ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၁၄


မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၁၄
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၆

ကျောင်း၌ ကန့်လန့်တိုက်ခဲ့စဉ်က
မိမိတို့ခေတ်တွင် ကျောင်းသားသမဂ္ဂဆိုသည်မှာမရှိတော့ပေ။ အင်္ဂလိပ်ကိုလိုနီခေတ်တလျှောက်လုံးမှ သည် လွတ်လပ်ရေးရပြီး ဖဆပလ ခေတ်တလျှောက်လုံး မားမားမတ်မတ်ရပ်နိုင်ခဲ့သော ကျောင်းသား သမဂ္ဂများသည် ဗိုလ်နေဝင်းအာဏာသိမ်းပြီး မကြာမီတွင် ဖျက်ဆီးခြင်းခံလိုက်ရသည်။ မိမိတို့ခေတ် တွင်တော့ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလဆိုသည့် နီစိမ်းဝါပြာ အသင်း ၄ သင်း ကိုအခြေခံသည့် ကျောင်းကောင်စီဆိုသည်ကိုဖွဲ့စည်းခဲ့ကြသည်။ ရှေးမြန်မာပဒေသရာဇ်တွေကို ပွဲထုတ်သည့် စစ်အောင်သာက တိုင်းပြည်စုစည်းအုပ်ချုပ်သည့်သူများကို ပွဲထုတ်သည့် ခေတ်တခေတ်
အစပြုသည်ဟုဆိုရမည်။

ကျောင်းကောင်စီဆိုသည်က ကျောင်းသားတို့အခွင့်အရေးများကို ကိုယ်စားပြု သည့်အဖွဲ့မဟုတ် ကျောင်းအုပ်ကြီးနှင့် ကျောင်းအုပ်ချုပ်ရေးအဆင့်ဆင့်ခိုင်းသည်ကို အကောင်အထည်ဖော်ရသည့် အဖွဲ့မျှသာဖြစ်သည်။ ထိုအဖွဲ့ကို အလုပ် မဖြစ်အောင်လုပ်ဖို့ ဆယ်တန်းနှစ်တွင်မိမိစဉ်းစားမိသည်။ ထိုစဉ်ဖွဲ့စည်းကြပုံမှာ အခန်းလိုက် အသင်း ၄ သင်းခွဲပြီး အသင်းခေါင်းဆောင်တင်မြှောက်သည်။ ထိုနောက် အခန်းခွဲအားလုံးပေါင်း၍ အတန်းလိုက် အသင်းခေါင်းဆောင်တင်မြှောက်သည်။ ဥပမာ ဆယ်တန်း ၄ ခန်းရှိလျှင် ၄ ခန်းပေါင်း၍ အတန်းလိုက် အသင်းခေါင်းဆောင် ၄ ဦးရွေးရသည်။ ပြီးတော့ တကျောင်းလုံးရှိ အတန်းအားလုံးစုပြီး တကျောင်းလုံးရှိအတန်းအားလုံးခေါင်းဆောင်၎ ဦး ရွေးပြီး ကျောင်းကောင်စီဖွဲ့သည်။ ကျောင်းသားအားလုံးမဲပေးရွေးရသည်။

မိမိကကျောင်းသားတွေ၏သဘောသဘာဝကိုအတန်ငယ်တီးခေါက်မိသည်။ ကျောင်းသားအများစုက ကိုယ်တိုင်မလုပ်လိုကြ။ ထို့ပြင် ကျောင်းအုပ်ဆရာကြီးနားကပ်ပြီး ထိုးထိုးထောင်ထောင် လုပ်နေသူများ အားလည်း ကြည့်မရ။ ထိုကဲ့သူများရှိက ကျောင်းသားများလည်း အလုပ်ပိုသည်။ ခက်သည်က ထိုကဲ့ သို့ သူများက အရမ်းလုပ်လိုကြသည်။ သို့နှင့်မိမိလည်း အခန်းတွင်းမှ ကျောင်းသားများကို စည်းရုံးရ သည်။ ကိုယ်တိုင်လည်းလုပ်စရာမလို ထိုးထိုးထောင်ထောင်လုပ်သူများလည်းမပါနိုင် ကျောင်းကောင်စီ လည်း အလုပ်မဖြစ်အောင် မိမိတို့အခန်းထဲမှ ခပ်အေးအေးနေပြီး စာကြိုးစားသူ ကျောင်းသူ ၄ ဦး တင် ရန် အဆိုပြုလိုက်သည်။ မိမိတို့အတန်းမှသာ ဤသို့တင်နိုင်ပါက ကျန်အခန်းများ အတန်းများလည်း ထိုကျောင်းသူများကို မဲပေးရွေးကြလိမ့်မည်တွက်ချက်ပြလိုက်သည်။

