ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သီရိဘုန်းစံ - “ပဝါရဏာအစ ဝစီပိတ်အကျင့်က”





သီရိဘုန်းစံ - “ပဝါရဏာအစ ဝစီပိတ်အကျင့်က”
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၆
သီတင်းကျွတ်တော့မယ်ဆိုတော့ ပတ်သက်ရာပတ်သက်ကြောင်း ရာသီစာလေး တစ်ပုဒ်လောက်ရေးချင်စိတ် ဖြစ်လာတယ်။

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မှာ ပြုလုပ်လေ့ရှိကြတဲ့ အဘိဓမ္မာ ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ၊ ဆီမီးညှိထွန်းပွဲ၊ တာဝတိံသာပွဲ၊ မီးမြင့်မိုရ်ပွဲ၊ ပဝါရဏာပွဲ၊ ကထိန်သင်္ကန်းဦးလှူဒါန်းပွဲ အစရှိတဲ့ပွဲတွေ ပွဲတွေထဲက ပဝါရဏာပွဲဟာ ဘယ်ကဘယ်လို စတင်ဖြစ်ပေါ်လာခဲ့သလဲ။

ကြားဖူး ကြုံဖူး မြင်ဖူးနေကြတာပါပဲ ဝတ်ဆောက်တည်ပွဲတွေ၊ ပဝါရဏာပြုပွဲတွေ။ ဒကာ ဒကာမတွေကလည်း ဘုန်းကြီးတွေဘာလုပ်လုပ် သဒ္ဓါတရားအားကောင်းကောင်းနဲ့ ပါရမီဖြည့်လှူဒါန်းနေကြတာပါပဲ၊ ဒါပေမယ့် ဝတ်ဆောက်တည်တယ်ဆိုတာ ဘာလုပ်တာလဲ၊ ပဝါရဏာပြုတယ်ဆိုတာရော ဘာလုပ်တာလဲလို့ဆိုတာ ဂဃနဏတော့ သိပ်မသိကြပေဘူး။

ထားတော့၊ အခုပြောပြချင်တဲ့ “ပဝါရဏာ” ဆိုတာကတော့ မိမိတို့ဘုရားရှင် လက်ထက်တော်ကတည်းက စခဲ့တာလို့ဆိုရပါမယ်။ ရဟန်းတွေ ဝစီပိတ်ကျင့်ကြရာက စတင် အကြောင်းခံလာတာပါ။

မြတ်ဗုဒ္ဓဟာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ ဝါကပ်တော်မူချိန် ရပ်ဝေးတစ်နေရာ မှာ ရှိတော်မူကြတဲ့ ရဟန်းတော်များလည်း နီးစပ်ရာကျောင်းတိုက်တွေမှာ ဝါကပ်ကြပါတယ်။ တစ်ကျောင်းတည်း တစ်နေရာတည်းမှာ အတူဝါကပ်ကြတဲ့ရဟန်းတွေဟာ ဝါတွင်းကာလမှာ စကားကြောင့် အမှားမဖြစ်ကြရအောင် ၁။ အချင်းချင်းညီညွတ်စွာနေနိုင်ရေး၊ ၂။ ငြင်းခုန် ခိုက်ရန် ကင်းရှင်းရေး၊ ၃။ အေးငြိမ်းချမ်းသာစွာနေနိုင်ရေး ဆိုတဲ့ မူ (၃) ရပ်ကိုဦးတည်ပြီး စကားမပြောဘဲ ဝစီပိတ်အကျင့်ကို ကျင့်သုံးကြဖို့ သဘောတူ အတည်ပြုချမှတ်ကြတယ်။

တစ်ဝါတွင်းလုံး စကားမပြောကြဘဲ ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် ထမ်းဆောင်ကြ တယ်။ ဆွမ်းခံပြီးအရင်ဆုံး ပြန်ရောက်လာသူက ခြေဆေးရေ၊ ခြေဆေးအင်းပျဉ်၊ ခြေပွတ် အိုးခြမ်းတွေကို ပြင်ဆင်ထားပေးတယ်။

တချို့ရဟန်းတွေက ဆွမ်းစားစရာ နေရာထိုင်ခင်းတွေ ခင်းကျင်းပေးတယ်။ တချို့က ပန်းကန် ခွက်ယောက်တွေ ဆေးကြောပေးတယ်။ တချို့က သောက်ရေသုံးရေ တည်ထား ပေးကြတယ်။

ဆွမ်းခံပြီး နောက်ကျမှရောက်လာတဲ့ ရဟန်းတွေကတော့ စားကြွင်းစားကျန်တွေ ရှင်းလင်းပေးတဲ့တာဝန် ယူရတယ်။ နေရာထိုင်ခင်းတွေ သိမ်းဆည်းရတယ်။ ဆွမ်းစားကျောင်း ကို တံမြက်စည်းလှည်းရတယ်။

တစ်ပါးပါးက သောက်ရေသုံးရေအိုးတွေမှာ ရေမရှိတာမြင်ရင် ရေဖြည့်ရတယ်။ တစ်ပါးတည်းမနိုင်ရင် အမူအရာနဲ့ တစ်ပါးပါးကိုအကူအညီတောင်းရတယ်။ အဲဒီလိုနဲ့ စကား လုံးဝမပြောဘဲ တစ်ဝါတွင်းလုံး နေထိုင်တော်မူကြခဲ့တယ်။ ဒီနေ့ခေတ် တချို့ကျင့်သုံးကြတဲ့ ဝစီပိတ်အကျင့်ဆိုတာပေါ့။

