ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဗိုလ်ထက်မင်း – ၂၁ရာစု ပင်လုံညီလာခံခရီး အတားအဆီးများ ရှိနေသလား – အပိုင်း ၂

 
ထီးခီးဂိတ်တွင် တွေ့ရသည့် KNU တပ်မဟာ ၄ စစ်ဆေးရေးဂိတ် (ကရင်အမျိုးသားမီဒီယာ)

ဗိုလ်ထက်မင်း – ၂၁ရာစု ပင်လုံညီလာခံခရီး အတားအဆီးများ ရှိနေသလား – အပိုင်း ၂
(မိုးမခ) ဇူလိုင် ၂၀၊  ၂၀၁၆


၁၇။ စာရေးသူက လက်ရှိတိုင်းဝန်ကြီးချုပ်ပြောနေတဲ့ "အကောက်ကောက်တာ ၊လောင်းကစားဖွင့်တာ လက်မခံဘူး" ဆိုတဲ့ သူတော်စင်စကားသဖွယ် စံနမူနာပြ မွန်မြတ်လှပါသော်လည်း စာရေးသူကတော့ မိုးခါးရေသောက်ကာ လက်တွေ့နယ်ပယ်မှာ သတိတရားထားပြီး အဖွဲ့ပေါင်းစုံကြား မညှပ်အောင် ဆောင်ရွက်ခဲ့လို့အောင်မြင်ခဲ့တာ တင်ပြသွားပါ့မယ်။ စာရေးသူ ရှေ့တန်းမှာ စုစည်းရွာ လုပ်ခံရလို့ ဒုက္ခ ရောက်နေတဲ့ ရွာသားတွေကို ကရုဏာသက်ခါ ဖျားနာနေသူများ၊ ကလေးမွေးခါနီး ကိုယ်ဝန်ဆောင်များ၊ အသက်ကြီးသူများကို ကုသရန် ဆေးအဖွဲ့အား တာဝန်ပေးထားလို့စည်းရုံးရေး အတော် အောင်မြင်နေပါတယ်။ သူတို့ရဲ့မေတ္တာရောင်ပြန်ဟပ်တာကတော့ စာရေးသူ လက်အောက်ခံ တပ်ခွဲမှူးထိုင် စခန်းတခုကို လစဉ် ရိက္ခာပို့တဲ့ တာဝန်ကလည်း အင်မတန်မှ ဝန်ထုပ်ဝန်ပိုး ဖြစ်ပြီး၊ ရန်သူက မျှော်မှန်းလို့ရရာ လမ်းကြောင်းကလည်း အကန့်အသတ်ရှိလို့ စဉ်းစားကြပ်နေချိန်မှာ ရွာသူကြီးက ယုံကြည်ရင် ပို့ပေးပါမယ်ဆိုလို့ သူတို့ကူညီမှူ ရကာ ပထမလမှာ အသက်ရှု ချောင်သွားခဲ့တြဲ့ဖစ်စဉ် တင်ပြပါမယ်။ အကျဉ်းသားတစ်ဦးဟာ နေမကောင်းဖြစ်နေလို့ ပွိုင့်ကျောပိုးအိတ် လိုပေါ့ပေါ့ပါးပါး ဝန်ကို မသယ်နိုင်တာကို စစ်သည်တစ်ဦးက စိတ်တိုပြီး ငေါက်ငမ်းနေတာကို စာရေးသူက ဟန့်လိုက်ပြီး စာရေးသူက ယူပိုးလိုက်ကာ ရွာထိပ်ထွက်လာစဉ် သူကြီးနဲ့ဆုံပါတယ်။

၁၈။ သူကြီး - “ ဟာ တပ်ရင်းမှူးကြီး ကျောပိုးအိတ်ကြီးလွယ်လို့ မသင့်တော်ပါဖူး၊ ဒါနဲ့စစ်ကြောင်းကရိက္ခာပို့တာ အဆင်မပြေဖူးလို့ C.Q ဆရာကြီး ခိုငြီးနေတာ ကြားရတယ်။ ကျွန်တော်တို့တောင်ယာသွားမဲ့သူတွေ ယူသွားပေးလိုက်မယ်လေ၊ စိတ်ချယုံကြည်ရင်ပေါ့။ ဆန်တစေ့ မပျောက်စေရဖူး၊ တခါတည်းတော့မရောက်ဖူး၊ ဒါပေမယ့် ၃ ကြိမ်လောက်ဆို အကုန်ရောက်လောက်မယ်။ အခြားရွာကလည်း ကျွန်တော်ပြီးရင် ပြီးပါတယ်။ ခေါ်လိုက်မယ်။”

