ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သာထက်အောင် ● အတောမသတ်နိုင်တဲ့ အလွဲလွဲအချော်ချော်တွေ



သာထက်အောင် ● အတောမသတ်နိုင်တဲ့ အလွဲလွဲအချော်ချော်တွေ
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၆


ခုတလော တွေ့မြင်ကြားသိနေရတဲ့ ရွှေပြည်ကြီးက အမြီးအမောက် မတည့်မှုလေးအချို့ ရေးပြချင်ပါတယ်။ ရွှေပြည်ကြီးက အလွဲအချော်တွေ အမြီး အမောက်မတည့်မှုတွေရေးချင်ရင် ဇွဲကောင်းဖို့၊ ၀ီရိယကောင်းဖို့တော့ လိုလိမ့်မယ် ထင်ပါတယ်။ အလွဲအချော်တွေကလည်း အများသားကလား။ အခန်းဆက်ဝတ္ထု ရှည်ကြီး ဖြစ်သွားနိုင်ပါတယ်။ ရေးနိုင်တယ်ဆိုရင်ပေါ့။

အချို့အလွဲအချော်တွေက မသိမှုကိုအခြေခံပြီး ဖြစ်လာတဲ့အလွဲအချော် တွေ၊ အချို့အမြီးအမောက်မတည့်မှုတွေက အကြောက်တရားကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ အ မြီး အမောက်မတည့်မှုတွေ၊ အကြောက်တရားကိုပဲ အကြောင်းပြုပြု၊ မသိမှုကို အခြေခံ ခံ အလွဲအချော်တွေ အမြီးအမောက် မတည့်မှုတွေကို လက်ခံနေရတယ်ဆိုကတည်းက ကျွန်တော်တို့ 'ညံ့' လို့ ဆိုတာ ထင်ရှားပါတယ်။ လွဲရင်လွဲမှန်း၊ မှန်းရင်မှားမှန်း ထောက်ပြရဲတဲ့ နိုင်ငံသား၊ လွဲခဲ့ရင် မှားခဲ့ရင် ၀န်ခံရဲတဲ့ အစိုးရ၊ ပြင်ရဲတဲ့ အစိုးရ၊ အဲသလို နိုင်ငံမျိုးသာလျှင် ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံ၊ ဒီမိုကရေစီကို နားလည်တဲ့ လူမျိုးလို့ ဆိုရမှာပါ။

စလွဲတာကတော့ နာဂစ်အခြေခံဥပဒေကို လူသိများတဲ့ ၂၀၀၈ အခြေခံ ဥပဒေကြီးပါ။ လူတိုင်းသိပြီးသားမို့ အကျယ်မရေးတော့ပါဘူး။ ရွေးကောက်ခံ မဟုတ်ဘဲ တမတ်သားစစ်ဗိုလ်တွေ လွှတ်တော်ထဲ ထိုင်ခွင့်ပြုတာ၊ အရေးပါတဲ့ဝန်ကြီးဌာနသုံးခုကို စစ်တပ်လက်ထဲထည့်ထားတာ၊ လိုအပ်ရင် စစ်တပ်က အာဏာသိမ်းခွင့်ပြုထားတာ စတဲ့ ကမ္ဘာရှားအခြေခံဥပဒေကြီးက စလွဲလိုက်တာ ရွေးကောက်ခံ ဒီချုပ်အစိုးရခမျာ "ရင်ကြားစေ့ရေး"ဆိုတဲ့ စကားလုံး လေး အကာအကွယ်ယူပြီး စစ်တပ်ကို မျက်နှာချိုသွေးနေရဆဲဘ၀ပါ။ စစ်တပ်က မကြိုက်ရင် ခြင်တောင် ရိုက်လို့မရတဲ့ ဘ၀ပါ။ နာဂစ်ခြံထဲက သိုးငယ်လေးတွေ ဘ၀များ ဖြစ်နေပြီလားလို့လည်း မကြာမကြာ တွေးမိပါတယ်။