ခုလို သီတင်းဝါလကျွတ်တဲ့အခါ ရဟန်းတွေဟာ မြတ်စွာဘုရားကို သွားရောက်ဖူးမြော် ကန်တော့ကြတယ်။

အဲဒီအခါ မြတ်စွာဘုရားက ရဟန်းတော်တွေကို ဝမ်းပန်းတသာ နှုတ်ဆက်ပြောဆိုလေ့ ရှိတဲ့အတိုင်း – “ချစ်သားတို့၊ ချမ်းချမ်းသာသာ နေထိုင်ခဲ့ကြရပါရဲ့လား၊ တစ်ဦးနဲ့တစ်ဦး ခိုက်ရန်ငြင်းခုန်မှုမရှိဘဲ ညီညွတ်စွာ နေထိုင်နိုင်ကြပါရဲ့လား”လို့ မေးတော်မူတယ်။ အဲဒီအခါ ရဟန်းတွေက - “မှန်လှပါ အလွန်ချမ်းသာစွာနေခဲ့ကြရပါတယ်ဘုရား၊ တပည့်တော်တို့ တစ်ဝါ တွင်းလုံး တစ်ပါးနဲ့တစ်ပါး စကားမပြောကြဘဲ ကိုယ့်တာဝန်ကိုယ်ထမ်းကာ ဝစီပိတ်ကျင့်သုံး နေထိုင်ခဲ့လို့ ချမ်းသာကြကြောင်းပါဘုရား” လို့လျှောက်တင်ကြတယ်။

အဲဒီမှာ ဇာတ်လမ်းစတာပဲ။ မြတ်စွာဘုရားက ရဟန်းတွေကို ပြင်းပြင်းထန်ထန် ကဲ့ရဲ့ ရှုံ့ချတော်မူတယ်။ အပြစ်တင်တော်မူတယ်ဗျာ ဝစီပိတ်ဆရာတို့ရဲ့။

“သင်တို့သည် ချမ်းချမ်းသာသာ မနေခဲ့ကြရပါဘဲ ချမ်းသာစွာ နေခဲ့ကြရပါသည်”ဟု ဝန်ခံကြသည်။ သင်တို့၏ ဤဝစီပိတ်အကျင့်သည် တောတွင်းတိရိစ္ဆာန်တို့၏ နေထိုင်နည်းသာ ဖြစ်သည်။ သိုးများ၏ နေထိုင်နည်းသာဖြစ်သည်။ ရန်သူအချင်းချင်းတို့၏ အမူအကျင့်နည်း တွေသာဖြစ်သည်။ သင်တို့သည် အဘယ်ကြောင့် ‘အ,အတို့၏ အကျင့်’၊ တိတ္ထိတို့၏ ကျင့်စဉ် ကို ဆောက်တည်ကျင့်သုံးကြရသနည်း။ ဤအကျင့်သည် သာသနာတော်ကို မကြည်ညိုသေး သူတို့အတွက် ကြည်ညိုလာရန်လည်းကောင်း၊ ကြည်ညိုပြီးသူတို့အတွက် ပိုမို၍ ကြည်ညိုသဒ္ဓါ တက်စေရန်လည်းကောင်း မဖြစ်နိုင်ပေ” လို့ ကဲ့ရဲ့ရှုံ့ချ အပြစ်တင်တော်မူလိုက်တယ်။

ဒီတင်မကသေးဘူး “သာသနာပ တိတ္ထိတွေကျင့်စဉ်ဖြစ်တဲ့ ဒီ‘လူအ,အကျင့်’။ ‘ဝစီပိတ် အကျင့်’ကို ကျင့်သုံးပါက ဒုက္ကဋ်အာပတ်သင့်စေ”လို့ ဝိနည်းဥပဒေ သိက္ခာပုဒ်ပညတ်ပြီး ပိတ်ပင်တော်မူခဲ့တယ်။

ဒီဥပဒေသတ်မှတ်ပြီးတဲ့အခါ ဝါကျွတ်ပြီးတဲ့ ရဟန်းတွေဟာ အချင်းချင်း အပြစ်မြင်က၊ ကြားက၊ ယုံမှားသံသယဖြစ်က ရေငုံနှုတ်ပိတ် (ဝစီိပိတ်) မနေဘဲ ပြောဆိုဆုံးမဖို့ ဖိတ်ကြား ထားရမယ်လို့ ဆက်လက်မိန့်တော်မူပါတယ်။

အဲဒီအချိန်ကစပြီး သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ရဟန်းတော်များ ‘ပဝါရဏာပွဲ’ ကို ပြုလုပ်ခဲ့ကြတာ ဒီကနေ့ထိအောင်ပါပဲ။

‘ပဝါရဏာ’ဆိုတာ ပါဠိစကား၊ မြန်မာလိုတော့ ‘ဖိတ်ကြားခြင်း’လို့ အဓိပ္ပါယ်ရတယ်။

“သံဃံ ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ။ ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ”

“မြင်လို့ပဲဖြစ်စေ၊ ကြားလို့ပဲဖြစ်စေ၊ စိတ်ထဲမှာ သံသယဖြစ်လို့ပဲဖြစ်စေ အပြစ်ရှိတယ် လို့ထင်ပါက အချိန်မရွေး ဆုံးမတော်မူပါ” လို့ အချင်းချင်းဖိတ်ကြားတာကို “ပဝါရဏာ” လို့ ခေါ်ဆိုပါကြောင်း မေတ္တာလောင်းလို့ သိသလောက်လေး မျှဝေလိုက်ပါတယ်။

အသိဉာဏ်တန်ခိုး ထပ်ဆင့်တိုး အဖိုးထိုက်တန်ကြပါစေ…

မေတ္တာဖြင့်-
သီရိဘုန်းစံ