ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဂျော်ဒီး - မိုးမခဂေဇက်



 ဂျော်ဒီး -  မိုးမခဂေဇက်

(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၆
“ဖုန်း..ဒိုင်း..ဂွမ်း..ချကွ..”

“ ဟေ့..ကိုယ့်အချင်းချင်း ရန်မဖြစ်ရဘူးလေ”

“စစ်ပွဲတွေ..အဲလေ..ရန်ပွဲတွေ ရပ်ပစ်”

ဂျီးဒေါ်တစ်ယောက် ဟိုဟိုသည်သည် လမ်းလျှောက်ရင်း မိုးမခ ရွာထိပ်ညောင်ပင်ကြီး အနီးအရောက်တွင် အနှီကဲ့သို့ ဆူဆူညံညံအသံများကို ကြားလိုက်ရသဖြင့် ကြည့်လိုက်ရာ ကလေးငယ်တသိုက်… ဆွဲကြလွဲကြ၊ ဆော်ကြ နှက်ကြနှင့် ၀ရုန်းသုန်းကားရန်ပွဲတပွဲကို တွေ့လိုက်ရသည်။

 “ဟိတ်..ကလေးတွေ..ဘာလို့ရန်ဖြစ်နေကြတာတုန်း၊ ရပ်စမ်း..ရပ်စမ်း”

ဂျီးဒေါ်၏အောင်မြင်ခန့်ငြားသောအမိန့်ပေးသံကြောင့် ကလေးတသိုက်မှာ ရန်ပွဲကို ရပ်ရင်း ဂျီးဒေါ်ကို ၀ိုင်းဝန်းတိုင်တောကြလေသည်။

“ စောငိုက..သားဆံပင်ကို အရင်စဆွဲတာ..ဟီး..ဟီး” မောင်ရစ်က ငိုရင်း တိုင်သည်။

“မင်း..အာမရွှီးနဲ့..ငါက ဆံပင်ဆွဲရအောင် မင့်မှာ ဆွဲစရာ ဆံပင်ရှိလို့လားကွ..”

“ကဲ..တိတ်ကြ..တိတ်ကြ.. တနေ့ကပဲ.. အချင်းချင်းရန်ဖြစ်ရင်..နောက်ကိုပုံပြင် ပြောမပြတော့ဘူးလို့ ပြောထားတယ်လေ၊ အဲဒီတုန်းကတော့ အကုန်လုံး ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့၊ လူဆိုတာ ကိုယ်ပေးတဲ့ကတိကိုယ်တည်မှပေါ့ကွ”

“အနော်..တို့ ရန်မဖြစ်ဘူး၊ အနော်တို့ကို ပြောပြပါ..၊ ရန်ဖြစ်တဲ့ကောင်တွေ ပုံပြင် နား မထောင်ခိုင်းနဲ့..ဂျီးဒေါ်”

 ပဏာဝင်ယူသော..ကျော်ဟုန်းကိုမောင်ရစ်က မကျေမချမ်းကြည့်ရင်း…

“လူကြီးတွေတောင်.အပစ်အခတ်ရပ်စာချုပ်တွေ လက်မှတ်အတင်းထိုးခိုင်းပြီး ငြိမ်းချမ်းရေး ညီလာခံတွေ အကြီးအကျယ်လုပ်ပြပြီး စစ်ပွဲတွေဆက်ဖြစ်နေသေးတာပဲကွာ။ တို့ကလေးတွေ တခါတလေ ကတိမတည်တာလောက်တော့ ဂျီးဒေက ခွင့်လွှတ်မှာပါကွ..၊ ဟုတ်တယ်နော်ဂျီးဒေါ်”

“ကဲ..ကဲ..တော်ကြတော့၊ ပြောရင်းဆိုရင်း ရန်ထပ်ဖြစ်နေဦးမယ်..၊ အရင်တပတ်က ပုံပြင် အဆက်ကို ပြောပြမယ်”

“ဝေး..ဟေး..ဟေး”

ကလေးတသိုက်မှာ ပျော်ရွှင်မြူးထူးစွာဖြင့် ဂျီးဒေါ်အနီးတွင် ၀ိုင်းစုထိုင်လိုက်ကြသည်။