ဒီအတွေးပေါ်မိတာကလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ တလောလေးက ရန်ကုန်မှာ လူ့အခွင့်အရေးနေ့ အထိးအမှတ်အနေနဲ့ ရှေ့ဆောင်ရုံမှာ ရုပ်ရှင်ပြပွဲကျင်းပတယ်လု့ ကြားရပါတယ်။ အဲဒီပွဲမှာ သီပေါစော်ဘွားအကြောင်း ရိုက်ထားတဲ့ Twilight Over Burma ရုပ်ရှင်ကားပြဖို့ စီစဉ်ထားပါသတဲ့။ ဒီဝတ္ထု ဘယ်လိုကောင်းကြောင်းလည်း ဒီချုပ်နာယကကြီး ဦးတင်ဦးက အချီးစကားမြွက် ကြားသေးဆိုပဲ။ ပြခါနီးမိနစ်ပိုင်း နာရီပိုင်းအလိုလေးမှာ စစ်တပ်က သဘောမတူ ကန့်ကွက်လို့ ဒီရုပ်ရှင်မပြဖြစ်တော့ကြောင်း စီစဉ်သူတွေက ကြေညာပါသတဲ့။

သြော်… ဖြစ်ရပုံများ။

ဒီဝတ္ထုကို မြန်မာစာရေးဆရာသုံးဦးလောက်က ဘာသာပြန်ပြီး ထုတ်ဝေဖြန့် ချိခဲ့တာ ကြာလှပေါ့။ ရုပ်ရှင်ကိုလည်း ချင်းမိုင်မှာ ပြခဲ့ပြီးတာကြာလှပေါ့။ ခု ရွှေပြည်ကြီးမှာ ပြမယ်လုပ်ခါမှ တပ်မတော်ပုံရိပ်ကို ထိခိုက်လို့ဆိုပြီး ပြသခွင့်ပိတ် ပင်တယ်ဆိုတော့ စာအုပ်ထွက်တုန်းက စစ်တပ်က ပုဂ္ဂိုလ်များ သိလိုက်ဟန်မတူဘူး။ စာအုပ်တော့ ကြိုက်တဲ့နေရာမှာဝယ်၊ ကြိုက်တဲ့နေရာမှာ ဖတ်လို့ရ တယ်၊ ရုပ်ရှင်တော့ ပြခွင့်မပြုဘူးဆိုတာ ကျွန်တော်ထင်တယ်၊ ကမ္ဘာမှာ ရွှေပြည်ကြီးပဲ ရှိလိမ့်မယ်ထင်တယ်။

ရွှေပြည်ကြီးနဲ့ အတော်ဝေးဝေးမှာနေရပြီး ရုပ်ရှင်ပြမယ့်နေ့က ရန်ကုန်မှာ မရှိတော့ သေသေချာချာမသိတဲ့ ကိစ္စလေးတခုက ဒီရုပ်ရှင်ပြသ ခွင့် ပိတ်ပင်တဲ့အမိန့်ကို ဘယ်သူထုတ်သလဲဆိုတာပါ။ စစ်တပ်က တပ်မတော် ပုံရိပ်ထိခိုက်လို့ ပြသရန်မသင့်ကြောင်း ကန့်ကွက်ချင်ရင် ကန့်ကွက်လို့ ရပါတယ်။ စဉ်းစားဆုံးဖြတ်ရမှာက တပြည်လုံးက လက်သန်းမင်အစွန်းခံပြီး ထောက်ခံရွေးချယ်ပေးလိုက်တဲ့ ဒီချုပ်အစိုးရ၊ ရုပ်ရှင်ကားတကားပြသင့်-မပြသင့် အမိန့်တကယ်ထုတ်ရမှာက တာဝန်အရှိဆုံးက ပြန်ကြားရေးဝန်ကြီး။ သူမဆုံးဖြတ်နိုင်လောက်အောင် အကျပ်ရိုက်နေရင် ဆက်တင်ပြနိုင်တာက သမ္မတ၊ သမ္မတကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူးဆိုရင် (သူ့အထက်ကလား၊ အောက်ကလား မသိတတ်နိုင်တဲ့) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုတင်ပြ။ ရုပ်ရှင်ကားတကား ပြသင့်-မပြသင့်အရေးမှာ အစိုးရက (ပြန်ကြားရေးဝန် ကြီးဌာနက) မဆုံးဖြတ်ဘဲ ကာကွယ်ရေးနဲ့ပဲဆိုင်တဲ့ စစ်တပ်က ၀င်ဆုံးဖြတ် တာကတော့ စစ်တပ်ပုံရိပ် ထိခိုက် မထိခိုက်တော့ မသိဘူး။ လက်ရှိပြည်သူက ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ရဲ့ ပုံရိပ်ကို ထိခိုက်တာတော့ အမှန်ပါပဲ။

