ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လင်းငယ် ● ဆုံးမကွပ်တောင်း မကွပ်တောင်း


လင်းငယ် ● ဆုံးမကွပ်တောင်း မကွပ်တောင်း
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၆

● ဇာတ်လမ်း
မြန်မာရုပ်ရှင်ဇာတ်လမ်းတွေ ကြည့်ဖြစ်ခဲသည်။    ရှားရှားပါးပါးကြည့်ဖြစ်သည့်ဇာတ်လမ်းတခုကို မှတ်မိနေသည်။ အဲဒီမှာ ဇာတ်လမ်းတကွက်ကို အထူး သတိထားလိုက်မိသည့် ပြန်ပြောပြချင် လာသည်။ မြို့ကသူဌေးသားလေး တောကိုရောက်ကာ ကျောင်းဆရာလုပ်သည်။ တပည့်တွေကို တော်စေချင် တတ်စေချင်ကာ စည်းကမ်းတင်းကြပ်၊ ဒေါသကြီးသောဆရာ ဖြစ်လာ သည်။ တရက်တော့ ကျောင်းသူလေးတယောက် အခြားကျောင်းသူတယောက်ရဲ့ပေတံခိုးယူမှုဖြစ်သည်။ ဆရာကသိသွား သောအခါ ဆူပူကာ ဘာဖြစ်လို့ခိုးရသလဲ မေးသည်။ ကလေးမကလည်း ကြောက်အားလန့်အားနှင့်ငိုယိုပြီး ပေတံတချောင်း ဝယ်ဖို့နေနေသာသာ မုန့်ဖိုးပင် နေတိုင်းမရ။ ဒါကြောင့် လိုချင်လွန်းလို့ ခိုးလိုက်မိတာဟု ဆင်ခြေပေးသည်။ ဆရာလေးလည်း သနားသွားပုံ ရသည်။ သူများပစ္စည်းခိုးတာ မကောင်းကြောင်း၊ ငရဲကြီးကြောင်း ဆုံးမစကားပြောကာ ကလေးမလေးကို အတန်းထဲ ခေါ်လာသည်။ အားလုံးရှေ့မှာ ပိုင်ရှင်ကိုယူထားမိသော ပေးတံလေး ပြန်ပေးစေပြီး တောင်းပန်ခိုင်းသည်။ က လေးမလေးကလည်း ဆရာသွန်သင်သည့်အတိုင်း ကျေကျေနပ်နပ် လိုက်လုပ်သည်။ ပိုင်ရှင်ကောင်မလေးကိုလည်း ပစ္စည်း ပြန်ရပြီမို့ ကျေနပ်ခွင့်လွှတ်ဖို့ ဆရာကပင် ဆုံးမပေးသေးသည်။ အတန်းထဲက အခြားတပည့်တွေကိုလည်း သူများပစ္စည်းယူတာ မကောင်းကြောင်း နမူနာအဖြစ်ပြောပြကာ ဆုံးမလိုက်သေးသည်။ တော်လိုက်သည့် ဆရာလေး။ ကောင်းလိုက်သည့်ဆုံးမပဲ့ပြင်နည်း။ ဒါပေမဲ့ ထိုဆရာလေး စေတနာမိုးများဆက်ရွာလိုက်သည့်အခါတွင်တော့ ကျွန်တော်စိတ်ထဲမှာ နင့်ခနဲခံစားလိုက် ရကာ ခုနကရနေသော ကြည်နူးခြင်းရသလေး ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတော့သည်။