စာရေးသူ - "ဟာ - မလုပ်ပါနဲ့ ၊ အဓမ္မလုပ်အားပေးဆိုပြီး ဘီဘီစီက တက်လာရင် ဒုက္ခဘဲ၊ အကျဉ်းသားတွေက ပန်းနေတယ်။ ကိစ္စမရှိပါ။ စစ်ကြောင်းဝိတ်လျော့ပြီး LIGHT EQUIPMENT နဲ့ အခေါက်ခေါက်အခါခါ သယ်ရမယ်။ရန်သူ တိုက်ရင်လည်း ချတာပေါ့၊ မတတ်နိုင်ဖူး။ သူတို့လာချရင် ရွာသားတွေမထိအောင် တောင်ယာမှ ပြန်ခေါ်ထားနော်။ ကျွန်တော့်ရဲဘော် ထိရင်တော့ လက်နက်ကြီးကို အသားကုန်တီးမှာမို့ မဆိုင်တာ ထိကုန်မှာစိုးလို့ပါ။”

သူကြီး - "ဟာ - မဟုတ်တာဗျာ။ ရင်းမှူးတို့ ကုသပေးတဲ့ စေတနာ ဟိုတလောက မီးမဖွားနိုင်လို့ရယ်၊ ငှက်
ဖျားဆေး မက်ဖလိုကွင်း အကောင်းစားပေးတာရယ်၊ မီးလောင်လို့ ဝိုင်းငြိမ်းသတ်ပေးတာရယ်၊ ရွာသားတွေက ချစ်ကြပါတယ်။ ဒီတော့ ရင်းမှူးတို့ မလိုက်နဲ့၊ ကျွန်တော်နဲ့စာရေးတို့ တလှည့်စီ ရွာသားချည်း ပို့ပေးမယ်။ တိုင်လို့ မရတော့ဖူး။ နောက်တိုက်ပွဲဖြစ်ရင် ရင်းမှူးတို့ ပစ်ရင် လက်နက်ကြီးထွက်သံကြားရုံနဲ့ ရွာသားတွေ ကြောက်ကုန်တယ်။ အလုပ်လည်းပျက်တယ်။ တောကအကောင်တွေက ကျွန်တော်တို့ဆီကို အကောက်ကောက်နေတာ၊ သူတို့အမျိုးတွေ လုပ်ရဲရင် လုပ်စမ်းပါစေ” ဆိုပြီး စကားကျွှံသွားမှန်းသိလို့ စာရေးသူက မသိချင်ယောင်ဆောင်လိုက်ကာ စမ်းလုပ်ကြည့်တာပေါ့ ဟု ပြောကာ စခန်းကို သေချာစွာ အချိတ်အဆက်လုပ်ပေးရာ အောင်မြင်ခဲ့ပါတယ်။