စာအုပ်လည်း ပလူပျံအောင်ထွက်ပြီး၊ ရုပ်ရှင်ကားလည်း တကမ္ဘာလုံး ပြန့်ပြီးဖြစ်တဲ့ ဒီရုပ်ရှင်ကား တကားပြခွင့်ကိုတောင် မလွန်ဆန်နိုင်သေးရင် ၂၀၀၈ အခြေခံဥပဒေကြီး ပြင်ဖို့၊ ဖျက်ဖို့ ဌာနပေါင်းစုံမှာ ၀င်ရောက်စိုးမိုးခြယ် လှယ်နေတဲ့ စစ်ဗိုလ်ပြုတ်တွေကို ရှင်းလင်းဖို့၊ နိုင်ငံ့ဘဏ္ဍာ ငါ့ဟာမှတ်ပါလို့ ဆိုပြီး ခိုးဝှက်ပြီး ကြီးပွားနေတဲ့ ဗိုလ်ချုပ်ပြုတ်တွေနဲ့ သူတို့နဲ့ ပုလင်းတူဘူးဆို့ ဖြစ်တဲ့ ခရိုနီတွေရဲ့ ကိစ္စ။ စဉ်းစားရင် ရင်လေးစရာပါ။ ကမ္ဘာမှာ ဘယ်နိုင်ငံမှာ မှမရှိတဲ့ လက်ရှိသမ္မတထက် ပြုတ်သွားတဲ့သမ္မတရဲ့ လစာက ပိုများတယ်ဆို တာ ကြားဖူးတဲ့ လူတွေ မရယ်ဘဲ မနေနိုင်ပါဘူး။

ရွှေပြည်ကြီးမှာ စစ်အစိုးရ မရှိတော့ဘူး၊ အရပ်သားအစိုးရဖြစ်သွားပြီလို့ ကြားတိုင်း ကျွန်တော်မှ ဟုတ်မှဟုတ်ရဲ့လားဆိုပြီး ဇဝေဇ၀ါဖြစ်ရပါတယ်။ စစ်အစိုးရ မရှိဘူးသာဆိုတယ်။ စစ်တပ်ရဲ့ အရိပ်အမည်းကြီးအောက်က တပြည်လုံးမလွတ်နိုင်သေးဘူးဆိုတာ 7Day သတင်းစာကို တရားစွဲပါမယ် တကဲကဲလုပ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် သိသာပါတယ်။