ဇာတ်လမ်းကို ဒီလိုဆက်ပါသည်။ ဆရာလေးက ကျောင်းသူကို မေးပါသည်။ သမီးမှာအပြစ်ရှိတယ်ဆိုတာ သိလား။ ဟုတ်ကဲ့ သိပါတယ်ဆရာ။ အေးအဲ့ဒါဆို အပြစ်ရှိရင် အပြစ်ပေးရမယ်။ ထို့နောက် ကြိမ်လုံးကိုထုတ်ကာ ရိုက်ပါလေရော။ အင်း ဆုံးမ မှုမည်သည် ရိုက်မှ နှက်မှလေလား။ နာကျင်အောင်အပြစ်မပေးဘဲ ဆုံးမသွန်သင်၍ မရတော့သည်လော။ ကိုယ့်စိတ်ထဲ ပေါ်လာသည့် မေးခွန်း။
● အတိတ်ရဲ့ အရိပ်
ကိုယ်ငယ်ငယ်က  ကျောင်းသားဘဝက အတွေ့အကြုံကို ပြန်သတိရကာ ကျောထဲ ချမ်းစိမ့်စိမ့်ပင် ဖြစ်မိသည်။ လေးတန်း ကျောင်းသားဘဝ အင်္ဂလိပ်စာ စကာလုံး အလုံး ၂၀ အလွတ်ကျက်လာရန် ဆရာက အိမ်စာပေးလိုက်သည်။ နောက်နေ့မနက် ရောက်တော့ စာပြန်မေးသည်။ စာရတဲ့လူ မတ်တပ်ရပ်ပါ။ ရင်ကိုကော့လို့ လက်ပိုက်ကာ မတ်တပ်ရပ်လိုက်သည်။ ဘေးကို ကြည့်လိုက်တော့ နောက်ထပ် တယောက်ပဲ ကိုယ့်အတွက် အဖော်ရှိသည်။ လူ ၂၀ ကျော် စာသင်ခန်းထဲက ကျန်တဲ့သူတွေ တယောက်မှ မရပ်။ ဆိုတော့ စာပြန်ခိုင်း (အလွတ်ဆိုခိုင်း) သည်။ နှစ်ယောက်တည်းထူးပြီး စာရနေတာကို မယုံသည့် အ ကြည့်ဖြင့် ဆရာ့စကားသံကလည်း မာနေသယောင်။ စာလုံးများတဝက်ကျော်ကျော်ရောက်တော့ ကြောက်နေတာနဲ့ ကျက် လာသမျှမေ့ကာ ဆက်ဆို၍ မရတော့။ ဒီမှာတင် မင်းလည်း ဘာထူးလဲ ဆရာကြီးလုပ်ပြီး မတ်တပ်ရပ်တယ်။ အကုန် လည်း မရဘူး။ လာစမ်းကွာဆိုကာ အရင်ဆုံး အရိုက်ခံရသည်။ အဲသည်ကတည်းက ဆရာက စာမေးရင် အခြားလူတွေ ဘယ်နှစ် ယောက်ရလဲ အရင်ကြည့်ပြီးမှ မီးစင်ကြည့်ကတော့သည်။ ရဲရဲဝံ့ဝံ့ မဖြေရဲတော့။ ဘယ်အချိန်ထိ ကြောက်ရွံ့ စိတ်ကပါလာ သလဲဆိုရင် ဘွဲ့ရပြီး၍ လုပ်ငန်းခွင်ထဲရောက်သည်အထိ ကိုယ်မြင်သည့်အမြင်၊ ကိုယ့်အတွေကို ဖွင့်မပြောရဲ။ ပြောကြည့် မည်ကြံလျှင် မှားများ မှားသွားရင်ဆိုသည့် စိတ်က အရင်လာသည်။

စာတစ်လုံးမှ ကျက်မလာတဲ့၊ ဘာမျှမရတဲ့ကျောင်းသားလည်း ငါးချက်။ တညလုံး ကြိုးစားပမ်းစား ကျက်ခဲ့ပြီး တဝက်ရတဲ့ ကိုယ်လည်း ငါးချက်။ ထိုကြိမ်ဒဏ်ငါးချက်သည် ဘဝအတွက်ကြီးစွာ အနှောင့်အယှက်ဖြစ်ခဲ့ခြင်းကို ရင်နှင့် ခံစားခဲ့ရသည်။ တစ်စုံတစ်ရာ ကြိုးစားမှုကို