၁၉။ စခန်းကို ရိက္ခာရောက်သွားလို့ ဝန်ထမ်းရိက္ခာကို အရက်လက်ဆောင်တန်ခိုးနဲ့ နည်းဗျုဟာရုံးနဲ့ ညှိကာ ရွာသားတွေကို တိုက်ခိုက်ရေးရိက္ခာထုပ်များ၊ ဝန်ထမ်းဆန်များ ပေးခဲ့ရာ စေတနာတန်ဖိုး မဖြတ်နဲ့လို့သူကြီးပြောစကား စာရေးသူ အရှိုက်ထိခဲ့ရပါတယ်။ ထလတ တပ်မှူးရဲ့ ကျမျက်ရည် ဂျော်နီလမ်းလျှောက် အရက် ၁ လုံး ဇွတ်ပေးလိုက်တော့ သူကြီးရဲ့ အံ့သြတဲ့ မျက်နှာနဲ့ ကြည့်တာ ခံရပါတယ်။ အဲဒီဂျော်နီလမ်းလျှောက်အရက် တန်ခိုးက အစွမ်းအစ ဘယ်လောက်ကြီးသလဲဆိုရင် ဗျုဟာမှူးနဲ့ တပ်မမှူးတို့ကို လက်ဆောင်ပေးလိုက်လို့လားမသိ၊
စာရေးသူတို့ မြေပုံမှာတင် လမ်းလျှောက်နေတာကို မသိချင်ယောင်ဆောင်ပေးနေပါတယ်။ ထလတ တပ်မှူး ကို တွေ့ရင် လမ်းလျှောက်အရက်တန်ခိုးကြောင့် စစ်သည်တွေ အနားရကာ မြေပြင်မှာ တကယ်လျှောက်စ
ရာ မလိုတော့တဲ့အကြောင်း ဖေါက်သည်ချရဦးမယ်။ အကောက်ကောက်တဲ့ ဇာတ်လမ်းကတော့ စာရေးသူတို့ ရိက္ခာစုံပုံမဲ့ အစီအစဉ်အရ - မြို့ကိုဆင်းပြီးခေတ္တ အခြေပြုနေစဉ် ညည့်အချိန် အိပ်ခါနီး ထောက်လှမ်းရေးအရာရှိ (ထလရ) PA က စာရေးသူကို သတင်းပို့လာပါတယ်။

၂၀။ ထလရ - "အဘ၊ ရွာသူကြီးတွေနဲ့ငြိမ်းချမ်းရေးအဖွဲ့က တွေ့ချင်လို့ ခွင့်တောင်းနေတယ်။ အရေးကြီး

အကူအညီတောင်းစရာ ရှိလို့ပါတဲ့၊ ဘာကိစ္စလဲ မေးတော့၊ သူတို့မပြောချင်ဖူး။ အဘနဲ့ တိုက်ရိုက်ပြောပါရစေတဲ့”။

စာရေးသူက မိမိစည်းရုံးရေးနယ်မြေက သူကြီးတွေဖြစ်နေလို့ လက်ဖြောင့်အနီးကပ်လုံခြုံရေးတပ်စိတ်ကို

နေရာယူချိန်ထားရာမှ သက်သာ၊ အေးစေပေးခိုင်းပြီး ဝင်ခွင့်ပေးကာ ဧည့်ခန်းမှာ မီးထွန်း ပြင်ဆင်လိုက်ပါတယ်။


သူကြီး - "တပ်ရင်းမှူးကြီးအိပ်နေတာ အားနာတယ်။ ငြိမ်းချမ်းရေးအဖွဲ့ အကူအညီတောင်းတာ အရေးကြီး

လို့ ခွင့်လွှတ်ပါ။”


စာရေးသူ - "မအိပ်သေးပါဖူး၊ ဘုရားရှိခိုးဖို့ပြင်နေတာပါ၊ ဖထီးရေ၊ အားမနာပါနဲ့၊ ပြောရမဲ့လူတွေ မဟုတ်ပါ၊ ကျွန်တော်စစ်ကြောင်း ညည့်နက်ချိန်ရောက်တုံးကလည်း ဖထီးတို့ ဧည့်ဝတ်ကျေတာဘဲ၊ မိသားစုတွေဖြစ်နေပြီ၊ ဆို ဘာကူညီပေးရမလဲ”


သူကြီး - "ဒါကတော့ ... ငြိမ်းချမ်းရေးအဖွဲ့မှ စီးပွါးရေးတာဝန်ခံ ဗိုလ်ကြီးပါ။ သူတို့တပည့်တွေ စားရေး

သောက်ရေးအတွက် အစီအစဉ် အကူအညီတောင်းချင်လို့ပါတဲ့”


ဗိုလ်ကြီး - "ဒီလိုပါ ၊ ကျွန်တော့်တပ် သက်သာချောင်ချိရေး ရံပုံငွေကို လစဉ်ရှာဖွေပေးနေရတာ ခေါင်း