တချိန်က စစ်တပ်မှာ စစ်အစိုးရလက်ထက်မှာ နံပါတ်သုံးအဆင့် လောက်မှာရှိတဲ့၊ မြောက်ကိုရီးယားကို တရုတ်ပြည်ကနေ တဆင့် တိတ် တိတ်လေးသွားခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းတယောက်ဟာ ဘယ်လို အကြောင်းနဲ့မှန်း အတပ်မသိနိုင်ဘဲ စစ်တက္ကသိုလ် သင်တန်းဆင်းတွေကို နတ်စကားယောင်ယောင် အာချောင်ခဲ့ပါတယ်။ ဒီချုပ်အစိုးရနဲ့ကလည်း အလွန်အဆင်ပြေနေလေတော့ ဒီမိုကရေစီကို လိုလားသူကြီးအသွင် စစ်အာဏာ ရှင်စနစ်မုန်းသူကြီးအလား၊ သရုပ်ဆောင်ရင်း စကားလွန်သွားပုံ ပေါ်ပါတယ်။ သိက္ခာလုံးဝမရှိတော့တဲ့ စစ်တပ်မှာ သူတို့သိက္ခာကျတယ်လို့ ယူဆတယ်ထင်ပါရဲ့။ 7Day ကို တရားစွဲဖို့ ကြံပါတော့တယ်။ နောက်တော့ စာနယ်ဇင်းကောင်စီက ကြားဝင်လို့ဆိုလား 7Day က တောင်းပန်လို့ဆိုလား ကျေအေးသွားကြဆိုပဲ။

ဒီကိစ္စကို နည်းနည်းလေး လေ့လာကြည့်ရင် ပြောတာက စစ်ဗိုလ်ချုပ် ကြီးဟောင်း လွှတ်တော်ဥက္ကဋ္ဌဟောင်း သက်ရှ်ထင်ရှား သူ့စကားကို ဖော်ပြ ပေးတာက 7 Day သတင်းစာ သူ့စကားကြောင့် တပ်မတော်ရဲ့ ပုံရိပ်ထိခိုက် ပါတယ်ဆိုရင် တရားစွဲရမှာက မူရင်းပြောသူကိုပဲ စွဲရမှာ။ အဲတခုတော့ ရှိတယ်။ 7 Day က မူလကာယာကံရှင်ပြောသူရဲ့ စကားအတိုင်း အတိအကျ မဟုတ်ဘဲ လိုတိုးပိုလျှော့လိုက်တယ်၊ ချဲ့ကားဖြည့်စွက်တယ်ဆိုရင်တော့ စာနယ်ဇင်းကျင့်ဝတ်ကို ဖောက်ဖျက်လို့ အရေးယူနိုင်တယ်။ သတင်းတခု အဖြစ်အပျက်တခု စကားတခွန်း စာတပိုဒ် အတိအကျ အပိုအလိုမပါ ပြည်သူ့ထံမှောက် အရောက်ပို့နိုင်ရေး မီဒီယာတို့ရဲ့ တာဝန်ကျေတယ်လို့ ဆိုနိုင်ပါတယ်။

ဥပမာဆင်ဆင်တခုပြရရင် စားပွဲထိုးတယောက်ဟာ စာဖိုးမှူး ချက်ထားတဲ့ဟင်းတခွက်ကို စားသုံးသူဆီ အဖိတ်အစင်မရှိ အဖြည့် အစွက် အနှုတ်အသိမ်းမရှိ အရောက်ပို့နိုင်ရင် စားပွဲထိုးရဲ့ တာဝန်ကျေပါ တယ်။ အဲဒီဟင်းတခွက် အရသာရှိ-မရှိ အာဟာရဖြစ်-မဖြစ်၊ အဆိပ်သင့်- မသင့်ဆိုတာ စားပွဲထိုးနဲ့ ဘာမှမဆိုင်ပါဘူး။ အဆိပ်သင့်လို့ လူသေရင်တော့ အရေးယူရမှာက စားဖိုမှူးကိုပါ။ အခုတော့ ပြောတဲ့ ပုဂ္ဂိုလ် သက်ရှိ ထင်ရှားကြီးကိုတော့ တရားမစွဲ၊ သတင်းရေးသားဖော်ပြမိတဲ့ သတင်းစာကို တရားစွဲမယ်ဆိုတာ အငြိုးတရားကို အခြေခံသလား ဆိုတာ စဉ်းစားစရာဖြစ်နေပါပြီ။ 7 Day ကလည်း ပြောသူရဲ့စကား အတိုင်း အတိအကျအချဲ့အကားမပါဘဲ ဖော်ပြခဲ့တယ်ဆိုရင် ဘယ်သူ့ ဘယ်သူ့ကိုမှ တောင်းပန်စရာမလိုပါဘူး။ အမှန်တရားက ရှုံးနိမ့်နေသမျှကာလပတ်လုံး ပါးစပ်က ဒီမိုကရေစီလို့ ဘယ်လိုပဲ ပြောပြော ဘယ်သူကမှ ယုံမှာမဟုတ်ပါဘူး။