“အရင်တပတ်က..ပုံပြင်က ဘယ်မှာဆုံးပါလိမ့်”

ဂျော်ဒီးက ၀မ်းသာအားရ..၀င်ဖြေသည်..။

“မြွေမင်းသားလေးနဲ့ မထွေးလေးလက်ထပ်ပြီး..သားလေးတယောက်ရလို့ မင်းသားလေးက ကုန်ကူးထွက်သွားတဲ့အခန်း ရောက်ပြီ ဂျီးဒေါ်”

 “ဘယ်ကလာ..အဲဒါက ဟိုးအရင်တပတ်ထဲက ပြီးပြီးသားကြီး..”

ရမ်းဖြီးနေကျ..ဂျော်ဒီးကို မင်းညွန့်လှိုင်က ဒေါက်ဖြုတ်ရင်း ….

“ မင်းသားလေးနဲ့ မထွေးလေးရတာကို..မထွေးလေးရဲ့ အစ်မ မကြီးနဲ့ မလတ်က မနာလို ဘူး။ ဒါနဲ့ မင်းသားလေး ကုန်ကူးသွားနေတုန်း..မထွေးလေးတို့ သားအမိကို.. ပင်လယ် ကမ်းစပ်ကို ဒန်းစီးရအောင်လို့ ညာခေါ်ပြီး..ပင်လယ်ထဲ ပြုတ်ကျအောင် တွန်းချလိုက်တယ်။ ဒါပေမဲ့ ကံကောင်း ချင်တော့ မထွေးလေးတို့သားအမိကို ငှက်ကြီးဝန်ပိုကြီးတကောင်က ကယ်ပြီး သူ့အသိုက်ရှိတဲ့ သစ်ပင် အမြင့်ကြီးဆီ ခေါ်သွားတဲ့အခန်း ရောက်နေပါပြီဗျ။ ကျနော်ကမှ အမှတ်အသား ကောင်း တာနော်။ ဟုတ်တယ်နော်..ဂျီးဒေါ်”

 “အော်..အေးဟုတ်ပြီ..၊ ကဲ..ဆက်ပြောမယ် ”

ထုံးစံအတိုင်း ကလေးအားလုံးမှာ ရန်ပွဲကိုခေတ္တရပ်ပြီး ပုံပြောကောင်းတဲ့ဂျီးဒေါ်၏လေကြောတွင် နစ်မျောကြလေသည်။

“မထွေးလေးတို့ သားအမိခမျာ.. အသက်မသေပေမယ့် ငှက်ကြီးဝန်ပိုကြီးရဲ့ အသိုက်ထဲ မှာပဲ ကျဉ်းကျဉ်းကြုပ်ကြုပ် နေကြရသတဲ့၊ တနေ့တော့ မထွေးလေးက သူ့သားလေးကို ချော့သိပ် နေကျအတိုင်း “ငန်းတော်ရေ..မြွေမင်းရဲ့ သား..အိပ်ပါတော့လား” လို့ သီချင်းလေး ဆိုသိပ်မိသတဲ့။ ငှက်ကြီးဝန်ပိုကြီးက မျက်ထောင့်နီကြီးနဲ့ကြည့်ပြီး…

“တယ်..ငါ နှုတ်သီးနဲ့တစ်ပေါက် နှစ်ပေါက်ပေါက်လိုက်ရ..၊ ဘာ..ငန်းတော်ရေ မြွေမင်းရဲ့  သားလဲ” လို့ပြောလိုက်တော့ မထွေးလေးခမျာ ကြောက်ကြောက်နဲ့သီချင်းကို ပြင်ဆိုရသတဲ့။

 “ငှက်ကြီးဆို..၀န်ပိုရဲ့ သား..၊ အိပ်ပါတော့လား” လို့ ပြင်ဆိုလိုက်မှ.. ငှက်ကြီးဝန်ပိုကြီးက .
“ဟား..ဟား..ဟား..ဟား” နဲ့ သဘောတွေကျသွားသတဲ့”

ရန်လင်းအောင်က မျက်မှောင်ကြုတ်ရင်း

“ မထွေးလေးကလည်းဗျာ..၊ တကယ်လည်း..ငှက်ကြီးဝန်ပို သားမဟုတ်ပဲနဲ့ ဘာလို့ ပြင်ဆိုရတာလဲဗျ”