အသိအမှတ် မပြုခဲ့သော အပြုအမှုတချက်က ကိုယ်ကိုယ့်ကိုယ် ယုံကြည်မှုများကိုတိုက်စားသွားကာ လူရာမဝင်၊ လူတောမတိုး၊ မဝံ့မရဲသည့်ဘဝကို ရခဲ့ရဖူးသည်။ ငါ့ဆရာ ငါ့ကို အပြစ်ပေးတုန်းက ငါဒီလို ဖြစ်သွားမှာကို မတွေးခဲ့မိလေသလော။ ကိုယ့်ဘာသာ အကြိမ်ကြိမ် ပြန်တွေးမိသည်။

● အပြစ်များတို့ ပေးဆပ်ရာ
ကိုယ်အခုနေတာက နာမည်ကြီး ထောင်တခုရဲ့အနားမှာဖြစ်တော့ ထောင်တွေအကြောင်းကို ခဏခဏ တွေးဖူးသည်။ (ဝင် တော့ မကြည့်ရဲပါ) လူထုဦးလှရဲ့ထောင်အကြောင်း စာအုပ်တွေက ကိုယ့်ကို ခြောက်လှန့်ထားပြီးသားဖြစ်သည်။ တွေးမိတာ တွေထဲက တခုက ထောင်တွေရဲ့ ရည်ရွယ် ချက်က ဘာလဲ။ ကိုယ်ဉာဏ်မီသမျှဆိုရင်တော့ ထောင်ဆိုတာ လူဆိုးတွေကို သူတို့မှားယွင်းခဲ့ သည့်အပြုအမှုများအတွက် အပြစ်ဒဏ်ပေးရာနေရာ ဖြစ်သည်။ ဒါဆို ဘာကြောင့် အပြစ်ဒဏ်ပေး တာလဲ။ အပြစ်ဒဏ်ပေးရုံနဲ့ လုပ်ခဲ့တဲ့မကောင်းမှုတွေက ကြေသွားရောလား။ ဥပဒေအရတော့ ထိုက်သင့်တဲ့အပြစ်ဒဏ်ကျခံပြီးရင် ကျေပေမယ့် လောက ဓမ္မသဘောအရဆိုရင်တော့ အပြစ်လုပ် ထားသူကို အပြစ်ပြန်ပေးရုံနှင့် အပြစ်ကျေသည်ဟုမဆိုသာ။ ဖတ်ဖူးမှတ်ဖူးသည့်အထဲမှာတော့ သူများနိုင်ငံတွေမှာ ထောင်တွေကို လူဆိုးတွေကို ပြုပြင်ကာ နောင်တရစေ၊ လူကောင်း ဖြစ်စေဖို့လည်း ရည်ရွယ်သတဲ့။ လူကောင်းတွေအဖြစ် ထောင်ကထွက်လာရင် လုပ်ကိုင်စားသောက်ဖို့ ပညာတွေပင် သင်ပေး လိုက်သေးသတဲ့။ ကိုယ်တို့ဆီက လက်တွေ့မှာတော့ လူအများရဲ့အမြင်မှာ ထောင်ထွက်ဆိုရင် ပို၍ဆိုးသော လူအဖြစ်မြင် သည်။ တကယ်လည်း ဟုတ်သည်။ ထောင်ကျ သွားတုန်းက ခိုးမှုနှင့်ပြန်ထွက်လာတော့ လူပါ သတ်ရဲသွားသည့် မျက်မြင် သာဓကတွေကလည်း တပုံတပင်။ လူမမိုက်တမိုက်ကလေးကို လူမိုက်ကြီးဖြစ်အောင် လုပ်ပေးလိုက်နိုင်အောင် အကျဉ်း ထောင်များက စွမ်းလေသည်။ တယောက်တည်း ဘယ်သူ့မှ မမေးရဲသည့် အတွေးကို ဆက်စဉ်းစား ဖြစ်သည်။ နည်းနည်းဆိုး တဲ့လူတယောက်ကို ထောင်ထဲထည့်လိုက်တော့ များများဆိုးတဲ့ လူဆိုး ကြီးဖြစ်သွားရော။ ဒါတော့ နည်းနည်းဆိုးတဲ့အတိုင်းလေးပဲဖြစ်အောင် ထောင်ထဲမထည့်တာ ပိုမကောင်းဘူးလား။ လွှတ်ထားလိုက်တာ ပိုမကောင်းဘူးလား။ ထောင်တွေဖွင့်ပြီး လူမိုက် ထုတ်လုပ်ရေးလုပ်ဖို့ လိုပါ့မလား။ ဒါဆို ထောင်ထွက် လူမိုက်များတော့ နည်းသွားနိုင်ကောင်းသည်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့စိတ်ပိုင်းဆိုင်ရာတွေ ပြန်ဆန်းစစ်သည့်အထဲမှာ အပြစ်ပေးတတ် ခြင်းလည်း ပါဝင်ပေလိမ့် မည်။ ကျွန်တော်တို့ ဘာကြောင့်အပြစ်ပေးရတာလဲ။ အပြစ်ပေးရခြင်းရဲ့ မူရင်းရည်ရွယ်ချက်က ဘာလဲ။ ဆရာက ကျောင်း သားကို အပြစ်ပေးသည်။ ခန္ဒာကိုယ်ကို နာကျင်စေတဲ့နည်းဖြင့် ဆုံးမသည်။ ကြောက်သွားအောင် ခြောက်သည့်နည်းဖြင့် သွန်သင်သည်။ တကယ်တော့ ကျောင်းသားမှားသည့်အမှားကို မကျေနပ်သည့် ဆရာရဲ့ဒေါသကို အားပါးတရ ကြိမ်လုံးက တဆင့် အာသာဖြေတာရော မပါနိုင်ဘူးလား။ တနည်း တရားဝင်လက်စားချေခြင်းကို အားပေးနေသည့် ယဉ်ကျေးမှု များလား။

● Physical Abuse (ဝါ) ရုပ်ပိုင်း ဆိုင်ရာ အလွဲအသုံးချခြင်း
တကယ်တော့ ခန္ဓာကိုယ်နာကျင်စေသည့် နည်းလမ်းဖြင့် ကလေးများကို အပြစ်ပေး ဆုံးမခြင်းသည် ကလေးသူငယ်များ ကိုထိခိုက်စေသော ကလေးသူငယ် အလွဲအသုံးချမှုအကြောင်းချင်းရာ လေးချက်အနက် တချက်အပါအဝင် ဖြစ်ပါသည်။ VANE ဟု လူသိများသော အကြောင်းအရာ အောက် Violence အကြမ်းဖက်ခြင်းသဘောနှင့် Abuse အလွဲအသုံးချခြင်း သဘောတို့ သက်ရောက်ပါသည်။ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများလုပ်ကိုင်နေသော Plan International အဖွဲ့၏လေ့လာချက်အရ ကမ္ဘာပေါ်ရှိ အသက် ၂ နှစ်မှ ၁၄ နှစ်အတွင်း ကလေးငယ် ၁၀ ယောက်လျှင် ခြောက်ယောက်မှာ ခန္ဓာကိုယ်နာကျင်စေသည့် နည်းလမ်းများဖြင့် ဆုံးမခံနေရပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစား နေရပါသတဲ့။

● ပြောင်းနေသော ပညာရေး