ကာတွန်းဖတ်မှ၊ ဟာသရုပ်ပြောင်တွေဖတ်မှ ရယ်ရတာမဟုတ်ပါဘူး။ ရွှေပြည်ကြီးသတင်းတွေ၊ အင်တာနက်မှာဖတ်ရင်း တခါ တခါ တော်တော်ရယ်ရပါတယ်။ တခါတခါလည်း တော်တော် ဒေါသထွက်ရပါတယ်။ အဲသလိုဒေါသလည်းထွက်ရ၊ ရယ်လည်းရယ် ရတဲ့ သတင်းတပုဒ် တလောလေးက ဖတ်ရပါတယ်။

ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာဆိုတာ (သတင်းအရ) အိမ် ထောင်စာ ၁၆၀၀ လောက်ရှိပြီး ၄၄ အိမ်ထောင်စုပဲ မွတ်စလင်တွေ ဖြစ်ပါသတဲ့။ အဲဒီမှာ ဘယ်လိုက ဘယ်လို လူမျိုးရေးအဓိကရုဏ်း ဖြစ်တယ်မသိပါဘူး။ မွတ်စလင်တွေထွက်ပြေး၊ အိမ်တွေမီးရှို့တာ တွေ ဖြစ်ပါသတဲ့။ လူမျိုးဘာသာခွဲခြားနှိမ့်ချဆက်ဆံမှုအကြောင်း ဒီနေရာမှာ မရေးလိုပါဘူး။ ဒါမျိုးက ရေးရင်မဆုံးနိုင်လောက်ဘူးလို့ ထင်လို့။ ပြောချင်တာတခုက အင်အားကြီးတခုက အင်အားသေး တခုကို အင်အားအသုံးပြုပြီး အနိုင်ကျင့်တယ်ဆိုတာ လူယဉ်ကျေးတွေ အလုပ်မဟုတ်ဘူးဆိုတာပါပဲ။

စိတ်မချမ်းမြေ့စရာ ဒီသတင်းရဲ့ နောက်ဆက်တွဲရယ်စရာက အဲဒီမြို့နယ်က ရဲမှူးက တိုင်သူမရှိလို့ အရေးမယူနိုင်ပါဘူးတဲ့။ ပုလိပ် ဆိုတာမျိုးကလည်း ငွေညှစ်ဖို့လောက်တာသိတတ်ပြီး ရဲဥပဒေ ရဲကျင့်ထုံး ကြေညက်ကြတာမဟုတ်လေတော့ အီးယူမကလို့ ဘယ် သူပဲသင်တန်းပေးပေး သိပ်ထူးလာစရာအကြောင်းမရှိပါဘူး။ ရဲရဲ့ အဓိကတာဝန်ဟာ ဘာလဲဆိုတာ အဲဒီရဲမှူး သိပုံမပေါ်ပါဘူး။