ကိုက်တယ် အဘရေ၊ အဲဒါ အဘတို့ဧရိယာမှာ ဂျို (ကျွဲ၊နွား) တအုပ်ဖြတ်ချင်လို့ လာပြီး ခွင့်တောင်းတာပါ။”


စာရေးသူ -“ ကျွန်တော့်မိတ်ဆွေ ထလတတပ်မှူးလည်း မှာထားပါတယ်။ မူးယစ်ဆေး၊ သစ်တို့ပါရင် မရဖူးနော်။ ရှော့ရှိတယ်။ အကောင်က ဘယ်လောက်လဲ၊ ဘယ်နေ့ ဘယ်လမ်းကြောင်းအတိုင်း သွားမလဲ၊”


ဗိုလ်ကြီး - "ရှော့ရှိတာတွေ မပါဖူး။ အာမခံတယ်။ အကောင်က ၅၀၀၊ အဘတို့ကိုင်ထားတဲ့ စခန်းနား

က ချောင်းကို အမှီပြုပြီး စခန်းကနေ မလှမ်းမကမ်းကနေ ဖြတ်ကာ စစ်ကြောင်း(၂) နယ်မြေရွာအနီး တောင်

ကြောကနေ နယ်စပ်ကို ထွက်သွားမှာပါ၊ နောင်၂ရက်လောက်ကျရင် စချင်ပါတယ်။ ခွင့်ပြုမလား”

 ၁၉။  စာရေးသူက လုံခြုံရေးနဲ့ ရန်သူသတင်းကိုတော့ ရအောင်မေးပြီးမှ ခွင့်ပြုပေးမယ်လို့ ချိန်ဆလိုက်တယ်။


စာရေးသူ - "ခင်ဗျားတို့သတင်းထွက်လာရင် ရန်သူကလည်း သတင်းထွက်တယ်။ သူတို့ပါလား၊ သူတို့

သတင်းက ဘာထူးလဲ။ တော်ကြာ သတင်းပေါ်လို့ ကျွန်တော်က မတင်နိုင်ရင် အထက်က ထုခံရမယ်၊ နောက် ရန်သူဝင်လာလို့ ကျွန်တော်တို့တပ်ကို ဝင်ဆောင့်ရင် မကောင်းဖူး။ သတင်းမပေးနိုင်ရင်တော့ ခွင့်မပြုနိုင်ဖူး”

ဗိုလ်ကြီး - "သူတို့မပါဖူး၊ စိတ်ချပါ။ နယ်စပ်ကျမှ သူတို့က အကောက်ကောက်မှာပါ။ ကျွန်တော်တို့လည်း

မပါဖူး၊ ဒါပေမဲ့ လမ်းဆုံ ပွိုင့်တွေမှာ အငှားလိုက်တဲ့ အထိန်းသမားတွေကို စစ်ဆေးဖို့ ကျွန်တော်တို့လူတွေ အရပ်ဝတ်နဲ့ ဒီနေရာတွေမှာ ရှိနေပါတယ်။” လို့ ပြောရာ စာရေးသူက ဘဝင်မကျတဲ့ ပုံစံနဲ့ မေးစေ့ အသာပွတ်နေလိုက်တယ်။ သူကြီးက ရိပ်မိပြီး ကယားလို ဗိုလ်ကြီးအား ပြောပြီးမှ သူက လှည့်ပြောလာပါတယ်။


သူကြီး - "ရင်းမှူးကြီး ဒီလိုရှိတယ်။ သူက အမှန်တကယ်ဘဲ တောထဲက အကောင်တွေ (ရန်သူ) မသိ

သေးတာပါ။ သိရင်တော့ သူပြောပါတယ်။ တခုရှိတာက ရွာက သူတို့အမျိုးတွေဆီက အသံကြားတာက

သူတို့မိသားစု မြို့တက်ဖို့ ရှိတာတောင် မသွားခိုင်းဖူး သတင်းသဲ့သဲ့ကြားတယ်။ သူ့သားမက်က စခန်းကိုလ

မည့် အခါကြီးရက်ကျရင် ပစ်ဖို့ သူတို့အထက်က တာဝန်ပေးတယ်လို့ ယူဆတယ်။ သားမက်အမည်ကို ဒီ