ပြီးခဲ့သော အစိုးရလက်ထက်မှစတင်ကာ ပညာရေးစနစ်ကိုတိုးတက်အောင်ပြုပြင်ဖို့ ကြိုးစားခဲ့သည်။ သို့သော် အများအာ ရုံစိုက်ခဲ့သည်က သင်ရိုးညွှန်းတန်းလွတ်လပ်ခွင့်နဲ့ အဆင့်မြင့် ပညာရေး ကဏ္ဍများကိုသာ အဓိကထားဝေဖန်ကြသည်။ တချို့အရာတွေကတော့ သင်ရိုးညွှန်းတန်း မပြောင်း လဲဘဲ ပြောင်းသင့်သော၊ နည်းနည်းပြောင်းလိုက်ရုံနှင့် အကျိုးရှိသော၊ စနစ်ကြီးတခုလုံး ပြောင်းဖို့လို သလို တယောက်ချင်းပြောင်းလဲလိုက်လျှင်လဲ ထိရောက်အကျိုးရှိသောအရာများ ရှိပါသည်။ ထိုအရာများထဲတွင် ကလေးငယ်များနာကျင်မထိခိုက်စေအောင်ကာကွယ်ပေးခြင်းက အခြေခံကျ ကျပြောင်းသင့်သည်ထဲက အရေးကြီးတခု ဖြစ်ပါသည်။

ကလေးသူငယ် ဥပဒေရှိသည်။ ဥပဒေအရ ကလေးများကို အကာအကွယ်ပေးထားပြီး ဖြစ်သည်။ သို့သော်လည်း သာ မာန်ပြည်သူများမဆိုနှင့် ကလေးများကို ပြုစုပျိုးထောင်ရသူများပင် မသိကြ သေး။ ဥယျာဉ်မှုးတွင် စေတနာကောင်းရှိပါ၏။ နာသုံးနာဖြင့် အနစ်နာခံပါ၏။ သို့သော် စိုက်နည်း ပျိုးနည်းမမှန်၍ အယဉ်ပင်မပေါက် အရိုင်းပင်ပေါက်လာမှာကိုယ်ဖြင့် စိုးရွံ့မိပါသည်။ ပန်းပွင့်များကို ရိုက်နှက်ကာ စိုက်ပျိုး၍ မရပါ။ အရှေ့တိုင်းဝါဒအမြစ်တွယ်နေသော ကျွန်တော်တို့ လူ့အဖွဲ့ အစည်းတွင်လည်း အိုးကောင်းရချင်ရင် နာနာရိုက်ရတယ်ဆိုသည့် အယူအဆကြီးကလည်း ကျယ်ကျယ် ပြန့်ပြန့် လက်ခံနေကြသေးပြန်တော့ အချိန်ယူရမည်တော့ ဖြစ်ပါသည်။ တခါတခါ အဲ့လိုလူတွေကို နည်းနည်း ဘုတောပစ်ချင် စိတ်ပေါ်သည်။ ကလေးတွေကို အဲ့လောက်တောင် ဆုံးမချင်ရင်၊ ဆုံးမလို့ လူကောင်းဖြစ်စေချင်ရင် ထောင်ထဲထည့်ကြည့် လိုက်ပါလားလို့။ တကယ်တော့လည်း ကလေးတွေကို နာကျင်အောင်ဆုံးမမှ ကောင်းလာမယ် ထင်ခြင်း မြင်ခြင်းသည် ထောင်ထဲထည့်ပြီး လူကောင်းဖြစ်အောင်လုပ်တာနှင့် ဘာမျှမကွာဟုသာဆိုလျှင် လွန်လေမည်လား။ မာ့ခ်တွင်းက ကျောင်းတကျောင်းဆောက်ခြင်းကိုရပ်လိုက်လျှင် ထောင်တခုတိုးလာတာနှင့် ဘာမျှမခြားဟု ဆိုသည်။ သို့သော် ထောင်ထဲမှာ သုံး သည့်နည်းလမ်းများကို စာသင်ကျောင်းထဲ သယ်လာရင်တော့ စာသင်ခန်းလည်း စာသင်ခန်းဖြစ်နိုင်ပါဦးမလားလို့တော့ အတွန့်ပြန်တက်လိုက်ချင်ပါသေးသည်။
လင်းငယ်