အခန်းထဲက ကျောင်းသားအားလုံးသဘောတူကြပြီးနောက် မိမိတို့ အခန်းမှ အသင်းခေါင်းဆောင် ၄ ယောက်အဖြစ် စာအတော်ဆုံး စာအကျက်ဆုံးကျောင်းသူ ၄ ယောက်ကို စတင်ရွေးချယ်ပေး လိုက် သည်။ မိမိတွက်ချက်မှု မှန်ပါသည်။ ဆယ်တန်း ၄ ခန်းပေါင်း၍ အတန်းခေါင်းဆောင် ရွေးတော့သူတို့ ၄ ယောက်ကိုပဲ ရွေးကြသည်။ တကျောင်းလုံးရွေးတော့ ထိုကျောင်းသူ ၄ ယောက်ပဲ ရွေးလိုက်ကြသည်။ သို့နှင့် ကျောင်းသူ ၄ ယောက်ဦးစီးသည့်ကျောင်းကောင်စီကြီး အုတ်ဖို အထက်တန်းကျောင်းတွင် ပေါ်လာတော့သည်။
ကျောင်းသူများဆိုတော့ ဆရာကြီးလည်း ကျောင်းသားတွေလိုခိုင်းမရ။ ထို့ပြင် ဆယ်တန်းကျောင်းသူ စာကြိုးစားသူတွေဖြစ်နေတော့ ကျောင်းကိစ္စသိပ်မလုပ်လိုကြပေ။ သို့နှင့် ထိုးထိုးထောင်ထောင် ကျောင်းကောင်စီများလည်း မတွေ့ရ။ ရှုတ်ရှုတ်ယှက်ယှက်တွေလည်း သိပ်မလုပ်ရသည့် စာသင်နှစ်တနှစ်ကို မိမိတို့ ရရှိလိုက်သည်။ ထိုဖြစ်ရပ်သည် မိမိ၏ပထမဆုံးကျောင်းသားများအတွင်း စည်းရုံးလှုပ်ရှားမှုနှင့်ရလဒ်ဟုဆိုရပါမည်။

တကယ်လည်း ထိုစဉ်က ကျောင်းကောင်စီဆိုသည်များသည် ကျောင်းသားများ၏ လိုအပ်ချက် အခွင့်အရေးများကို ကိုယ်စားပြု ရပ်ခံခြင်းမရှိကြပါ။ မိမိတို့အခန်းတွင် ကျောင်းသားများအတွက် ထိုင်ခုံမလုံလောက်။ ဖြေရှင်းပေးမည့်သူမရှိ။ ကျောင်းသားများ ပူးကပ်ထိုင်ကြရသည်။ နောက်ဆုံးတော့ ကျောင်းသား ၁၀ ယောက်စည်းရုံးပြီး ကျောင်းအုပ်ကြီးရုံးခန်းသွားပြီး ကျောင်းအုပ်ကြီးအားအရေးဆိုကြသည်။ ကျောင်းအုပ်ကြီးက ပထမတော့ လေသံခပ်မာမာ။ မိမိတို့က စာသင်ခုံလုပ်မည်ဆိုပြီးကောက်ထားသော မိဘဆရာ အသင်းကြေးတွေ ဘယ်ရောက်သွားပြီလည်း စာရင်းရှင်းပေးပါဟု ခပ်တင်းတင်း တုံ့ပြန်ကြတော့မှ လေသံလျှော့ပြီး မိဘဆရာသင်းတာဝန်ယူသည့် ဆရာအား အပစ်ပုံချပြီးခေါင်းပြောင်းသည်။ နောက်ဆုံးထိုင်ခုံတော့ရလိုက်သည်။
မရလျှင် ကြမ်းပြင်ပေါ်ထိုင်သင်မည်ဟု မိမိတို့တောင်းဆိုဆန္ဒပြလိုက်၍လားတော့ မပြောတတ်တော့။