တူမောင်ညိုက..ပြောကွက်ရသွားကာ…

“ ဟ..သူက ဒီအသိုက်ထဲ ရောက်နေမှ ဒီအသိုက်ရှင်ရဲ့ အကြိုက်လိုက်ပြောရတော့တာ ပေါ့ကွာ။ ဟိုလွှတ်တော်ထဲက လူကြီးတွေလို အစိုးရအဖွဲ့က လူကြီးတွေလိုပေါ့ကွ..။ ၂၀၀၈ အခြေခံ ဥပဒေအသိုက်ကြီးထဲ ရောက်သွားတော့ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ မှန်မှန် မမှန်မှန် အသိုက်ရှင် အကြိုက်လိုက်ရတော့တာပေါ့ကွာ၊ ချော့ရတော့တာပေါ့ကွာ၊ ပျော့ရတော့တာပေါ့ကွာ”

“စာတိုငညိုကွ”

ကလေးအရွယ်နဲ့မလိုက် စာတိုပေစဖတ်ပြီး ကြီးကြီးကျယ်ကျယ်ပြောတတ်သော တူမောင် ညိုကိုသူငယ်ချင်းများက စာတိုငညိုဘွဲ့ ပေးထားလေသည်။

“ ဆက်ပြောပြပါ..ဂျီးဒေါ်”

“ အဲဒီလို နေတုန်း မင်းသားလေးက ကုန်သွယ်သွားရာကနေ..အမြတ်တွေအများကြီးရပြီး သူ့ဇနီးမထွေးလေးနဲ့သူ့သားလေးအတွက် လက်ဆောင်ပစ္စည်းတွေနဲ့ ပြန်လာတော့မယ်လို့ အကြောင်းကြားလိုက်သတဲ့ ။ အိမ်မှာ ကျန်ခဲ့တဲ့မကြီးနဲ့ မလတ်လည်း အရမ်းပျော်သွား တာပေါ့။ မထွေးတို့ သားအမိမရှိရင် မင်းသားလေးပါလာတဲ့ လက်ဆောင်ပစ္စည်းတွေလည်း သူတို့ပဲရမယ်။ နောက် မင်းသားလေးကလည်း သူတို့နှစ်ယောက်ကိုပဲ လက်ထပ်ယူလိမ့်မယ်လို့ တွေးပြီးတော့ ပေါ့။ သူတို့စိတ်ထဲမှာ မထွေးလေးတို့ သားအမိဟာ ပင်လယ်ထဲမှာ သေလောက်ပြီလို့ပဲ ထင်တာပေါ့ကွယ်”

 မျက်ရှုလေးက…မျက်နှာလေးငိုမဲ့မဲ့ဖြင့် မှတ်ချက်ချသည်။

“ တော်တော်ဆိုးတဲ့ မကြီးနဲ့မလတ်နော်..၊ မထွေးလေးကတော့ သူ့အစ်မတွေဆို ချစ်လိုက်ရတာ၊ ရင်ကြားစေ့ချင်လိုက်ရတာ၊ သူတို့ကတော့ အကောက်ကြံကြတယ်”