ဗိုလ်ကြီးကို မေးလိုက်တော့ အဲဒီကောင်က ဌာနေပျောက်ကြားဖြစ်တာ အတည်ပြုတယ်။ ဟိုတလောက

ဗိုလ်ကြီးတို့အိုင်ကွန်စက်ထဲမှာ သူတို့စကားပြောတာ လူနဲ့ အမည်ရွာ မတွဲမိလို့ဖြစ်နေတာ၊ အခုကျွန်တော်တို့ ဆက်စပ်လိုက်တော့ အတည်ြ့ပုသလိုဖြစ်သွားတာပေါ့။”

စာရေးသူ - "အေးဗျာ၊ အခုလို သတင်းပေးတာ ကျေးဇူးတင်တယ်၊ ခင်ဗျားတို့လည်း ရဲဘော်တွေရှာဖွေ
ရတာ ပင်ပန်းလှပါတယ်။ သွားခွင့်ပြုတယ်။”

ငြိမ်းချမ်းရေးစီးပွါးရေးတာဝန်ခံက ဝမ်းသာအားရနဲ့ ပါလာတဲံ့ အိတ်ရဲ့ဇစ်ကို ဆွဲဖွင့်လိုက်ပြီး ထောင်တန်အုပ်
လိုက်၊ အထပ်လိုက် မြင်သာအောင်ပြကာ ကျွန်တော်ထံ ထိုးပေးမည်လုပ်ပါတယ်။

၂၀။ စာရေးသူ - "ဟာ ... ဘာလုပ်တာလဲ၊ ကျွန်တော် ဒါတွေ မမက်ဖူး၊ သူကြီးပြောတဲ့စကားနဲ့ ပြန်တုန့်ပြန်မယ်၊ စေတနာကိုတန်ဖိုး မဖြတ်ပါနဲ့၊ ကျွန်တော့် နောက်ကြောင်း ခင်ဗျားတို့ ဆက်ဆံနေတဲ့ ထလတ တပ်မှူး ကိုမေးကြည့်ပါ၊ ရန်ကုန်မှာ တိုက်နဲ့ကားနဲ့ ပြည့်စုံပြီးသား၊ ကြွားတာမဟုတ်ဖူး၊ ဆိုလိုတာက တချို့ဆင်းရဲတာတောင် ဂုဏ်သိက္ခာ၊ ရာထူး၊ မလဲဘဲ စေတနာနဲ့ လုပ်ပေးတတ်တယ်၊ ကျွန်တော့်ဇနီးလည်း တိုင်းရင်းသူဘဲ။ အချင်းချင်း စစ်တိုက်ရတာ စိတ်ကုန်နေပြီ။ ရဲဘော်တွေကို အရမ်းသနားတယ်။ ကိုယ်ချင်းစာလို့ကူညီတာပါ။ ကျွန်တော်ဆို နောက်တန်းပြန်လို့ ညစာစားပွဲတွေမှာ ချစ်တီးဟင်းကို ဖက်နဲ့ရဲဘော်တွေနဲ့အတူတူစားတဲ့အထိ ပြုမူတယ်။”


သူကြီး - "ဒီတပ်ရင်းမှူးကြီးကို ဆက်ဆံတာ သတိထားရတယ်ဗျို့ ... ဗိုလ်ကြီးရေ။ အရင်လာတဲ့ အဘဆိုတဲ့

ရင်းမှူးတွေနဲ့ တစက်လေးမှ မတူဖူး၊ အရက်လည်း မသောက်ဖူးဆို၊ ဘယ်လို အမှတ်တရ မေတ္တာလက်ဆောင် ပေးခိုင်းရမလဲနော်။” စကားတတ်ရင်လည်း ဗမာလိုက်မမှီအောင် တိုင်းရင်းသားတွေ ကမ္မဝါဖတ်ပြောလိုက်ပုံက ...