ကျောင်းအုပ်ချုပ်ရေးတာဝန်ယူသူဆရာများတော့ မိမိတို့အား သိပ်မကြည်ဖြူလှ။ လမ်းစဉ်လူငယ် လာဖွဲ့တော့ မေးခွန်းမျိုးစုံပြန်မေး၍ မဝင်နိုင်ဟုဆိုခဲ့သည်။ မိမိမိခင်ကဝန်ထမ်းဆိုတော့ မိမိအားတော့ သိပ်မပြော။ မိမိမိခင်ကိုတော့ ပြန်ပြောလေ့ရှိကြသည်။ ဤသို့ဖြင့် မိမိအား ကျောင်းတွင် ကန့်လန့် တိုက်တတ်သူ ထော်လန့်ကန့်လန့်လုပ်တတ်သူ အုပ်ချုပ်ရေးပိုင်းကို ဆန့်ကျင်တတ်သူအဖြစ် မှတ်ချက်ပြုကြမည်ထင်သည်။

" ဝိုင်း " တိုက်ပွဲ
ဆယ်တန်းစာမေးပွဲအပြီး ကျောင်းပိတ်ရက်တွင် သန်းခေါင်စာရင်းကောက်ဖို့ လုပ်အားပေးသွားဖြစ် သည်။ ၁၉၇၄ အခြေခံဥပဒေဆန္ဒခံယူပွဲအကြို သန်းခေါင်စာရင်း ကောက်ခံခြင်း ဖြစ်သည်။ တက္ကသိုလ် ကျောင်းပိတ်ရက်ဆိုတော့ တက္ကသိုလ်တက်နေသည့် သူငယ်ချင်းများလည်း အတူပါလာကြသည်။ မိမိသွားရသည်က အုတ်ဖိုအရှေ့ဖက်ခြမ်း ပဲခူးရိုးမနားက ရွာများဖြစ်သည်။ ထိုရွာများသည် အုတ်ဖိုမြို့ နယ်ထဲမှဖြစ်သော်လည်း အုတ်ဖိုမှ ကားလမ်းမပေါက် ။ ကြို့ပင်ကောက်မှတဆင့် သွားရသည်။ ကြို့ပင်ကောက်မှ ပဲခူးရိုးမသို့ဖောက်လုပ်ထားသော သစ်ထုတ်လုပ်ရေး မြေသားလမ်းမရှိသည်။ ထိုလမ်းမှတဆင့် ကုန်ကားတစီးဖြင့် မိမိတို့ကျောင်းသားများ ချီတက်ရသည်။

ကြို့ပင်ကောက်မှ ပဲခူးရိုးမတောင်ခြေထိဖောက်လုပ်ထားသော ကားလမ်းအဆုံးတောင်ခြေ၌ " ဝိုင်း " ဟူသည့် သစ်ထုတ်ရေးစခန်းတခုရှိသည်။  လုံခြုံရေးအတွက် စစ်တပ်ချထားသည်ဟုကြားသိရသည်။ ကြို့ပင်ကောက်မြို့နယ်အပိုင် ဖြစ်သည်။ မိမိတို့မရောက်ဘူးလိုက်သော်လည်း ကြားဖူးခဲ့သည်။ ထိုနှစ် မိမိတို့လုပ်အားပေးပြန်လာပြီး ရက်ပိုင်းအတွင်း အဆိုပါ " ဝိုင်း" သစ်ထုတ်လုပ်ရေးစခန်းအား CPB တိုက်တိုင်းအောင်တပ်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်သည်ဟုသတင်းကြားရသည်။ အရင်ကလည်း မင်းလှစိန်ကန့်လန့် စခန်းအား ဝင်သိမ်းသည်ကို ကြားဖူးခဲ့သည်။