“ အေးကွဲ့ကံကောင်းချင်တော့ ကုန်သွယ်ရာက ပြန်လာတဲ့မင်းသားလေးတို့ရဲ့  လှေကြီး ဟာ..မထွေးလေးတို့ရောက်နေတဲ့ငှက်ကြီးဝန်ပိုကြီးရဲ့ အသိုက်ရှိတဲ့ သစ်ပင်ကြီးဘေးက ဖြတ်လာ ရသတဲ့။ အဲဒီမှာ သစ်ပင်ပေါ်ကနေပြီး ကလေးသိပ်ရင်း သီချင်းဆိုနေတဲ့ မထွေးလေးအသံကို မင်းသားလေးကကြားလိုက်သတဲ့။ ဒါနဲ့ လှေထိုးသားတွေကို သစ်ပင်နားကပ်ရပ်ခိုင်းပြီး သစ်ပင်ပေါ်
တက်ကြည့်မှ.. မထွေးလေးနဲ့ သူ့သားလေးကို တွေပြီး ဖြစ်ကြောင်းကုန်စင်ကို သိတော့တာပေါ့လေ။ ဒီအချိန်မှာပဲ…အစာရှာထွက်နေတဲ့ ငှက်ကြီးဝန်ပိုကြီး ပြန်ရောက်လာပြီး မင်းသားလေးတို့ အဖွဲ့ကို ရန်ပြုဖို့ကြိုးစားတော့သတဲ့။ မင်းသားလေးကလည်း. .ပြန်ခုခံတိုက်ခိုက်သတဲ့၊ မထွေးလေးက..နှစ်ယောက်စလုံး..အဲ..  တယောက်နဲ့တကောင်စလုံးကို တားမြစ်သတဲ့။ ငှက်ကြီးဝန်ပိုကြီးကိုလည်း တောင်းပန်သတဲ့ ။ သူတို့မိသားစုအတူတူပြန်နေခွင့်ပေးဖို့ပေါ့။ မင်းသားလေးကိုလည်း..ငှက်ကြီးဝန်ပိုကြီးက သူတို့သားအမိရဲ့ အသက်သခင် ကျေးဇူးရှင်မို့ ပြန်မတိုက်ခိုက်ပဲ ပြဿနာပြေလည်အောင်ဖြေရှင်းဖို့ တောင်းပန်ဖျောင်းဖျသတဲ့။

နောက်ဆုံးတော့…မင်းသားလေးက..ငှက်ကြီးဝန်ပိုကြီးကို သူ့မိန်းမနဲ့ကလေးကို သူနဲ့ ပြန် ထည့်ပေးရင် ငှက်ကြီးဝန်ပိုကြီးကြိုက်တဲ့ ပင်လယ်ငါးအကောင်(၅၀၀)ပေးပါ့မယ်လို့ ညှိလိုက်တော့ မှ ငှက်ကြီးဝန်ပိုကြီးက အင်တင်တင်နဲ့.. အင်း.. ဒါဆိုလည်း. ပင်လယ်ငါး လတ်လတ်ဆတ်ဆတ်
အကောင်ငါးရာကို ခုချက်ချင်းပေးလို့ ပြောလိုက်သတဲ့။  ဒါနဲ့..မင်းသားလေးက သူ့တပည့်လှေထိုး သားငါးရာကို ပင်လယ်ငါးတကောင်စီ ခုချက်ချင်းဖမ်းပြီး ငှက်ကြီးဝန်ပိုကြီးကိုပေးဖို့ အမိန့်ပေး လိုက်တော့ ချက်ချင်းပဲ..ပင်လယ်ငါး အကောင်ငါးရာ ပြည့်သွားသတဲ့။ ဒါနဲ့..ငှက်ကြီးဝန်ပိုကြီးလည်း
မတတ်သာပဲ မထွေးလေးနဲ့သူ့သားလေးကို မင်းသားလေးလက်ထဲ ပြန်ထည့်လိုက်ရသတဲ့ကွယ်..”


 “စားပွဲဝိုင်းထိုင်ပြီးစေ့စပ်ဆွေးနွေးညှိနှိုင်းအဖြေရှာတယ်ဆိုတာ..ဒါမျိုးပေါ့ကွ”

ဇာနည်ဝင်းက ကြားဖူးနားဝစကားလုံးဖြင့်ဝင်ထောက်လေရာ..မိုးချိုသင်းက မျက်စောင်း “၀င်မရှုပ်ကြနဲ့၊ ပုံပြင်အရသာပျက်တယ်၊ ဆက်ပြောပါဂျီးဒေါ်..သူတို့မိသားစုလေး ပျော်ရွှင်စွာအိမ်ပြန်ကြရောလား၊ ချိုသင်းက ပုံပြင်ကလေးတွေဆို ပျော်စရာဇာတ်သိမ်းလေးတွေပဲ ကြိုက်တယ်..”

