အရင့်ရောင် - ဆိုင်းလုရာ

Than Htay Maung

အရင့်ရောင် -  ဆိုင်းလုရာ
(မိုးမခကဗျာရှည်) ဇူလိုင် ၂၇၊ ၂၀၁၆

တိမ်တွေကွယ်နေလို့များလား ဆိုင်းလုရာ
မြင်ခွင့်မရသေးတဲ့ နေ့သစ်နဲ့
နေရိပ်လှုံနေတဲ့ တောင်တန်းတွေ
မနိုးထသေးတဲ့ နေခြည်သစ်မှာ
မိုင်ဂျာယန်ဟာ မှိုင်းမှုန်ရီဝါးလို့ ။

ညီမလေး ဆိုင်းလုရာရေ ...
တောင်ညိုညိုတွေဝိုင်းနေတဲ့ မိုင်ဂျာယန်ဟာလှတယ်
မိုင်ဂျာယန်သူလေး ဆိုင်းလုရာက လှတယ်
ဆိုင်းလုရာဝတ်ထားတဲ့ ဂျပ်ခုတ်အနီလေးနဲ့
မိုင်ဂျာယန်ရွာလမ်းဖွေးဖွေးလေးက လှတယ်
ဆိုင်းလုရာတို့ ကချင်မြေက လှတယ် ။

မိုင်ဂျာယန်ရဲ့ နံနက်ခင်းဟာ
ဆိုင်းလုရာရဲ့ ခြေတလှမ်းနဲ့စတယ်
ဇွန်မိုးစက် နုနုလေးတွေမှာ
တောပန်းရနံ့လေးတွေ ပျံသန်း
ဆိုင်းလုရာရဲ့ ကျောင်းဝတ်စုံလေးဟာ
မိုင်ဂျာယန်ရဲ့ အဘိဓမ္မာခင်းကြီးပဲ
ကျောင်းတက်ခေါင်းလောင်းသံနဲ့အတူ
တိမ်တွေ ဆွတ်ဆွတ်ဖြူခဲ့ပြီ ဆိုင်းလုရာ ။

ဆိုင်းလုရာရေ ....
ညီမလေး ဆိုင်းလုရာရေ ..
ဆရာမလေး ဆိုင်းလုရာရေ ..
ဆိုင်းလုရာစာသင်ကျောင်းထဲမှာ
အသိတရားတွေ ရှိတယ်
မွန်မြတ်သန့်စင်ခြင်းတွေ ရှိတယ်
ယုံကြည်မျှော်လင့်ခြင်းတွေ ရှိတယ်
မိုင်ဂျာယန်ရဲ့ အလင်းရောင်တစ်စရှိတယ် ။

ညီမလေး ဆိုင်းလုရာဟာ
ကလေးတယောက်ရဲ့ လက်ကိုဆုပ်ကိုင်
ဝလုံးဝိုင်းဝိုင်းလေး ရေးချလိုက်တယ်
ကျောက်သင်ပုန်းပေါ်က
မြေဖြူကောက်ကြောင်းလေးမှာ
ကြယ်တွေကိုဆွတ်မယ့် လက်သွယ်သွယ်လေး
နူးညံ့ပျော့ပျောင်းစွာ ကွေးညွှတ်နေရဲ့ ။

အနာဂတ်ဟာ မျဉ်းဖြောင့်တွေပေါ်ပြေးလို့
ရိုးရာအကတွေဟာ ဣနြေ္ဒကြီးတယ်
ပညာရေး ခေတ်သစ်စာမျက်နှာမှာ
သမိုင်းကို ထိပ်ဆုံးက မာတိကာတပ်
သဒ္ဒါအရပ်ရပ်ကို မှန်အောင်ဖတ်လို့
ရိုးရာစာပေနဲ့ ယဉ်ကျေးမှုတွေ
ဆိုင်းလုရာ စာသင်ကျောင်းလေးထဲ
အံမြဲအံ ညံမြဲညံလျက် ။

မိုင်ဂျာယန်ရဲ့ ညနေခင်း
ပျိုမြစ်မှုတွေနဲ့ ကျောင်းဆင်းချိန်
တိမ်တွေ အဆုပ်လိုက်ပွင့်တဲ့အခါ
တောင်ယာမီခိုးတွေ တငွေ့ငွေ့ဆက်
လာဂတ်တောင်ဆီ ပြေးလွှားဆင်းတက်လို့
မိုင်ဂျာယန်ဟာ သဘာဝကို ပန်းလိုပန်ထားတယ် ။

