ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခင်အောင်အေး ● ၂၀၀၂ စက်တင်ဘာ ပထမပတ်ရထား

ခင်အောင်အေး ● ၂၀၀၂ စက်တင်ဘာ ပထမပတ်ရထား
(မိုးမခ မဂ္ဂဇင်း စင်တင်ဘာထုတ် မောင်ချောနွယ် အမှတ်တရ)
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၆

(၅၊ စက်တင်ဘာ၊ ၂၀၀၉  ညသို့..)

ရန်ကုန်ဆေးရုံကြီးဝင်း အရပ်အခေါ် ရေခဲတိုက်ထဲ လှမ်းဝင်လိုက်တာနဲ့ မျက်လုံးတွေက ဝေသီပြီး ဘာကိုမှ ကောင်းကောင်း မမြင်ရတော့ဘူး၊ သိတဲ့မျက်နှာတွေကိုလဲ အပြုံးအ, နဲ့ပဲ တုံ့ပြန်နိုင်တယ်။  ကိုချောရုပ်ကလပ် ပြင်ထားရာ ဘက်ကို ချက်ခြင်း မသွားဖြစ်ဘူး။ တချက်ဝေ့ အကြည့်မှာတော့ မမမြင့်၊ နေခြည်နဲ့ မိုးဇော်တို့ကို မသဲကွဲ လှမ်းမြင်လိုက်တယ်။  လူတိုင်းရဲ့မျက်နှာ မှာ နှမြော တသကြေကွဲခြင်း တွေ လျှံငြီးနေတယ်။

လက်ကမ်းကဗျာ စာရွက်လေးတွေ အထိမ်းအမှတ် အလွမ်းစာစီ ပင်းန်ဖလက်တွေ လက်ထဲကို တခုပြီးတခု၊ လှသန်းက တခုခုလှမ်းပေးတယ်။  ကိုပြည့်တို့ဟိုမှာလို့ မေးဆတ်ပြတယ်။  ဇေယျာလင်းတို့ကော လို့ မေးလိုက်တယ်၊ စောစောက ကိုချောနားမှာတွေ့လိုက်တယ်.. လူငယ်ကဗျာဆရာ တယောက်က၀င်ဖြေတယ်။

အီး ကနဲ ငိုသံ.. မမမြင့် တိုင်တည်သံ.. ရင်ထဲမှာ ဗလောင်ဆူပွက်နေတယ်။ မြင်ကွင်းကတော့မြင်နေကျ အသုဘရှု မြင်ကွင်းတခုပါပဲ။ ဒါပေမယ့်..ဒါက ကိုချောလေ..။

တယောက်ယောက်က ကိုချောဆီ ဦးဆောင်ခေါ်သွားတယ်။ မငိုမိအောင် စိတ်တင်းထားရတယ်။ မမမြင့် က မြင်တာနဲ့ ခင်အောင်အေး လာပြီလေ ကိုချောရဲ့လို့မချိတင်ကဲ အော်ငိုပြန်တယ်။ အံကြိတ်ပြီး နှုတ်ခမ်းကို နာနာ ဖိ ကိုက်ထားရတယ်။  မျှော်လင့်ထားပြီး အဖြစ်အပျက်မြင်ကွင်းတွေပေမယ့် ရင်ခေါင်းထဲက လှိုက်တက် လာတယ်။  မိုးဇော်ရဲ့ လက်မောင်းအိုး ကိုဖိညှစ်ပြီး မှာစရာစကားတွေအားလုံးကို အသံတိတ် ပါးလိုက်တယ်။  မျက်ရည်ဝေသီ မျက်လုံးနီနီ တွေက ဟုတ်ကဲ့ စိတ်ချပါ အကို.. လို့ အသံမဲ့ တုံ့ပြန်ပြီးသား။

အချင်းချင်းတယောက်နဲ့ တယောက် အသံမဲ့ ဘာသာစကားနဲ့ ပဲ ပြောဆိုနားလည်လိုက်ကြတယ်။

ကိုစစ်..
ဘာလိုဦးမလဲဆိုတော့ ဘီအမ် တစင်းလောက် ထပ်ဆွဲရင် ကောင်းမယ်ထင်တယ်တဲ့၊

ဒါဆိုလည်း လုပ်လေ..။

ကိုစစ်တင် လက်ထဲကို ပိုက်ဆံ တထပ်ထည့်လိုက်တယ်။ လှစ်ကနဲ ပျောက်သွားပြီး ခဏနေတော့ ခပ်လှမ်လှမ်း ကနေ လက်မ ထောင်ပြတယ်။