“ပျော်ရမှာပေါ့..ချိုသင်းရဲ့၊ ဒါနဲ့..မင်းသားလေးနဲ့မထွေးလေးတို့မိသားစုဟာ အိမ်ကို ပျော်ပျော်ရွှင်ရွှင်ပြန်လာကြသတဲ့။ လမ်းမှာ မင်းသားလေးက ရက်စက်တဲ့မကြီးနဲ့မလတ်ကို
ပညာတော့ပေးမှဖြစ်မယ်လို့ပြောသတဲ့။ စိတ်ကောင်းရှိတဲ့ မထွေးလေးကတော့ သူ့အစ်မတွေကို
အာဃာတမထားဖို့၊ ဖြစ်ခဲ့သမျှတွေကို သင်ပုန်းချေဖို့ ဖျောင်းဖျသတဲ့..”

 “မထွေးလေးက..အမျိုးများရင်ကြားစေ့ရေးစိတ်ဓတ်အရမ်းရှိတာပဲနော်”

“ မင်းသားလေးရဲ့ တပည့်တွေကတော့..သူတို့ကို နည်းနည်းတော့ ပညာပေးသင့်တယ်။ ဘာလို့လဲဆိုတော့ အရမ်းခွင့်လွှတ်ပြ၊ သင်ပုန်းချေပြလိုက်ရင် နောက်ကို ဒီလိုမတရားရက်စက်တဲ့ လုပ်ရပ်တွေ သူတို့ဆက်လုပ်နေရင် ဘယ်လိုလုပ်မလဲပေါ့။ သူတို့ နောင်တရအောင်တော့ လုပ်ရ မယ်လို့ ပြောသတဲ့။ ဒါနဲ့..မင်းသားလေးနဲ့ သူ့တပည့်တွေတိုင်ပင်ပြီး…မကြီးနဲ့ မလတ်ကို လှမ်း အကြောင်းကြားသတဲ့။ “လက်ဆောင်တွေအများကြီးပါလာတယ်၊ နက်ဖန်မနက်ပြန်ရောက်မှာမို့နှစ်ယောက်စလုံး
လှေဆိပ်ကနေ ဆင်းကြိုပါ” လို့ မှာလိုက်သတဲ့၊ ဒီသတင်းစကားလည်းကြားရော မကြီးနဲ့မလတ်မှာ ၀မ်းသာလုံးဆို့မတတ်ပျော်တာပေါ့။ ဒါနဲ့..မင်းသားလေးဆီကို လူကြုံပြန်မှာသတဲ့”

“ ဟင်..ဂျီးဒေါ်ကလဲ၊ မထွေးလေးတို့ခေတ်က..လှေခေတ်ဆိုတော့ ဆက်သွယ်ရေးက အဲလောက်ကောင်းပါ့မလား၊ သတင်းပို့တာလည်း မြန်လိုက်တာနော်၊ ဘာနဲ့သတင်းပို့တာတဲ့လဲ”

အရာရာ ယုတ္တိကျမကျတွေးတောဆင်ခြင်..ဆင်ခြေများတတ်သောငြိမ်းချမ်းအေးက
အထွန့် တက်လေသည်။

“ပုံပြင်ပဲကွယ်၊ မယုံရင်..ပုံပြင်မှတ်ဆိုတာရှိသားပဲကွယ့်၊ သူတို့လည်း ခုခေတ်လို လူမှု ကွန်ယက်တို့ဘာတို့ တခုခုတော့ ရှိမှာပေါ့ကွယ့်။ ကဲ..ဂျီးဒေါ်ချည့် ပြောပြနေရတာထက် မင်းတို့ပါ စဉ်းစားစိတ်ကူးကြည့်ရအောင်၊ သူတို့ ဘယ်လိုကွန်ယက်နဲ့ဆက်သွယ်မယ်ထင်လဲ ”

“မကြီးနဲ့မလတ်ကိုလည်း လူမှုကွန်ယက်စာမျက်နှာတခုထောင်ခိုင်းလိုက်၊ သူတို့စာ မျက်နှာနာမည်ကိုတော့ သူတို့ရဖို့အတွက်ပဲ ကြည့်တတ်သူတွေမို့ “သူရစိတ်ပုတ်” လို့ နာမည်ပေးမယ်၊ မယုံရင်ပုံပြင်လို့မှတ်ပါဘိ…”

ဂျော်ဒီးက သူ့ထင်ရာမြင်ရာစိတ်ကူးကို ၀င်ပြောပြရာ..