ထိုစဉ်ပဲခူးရိုးမ၌အခြေစိုက်နေသော ဗမာပြည်ကွန်မြူ နစ်ပါတီ ဗဟိုသည် တိုက်တိုင်းအောင် ၁/၂/၃/၄ ဟူ၍ အဓိကတိုက်ခိုက်ရေးတပ်များဖွဲ့၍ ဗိုလ်နေဝင်း၏မဆလအစိုးရတပ်များအား တုံ့ပြန်ရန်ကြိုးစားနေ သည်။
ဥက္ကဋ္ဌသခင်သန်းထွန်းကျဆုံးပြီး ဥက္ကဋ္ဌသခင်ဇင်နှင့် အတွင်းရေးမှူးသခင်ချစ်တို့ ခေါင်းဆောင်နေ သည်။ စစ်အနိုင်တိုက် အာဏာသိမ်း ဆိုသည့် ၆၄ လမ်းစဉ် ကိုချမှတ်ထားသည်။ ဂွင်(ခွင်) ထဲမထွက်ရေး ထိုးစစ်ကိုထိုးစစ်နှင့်ရိုက်ချိုးရေးစစ်ရေးလမ်းစဉ်ချမှတ်ထားသည်။

တဖက်တွင်လည်း ဗိုလ်နေဝင်းကလည်း ပဲခူးရိုးမတွင် ဖြတ်လေးဖြတ်ကျင့်သုံးနေသည်။ ပဲခူးရိုးမတောင်ပေါ် ၁၄ ရွာကို မြေပြန့်သို့ပြောင်းရွှေ့သည်။ တပ်များအပြောင်းအရွှေ့လွယ်ရန် ပဲခူးရိုးမဆီသို့ လမ်းများတိုးချဲ့ဖောက်လုပ်သည်။ ပဲခူးရိုးမရှိ CPB တပ်များ ရိက္ခာ သတင်းရရှိမှု အခက်အခဲရှိလာသည်။
လက်နက် ကျည်ဆံအခက်အခဲရှိလာသည်။ အစိုးရတပ်၏ ဝိုင်းပတ်မှုစိတ်လာပြီး CPB ဗဟိုဌာနချုပ် အတိုက်အခိုက်ခံရသည်။ CPB ဗဟိုခေါင်းဆောင်ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျကျဆုံးသည်။ အစိုးရတပ်များ တဖြည်းဖြည်း အသာစီးရလာသည်။ "ဝိုင်း"တိုက်ပွဲသည် ပဲခူးရိုးမ၌ CPB ၏နောက်ဆုံး စခန်းသိမ်းတိုက်ပွဲဖြစ်ပုံရသည်။

အရှေ့မြောက်တိုင်းတခွင်
ထိုစဉ်က အရှေ့မြောက်တွင် CPB က တစစအားကောင်းလာနေသည်။ ထိုအကြောင်းအရာကို သိန်းဖေမြင့်က သတင်းစာတွင် " အရှေ့မြောက်တိုင်းတခွင် " ဟူ၍ အခန်းဆက်ဆောင်းပါးရေးသည်။ အရှေ့မြောက်ဒေသသို့ ကိုယ်တိုင်သွားရောက်ပြီး ထိုဒေသမှ လက်လှမ်းမီသမျှ ထိတွေ့ရေးသားဖော်ပြသည်။ အရှေ့မြောက်ပိုင်းအခြေအနေတစွန်းတစနှင့် တိုက်ပွဲကြီးများအခြေအနေကိုတီးမိခေါက်မိရှိခဲ့သည်။ မိမိတို့ ထိုဆောင်းပါးအား နေ့စဉ်စောင့်ဖတ် ခဲ့ရသည်။