ဗိုလ်ကြီး - "ဒီလိုရှိပါတယ်။ ယခင်တပ်ရင်းမှူးတွေ တော်တော်များများယူကြပြီး အခု အဘက မယူတော့

 ကျွန်တော်တို့ ဥက္ကဌက ညှိတာသေချာရဲ့လားဆိုပြီး ကျွန်တော့်ကို အပြစ်တင်နေပါဦးမယ်။ ဒီတော့ ငွေဆိုတာက ဟုတ်ပါတယ်။ မကောင်းပါဖူး၊ ကျွန်တော်တို့ကလည်း အရက်မသောက်တဲ့ သူကို အရက်ပေးသလို ဖြစ်နေမှာစိုးလို့ လိုအပ်တာ စိတ်ကြိုက်ဝယ်လို့ရအာင် ပေးတာပါ၊ ဒီတော့ အဘ ကုသိုလ်လုပ်ချင်ရင်ဖြစ်ဖြစ်၊ လိုအပ်ချက် ပစ္စည်းပြောပါ။ ဖြစ်အောင်ဖန်တီးပြီး ပေးပါ့မယ်။”


၂၁။ စာရေးသူ - "ဒီလောက်ပြောနေမှာတော့ ခင်ဗျားတို့ဆန္ဒအရ အထက်လူကြီးကို ကန်တာ့ဖို့ ဒုတ်ကတော့ လိုချင်တယ်။ ခင်ဗျားတို့ဘက်က အကုန်အကျ သက်သာတာပေါ့” ပြောရာ သူကြီးက သူ့အိမ်က တောင်ဝှေးဒုတ်တစ်ချောင်းရှိတယ် ပေးလို့ရတယ်ပြောလို့ ဗိုလ်ကြီးက အသံထွက် ရယ်လိုက်ကာ အားရဝမ်းသာပြောပါတယ်။

“ ဖထီးကလည်း လုပ်ပြီ၊ တပ်ရင်းမှူး ပောတာ သေနတ်ပြောတာပါ။ ရတာပေါ့၊ M-16/ AK-47 ယူမလား”

စာရေးသူ - “ တမျိုးကိုနှစ်လက်စီ ရရင်ဖြစ်မလား။ အသစ်စက်စက် မလိုချင်ဖူး၊ ပစ်ပြီးသားအဟောင်းဆိုဖြစ်
တယ်။ ခင်ဗျားတို့တပ်မှာ သုံးနေတာလည်းဖြစ်တယ်။ နောက်တခုက ရဲဘော်တွေ ငတ်နေတယ်။ စစ်ကြောင်း (၂) ပါ ဆို အမဲနှစ်ကောင်လောက် ပေါ်ကျွေးပါ”

ဗိုလ်ကြီး - "ဟာ သိပ်ရတာပေါ့၊ အမဲပေါ်ဖို့ သူကြီးကိုဘဲ အကူအညီတောင်း ငွေပေးလိုက်မယ်။ ဒုတ် ၄ လက် နောက်နေ့ကျရင် ကျွန်တော်ကိုယ်တိုင် လာပို့ပေးပါမယ်။ အဘက သက်သာအောင် စစ်သည်တွေရဲ့
သက်သာချောင်ချိရေး ပိုမိုလုပ်ပေးနိုင်တဲ့အတွက် ကျေးဇူးတသက် မမေ့ပါဖူး၊ ဖထီး ... KNPP က ထောင်ထားတဲ့ မိုင်းခင်း သူတို့ပြောထားလိုက်ပါလား၊ အဲဒါအဘတို့ရဲ့ ရဲဘော်တွေ မထိအောင် ပြထားလိုက်ဦးလေ၊ ဒါဟာ အဘကို ကျေးဇူးဆပ်နည်း ပထမအကြိမ်ပါ၊” ဆိုတဲ့ သူ့လေသံဟာ နားထဲ စောင်းသံလိုချိုမြိန်လှပါတယ်။