မုတ်သုန်က ရိုးကျိုးစွာ နှုတ်ဆက်သွားတဲ့အခါ
မြောက်ပြန်လေက စိမ့်စိမ့်တိုးဝင်တယ်
ဟိမဝန္တာဆီက လာတာလား
ခါကာဘိုရာဇီ တောင်ထွဋ်ဖျားဆီကလား
သာသာသွဲ့သွဲ့လေး ကြွေဆင်းနေတဲ့
ခရီးသွား နှင်းမှုန်စက်ကလေးကို
မိုင်ဂျာယန်ဟာ မျက်လွှာလေးအသာချ
ဣနြေ္ဒရရလေး ငေးလို့ ။

သဘာဝဆန်ခြင်း အနုပညာဟာ
မိုင်ဂျာယန်ရဲ့ ဝိသေသဆို
မိုင်ဂျာယန်ရဲ့ အမှတ်သညာက
ညီမလေး ဆိုင်းလုရာပဲ ။

ညီမလေး ဆိုင်းလုရာရေ ...
ပန်းကလေးတွေကို ချစ်ပါ
တရားဓမ္မကို မြတ်နိုးပါ
ဘုရားကျောင်းကိုသွားတဲ့အခါ
သမ္မာကျမ်းစာတွေ ဖတ်ပါ
ဓမ္မတေးတွေ ကျူးရင့် သီကြွေးပါ
ဥပုသ်ကျောင်းကိုသွားတဲ့အခါ
သံဃာတွေကို ဆွမ်းကပ်ပါ
ငါးပါးသီလ ခံယူပါ
မေတ္တာစိတ်နဲ့ ငြိမ်းချမ်းမှုကို ရှာပါ ။

နွေအကြိုညတွေဟာ ဥသြငှက်သံပျောက်ပြီး
ခရာသံတွေ ညံလာတယ်
မိုင်ဂျာယန်ဟာ အရင်လိုမဟုတ်တော့ဘူး
ပြိုမလိုတိမ်ဆိုင် ငြှိုးဖွဲ့မှုတွေနဲ့
လာဂတ်တောင်ဆီမှာ မိုးတွေပြို
လိုင်ဇာတောင်တန်းတွေလည်း မမြင်ရတော့ဘူး
မိုင်းဂျာယန်ဟာ မိုးထဲလေထဲ
မိုးသည်းလေသည်း ။

နှင်းခါးတွေ အခါမလပ်ရိုက်တဲ့အခါ
သီးကင်းလေးတွေ ကြွေသလိုပေါ့
ဝါဒချင်း စီးချင်းထိုးတဲ့ပွဲလား
အတ္တချင်း ယှဉ်ခုတ်ကြတာလား
အာဏာမြင်းရိုင်းတွေရဲ့ စစ်ဟီသံမှာ
မိုင်ဂျာယန်ဟာ အထိတ်တလန့်ရှိတော့တယ် ။

အခုဆို အရင်လိုတောပန်းလေးတွေမပွင့်တော့ဘူး
အခုဆို အရင်လို ပန်းရနံ့တွေမသင်းတော့ဘူး
လတ်ဆတ်အေးမြတဲ့ နှင်းငွေ့တွေအစား
ပြင်းရှ လောင်မြိုက်တဲ့ ယမ်းငွေ့တွေ
မိုင်ဂျာယန့်ကောင်းကင်မှာ ရစ်ဝဲလို့
ဆိုင်းလုရာ ညီမလေးရေ ...
ကလေးတွေကို ဂရုစိုက်ပါ
မင်းကိုယ်မင်းလည်း ဂရုစိုက်ပါ ။

လက်နက်တွေ သွေးတိုးစမ်းတဲ့နေ့
ယမ်းငွေ့တွေအူထွက်လာတဲ့အခါ
တောင်ယာမီးခိုးတွေ တိတ်သွားခဲ့ပြီ
ထိတ်ထိတ်လန့်လန့်ဘဝတွေမှာ
တစ်ယောက်မျက်နှာတယောက်ကြည့်ပြီး မပြုံးပြဖြစ်ကြ
မြေမြှုပ်မိုင်းထိသွားတဲ့ အိမ်နီးချင်းကို
ဖေးဖေးမမ အားပေးမနှစ်သိမ့်နိုင်ကြ
ကိုယ့်သောကဟာ ကိုယ့်ဘာဝနာဖြစ်လာတဲ့အခါ
ဘုရားကျောင်းသွားတဲ့ လမ်းကလေး
လူတွေ ရှင်းလို့ ။

ကျည်ဆန်တွေ ပျားပန်းခတ်တဲ့အောက်
မိုင်ဂျာယန်ဟာ ငြိမ်သက်တိတ်ဆိတ်
ကျီးလန့်စာစား ဘဝတွေနဲ့
တောင်ယာကိုလည်း မထွက်ရဲ
အမဲပစ်လည်း မလိုက်ရဲ
တောပန်းခူးလည်း မသွားရဲ
စစ်က တဆစ်ဆစ်နဲ့
မိုင်ဂျာယန်ကို ကိုက်ခဲထားတယ် ။