၁၉၆၈ ခုနှစ်နောက်ပိုင်း ပြည်မရှိ CPB အခြေအနေက ရှုတ်ထွေးသည်။ ပါတီတွင်းတိုက်ပွဲ ပြင်းထန်သည်။ ခေါင်းဆောင်အချို့ဖော်က်ပြန်ရေးသမားအဖြစ်စွဲချက်တင်ခံရပြီး အသတ်ခံရသည်။ ဥက္ကဋ္ဌ သခင်သန်းထွန်းလုပ်ကြံခံရသည်။ အစိုးရ၏ ဖြတ်လေးဖြတ်နှင့်ထိုးစစ်များကို ပြင်းထန်စွာ ခံရသည်။ မ သုံးလုံးနှင့် မြစ်ဝကျွန်းပေါ်အခြေခံဒေသများဆုံးရှုံးသည်။ ပီကင်းပြန်များအပါ ပဲခူးရိုးမတိုင်း အတွင်းရေးမှူး ဦးမြနှင့် ဗဟိုရုံးအုပ် ဦးဘခက်တို့ လက်နက်ချ၍ လျှို့ဝှက်ချက်များ ပေါက်ကြားသည်။ ထို့ပြင် ထိုသူများက " သခင်သန်း ထွန်းနောက်ဆုံးနေ့များ" စာအုပ်ထုတ်၍ CPB အား ထိုးနှက် တိုက်ခိုက်သည်။ ပဲခူးရိုးမဗဟိုဌာနချုပ်လည်း အစိုးရတပ်များ၏တိုက်ခိုက်ခံလာရသည်။

သို့သော် အရှေ့မြောက်တွင် ဒုဥက္ကဋ္ဌ သခင်ဗသိန်းတင်၏ CPB တပ်ဖွဲ့များ အင်ကြီးအားကြီးနှင့် ပေါ်လာသည်။ တိုက်ပွဲကြီးများ တိုက်နိုင်သည်။ အခြေခံဒေသများ လွတ်မြောက်ဒေသဆိုသည်များပေါ်လာသည်။ ထို့ကြောင့် ထိုစဉ်က CPB ၏ ပြည်တွင်း အခြေအနေနှင့် အရှေ့မြောက်အခြေအနေမှာ လွန်စွာကွာခြားနေသည်ဟု ဆိုရမည်။

အပြောင်းအလဲ
၁၉၇၀ ခုနှစ်တွင် မြန်မာပြည်၌ အပြောင်းအလဲတခုဖြစ်သည်။ ပြောင်းသည်က လူတွေ၏လူမှုဘဝတွေ မဟုတ်။ မော်တော်ယဉ်မောင်းစနစ် ဖြစ်သည်။ ယခင်လက်ဝဲကပ်မောင်းမှ လက်ျာကပ်မောင်းစနစ်သို့ ပြောင်းသည်။ လက်ဝဲဝါဒကိုအနိုင်ယူဖို့ ယတြာချေ ပုံရသည်။ ထို့နောက် အင်္ဂလိပ်ခေတ်က ပေးထား သောလမ်းနံမည်များကို မြန်မာနံမည်ပြောင်းသည်။ မျိုးချစ်စိတ်ရှင်သန်ထက်ထက်မြက်ရေးဆိုသည့် လက်နက်အား ထိုစဉ်ကတည်းက အာဏာရအစိုးရ၏ နိုင်ငံရေးအရ လူထုလှုံ့ဆော်ရာ စည်းရုံးရာတွင် အသုံးပြုလာကြသည်ဟု ဆိုရမည်။ တရုတ်ဗမာအရေးအခင်းနောက်ပိုင်း ဆိုရှယ်လစ်နှင့်အတူ အမျိုးသားရေးလည်း ရှေ့တန်းရောက်လာသည်။ စကော့ဈေးလည်း ဗိုလ်ချုပ်ဈေးဖြစ်သည်။ ဖရေဇာလမ်းလည်း အနော်ရထာလမ်းဖြစ်သည်။ ခရစ်လမ်းလမ်းလည်း ဗိုလ်မြတ်ထွန်းလမ်းဖြစ်သည်။ စစ်ကဲမောင်ထော်လေးလည်း အမျိုးသားသစ္စာဖောက်အဖြစ်သတ်မှတ်ခံရပြီး နံမည်ပြောင်းခံရသည်။ ခုတော့ ဗိုလ်ဆွန်ပက်လမ်းလား မောင်ခိုင်လား ပြောင်းထားသည်။ မသဲကွဲတော့။