လူ့အဖွဲ့အစည်းအတွင်းမှာ မတော်မတရားတွေ ဥပဒေချိုး ဖောက်နေတာတွေ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ငြိမ်းချမ်းလုံခြုံဖို့တွေ -- ကာကွယ်ဖို့ အရေးယူဖို့အတွက် ရဲဆိုတာကို နိုင်ငံတော်က လစာပေးပြီး ခန့်ထားတာမဟုတ်လား။ တိုင်သူမရှိတာနဲ့ မဆိုင်ဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ ဘယ်လိုလုပ် ရဲမှူးဖြစ်လာသလဲ ဆိုတာ ကျွန်တော်လည်း မစဉ်းစားတတ်အောင်ပါပဲ။ မတိုင်တာ လား၊ မတိုင်ရဲတာလားဆိုတာလည်း ဒီရဲမှူး သိပုံမပေါ်ပါဘူး။ ဒါမှမဟုတ် သူ့နောက်က အရိပ်မည်းကြီးကို လန့်နေတာလည်း ဖြစ်နိုင်ပါတယ်။ တိုင်သူမရှိလို့ အရေးမယူပါဘူးဆိုတဲ့ ရဲမှူးကြီးကို တခု မေးပါရစေ။ အရပ်ထဲမှာ ပုဆိုးကွင်းသိုင်းပြီး မူးမူးရူးရူးနဲ့ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုရမ်းကားနေတဲ့ လူတယောက်ကို ရဲမှူးကြီး တွေ့ပါပြီတဲ့။ တိုင်သူမရှိလို့ဆိုပြီး မမြင်ချင်ယောင်ဆောင် အရေး မယူဘဲ နေမှာလား။ ခု သူရဲသမိန်မှာ ဖြစ်တဲ့ကိစ္စက အမူးသမားဆဲ ရေးတိုင်းထွာနေတာထက် အဆများစွာ ပိုအရေးကြီးပါတယ်။ လူတချို့ရဲ့ အသက်အိုးအိမ်လုံခြုံရေးကိစ္စပါ။

စိတ်မနှံ့တဲ့ အရူးမ တယောက်ကို လူတစုက ၀ိုင်းဝန်းမုဒိမ်း ကျင့်ပါသတဲ့။ အရူးမဆိုတော့ တိုင်ရတောရမှန်းလည်းမသိ၊ ဘယ်သူ ကမှလည်း တိုင်ဖော်တောဖော်မရ။ ဒီကိစ္စကို ရဲမှူးကြီး ကြားလည်း ကြား၏။ သိလည်းသိတယ်ဆိုရင် ရဲမှူးကြီး အရေးမယူဘဲ နေမှာပဲလား။ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပျက်နေတဲ့ ဒုစရိုက်မှုကြီးတွေ့လို့ တိုင်သူတောသူမရှိလို့ အရေးမယူဘူးဆိုရင် လောကကို စောင့်ရှောက်တဲ့ လောကပါလတရား မဆိုထားနဲ့ ကိုယ့်အသက်မွေး ၀မ်းကျောင်းဖြစ်တဲ့ ရဲအလုပ်ကိုတောင် ကျွမ်းကျွမ်းကျင်ကျင် နားမလည်သူမို့ အကောင်းဆုံးကတော့ ရဲအလုပ်က နှုတ်ထွက်တာပါပဲ။

များပါတယ်။ ရွှေပြည်ကြီးမှာ အလွဲတွေ အမြီးအမောက် မတည့်မှုတွေက များလှပါတယ်။ တည့်မတ်ပေးရမယ့် သူကိုယ်တိုင်က လွဲနေတာလည်း တွေ့ဖူးပါတယ်။ အလွဲတွေ အမှားတွေ အတွက် ကျွန်တော်မှာ တာဝန်ရှိပါတယ်ဆိုပြီး ၀န်ကြီးရာထူးက နှုတ်ထွက်သူ၊ ဗိုလ်ချုပ်ကြီးဘ၀က ထွက်စာတဲ့သူရယ်လို့လည်း အစဉ်အလာမရှိလေတော့ ဒီလိုပဲ အလွဲတွေ၊ အမှားတွေ၊ အမြီးအမောက်မတည့်မှုတွေ ကြုံ နေတွေ့နေရဦးမှာပါပဲ။ ။

သာထက်အောင်
ဇွန် ၃၀၊ ၂၀၁၆