၂၂။ စာရေးသူအဖို့ ဒီအခေါက် စစ်ဆင်ရေးကြီးမှာ အကျိုးအမြတ်များစွာ ရလိုက်ပါတယ်။ မိမိစခန်းကို အခါ
ကြီးရက်ကြီးမှာ လာပစ်မည့် ရန်သူကို ကင်းပုန်းထိုးခိုင်းပြီး အသေပစ်နိုင်လို့ အထက်က ဂုဏ်ပြု ချီးကျူးခဲ့ပေမယ့်၊ သူတို့ခိုင်းတာ မသွားဘဲ မြေပုံချပ်ပေါ်မှာ (မြေပုံချပ်ကြီး တွန့်ကျေတဲ့အထိ) တိုက်ပွဲတွေ တဒိန်းဒိန်းနဲ့ မြေပြင်မှာ တကယ်ဖြစ်နေသလို တိုက်ပြတာ သိသွားခဲ့ရင်တော့ “ပေါင်ချိန်” ဓါးစက်နဲ့ စီရင်ခံရလောက်မှာ သေချာပါတယ်။

စစ်ဆင်ရေး လေးလပါတ်နီး တပ်မမှူး မျက်နှာရစေဖို့ ငြိမ်းချမ်းရေးအဖွဲ့က လက်ဆောင်ရတဲ့ ဒုတ် ခပ်လတ်
လတ်နဲ့တိုက်ပွဲပြ သေနတ်တွေ ရတယ်ဆိုပြီး ကန်တော့ပေးရသူအဖို့ တပ်မမှူးရဲ့သာဓုခေါ်တာ ကုသိုလ်ရ မလွှဲဧကန်ဖြစ်ပါတယ်။ အရက်နဲ့ဆေးတန်ခိုးတွေနဲ့ ဒေသခံပြည်သူတွေကို စည်းရုံးလိုက်နိုင်တဲ့ မေတ္တာစွမ်းအားဟာ ဘယ်လောက်ထိ အောင်မြင်သလဲဆိုရင် ရိက္ခာကို ရွာသားတွေက သူတို့ဖါသာ သယ်ပြီး စခန်းကိုပို့ပေးတဲ့ မေတ္တာစေတနာ အေးမြတာ ခံယူတာရယ်။ နောက်ဆုံးဒီစခန်းရှိတာဟာ ရွာလူထုဝန်ပိပြီး ဒေသအကျိုးမရှိဘဲ လုံခြုံရေးအရ မထိခိုက်ပါဖူးလို့ ဒီဒေသ လုံခြုံရေးတာဝန်ယူပါတယ် ဆိုတဲ့ အချက်အလက်နဲ့ထောက်ခံချက်ပေးခဲ့လို့ စခန်းဖျက်သိမ်းခွင့်ပြုခဲ့ရာ ကျေးရွာလူထုနဲ့လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များကပါ အံ့သြခဲ့ရပါတယ်။

အထူးသဖြင့် အောင်မြင်မှူ အရှိဆုံးမှာ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေရဲ့ သက်သာချောင်ချိရေးအတွက် သူတို့အပေါ် တပ်က အကောက်မကောက်ဘဲ စာနာမှု ပေးခဲ့လို့ ကျွန်တော်ရဲဘော်တွေ အကြောက်ဆုံးဖြစ်တဲ့ မမြင်ရတဲ့ လက်နက်ပုံး ၊မိုင်းခင်းထားတဲ့ လမ်းကြောင်းကို သိခွင့်ရသွားပြီး အန္တာရယ်ကင်းလာကာ ရှေ့တန်းအပြန် ကြိုဆိုသူ ရဲမေမိသားစုတွေရဲ့ ကျေးဇူးတင်တဲ့ မျက်လုံးတွေဟာ အမောပြေစေပါတယ်။ စစ်ပါရဂူတွေ ဆိုရိုးစကားအတိုင်း သေနတ်သံ တချက်မဖေါက်ဘဲ စစ်ပွဲကို နိုင်လိုက်တာဟာ တန်ဖိုးအရှိဆုံး ဆိုထားရာ ဒီတန်ဖိုးပေးနိုင် တာက စစ်ရေးစွမ်းရည်ကို ကျော်လွန်သွားနိုင်တဲ့ စည်းရုံးရေးစွမ်းရည်ဖြင့် ဘာနဲ့မှ နှိုင်းလို့ မရတဲ့ ပြည်သူလူထုရဲ့ မေတ္တာစေတနာဖြစ်ပါတယ်။ မြေပိုင်ရင် စစ်နိုင်တာထက် ပြည်သူကို ပိုင်ရင် စစ်နိုင်တယ်။ ပြည်သူဟာ စာရေးသူ တို့ကို ယုံကြည်မှု ရှိလာရင်တော့ (သူတိုအမျိုးဘဲ ဖြစ်ပါစေ) တပ်ကို လာချောင်းပစ်တာဟာ မိန်းမဆန်တယ်၊ မိုင်းထောင်တာ လူသားမဆန်ဖူး၊ လက်သီးပုန်း၊ မတရားဖူးဆိုတဲ့ ရပ်တည်ချက်အဖြစ် ကျွန်တော့်တပ်ကို မေတ္တာစောင်အဖြစ် နွေးနွေးထွေးထွေးခြုံရလိုက်တာဟာ ရင်ထဲမှာ အမှတ်တရဖြစ်သွားစေပါတော့တယ်။