“ အေးအေး..၊ အဲဒီ သူရစိတ်ပုတ်..စာမျက်နှာကနေ..ဒီလို..သတင်းစကားပါးတယ်တဲ့။
“ မြန်မာစကားမှာတော့ “သားရွှေအိုးထမ်းလာတာ မြင်ချင်တယ်” ဆိုတာရှိပါတယ်။
ယနေ့မှာတော့ အမေ/အစ်မ(စု) UK ၊ USA ၊ UN ခရီးစဉ်မှာ ရွှေအိုးများ၊ စိန်အိုးများ
ရွက်သယ်ပြီး ပြန်လာခဲ့စေချင်တယ်။ နိုင်ငံနှင့် ပြည်သူအတွက်လေ..”..အဲ..အဲ..”

“ ဟာ…ဂျီးဒေါ်..ပုံပြောရင်း သူကိုယ်တိုင် အိပ်ငိုက်နေပြီ၊ အဲဒါ..ဟိုလူကြီး ဖေ့စ်ဘွတ် စာမျက်နှာက စကားလုံးတွေဗျ”

တူမောင်ညိုက အလန့်တကြားထအော်သည်။

“ ဘွာတေး..ဘွာတေး..၊ သူရချင်း မှားသွားလို့၊ သူရစိတ်ပုတ်တို့ညီအစ်မကလည်း
မင်းသားလေးကို ရွှေအိုးစိန်အိုးတွေ သယ်လာခိုင်းတာပဲမို့ ရောသွားတာ၊ သူရစိတ်ပုတ်တို့ ကလည်း သူတို့လောဘကိုဖုံးကွယ်ချင်တော့ ရွှေအိုးစိန်အိုးတွေက သူတို့အတွက်မဟုတ်ပါဘူး၊ မထွေးလေးတို့ သားအမိအတွက် ကုသိုလ်ကောင်းမှုတွေလုပ်ပေးချင်လို့ပါ ဘာညာသာရကာနဲ့
လူကြားကောင်းအောင် အာဖျံကွီးလုပ်တာပေါ့ကွယ်”

“တူတယ်ဗျာ..၊ သူရချင်း..”

“ ဒါနဲ့…နောက်တနေ့မနက်မှာ..မင်းသားလေးရဲ့ ကုန်သွယ်လှေကြီးဟာ လှေဆိပ်ကို
ရောက်လာသတဲ့၊ သူရစိတ်ပုတ်တို့အဖွဲ့၊ အဲ…ညီအစ်မလည်း လှေဆိပ်မှာသွားကြီးတွေ အဖြဲသားနဲ့
ချိတ်ထမီကြီးတွေ စွန်တောင်ဆွဲဝတ်ပြီး ကြိုဖို့ရောက်နေကြသတဲ့။ လှေဆိုက်တော့ မင်းသားလေး က…
“ကဲ..လာကြ..လာကြ..၊ ဟောဒီမှာ လက်ဆောင်သေတ္တာတွေ..၊ ပထမတော့ မထွေးလေးတို့ သားအမိအတွက်ပေါ့ဗျာ။ အခုသူတို့မရှိကြဘူးဆိုတော့ ခင်ဗျားတို့ပဲယူရတော့မှာပေါ့။ ရော့.. သေတ္တာနှစ်လုံး၊ အိမ်ကို ခင်ဗျားတို့ဖာသာ ထမ်းကြပေရော့” ဆိုပြီး မကြီးနဲ့မလတ်ရဲ့ ခေါင်းပေါ်ကို သေတ္တာတစ်လုံးစီ တင်ပေးလိုက်သတဲ့။ မကြီးနဲ့မလတ်လည်း မနိုင်မနင်းပေမယ့်လောဘနဲ့မို့
သေတ္တာတွေ လေးလေ ပိုသဘောတွေ့လေပေါ့ကွယ်။ ငါတို့ရမယ့် လက်ဆောင်တွေအများကြီး
ဆိုပြီးတော့ပေါ့။ လမ်းတ၀က်ကျတော့ မကြီးရွက်ထားတဲ့သေတ္တာထဲက အရည်တွေ စီးကျလာတယ်။ အရည်ပူနွေးနွေးတွေမျက်နှာပေါ်စီးကျလာတော့ မကြီးက နှာခေါင်းတရှုံ့ ရှုံ့ နဲ့ ဘာတွေပါလိမ့်လို့ မေးလိုက်သတဲ့။
မင်းသားလေးက..
“ ဒါ ..အမေရိကန်နိုင်ငံထုတ်…ရေမွှေးတွေ၊ ပိတ်ဆို့ထားတာတွေ ဖွင့်လိုက်လို့ ထွက်ကျလာတာ၊ ဒါ..ခင်ဗျားတို့အတွက်အထူးအခွင့်အရေးရတာပဲ” လို့ပြောလိုက်သတဲ့။
မကြီးစိတ်ထဲမှာ “ အမေရိကန်ရေမွှေးကလည်း လူသေးနံ့လိုပဲ” လို့တွေးမိသတဲ့။
နောက်..မလတ်ရွက်ထားတဲ့သေတ္တာထဲကလည်း ၀ါဝါပျစ်ပျစ်တွေ စီးကျလာပြန်ရောတဲ့။
မလတ်က အော်မေးတော့ မင်းသားလေးက…
“ ဒါက အင်္ဂလန်ကလာတဲ့မျက်နှာသစ်ရည်တွေ မိတ်ကပ်ရည်တွေဗျ..” လို့ ပြောပြန်တော့ မလတ်ခမျာ လေးလေးလံလံကြီးထမ်းထားရင်း..အင်္ဂလန်မျက်နှာသစ်ရည်ကလည်း အီအီးနံ့
မွှေးတယ်တော့လို့ တွေးမိသတဲ့။