ဓမ္မတွေ သွေဖီ
အတ္တနဲ့ မြေမဟီဆောက်တဲ့အခါ
ကမ္ဘာမြေဟာ ပူလောင်ပွက်ပွက်ညံ
စစ်အာဏာရဲ့ ငရဲဟီသံအောက်
လူသတ်လက်နက်တွေ အစွယ်ငေါငေါထွက်လို့ ။

ဆိုင်းလုရာရေ ...
ညီမလေး ဆိုင်းလုရာရေ ...
မိုင်ဂျာယန်ရဲ့ သွေးပျက်နေ့စွဲတွေအောက်
ဆိုင်းလုရာ စာသင်ကျောင်းလေး
သင်ခန်းစာ ပြောင်းခဲ့ပြီ
စစ်အာဏာရှင်ကို မုန်းတီးပါ
လူသတ်လက်နက်တွေကို စက်ဆုပ်ပါ
ငြိမ်းချမ်းရေးကို စိုက်ပျိုးပါ ။

ဆိုင်းလုရာ ကလေးတွေနဲ့
ဆိုင်းလုရာ စာသင်ကျောင်း
အဲ့ဒီမှာ အနာဂတ်သူရဲကောင်းတွေ
ငြိမ်းချမ်းရေး တေးတပုဒ်က
စစ်ချီတေးတစ်ပုဒ်ထက် ပိုအကျိုးပြုတယ်
ဆိုင်းလုရာ ကျောင်းလေးက
ငြိမ်းချမ်းရေးရဲ့ အစပဲ ။

သေနက်သံဟာ မိုင်ဂျာယန်ကိုလှုပ်နှိုးလိုက်တယ်
အမြောက်ဆံက မိုင်ဂျာယန်ကို ခြေမွပစ်တယ်
ဝရုန်းသုန်းကား ရွာလမ်းလေးပေါ်
ကျည်သင့်သူကသင့် မိဘမဲ့သူကမဲ့
မိုင်ဂျာယန်ဟာ စစ်တလင်းဖြစ်ခဲ့ပြီ ။

ကျည်ဆန်က ကျောင်းနံရံကိုလာမှန်တယ်
ပဲ့ထွက်သွားတဲ့ အုတ်ကျိုးစဟာ
ကမ္ဘာမြေရဲ့ အနာတရပဲ
မိုင်ဂျာယန်ရဲ့ အနာဂတ်ကို
မိစ္ဆာတွေက မီးတင်ရှို့ပစ်တယ် ။

ဝုန်းခနဲကျလာတဲ့ အမြောက်ဆံတခု
ပိန်းပိတ်သွားတဲ့ ယမ်းငွေ့ဖြူဖြူ
ယမမင်းရဲ့ထစ်ချုန်းမှုနဲ့
တိမ်တွေ လိမ့်ချလိုက်လေသလား
ဆိုင်းလုရာကျောင်းကလေး မွမွကြေခဲ့ပြီ ။

ဆိုင်းလုရာရေ ...
ညီမလေး ဆိုင်းလုရာရေ ...
ဆရာမလေး ဆိုင်းလုရာရေ ...
ဆိုင်းလုရာ ဘယ်သူ့ခေါ်သံကိုမှ ပြန်မထူး
ဆိုင်းလုရာ ဘယ်သူ့ကိုမှလည်း ထမကြည့်
ကြယ်တွေကြွေတဲ့ အသံ
မိုင်ဂျာယန်မှာ ညံနေတယ်
သွေးအလိမ်းလိမ်း ကျောင်းစိမ်းလေးနဲ့ဆိုင်းလုရာ
တစုံတခုကို ကျစ်ကျစ်ပါအောင်ပိုက်ထားတဲ့ဆိုင်းလုရာ
ဆိုင်းလုရာ ရင်ခွင်ထဲမှာ မိုင်ဂျာယန့်ရင်သွေး
ဆိုင်းလုရာရဲ့တပည့်ကလေး
သူ့တပည့်လေး အသက်ကို
ရင်ခွင်နဲ့ထုပ်ထားတဲ့ ဆိုင်းလုရာ
ကျည်ကာဝတ်စုံတခုလို ဆိုင်းလုရာ
ယမ်းငွေ့တွေကြားက ဆိုင်းလုရာ
မိုင်ဂျာယန်ရဲ့ဆိုင်းလုရာ
ငါတို့ဆရာမလေး ဆိုင်းလုရာ ။ ။