သို့သော် နှစ်ပေါင်းများစွာကြာသောအခါ အင်္ဂလိပ်ပေးခဲ့သော မြန်မာနံမည်နှင့်လမ်းများကို မပြောင်း လဲဘဲထားခဲ့သော စင်ကာပူနိုင်ငံက ခေတ်မီဖွံ့ဖြိုးတိုးတက်၍ ရှေ့တန်းရောက်သည့် နိုင်ငံတနိုင်ငံ အဖြစ်ရောက်သွားသည်။ မျိုးချစ်စိတ်အပြည့်အဝနှင့် လမ်းနံမည်ပြောင်းခဲ့သော မြန်မာပြည်က ဆင်းရဲတွင်းထဲနစ်နေဆဲဖြစ်သည်။ မျိုးချစ်စိတ်ကို တလွဲအသုံးချ၍ကောင်းနိုင်သည်မရှိ။ ဆိုးဝါးသည့်အကျိုးဆက်ကို ရင်ဆိုင်ရမည်သာဖြစ်ပေသည်။

အပြောင်းအလဲတရပ်ဆိုသည်မှာ နံမည်လေးပြောင်းလိုက်ရုံနှင့်မရ။ အနှစ်သာရကျသော အခြေခံကျသောပြောင်းလဲမှု များမလုပ်ဘဲ လူပိန်းကြိုက်ပြောင်းလဲမှု ဆိုသည်များသည် ရေရှည်တွင် တိုင်းပြည်အတွက်အကျိုးမရှိခဲ့ပေ။

ဒုတိယံပိ အောင်စာရင်း
၁၉၇၃ နှစ်လယ်ခန့်တွင် ဒုတိယအကြိမ် ဆယ်တန်းအောင်စာရင်းပြန်စောင့်ရသည်။ ဤအကြိမ်တွင် ဆေးတက္ကသိုလ် ၂ တွင် တက်နေသူ မောင်မောင်ကြည် အကိုကျေးဇူးနှင့် အောင်စာရင်းမထွက်မီ ရလဒ်ကြိုသိရသည်။ ဂုဏ်ထူး ၃ ဘာသာပါသည်ဟု သိရသည်။ ရန်ကုန်က အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တခုခုတော့ တက်ဖို့သေချာသွားပေပြီ။

အမှတ်စာရင်းထွက်လာတော့ အမှတ်ပေါင်း ၄၄၀ ကျော်သည်ထင်သည်။ ဆေးတက္ကသိုလ်သို့ လွတ်လွတ်ကျွတ်ကျွတ်ဝင်ခွင့်ရသည်။ မိမိအတွက်တော့ ရန်ကုန်က နိုင်ငံရေး အသိုင်းအဝိုင်း စာပေအသိုင်းအဝိုင်းနှင့်ထိတွေ့ရတော့မည်။ လွတ်လပ်သော တက္ကသိုလ်ကျောင်းသား ဘဝရတော့မည်ဟု ကြို၍ပျော်နေသည်။ အနည်းငယ်လည်း မြောက်ကြွမြောက်ကြွ ဖြစ်နေလောက် သည်။ မိမိမိသားစုကတော့ မိမိဆရာဝန်ဖြစ်တော့မည်ဟု မျှော်မှန်း၍ ပျော်နေပုံရသည်။ မိမိကတော့ အလယ်တန်းကျောင်းသားဘဝထဲကရလာသော ကဗျာတပုဒ်ကိုသတိရမိသည်။

" ကျနော်ဂျော်နီ သရီးဒီနဲ့
MC ကို ရောက်ခဲ့တယ်
မက်စ် ဖစ်ဆစ် အင်ဂလစ်ရှ်မှာ
ဒစ်စတေးရှင်းတွေ ဖြိုင်ဖြိုင်ဝေတော့
ILA ကောင်းခဲ့တယ် "

" ကျမနံမည် မော်လီတဲ့လေ
ဒယ်ဒီတို့က MC သွားပါ
ဆိုလို့သာပဲ
ဝါသနာဆို မပါလိုက်တာ
စိတ်ကုန်ပါရော "

ဆက်လက်ဖော်ပြပါမည်

Mg Mg Soe ( မောင်မောင်စိုး )

photo credit Aung Ko Ko

မှတ်ချက်။ ။ " လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ" အား 15/7/2016 မှ 19/7/2016 ထိ ခေတ္တရပ်နားပြီး 20/7/2016 မှ 25/7/2016 ထိ အပိုင်း ၁၅ မှ အပိုင်း ၂၀ ထိပြန်လည်ဖော်ပြ ပါမည်။