ကိုယ့်ထက် ဖြေမဆည်နိုင် ပူဆွေးသူတွေ အမြောက်အမြားကြားထဲမှာ မပူရုပ်ဟန်ဆောင်လုပ် မျက်တောင် ပုတ်ခတ်ပုတ် ခတ်နေပြဖြစ်ခဲ့တယ်။ ကိုယ့်ရှေ့မှာ ကိုအောင်ချိမ့်တို့၊ ကိုသိဒ္ဓတ္ထလှိုင်တို့ရှိသေးတယ်လေ။  ကိုချော သူငယ်ချင်း ရဲဘော် ရဲဘက်ကြီးတွေလေ.. ။ သူတို့တောင် အိနြေ္ဒ ဆည်နိုင်သေးတာ..။  လူငယ်တွေ ကတော့ တယောက်ကိုတယောက်ထိန်းလို့ တယောက်ကိုတယောက် ဖျောင်းဖျလို့။  မချိတင်ကဲ..။

အချိန်ကျ တော့ ဒူကနဲ ကြေးစည်သံနဲ့ စီကနဲ ငိုရှိုက်သံ တွေ ကြွက်ကြွက်ဆူသွားပြန်တယ်။  ကိုချောရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကို တင်ဆောင်လာတဲ့ နိဗ္ဗာန်ယာဉ် နောက်မှာ အစီအစဉ် အတိုင်း ကားတွေတစီးပြီး တစီးလိုက်ပါလို့ ကိုချောရုပ်ခန္ဓာ ကြီးကို နောက်ဆုံးခရီးပို့ဆောင်ကြတယ်။

မိမိ စီးလာတဲ့ ကားကို ပုစွန်တောင် တောင်လုံးပြန် ကနေ ပြန်လှည့်ခဲ့တယ်။  ဘယ်လိုမှ နောက်နေ့ရွှေ့လုပ်လို့ မရတဲ့ အလုပ် တခု တန်းလန်းနဲ့ မို့ရုံးဆင်းချိန်မတိုင်မီ ပြန်ပြေးခဲ့ရတယ်။  အဲဒီကမှ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရယူကာ သံလျင် သီလ၀ါ ဆိပ်ကမ်းကို ကမူးရှူးထိုးပြေးရပြန်တယ်။

၇ နာရီလောက်မှ ကိစ္စတွေ ပြတ်၊ အိမ်ပြန်ရေမိုးချိုး ကားကို နာရီဝက်အတွင်းပြန်လာဖို့ မှာလိုက်တယ်။  ကားပေါ်တက် လက် ကနာရီကိုကြည့်တော့ ၈ နာရီ ခွဲနေပြီ၊။  အတူသွားဖို့ ချိန်းထားခဲ့တဲ့ ကိုသိဒ္ဓတ္ထကို လှမ်းချိတ်တော့ ရောက်ပြီးလို့ အိမ် တောင်ပြန်ရောက်နေပြီတဲ့။  ကိုချောရဲ့ ကျန်ရစ်သူ မိသားစုရှိရာ မြောက်ဒဂုံ အိမ်သို့။ သင်္ဃန်းကျွန်း စံပြဈေး ကျော်တော့ ကားကအရှိန်မြှင့် လာတယ်၊ လေကတ၀ူးဝူး..၊ လက်က ဂျာကင်အိတိကို အမှတ်တမဲ့ စမ်းမိတော့ မာမာ အခေါက် ကလေး တခု..၊ အိမ်ပေါ်ကဆင်းကာနီး ကမန်းကတန်း ဆွဲထည့် လာခဲ့မိတာ..။  နှစ်ခေါက်ချိုး ကဗျာစာအုပ်လေး..

“၂၀၀၂ စက်တင်ဘာ ပထမပတ် ရထား”
“မိုဃ်းဇော်”


ကားမျက်နှာကျက်က စာကြည့်မီးလေးကိုဖွင့်လိုက်တယ်
ကဗျာ အတွင်းစာမျက်နှာကို ဖွင့်လိုက်တယ်
ခံစားတတ်တဲ့ နှလုံးသားကို ဖွင့်လိုက်တယ်
ကဗျာစာသားတွေကို ဖတ်ရင်း --

ကားပေါ်မှာ တရှုံ့ရှုံ့ငိုပါတယ်။
ပြီးတော့
ရှိုက်ကြီးတငင် အားပါးတရ ငိုချလိုက်ပါတယ်။ ။

ခင်အောင်အေး
၂၊ စက်တင်ဘာ၊ ၂၀၀၉