြီး အစိုးရက ဝယ်ယူရပါတယ်။ လက်နက်ဝယ်ယူဖို့ငွေကို ပြည်သူ့ အခွန် ငွေက တစိတ်တပိုင်းအသုံးချသလို ပြည်ပကြွေးမြီတွေအားဖြင့်လည်း အသုံးပြုပါတယ်။ နောက်ဆုံး တော့ ပြည်သူတွေက အခွန်ပိုပြီးပေးဆောင်ရသလို နိုင်ငံတခုလုံးရဲ့ပြည်ပကြွေးမြီ (Public Debts) လည်း မြင့်မားလာပါတယ်။ ဒါပေမဲ့ “စစ်အတွင်းမှာ မြင့်မားလာတဲ့ထုတ်လုပ်မှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းနဲ့လုပ်အားခတွေ တိုးမြင့်ရရှိကြပြီး ပြည်သူက သူတို့အခွန်တိုးပေးရတာ၊ အကြွေးပိုတင် သွားတာကို မေ့လျော့နေကြတယ်” လို့ ဂျာ့ခ်ပါဝဲလ်က သုံးသပ်ပါတယ်။

(၃)

ကနေဒါနိုင်ငံအခြေစိုက် ဂလိုဘယ်လိုက်ဇေးရှင်းဆိုင်ရာသုတေသနအဖွဲ့ကြီး (Center for Research on Globalization) က ဖော်ပြခဲ့တဲ့ ဂျာ့ခ်ပါဝဲလ်ရဲ့ ဆောင်းပါးမှာတော့ စီးပွားရေးအကျိုး အမြတ်အတွက် စစ်ပွဲတွေကို ဖန်တီးကြပြီး အဲဒီစစ်ပွဲတွေကနေ အမှန်တကယ် အကျိုးအမြတ်ရသွား သူတွေကတော့ စီးပွားရေးလုပ်ငန်းကြီးတွေသာ ဖြစ်တယ်။ ပြည်သူလူထုကတော့ အခွန်တွေတိုးပြီး ပေးဆောင်ရတာ၊ နိုင်ငံမှာ အကြွေးတွေပိုတင်သွားတာသာ အဖတ်တင်တယ်လို့ ခြုံငုံသုံးသပ်ပြသွားပါ တယ်။

မြန်မာနိုင်ငံမှာ လွပ်လပ်ရေးရပြီးစက စတင်ခဲ့တဲ့ ပြည်တွင်းစစ်ဟာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အတွက်မဟုတ်တာတော့ သေချာပါတယ်။ ဒါပေမဲ့ အဲဒီပြည်တွင်းစစ်ကြီးကြောင့် ဘယ်သူတွေ အကျိုး အမြတ် ဖြစ်ထွန်းသွားသလဲ၊ ဘယ်လောက် အကျိုးအမြတ်ဖြစ်ထွန်းသွားသလဲဆိုတာတော့ ဝေဖန် ဆန်းစစ်ကြည့်ဖို့ ကောင်းပါတယ်။ ပြည်သူလူထုကတော့ အဲဒီအကျိုးအမြတ်ကို ဘယ်လိုမှ မခံစားရ ဘူး၊ ပြည်တွင်းစစ်ကပေးခဲ့တဲ့ဒုက္ခတွေကိုသာ ခါးစီးခံခဲ့ရတယ်ဆိုတာ သိပ်သေချာပါတယ်။ ဝါဒရေးရာ ကြောင့်ဖြစ်ဖြစ်၊ လူမျိုးရေးကြောင့်ပဲဖြစ်ဖြစ် နိုင်ငံရေးကြောင့်ပဲ ဖြစ်ဖြစ်၊ ဘာအကြောင်းကြောင့်ပဲ ဖြစ်တဲ့ စစ်ပွဲဖြစ်ဖြစ် ချက်ချင်းရပ်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးကို အလှမ်းဝေးစေပြီး စစ်ပွဲတွေကနေ အမြတ် ထုတ်နေသူတွေများရှိခဲ့ရင်လည်း ပြောလိုက်ချင်ပါတယ်။ “စစ်ပွဲကရတဲ့ ဘယ်လိုအကျိုးအမြတ်ဖြစ်ဖြစ် ပြည်သူ့အသက်၊ သွေး၊ ချွေးနဲ့ဘဝတွေကို စတေးပြီး ရတဲ့အကျိုးအမြတ်မို့ ဖြူစင်မြင့်မြတ်ခြင်းမရှိဘူး။ ပြည်သူတွေဘက်ကို ခင်ဗျားတို့ ခဏလောက်လှည့်ကြည့်ပါ” ဆိုတာပါပဲ။ ငြိမ်းချမ်း ရေးရောင်ခြည်တွေ အမြန်ဆုံးထွန်းပနိုင်ပါစေ။