၂၃။ စာရေးသူ အထက်ပါဖြစ်စဉ်အရ မိုးခါးရေသောက်ခဲ့တာ မှန်သလား၊ မမှန်ဖူးဆိုတာ ပြည်သူ အသိဆုံးပါ။ကိုယ်ကျိုးစီးပွါးအတွက် မိုးခါးရေ မသောက်တာ  လိပ်ပြာလုံသော်လည်း ပြည်သူအတွက်၊ အဖွဲ့အစည်းအတွက်၊ ရဲဘော်တွေအတွက် မိုးခါးရေသောက်တာဖြစ်ပါတယ်။ တပ်မှာဆို ပိုဆိုးပြီး စေတနာမှန်သော်လည်း စည်းကမ်း မူဘောင်မဝင်ရင် ဖက်ပေါ်ဆူးကျသလို ခံရပါတယ်။ မလုပ်ချင်ဘဲ လုပ်နေရတာမို့ အဓိကတော့ နိုင်ငံ ဆင်းရဲလို့ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ပြောသလို ဥပဒေကြောင်းအရ လက်မခံဘဲ၊ (ဒကစ)ပြောသလို ဒီလို မှောင်ခိုတွေကို ဖမ်းလိုက်ပြီဆိုရင် နောက်ဆက်တွဲ ဆိုးဝါးတဲ့ဂယက်ကို ဝန်ကြီးချုပ် ဖြေရှင်းဖို့ သိပ်ခက် သွားပါလိမ့်မယ်။ တောထဲပြန်ဝင်သွားတဲ့ တိုင်း၇င်းသားလက်နက်ကိုင်တွေကို တပ်မတော်က အခုထိ တော်တော်ပြန်ခေါ် မရတာရှိပါ တယ်။ စစ်အာဏာရှင်စနစ်ကို စာရေးသူ လက်မခံပါ။

အုပ်ချုပ်တဲ့သူဟာ စစ်ရေးအမြင်၊ မဟာဗျုဟာသုံးသပ်တတ် ဖို့လို့ပါတယ်။ ဆရာဝန်ပီပီ ဘာမီတွန်သောက်၊ ပျောက်ယုံနဲ့မရဘဲ ကင်ဆာလိုအမြစ်တွယ်တဲ့ ဒီရောဂါဆိုးကြီးကို တရားသဘောနဲ့ဝင်လေထွက်လေမှတ်ကာ  သတိတရား လက်ကိုင်ထား ဆောင်ရွက်ထားမှ တော်ရုံကျပါတယ်။ အာဏာရှင်စနစ်ကြောင့် ဆင်းရဲကျပ်တည်းနေတဲ့ တိုင်းရင်းသားတွေနဲ့သူတိုဆီက ပေါက်ဖွားဆက်နွယ်လာတဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ရပ်တည်ရေး၊ စားဝတ်နေရေး ရုန်းကန်နေရမှုကို မိမိက လက်တွေ့ကျကျ စာရွက်ပေါ်မှာတောင် ချမပြနိုင်သေးဘဲ ယခင်အစိုးရထက် အများကြီးလုပ်ပေးနိုင်တယ် ဆိုတဲ့ ပျားရည်ဆမ်း နှစ်သိမ့်ယုံနဲ့ မလုံလောက်ဖူးလို့ ထင်မြင်မိပါတယ်။

(ဆက်လက်ဖော်ပြပါမည်)