ဒါနဲ့ အိမ်ရောက်လို့ သူတို့ခေါင်းပေါ်က သေတ္တာကြီးတွေကိုချပြီး အမြန်ဖွင့်ကြည့်တော့မှ တလုံးထဲမှာ မထွေးလေးနဲ့ နောက်တလုံးထဲမှာ တခစ်ခစ်ရယ်နေတဲ့ သူ့သားလေးကို တွေ့ရသတဲ့။ အီးတွေသေးတွေ ပေနေတဲ့ သူရစိတ်ပုတ်တို့အဖွဲ့ကို မင်းသားလေးက “နောက်နောင်ကို မကောင်း စိတ်မမွေးဖို့နဲ့..ကိုယ်ပြုသမျှ ကုသိုလ်ကံ အကုသိုလ်ကံတွေဟာ ကိုယ့်ဆီကို တူညီစွာ အကျိုးပေး တတ်တယ်” လို့ဆုံးမသတဲ့။ ကဲ..မိုချိုသင်းအကြိုက်..ပုံပြင်လေးကတော့ ပျော်ပျော်ရွှင်ရွှင် အဆုံး သတ်လိုက်ပြီ။ ကျန်တဲ့ကလေးတွေရော…သဘောကျရဲ့ လား”

ကလေးများကား ကလေးအီအီးတွေ သေးတွေပေကျံနေသော သူရစိတ်ပုတ်တို့ ညီအစ်မ ကို မြင်ယောင်ကြည့်ရင်း အားရ၀မ်းသာဖြစ်ကာ..တဟီးဟီးတဟားဟား..သဘောကျနေကြသည်။

“ကဲကဲ..ပုံပြင်လေးကတော့..ဒါပါပဲကွယ်၊ ဂျီးဒေါ်လည်း လမ်းဆက်လျှောက်လိုက်ဦးမယ်၊ ရန်မဖြစ်ကြနဲ့နော်..၊ နောက်တပတ်ကျရင်..” လောဘကြီးအီးလောက်ရ” ဆိုတဲ့ ပုံပြင်လေး ပြောပြ ချင်သေးတယ်။ ဟို..စိန်အိုးရွှေအိုးတွေမျှော်နေတဲ့ လောဘကြီးတဲ့ သူရငတက်ပြားကြီး တယောက် အကြောင်းပေါ့ကွယ်။ သူမျှော်နေတဲ့ စိန်အိုးရွှေအိုးတွေထဲမှာ ဘာတွေပါမလဲ ဆိုတာတော့ စောင့် နားထောင်လိုက်ဦးမယ်။”